Ch 34
Viewers 7k

အခန်း ( ၃၄ ) – အစ်မ ဘာလုပ်နေတာလဲ


ကုမိသားစုသည် ချမ်းသာသော မိသားစု တစ်ခု ဖြစ်ပြီး သူတို့ ပေးပို့သည့် လက်ဆောင်များသည် အလွန်ရက်ရောသည်ဟု ဆိုရမည်ဖြစ်သည်။


ရှန်းတန်သည် ငွေရေးကြေးရေး လွတ်လပ်ခွင့်ကို တိုက်ရိုက် ရရှိစေရန် နောက်ထပ် အကြိမ် အနည်းငယ်ခန့် ထိခိုက်ဒဏ်ရာပင် ရရှိလိုပေသည်။


ဟုတ်ပါတယ်၊ ဒါက အတွေးသက်သက်ပါပဲ။ သူမ ဒီမျက်နှာလေးကို အပျက်စီးမခံနိုင်သေးပါဘူး။


ဒါ့အပြင် ဒဏ်ရာရတာက တကယ့်ကို နာကျင်ပါတယ်။


ထို့အပြင်၊ အမှန်အတိုင်းပြောရလျှင် အခြားသူများက သူမကို ပစ္စည်းများစွာ ပေးရသည့် အကြောင်းအရင်းမှာ ကုဟွိုင်အန်း၏ မျက်နှာကြောင့် ဖြစ်သည်။


သူ မရှိရင် ငါက ဘာမှ မဟုတ်ဘူး။


ဦးလေးဟယ် ပြန်သွားပြီးနောက် ဘာမှ လုပ်စရာ မရှိတာနဲ့ သူမသည် ဝေ့ပေါ်ကို ဖွင့်ပြီး ရေပန်းစားသတင်းကို ထပ်မံ ရှာဖွေကြည့်လိုက်သည်။


သူများတွေ စိတ်ဆိုးနေသလား မသိပေမယ့် ရှန်းတန်ကိုယ်တိုင်ကတော့ အနည်းငယ် စိတ်ဆိုးနေပါသည်။ 


ထိုပါပါရာဇီများသည် အဓိပ္ပါယ်မရှိသော စာမရေးတတ်ကြောင်း မှတ်သားထိုက်ပေသည်။ သူတို့က ကုအုပ်စုရဲ့ စွမ်းအားကို ကြောက်တာလား ဒါမှမဟုတ် စိတ်ပြောင်းသွားတာလားတော့ မသိဘူး။


သူမသည် ပထမ တစ်ခုကို ယုံကြည်ရန် ပို၍ လိုလားခဲ့သည်။


ဒါပေမယ့် ဒီရေပန်းစားနေတဲ့ ရှာဖွေမှု “ရှန်းတန်က သူမရဲ့ အချစ်ကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောကြားခြင်း” ဆိုတာက ဘာကို ဆိုလိုတာလဲ။


သူမက အချစ်ကို ဖော်ပြခဲ့တာလား။


ရှန်းတန်သည် ဂရုတစိုက် စစ်ဆေးပြီးနောက် ကုဟွိုင်အန်း၏ အထောက်အထား အွန်လိုင်းပေါ်တွင် မပေါ်သွားသည်ကိုတွေ့သောအခါ သက်ပြင်းတစ်ချက် ချလိုက်မိသည်။


ထို့အပြင်၊ သူမ၏ တမင်တကာ မရေရာသော စကားများသည် မျှော်လင့်ထားသည့်အတိုင်း အကျိုးသက်ရောက်ခဲ့သည်။


အစ်ကိုဝမ်၏ နာမည်ပျက်စီးသွားခဲ့ပြီး လူအများက အစ်ကိုဝမ်၏ ဒီနှစ်များတစ်လျှောက် ပြုလုပ်ခဲ့သော မကောင်းမှုများကို ဖော်ထုတ်ရန် အခွင့်အရေးကို အရယူခဲ့ကြသည် - ပြည့်တန်ဆာခေါင်းလုပ်ခြင်း၊ လူအများကို ဖိနှိပ်ခြင်း၊ ကိုယ်ကျိုးအတွက် အာဏာအလွဲသုံးစားလုပ်ခြင်း၊ လူအများကို မုဒိမ်းကျင့်ခြင်း အစရှိသဖြင့် ဖော်ထုတ်ခဲ့ကြလေသည်။ 


ထိုပြစ်မှုများကြောင့် အစ်ကိုဝမ်တစ်ယောက် ထောင်ကျသွားခဲ့သည်။


စင်စစ်သော်ကား၊ အညစ်အကြေးများသည် အညစ်အကြေးများ ရှိသင့်သည့် နေရာများတွင်သာ ရှိနေသင့်သည်။


ရှန်းတန်သည် သူ့ကို အမည်ပျက်စာရင်းမှ ဖယ်ရှားခဲ့ပြီး ဂုဏ်ပြုစာတစ်စောင် ပေးပို့ကာ ထပ်မံ၍ အမည်ပျက်စာရင်းသွင်းခဲ့သည်။


ရှန်းတန်သည် အလွန်ပျော်ရွှင်နေမိသည်။ အစ်ကိုဝမ် ထောင်ကျသွားပြီဖြစ်လို့ စာအုပ်ထဲကလို သူမ အရောင်းမခံရတော့ဘူးဆိုတော့ သူမလည်း မသေနိုင်လောက်တော့ဘူးမလား။


ဇာတ်ကွက်က မိုင်ပေါင်း တစ်သောင်း ရှစ်ရာလောက် သွေဖည်သွားသော်ငြား ရှန်းတန်ကတော့ ရံဖန်ရံခါ ကြောက်လန့်နေဆဲပါပဲ။


“အစ်မ၊ အစ်မ”


ရှန်းတန်က အသိပြန်ဝင်လာပြီး “ရှောင်ရွှိုက်နဲ့ ရှောင်မေ့ ဘာဖြစ်လို့လဲ။” ဟု မေးလိုက်သည်။


အိုး… ဘုရားရေ၊ ဒီနာမည်ကို ခေါ်ရတာ ရှက်ဖို့ကောင်းလိုက်တာ၊ ဒါကို ဘယ်သူ နားလည်ပါ့မလဲ။


“အစ်မ၊ အစ်မ၊ ဝမ်ကျယ် ကစားကြမလား။”


“ကစားမယ်။”


“မုန့်လီချမ့်ရွှယ်ရော မကစားချင်ဘူးလား။”


“ကစားမယ်လေ။”


ဂိမ်းထဲသို့ လော့အင်ဝင်ရောက်ပြီးနောက်၊ ရှန်းတန်သည် ကုဟွိုင်အန်း၏ အဆင့်က စိန်အဆင့်သို့ အမှန်တကယ် ရောက်ရှိသွားပြီဖြစ်ကြောင်း မထင်မှတ်ဘဲ တွေ့ရှိလိုက်ရသည်။ သူ့အဆင့်က အလွန်နိမ့်နေသေးပေမယ့် ကြေးအဆင့်ထက်တော့ အများကြီး တိုးတက်နေပြီဟု ဆိုနိုင်ပါသည်။


ဟမ့်…၊ သူက ဂိမ်းအဆင့် မြှင့်တင်ပေးတဲ့ ဝန်ဆောင်မှုကို ငှားရမ်းထားတာများလား။


ရှန်းတန်က ဒီကိစ္စကို သိပ်ပြီး မစဉ်းစားဘူး။ မြောင်မြောက်တို့မောင်နှမလည်း အွန်လိုင်း ဖြစ်နေသည်ကို သူမ သတိပြုမိတာကြောင့် ငါးယောက်အဖွဲ့တိုက်ပွဲအတွက် ဂိမ်းအခန်းထဲသို့ တိုက်ရိုက်ဆွဲခေါ်လိုက်သည်။


မြောင်မြောင်က မိုက်ခရိုဖုန်းကို ချက်ချင်း ဖွင့်ပြီး “အစ်မမျောက်၊ အခုတလော အစ်မ ဂိမ်းမကစားတာ ကြာပြီနော်။ ဘာတွေ အလုပ်များနေလို့လဲ” ဟု မေးလာခဲ့သည်.


 “ငါ အခုတလော အလုပ်ရှုပ်နေလို့၊ ငါ သိပ်မကြာသေးခင်ကမှ မတော်တဆမှုလေး တစ်ခု ဖြစ်ထားတာဆိုတော့ အခု ဂိမ်းကစားဖို့ အချိန်ရနေတယ်။”


“အာ… တကယ်ကြီးလား။ အစ်မမျောက်၊ အစ်မ တစ်ခုခုလိုရင် ညီမကို ပြောလို့ရတယ်နော်။”


“ကျေးဇူးပါ၊ ငါ ဒါကို ကိုင်တွယ်နိုင်ပါတယ်။”


ရှန်းတန်၏ အကြိုက်ဆုံးမှာ assassin jungler ကို ကိုင်ရတာ ဖြစ်ပြီး မြက်ခင်းထဲတွင် ပုန်းအောင်းကာ လှည့်ကာပတ်ကာ ရိတ်သိမ်းကာဖြင့် တစ်ပြိုက်နက်တည်း ဆော့ကစားတတ်သည်။


မြောင်မြောင်သည်လည်း သူမထံမှ အကျင့်ဆိုးများကို သင်ယူခဲ့ပြီး မမျှော်လင့်ထားသောနေရာများတွင် လူများကို အမြဲ ချုံခိုတိုက်ခိုက်တတ်သည်။


ပြိုင်ဘက်အဖွဲ့ရဲ့ mid laner က အကြိမ်ပေါင်းများစွာ ဆက်တိုက်သေဆုံးပြီးနောက် ဒေါသအရမ်းထွက်ပြီး သူတို့ကို ဆဲဆိုကြိမ်းမောင်းခဲ့သည်။


လူတော်တော်များများက ပျော်နေကြပေမယ့် တစ်ယောက်ယောက်ကတော့ သိပ်မပျော်နေဘူး။


သူက ရှန်းတန် ဂိမ်းကစားရန် အွန်လိုင်းဖြစ်နေသည်ကိုမြင်လျှင် သူမက သူ့ကို ဖိတ်လိမ့်မည်ဟုထင်ခဲ့သော်လည်း မျက်စိတစ်မှိတ်အတွင်းမှာပင် ဂိမ်းအခန်းထဲ လူပြည့်သွားခဲ့သည်။


ကုဟွိုင်အန်းက မျက်နှာမဲ့ပြီး လက်ထောက်ကန်းကို မေးသည်၊ “သူ ဂိမ်းကစားနေတဲ့အချိန်မှာ တွဲကစားဖို့ ငါ့ကို ဘာဖြစ်လို့ မခေါ်တာလဲ။”


လက်ထောက်ကန်းက ကိုးရိုးကားယားနိုင်စွာ ပြုံးလိုက်မိသည်။ အကြောင်းရင်းကို သူ ဘယ်လို သိနိုင်ပါ့မလဲ။


ဘော့စ် ဂိမ်းကစားတာ ညံ့တာကြောင့်လို့ ပြောရမှာလား။


လက်ထောက်ကန်းက ပေါ့ပေါ့ပါးပါး ချောင်းဟန့်လိုက်သည်၊ “သခင်မလေးက သတိမထားမိတာကြောင့် ဖြစ်ကောင်းဖြစ်နိုင်…”


သူ့စိတ်ထဲတွင် သက်ပြင်းချမိသည်။ ဒီစီအီးအိုက ဘာဖြစ်လို့ အခုနောက်ပိုင်း ပိုပိုပြီး ထူးဆန်းလာတာလဲ။


အရွယ်မရောက်သေးသူ နှစ်ဦး ရှိသောကြောင့် ဂိမ်းအနည်းငယ်သာ ကစားပြီး ရပ်နားလိုက်ကြသည်။


ရှန်းတန်သည် ကုဟွိုင်အန်း၏ ဖိတ်ကြားချက်ကို သတိမထားမိဘဲ ဂိမ်းထဲမှ တိုက်ရိုက်ထွက်ခဲ့သည်။


အားလပ်ရက်များသည် ရိုးရိုးရှင်းရှင်း အရမ်းပျော်ဖို့ကောင်းတယ်လို့ဆိုရမည်ဖြစ်သည်။ ရှန်းတန်သည် နေ့တိုင်း စားပြီး အိပ်၊ အိပ်ပြီး စား၊ ညအိပ်ရာမဝင်ခင် ငါးယောက်ဖွဲ့ပြီး ဂိမ်းကစားတယ်။ ဘဝက အရမ်းမိုက်တယ်။


တစ်ပတ်အကြာတွင် သူမသည် သိသိသာသာ ကိုယ်အလေးချိန်တက်လာသည်။


သူ့ဗိုက်ပေါ်ရှိ ပျော့အိသောအသားကို ဖိညှစ်လိုက်ရာ ရှန်းတန်တစ်ယောက် ငိုချင်သွားသော်လည်း မျက်ရည်မကျပေ။


“ကျွန်မ ဘာလုပ်သင့်လဲ…။”


“သခင်မလေး၊ သခင်မလေး မဝပါဘူး” အစ်မထောင်က ပြောသည်။


ရှန်းတန်က သက်ပြင်းချသည်၊ “ကျွန်မလည်း ကိုယ့်ကိုယ်ကိုယ် ဝတယ်လို့ မထင်ဘူး၊ ဒါရိုက်တာက ကျွန်မကို ဝတယ်လို့ ထင်မှာကို စိုးရိမ်မိတယ်။”


အမှန်အတိုင်းပြောရလျှင် သူမဟာ တကယ်ကို မဝပေမယ့် ကင်မရာမှာ ပေါ်လာတဲ့အခါ ဆယ်ကတ်တီလောက် ပိုဝလာတယ်လို့ လူများကို ထင်မြင်စေသည်။


သူမမျက်နှာပေါ်က ဒဏ်ရာက မြန်မြန်သက်သာပြီး အနာကျက်သွားပြီဖြစ်သည်။ ဒဏ်ရာက အနာဖေးတက်နေစဉ် အလွန်ယားယံသော်လည်း အမာရွတ်များ မကျန်စေရန်အတွက် ရှန်းတန်က သူမ၏ လက်များဖြင့် အနာကို မကုတ်မိအောင် မနည်း ထိန်းချုပ်ထားခဲ့ရသည်။


အခုတော့ သူမ ကိုယ်အလေးချိန် ပြန်တက်လာခဲ့တယ်၊ ဒါက နှစ်ဆတောင် ဖြစ်သွားခဲ့တယ်။


အားလပ်ရက် ရက်အနည်းငယ်သာ ကျန်တော့တာကို အခွင့်ကောင်းယူပြီး ရှန်းတန်ဟာ သူမရဲ့ ဝမ်းဗိုက်မှ အဆီများကို လျှော့ချဖို့ အလျင်စလို ပြင်ဆင်ခဲ့သည်။


ကလေးနှစ်ယောက်သည် အလွန်ဖြောင့်မတ်ကြသည်။ သူတို့သည် အဆာပြေမုန့်များကို စွန့်ကာ ရှန်းတန်နှင့်အတူ လိုက်ပါ၍ ဝိတ်ချကြသည်။


ရှန်းတန်က ကလေးနှစ်ယောက်ကို သူမ ရင်ခွင်ထဲ ဆွဲပွေ့လိုက်သည်။ “ဝူး… ဝူး…၊ နင်တို့နှစ်ယောက်က အကောင်းဆုံးမှန်း ငါသိတယ်။”


“ဒါပေမယ့် နင်တို့နှစ်ယောက်က ငယ်သေးလို့ ဗိုက်ကို အဆာခံလို့ မဖြစ်ဘူး။ နင်တို့ နှစ်ယောက်က ငါ့ကို ကြီးကြပ်ပေး၊ ငါ စိတ်မထိန်းနိုင်မှာကို ကြောက်တယ်။”


သူမသည် အမြဲတမ်း အစားကြူးသူဖြစ်ပြီး၊ သူမသည် ကိုယ်အလေးချိန်ချရန် ကြိုးပမ်းရာတွင် အမြဲ တုံ့ဆိုင်းနေခဲ့ကာ ဘယ်သောအခါမှ မလုပ်ဆောင်နိုင်ခဲ့ပေ။


အခုတော့ ဒဏ်ရာရနေတယ်ဆိုတော့ လေ့ကျင့်ခန်းကိုလည်း သိပ်မလုပ်ချင်တဲ့အတွက် အစားအသောက်ကို ချိန်ညှိရုံပဲ တတ်နိုင်တော့သည်။


ဒါကြောင့် မနက်ခင်းနှင့် နေ့လည်ခင်းတွေမှာ ဟင်းသီးဟင်းရွက်တွေပဲစားပြီး ညဘက်ရောက်တော့ ဗိုက်ဆာပြန်သည်။


သန်းခေါင်ယံတွင် ရှန်းတန်သည် ဗိုက်ဆာလွန်းသဖြင့် နွားတစ်ကောင်လုံးကိုပင် စားနိုင်သည်ဟု ခံစားမိသည်။


သူမ အောက်ထပ်ကို ခုန်ဆင်းကာ အမှောင်ထဲတွင် မီးဖိုခန်းဆီသို့ လျှောက်သွားခဲ့သည်။ ရေခဲသေတ္တာကို ဖွင့်ခါနီးမှာ သူမ နောက်ကျောကနေ လူတစ်ယောက်က “အစ်မ ဘာလုပ်နေတာလဲ” ဟု မေးလာခဲ့သည်။


ရှန်းတန် လှည့်ကြည့်လိုက်တော့ မီးဖိုချောင်တံခါးဝမှာ ရပ်နေတဲ့ ကလေးနှစ်ယောက်က သူမကို တိတ်တဆိတ် စိုက်ကြည့်နေတာကို တွေ့လိုက်ရသည်။


“အင်း… ငါ ရေဆာလို့ အောက်ထပ်ဆင်းပြီး ရေလာယူတာ။ နင်တို့နှစ်ယောက်ရော မအိပ်သေးဘူးလား။”


ကုဝူယန်က သမ်းဝေလိုက်သည်။ “အစ်မ ညဘက်ကြီး တိတ်တိတ်လေး အစားအသောက် ခိုးစားမှာကို စိုးရိမ်လို့လေ။”


ရှန်းတန် - “…”


ရှန်းတန်သည် သူမ၏ လည်ပင်းကို တင်းတင်းမော့ရင်း “ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။ ငါက အဲ့လောက်တောင် မယုံကြည်ရမယ့်သူမို့လား။” ဟု ပြောလိုက်သည်။


ကုအန်းရန်က ခေါင်းညိတ်သဘောတူသည်၊ “အစ်မက အဲ့လိုလူမျိုး မဟုတ်ဘူး။ နောက်ကျနေပြီဆိုတော့ ရေသောက်ပြီး ပြန်အိပ်သင့်ပြီ။”


လူနှစ်ယောက်၏ မျက်လုံးလေးလုံး ကြီးကြပ်မှုအောက်တွင် ရှန်းတန်သည် ရေဖန်ခွက် တစ်ဝက်ကို သောက်ပြီး အပေါ်ထပ်မှ သူမအခန်းဆီသို့ ခြေတရွတ်ဆွဲ ပြန်သွားခဲ့ရသည်။


အချိန်အတော်ကြာအောင် စောင့်ပြီးနောက် တံခါးကို တိတ်တဆိတ်ဖွင့်ကာ ပြန်ထွက်လာခဲ့သည်။ အပြင်မှာ ဘယ်သူမှ မရှိတာကို မြင်တော့ ခြေသံဖွပြီး အောက်ထပ်သို့ ဆင်းဖို့ ဟန်ပြင်သည်။


“အစ်မ ဘာလုပ်ချင်နေတာလဲ။”


ထိုအခါမှသာ ရှန်းတန်သည် ကလေးနှစ်ယောက်သည် ဧည့်ခန်းရှိ ဆိုဖာပေါ်တွင် ထိုင်နေမှန်း သိလိုက်ရသည်။


ရှန်းတန် - “…”

  

ရှန်းတန်သည် သူတို့၏ သူမအပေါ် အာရုံစိုက်မှုကို စတင်စဉ်းစားမိတော့သည်။ ငါက အဲ့လောက်တောင် မယုံကြည်ရလို့လား။


သို့ပေမယ့်… မယုံကြည်ရပုံပါပဲဟ။


ရှန်းတန်က သက်ပြင်းချသည်၊ “မနက်ဖြန်ကျ ငါ လေ့ကျင်းခန်း စလုပ်မယ်။ အစားအသောက် တစ်ခုတည်းက အလုပ်မဖြစ်ဘူး။”


“ကျွန်တော်/ ကျွန်မတို့ပါ လိုက်လုပ်မယ်။”


“အစ်မ၊ ကြိုးစားထား။”


ဤတစ်ကြိမ်တွင် ရှန်းတန်သည် သူမ၏ အခန်းဆီသို့ ပြန်လာပြီးနောက်တွင် နောက်တဖန် ခိုးမထွက်တော့ပေ။


ဗိုက်ဆာလွန်းနေတာကို မျိုသိပ်ကာ အိပ်ယာပေါ် လှဲပြီး သိုးကောင်ရေ ရေတွက်ရုံမျှသာ တတ်နိုင်တော့သည်။


“သိုးတစ်ကောင်၊ သိုးနှစ်ကောင်၊ သိုးသုံးကောင်… သိုးသားဟင်း၊ သိုးခြေထောက်ကင်၊ သိုးသားကင်…”


နောက်ဆုံး သူမ ဘယ်အချိန်မှာ အိပ်ပျော်သွားမှန်းတောင် မသိလိုက်ဘူး။ ဘာပဲဖြစ်ဖြစ်၊ သူမရဲ့ အိပ်မက်ထဲမှာ သိုးသားဟင်းပွဲတွေ အပြည့်ပါပဲ။ ဒါပေမယ့် သူမ ဘယ်လောက်ပဲ ကြိုးစားနေပါစေ မစားနိုင်ခဲ့ဘူး။


နောက်ရက်အနည်းငယ်တွင်၊ ကလေးနှစ်ဦး၏ လုံ့လဝီရိယရှိစွာ ကြီးကြပ်မှုအောက်တွင် ရှန်းတန်သည် နောက်ဆုံးတော့ ကိုယ်အလေးချိန်ကျသွားခဲ့သည်။


ဒီအချိန်မှာ ဒဏ်ရာက သက်သာလုနီးပါးဖြစ်နေခဲ့ပြီ။


ဆိုလိုသည်မှာ သူမ၏ ပျော်စရာကောင်းသော နေ့ရက်များ ကုန်ဆုံးသွားပြီဖြစ်ကာ ရိုက်ကူးရေးအဖွဲဆီသို့ ပြန်သွားရတော့မည်ဟု ဆိုလိုခြင်း ဖြစ်သည်။


ကုအန်းရန်က အနည်းငယ် တုံ့ဆိုင်းနေသည်၊ “အစ်၊ ညီမပါ အစ်မနဲ့ အတူ လိုက်လို့ရမလား။”


“အစ်မက အလုပ်သွားရတော့မယ်၊ အလုပ်က အရမ်းပင်ပန်းတယ်၊ ဒါပေမယ့် အစ်မရဲ့ ဇာတ်ဝင်ခန်းတွေက ရိုက်ကူးလို့ ပြီးခါနီးနေပြီ။ ပြီးတာနဲ့ အစ်မ နင်တို့ကို အဖော်ပြုပေးဖို့ ပြန်လာခဲ့မယ်၊ ဟုတ်ပြီလား။”


“ဒါဆိုရင်လည်း ကောင်းပါပြီ။”


ကုအန်းရန်သည် အနည်းငယ် စိတ်မကောင်းဖြစ်နေသော်လည်း၊ သူမသည် နာခံမှုရှိစွာ ခေါင်းညိတ်ပြနေဆဲဖြစ်သည်။


ကုဝူယန်က တစ်ခုခုကို အတွေးပေါက်သွားပုံရပြီး ကုအန်းရန်၏ နားအနားသို့ တိုးကပ်ပြီး တိုးတိုးလေး ပြောလိုက်သည်။ ဘာပြောလိုက်မှန်း မသိသော်လည်း ကုအန်းရန်၏ မျက်လုံးတွေက ချက်ချင်းဆိုသလို လင်းလက်တောက်ပလာခဲ့သည်။


ရှန်းတန်က သိချင်စိတ် ပြင်းပြသွားသည်။ “နင်တို့နှစ်ယောက် ဘာတွေ တီးတိုးပြောနေကြတာလဲ။”


ကလေးနှစ်ဦးက တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ “ဘာမှ မဟုတ်ပါဘူး” ဟု ပြိုင်တူ ဖြေလာကြသည်။