Chapter 75
ထန့်ယွင်က သူ့အား ယဉ်ကျေးပျူငှာစွာ ဆက်ဆံခဲ့၍ ထိုလူသည်လည်း ပြန်၍ယဉ်ကျေးစွာ ပြောဆိုလေသည်။
"ကျွန်တော့်နာမည်က ကျောက်ထုံပါ၊ နယ်စားမင်းကျူးလု၊ ကျောက်လုရဲ့နောက်လိုက်ပါ"
"ကျောက်လု!"
ညီအစ်ကိုသုံးဦးက အော်လိုက်သည်။
ကျောက်ထုံကိုတိုက်ရန် သူတို့၏ဓားများကို ချက်ချင်းပင်ဆွဲထုတ်လိုက်၏။ ကျောက်ထုံက မျက်တောင်တစ်ချက်ပင် မခတ်ပဲ သူ၏ဓားအိမ်ထဲမှဓားအား ချောမွေ့စွာ ထုတ်လိုက်ကာ နောက်ပြန်တစ်ချက် ရိုက်လိုက်ပြီး ရောက်လာသည့် တိုက်ခိုက်မှုများကို ချိုးဖောက်လိုက်သည်။ ပြီးနောက် ဓားကို ဓားအိမ်ထဲသို့ ပြန်၍ထည့်လိုက်လေ၏။
"ထိတ်လန့်ဖို့မလိုပါဘူး၊ တကယ်တော့ နယ်စားမင်းကျူးလုရဲ့အမိန့်နဲ့ မဟာမိတ်ဖွဲ့ပြီး လက်နက်ချဖို့ ဒီကိုလာခဲ့တာပါ"
ဟယ်ကျုံးက ပြောလိုက်သည်။
"အဲ့စကားကိုယုံရအောင် ငါတို့ကို ငတုံးထင်နေတာလား"
သူက အင်္ကျီထဲမှ စာတစ်စောင်ကို ထုတ်ယူလိုက်လေသည်။ ယင်းမှာ ကျူးလုကိုယ်တိုင်ရေးထားသည့် သူကမူလက ရွှယ်ပြည်သားတစ်ဦးဖြစ်ကြောင်း ရှင်းပြထားသည့် စာဖြစ်သည်။ ရွှယ်ဧကရာဇ်၏ကျေးဇူးကို ပြန်ဆပ်ရန်အလို့ငှာ သူ၏ဆန္ဒအလျောက် ရွှယ်မှထွက်ခွာပြီး ဖုန့်ပြည်သို့သွားကာ သတင်းအချက်အလက်များကို ပေးဖို့ခဲ့သည်ဟူ၏။
ကျူးလုက ဤစာကို ရွှယ်ပြည်သို့ မထွက်ခွာမှီကတည်းက ရေးခဲ့တာဖြစ်သည်။ ရွှယ်ကျွင်းလျန်၏ ကိုယ်ပိုင်တံဆိတ်ခတ်နှိပ်ထားပြီး ယင်းမှာ နောင်အနာဂတ်တွင် ကျူးလုနှင့် ရွှယ်ပြည်ထိပ်တိုက်တွေ့သည့်အခါ အချင်းချင်းသတ်ဖြတ်ခင်းမှ ရှောင်ကြဉ်ရန်အတွက်ဖြစ်သည်။
ဖုန့်ပြည်သို့ဝင်ကာ စစ်တပ်သို့ဝင်ရောက်ပြီးနောက်တွင် ဖုန့်ဘုရင်မှ သူ့အား စစ်သူကြီးအဖြင်ခန့်အပ်ပြီးနောက် နန်းတော်သို့ခေါ်ကာ အခြားလူများအား ချုပ်ကိုင်ခွင့်အာဏာတို့ရှိသည့် နယ်စားမင်းရာထူးပေးလိမ့်မည်ဟု ကျောက်လုက စိတ်ပင်မကူးဖူးပါချေ။
နယ်စားမင်းတစ်ယောက်အနေဖြင့် ကျောက်လုမှာ ရုန်းထွက်ရန် အလွန်ခက်ခဲလာခဲ့သည်။ ဖုန့်ဘုရင်က ယခုအခါ ရွှယ်ပြည်ကိုကို တိုက်ခိုက်ရန် တပ်များကို စေလွှတ်လိုက်သေဖြင့် ကျောက်လုက သူအယုံကြည်ရဆုံးသော စစ်သည်များကိုသာ ရွေးချယ်ကာ ဖုန့်ပြည်မှ ထွက်ခွာလာပြီး ယခုကဲ့သို့ လက်နက်ချနိုင်ခဲ့သည်။
ဤစာကိုဖတ်ရင်းဖြင့် ရွှယ်ကျွင်းလျန်၏ ထိုးထွင်းသိမြင်နိုင်မှုကြီးကြောင့် ထန့်ယွင်၏ နှလုံးသား တုန်လှုပ်သွားရသည်။ ရွှယ်ကျွင်းလျန်၏ အစီအမံများက ဤမျှ နက်နဲလွန်းလှမည်ဟု မည်သူကများ သိနိုင်မည်နည်း။ ဖုန့်ပြည်၏ နယ်စားမင်းကျူးလုသည်ပင်လျှင် ရွှယ်ကျွင်းလျန်၏ သူလျှိုဖြစ်နေ၏။ ဤအချက်ကို သူတို့အိမ်မက်ရိုင်းထဲ၌ပင် မည်သူကမှ စိတ်ကူးကြည့်နိုင်မည် မဟုတ်ပါချေ။
တစ်နေ့တွင် ရွှယ်ကျွင်းလျန်က သူ့အား ထန့်ယင်းအစစ်မဟုတ်ကြောင်း သိသွားခဲ့ပြီး သူ၏အခြားတစ်ယောက်အစားထိုးခံထားရသည့် ဧကရီဖြစ်နေကြောင်း သိသွားမည်အား ထန့်ယွင်တွေးမကြည့်ပဲ မနေနိုင်တော့ပေ။ ထိုအချိန်တွင် ထန့်ယွင်အား မည်သို့သောကံကြမ္မာက စောင့်ကြိုနေမည်နည်း။ ထန့်ယွင်မှာ ရွှယ်ကျွင်းလျန်က မည်သို့သောလူဖြစ်သည်အား နားမလည်နိုင်တော့ချေ။
နောက်တစ်နေ့တွင် ထန့်ယွင်နှင့်ကျောက်ထုံတို့နှစ်ဦးက ကျောက်လုကို လူကိုယ်တိုင်သွားရောက်တွေ့ကြပြီး ထိုအချိန်တွင် ကျစ်မြစ်ကိုစောင့်ကြပ်ရန် ဟယ်ညီအကိုသုံးယောက်အား ထားခဲ့လေသည်။
ကျူးလုက ထန့်ယွင်ရောက်လာသည့်သတင်းကို လက်ခံထားဖြစ်သည်။ သူနှင့်သူ၏စစ်သည်တစ်သောင်းက အသင့်ဖြစ်နေကာ ဓားနှင့်ခေါင်းဆောင်းများကို သူတို့၏ခြေထောက်နားတွင်ထား၍ စောင့်နေကြသည်။ လက်နက်ချရာတွင် သူတို့၏ ရိုးသားမှုကို ပြသရန် မည်သူကမှ လက်ထဲတွင် လက်နက်တို့အားကိုင်ဆောင်ထားခြင်း မရှိပေ။
ထန့်ကျုံးက သူ၏သခင်အား အရိုအသေပြုလိုက်သည်။ ကျောက်လုက သူ၏လှံကို မြေပြင်ပေါ်သိူ့ စိုက်လိုက်သောအခါ သူ့လက်တို့တုန်ယင်သွားသည်။ ထို့နောက် သူ၏ခေါင်းဆောင်းကို ချွတ်ကာ လှံထိပ်ပေါ်တွင်ချိတ်ဆွဲလိုက်လေသည်။ ဤသို့ဖြင့် လက်နက်ချမှု ပြီးဆုံးသွားခဲ့သည်။
*****
နယ်စားမင်းကျူးလုလက်နက်ခြင်းနှင့်ပတ်သက်သည့်သတင်းက ဖုန့်အထိ ရောက်ရှိသွားပြီး တစ်တိုင်းပြည်လုံးကိုတုန်လှုပ်သွားစေခဲ့သည်။ ထိုအကြောင်းကို လူတိုင်းက ပြောနေကြပြီး အချို့က ကျောက်လု၏သစ္စာဖောက်မှုအား ကျိန်ဆဲနေကြကာ အချို့က သူ၏ဂုဏ်သိက္ခာကို ရွှံ့ထဲနှစ်ပစ်ရန်အတွက် အခွင့်အရေးယူကြသည်။
အစပိုင်းတွင် လုရှီချန်က ကောလဟာလများကို မယုံခဲ့ချေ။ သူက အမှန်တရားကိုသိရစေရန် သူများကိုပင် အမိန့်ပေးကာစုံစမ်းစေခဲ့ပြီး သူတို့ ပြန်လာသောအခါတွင် နယ်စားမင်း၏ စခန်းရှိ မြေပြင်ထက်တွင် ခမောက်ထောင်ပေါင်းများစွာနှင့် ဓားများမှကျန်ရစ်ခဲ့သည်လွဲ၍ ဘာမှမရှိတော့သည်ကို တွေ့ရကြောင်းကို ပြန်လျှောက်တင်ကြသည်။
လုရှီချန်၏ကင်းထောက်များက နယ်စားမင်းကျူးလု၏လှံနှင့် သံခမောက်ကိုပင် သက်သေအဖြစ် ပြန်လည် ယူဆောင်လာခဲ့ကြသည်။ ယခုမူ ဤသတင်းအား မည်သူကမှ ငြင်း၍မရတော့ချေ။ ကျောက်လုကို အမြဲလေးစားခဲ့သော လုရှီချန်မှာ ထိုသတင်းကြောင့် လဲပြိုမတတ် တုန်လှုပ်သွားရတော့၏။
ရက်အနည်းငယ်ကြာပြီးနောက်တွင် လူတစ်ဦးရောက်လာပြီး ကျောက်လုအား တွေ့ခွင့်တောင်းလာသည်။ ထိုလူမှ လွေ့ရွှယ်ပင်။ သူမက နောက်ကျောတွင် ပစ္စည်းတစ်ခုကို ချိတ်ဆွဲထား၏။ ယင်းမှာ သွေးတို့ဖုံးလွှမ်းလျက်ရှိသည့် ကျိုးပျက်နေသောဗျပ်စောင်းတစ်ခုဖြစ်ချေသည်။
လွေ့ရွယ်က ဆိုသည်။
"သခင်... သင့်အိမ် ရှာဖွေခံရပြီး အရာအားလုံးကို နန်းတော်ကသိမ်းယူသွားပါပြီ၊ သင့်ကို ကြီးမားတဲ့ရာဇဝတ်မှုကို ကျူးလွန်တဲ့ အပြစ်သားအဖြစ် ကြေညာလိုက်ပြီ၊ သင့်ရဲ့လက်အောက်ငယ်သားအားလုံးကို သတ်ပစ်ဖို့အထိတောင် လူတွေက တောင်းဆိုခဲ့ပါတယ်၊ ဝန်မင်းလုက ကျွန်မကိုမြို့ထဲက ထွက်နိုင်အောင် ကူညီပေးလိုက်ပြီးတော့ ဒီပျက်နေတဲ့ဗျပ်စောင်းကို သင့်ဆီ ယူသွားဖို့ ပြောပါတယ်"
ကျောက်လုက တုန်ယင်နေသည့်လက်များဖြင့် ဗျပ်စောင်းကိုထိရန် ဆန့်ထုတ်လိုက်သည်။ သူက ကြိုးတို့ကို ညင်သာစွာပွတ်သပ်လိုက်သော်ငြား မည်သည်ကိုမှ မဆိုချေ။
လွေ့ရွှယ်က မျက်ရည်သွင်သွင်စီးကျလျက်ဆိုသည်။
"အသင် ဖုန့်ဝမ်အကြောင်းကို မမေးတော့ဘူးလား"
"အိုး... သူဘယ်လိုနေလဲ"
လွေ့ရွှယ်က အသံတိုးတိုးဖြင့်
"ဖုန့်ဝမ်... သူ... သူအသက်ရှင်နေသေးတယ်ဆိုတာကိုပဲ ဒီအစေခံပြောနိုင်ပါတယ်"
75.2
ထန့်ယွင်က ကျောက်လု၏ အညံ့ခံမှုကို မယုံကြည်သေးချေ။ ဖုန့်ပြည်မှ လူတစ်ယောက်ရောက်လာပြီး ကျောက်လုအား တွေ့ခွင့်တောင်းကြောင်း ကြားရသောအခါ သူက သဘာဝကျကျပင် သံသယဝင်သွားခဲ့သည်။
ယခုကဲ့သို့သောစကားမျိုးကို ကြားရလိမ့်မည်ဟူ၍ သူမထင်ထားခဲ့ပေ။
ထန့်ယွင် သက်ပြင်းချလိုက်သည်။ သူကဖုန့်ဘုရင်နှင့် ကျောက်လုကြားမှ ဆက်ဆံရေးကို ကြားဖူးသည်။ အမျိုးသားနှစ်ယောက်ကြားတွင် မည်သို့သော ခံစားချက်မျိုး ဖြစ်ပေါ်လာနိုင်သလဲဆိုတာကို သူနားမလည်သော်လည်း လွေ့ရွယ်၏ ဟန်ဆောင်မှုကင်းသော ဝမ်းနည်းမှုကို ကြည့်ပြီးနောက်တွင် ခံစားချက်များက အတုအယောင်ဟုတ်ပုံမရချေ။ ကံကြမ္မာက လူတို့အား ကျီစယ်ခဲ့ခြင်းပေတည်း။
*****
ထန့်ယွင်က လွေ့ရွယ်၏စကားများနှင့် ကျောက်လု၏အမူအယာကြောင့် စိတ်လေးသွားသည်။
ထန့်ယွင်၏ ခံစားချက်များက အမှန်ပင်ရိုးရှင်းလွန်းသည်။ သူသိသည်မှာ ပြည်သူများကိုချစ်မြတ်နိုးရန်နှင့် ဘုရင်မင်းမြတ်အပေါ် သစ္စာစောင့်သိရန်သာ ဖြစ်သည်။ သို့သော်လည်း ထိုခံစားချက်များသည် လူအများအမြင်တွင် အရေးမပါလှပေ။
ကျောက်လုက ကျိုးပျက်နေသည့်ဗျပ်စောင်းကို လက်ခံရရှိခဲ့စဥ်က များစွားဝမ်းမနည်းခဲ့ချေ။ သို့သော် ထန့်ယွင်နားမလည်သည်က သူသည် ဖုန့်ဘုရင်အား ကြိုက်နှစ်သက်လျက်ဖြင့် အဘယ်ကြောင့် ကရုဏာမဲ့စွာ ဆက်ဆံရသလဲဆိုတာကိုဖြစ်သည်။
ထန့်ယွင်၏ အမြင်တွင် စစ်မြေပြင်သို့သွားကာ ရန်သူတို့အားသတ်ခြင်းက ပုံမှန်ပင်ဖြစ်သည်။ "မင်းကငါ့ကိုသတ်၊ ငါကမင်းကိုသတ်မယ်" ဆိုသကဲ့သို့ အပြန်အလှန်သတ်ဖြတ်ခြင်းက အပြစ်မဟုတ်သော်လည်း ချောင်းမြောင်းလုပ်ကြံခြင်းကတော့ သူ၏ပုံစံမဟုတ်ပေ။ ထန့်ယွင်က ကုတင်၏ထိပ်ကို တစ်ညလုံးကြည့်နေခဲ့ပြီး နောက်ဆုံးတွင်တော့ ဘယ်သူမှမမှားပါဘူးဟု ရေရွတ်လိုက်သည်။
ရွယ်ကျွင်းလျန်ပင်လျှင် မမှားပါချေ။ ဘုရင်တစ်ယောက်အနေနှင့် ရွှယ်ကျွင်းလျန်က သူများထက်ပို၍ ချင့်ချိန်စဥ်းစားရသည်။ သို့သော်လည်း ထန့်ယွင်က ၄င်းကိုလက်မခံနိုင်သေးပေ။
သူမသေခင်ကြားခဲ့ရသည့် ဖုန့်ဘုရင်က ကျောက်လုအား မည်မျှပင်နှစ်သက်သည်ဟူသော ကောလဟာလတို့ကို ပြန်တွေးမိသွားသည်။ ယင်းမှာ ဖုန့်ဘုရင်၏ ကျောက်လုအပေါ်ထားသည့် ခံစားချက်များက အစစ်အမှန်ဖြစ်နိုင်သည်လား။
သေချာတာသည်က တစ်ခုသာရှိ၏။ ယင်းမှာ ထိုခံစားချက်များကို ကမ္ဘာကြီးက လက်မခံခြင်းပေ။ယခု ကျောက်လုထွက်သွားသည်နှင့် ဖုန့်ဘုရင်မှာ လူထုထံမှ ဝေဖန်ခံရမည့် ပစ်မှတ်ဖြစ်လာနိုင်ကြောင်း ခန့်မှန်း၍ရပေသည်။
ထန့်ယွင်က နောက်နေ့မနက်တွင် စောစောနိုးနေခဲ့သည်။ သူယမန်နေ့ညက နောက်ကျမှအိပ်ပျော်သောကြောင့်ဖြစ်နိုင်သည်။ သူမျက်လုံးမှိတ်လိုက်သည်နှင့် ပျက်စီးနေသည့်ဗျပ်စောင်းကိုသာ မြင်ယောင်လာသည်။ သူမျက်လုံးမှိတ်လိုက်သည်နှင့် ဟိုးအဝေးတစ်နေရာရှိ နန်းမြို့တော်မှ ရွှယ်ကျွင်းလျန်ကို မြင်ယောင်လာ၏။
နောက်ဆုံးတွင် သူအိပ်ပျော်သွားသော်လည်း အိပ်မက်ကြောင့်လန့်နိုးလာသည်။အိပ်မက်ထဲတွင် ရွှယ်ကျင်းလျန်က သူ့ကို မြှားဖြင့်ပစ်သတ်သည်ဟု မြင်မက်ခဲ့သည်။
ဘုရင်များအနေဖြင့် တစ်ဖက်လူကို ညှာတာမှုမဲ့စွာ တိုက်ခိုက်ခြင်းက သာမန်ကိစ္စရပ်ပင်ဖြစ်သည်။ ထန့်ယွင်သည် ယခုအချိန်တွင် သူ့အနေနှင့် နန်းမြို့တော်၌ အချိန်ကြာမြင့်စွာနေထိုင်နိုင်မည်ဟု လုံးဝမယုံနိုင်တော့ပေ။ ရွှယ်ကျင်းလျန်သာ သူ့ကို နာကျင်စွာသေစေလိုလျှင် သူကဲ့သိုထက်မြက်သည့်လူတစ်ယောက်တွင် သတ်ဖို့ရာ နည်းလမ်းထောင်ပေါင်များစွာရှိပေလိမ့်မည်။
သို့သော်ငြား ထန့်ယွင်မှာ မည့်သည့်စကားမျှ မဆိုနိုင်ချေ။ သူက ထန့်ယင်းအစစ်မဟုတ်ကြောင်း ပြောရမည်မှာ ရယ်စရာကောင်း၏။
ထန့်ယွင်က သူ၏ပစ္စည်းများအား ထုပ်ပိုးကာ ဓားမြှောင်ကို သူ့ခန္ဓာကိုယ်နှင့်ထိကပ်နေသောနေရာတွင် သိမ်းဆည်းလိုက်သည်။ ယခုအချိန်တွင် ကျောက်လုက လက်နက်ချလိုက်ပြီး ဖုန့်ပြည်၏ စိတ်ဓာတ်တက်ကြွမှုများ ဆုံးရှုံးတော့မည်ဖြစ်သည်။ စစ်သည်တစ်သောင်းနှင့် မြင်းများက ဖုန့်မင်အတွက် ဘာမှမဟုတ်သော်ငြား သူတို့၏သန်မာကာ ထက်မြက်သော နယ်စားမင်းကျောက်လု လက်နက်ချအညံ့ခံလိုက်ခြင်းက ဖုန့်ပြည်တစ်ခုလုံးအား တုန်လှုပ်သွားစေသည်။
လူထု၏အားပေးမှုမပါပဲ မည်သိူ့နှယ်ဆက်တိုက်ကြမည်နည်း။
မျှော်လင့်ထားသည့်အတိုင်းပင် ဖုန့်မင်သည် နယ်စပ်ရှိစစ်သည်များအား ပြန်ခေါ်သွားကာ ရွှယ်ပြည်ကို ရန်စခြင်းမှ ရပ်တန့်ခဲ့သည်။မကြာမီပင် ရွှယ်ကျွင်းလျန်က သူ၏တော်ဝင်အမိန့်ပြန်တမ်းအားထုတ်ကာ တပ်သားများနှင့်ခေါင်းဆောင်တို့ကို ပြန်လာစေပြီး ဆုလာဘ်များ ချီးမြှင့်ခဲ့သည်။
ထန့်ယွင်၏ အသစ်စုဆောင်းထားသော စစ်သည်သုံးသောင်းသည် တော်ဝင်တရားရုံးသို့ ပုံမှန်အတိုင်း ပြန်လိုက်သွားမည် ဖြစ်သည်။ စစ်တပ်ကအလွန်ကြီးမားကာ ထန့်ပြည်မှ ရွှယ်ပြည်သို့ တစ်ရက်တည်းဖြင့် ရောက်နိုင်မည်မဟုတ်ပေ။ ယင်းက ထွတ်ပြေးရန် အချိန်ကောင်းပင်ဖြစ်သည်။
သို့သော်လည်း စစ်တပ်မှလွတ်မြောက်ပါက မည့်သည့်နေရာသို့သွားရမည်ကို ထန့်ယွင်မသိပေ။သူမွေးဖွားကြီးပြင်းရာ ထန့်ပြည်နယ်သို့လည်းပြန်မသွားလိုပေ။ အရာများကိုကြည့်ရန်နှင့် လူတွေအကြောင်းစဥ်းစားရန်မှာ အလွန်ခက်ခဲလှပြီး အထူးသဖြင့် ထန့်ဧကရာဇ်က ထန့်နန်နယ်စားဖြစ်လာပြီး အကျဥ်းကျနေလေသည်။
ထန့်ယွင်မှာ ခေါင်းမာသူဖြစ်၏၊၊ မကြာခဏဆိုသလို သူက အရာရာကို ပြင်ရန် စိတ်ပိုင်းဖြတ်ထားတတ်သည်။
ထန့်ယွင်အနေဖြင့် ရွှယ်သို့လည်း ပြန်မသွားလိုပေ။ အဘယ်ကြောင့်ဆိုသော် ယင်းမှာ ရွှယ်ကျွင်းလျန်၏ သားရဲတွင်းသိူ့ ခုန်ဆင်းသကဲ့သို့ပင်။ ရွှယ်ဧကရာဇ်သည် အလွန်အားကောင်းပြီး သြဇာအာဏာနှင့် အရင်းအမြစ်များစွာ ရှိလေသည်။ သူ့အနေဖြင့် ရွှယ်ပိုင်နက်ထဲသို့ ခြေတစ်လှမ်းလှမ်းသည်နှင့် ရွှယ်ကျွင်းလျန်၏သူလျှိုများက သူ့အားမြန်မြန်ရှာတွေ့သွားလိမ့်မည်ဟု ခံစားနေရသည်။
သို့သော် ဖုန့်ပြည်မှာလည်း သူနှင့်မရင်းနှီးရကား ထန့်ယွင်တုံ့ဆိုင်းသွားရသည်။ သူ၏အတိတ်မှ အတွေ့အကြုံများကြောင့်ဖြစ်နိုင်၏၊ ထန့်ယွင်သည် စိမ်းသက်သောနေရာတွင် တစ်ယောက်တည်းနေထိုင်ဖို့ရာ အဆင်မပြေဖြစ်နေသည်။
ကျောက်လုက ရွှယ်ပြည်တပ်နှင့် ပေါင်းစည်းပြီးချိန်ကတည်းက လူများစွာသည် သူ၏အထောက်အထားနှင့် သစ္စာစောင့်သိမှုအပေါ် သံသယရှိသောကြောင့် သူ့အားလက်မခံကြသေးပေ။ ဧကရာဇ်၏အမိန့်အရ သူ့ရာထူးကိုတိုးမြှင့်ပေးခြင်းခံရပြီး စစ်သူကြီးအဖြစ် ခန့်အပ်ခံရကာ ထန့်ယွင်က ဒုစစ်သူကြီး ဖြစ်လာသည်။ ကျောက်ထုံက သူ၏ကောင်းမှုဖြင့် တပ်မှူးအဖြစ် ခန့်အပ်ခံရသည်။
သဘာဝကျကျပင် ဤသည်မှာ ကျောက်လုအား ရွှယ်ပြည်တွင် အခြေတကျဖြစ်စေရန်နှင့် ထန့်ယွင်အား လှုပ်ရှားမှုမပြုနိုင်ရန် ကြံစည်ထားသည့် ရွှယ်ကျွင်းလျန်၏ ပထမခြေလှမ်းဖြစ်ကြောင်း ထန့်ယွင်သိလေသည်။ ထန့်ယွင် ထွက်ပြေးချင်နေသည်အား သူခန့်မှန်းမိပုံရသည်။
ကျောက်လုက စစ်တပ်ကိုဦးဆောင်ကာ နန်းမြို့တော်ဏို့ ပြန်သွားရာတွင် ထန့်ယွင်အားစောင့်ကြည့်ရန် ကျောက်ထုံကို ထားလေသည်။ ထန့်ယွင်က စစ်ပွဲနှင့် စစ်ရေးဗျူဟာတို့အား ကျွမ်းကျင်ပေသိ သူ၏ လက်ရှိခန္ဓာကိုယ်မှာ အလွန်အားနည်းနေသည်။ မူလထန့်ယင်းမှာ ကိုယ်ခံပညာကို သင်ယူခြင်း၊ လေ့ကျင့်ခြင်းတို့မရှိသောကြောင့် သူက ကိုယ်ကာယကြံ့ခိုင်မှု နည်းပါးသည်။ ဤကိုယ်ဖြင့် ထန့်ယွင်မှာ ကျောက်ထုံဖြင့် တိုက်ခိုက်နိုင်မည် မဟုတ်ပေ။ နူးညံ့သိမ်မွေ့ပုံပေါ်သည့် ကျောက်ထုံတွင် တပ်မှူးဖြစ်လာရသည့် အကြောင်းအရင်းရှိလေသည်။ သူကဓားကိုကိုင်စွဲလိုက်သည်နှင့် သူအား မည်သူမှ အနိုင်မယူနိုင်တော့ချေ။
*****