Chapter 76
ထန့်ယွင်အတွက်တော့ ရွှယ်ကျွင်းလျန်က သူ့ခေါင်းကိုဖြတ်ခြင်းမှ လွတ်မြောက်ရန် အခွင့်မရှိခြင်းမှာ ပို၍သေချာသည်။
ထို့အပြင် နန်းမြို့တော်တွင် ထန့်နန်နယ်စားနှင့်ထန့်ရှန် ရှိနေသေး၏။ ထန့်ယွင်အနေဖြင့် ထန့်နန်နယ်စားကို ဒေါသထွက်လွန်းသဖြင့် လျစ်လျူရှုနိုင်သည့်တိုင် ထန့်ရှန်နှင့်တော့ အဆက်အသွယ် မဖြတ်နိုင်ပေ။
ကျောက်ထုံက ထန့်ယွင်ကို ပြုံးပြပြီးပြောလာသည်။
"မင်း ယွင်ဖုန့်နန်းဆောင်တစ်ခုလုံးကို ပြာကျသည်အထိ မီးရှို့လိုက်တယ်လို့ ကြားတယ်၊ ဖုန့်ပြည်ကို မုန်းနေလို့လား၊ မဟုတ်ရင် ဘာလို့ ဒီလိုရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုကိုကျူးလွန်ပြီး ကိုယ့်အသက်ကို စတေးမှာလဲ"
ထန့်ယွင်က မဖြေပါချေ။
ကျောက်ထုံကရယ်လိုက်ပြီး
"မင်းမျက်နှာမှာ အမာရွတ်တွေအများကြီးပဲ၊ အဲဒါတွေကို တိုက်ပွဲမှာ ရခဲ့တာလား"
ထန့်ယွင်က ပြုံးကာဆိုလိုက်သည်။
"မင်းကျွန်တော့်ကို နှိမ့်ချပြီး မထီမဲ့မြင်ပြုနေတာ သိပါတယ်၊ ဒါပေမယ့် ဘာလို့ဒီလောက်တောင် မေးနေရတာလဲ၊ လူတွေကို စကားလုံးတွေသုံးပြီး လှောင်တာမျိုးက လူကြီးလူကောင်းတွေ လုပ်တဲ့အကျင့်လို့ မထင်ခဲ့မိဘူး"
ကျောက်ထုံမှာ သူ့ကိုယ်သူ ဂုဏ်ယူပြီးမောက်မာသူဖြစ်၏။ သဘာဝကျကျပင် သူ့တွင် ထန့်ယွင်အပေါ် ကောင်းသော သဘောထားမရှိချေ။ သိူ့သော်လည်း သူက မြင်းတစ်ကောင်ကို ပင် မြှောက်ပင့်ကာ လူများကို သူ့အလိုရှိရာ စေခိုင်းနိုင်သည့် ထန့်ယွင်မဟုတ်ပေ။
ထို့အပြင် ကျောက်ထုံက ကျော်ကြားသော မိသားစုမှ ဆင်းသက်လာသူဖြစ်သည်။ သူက အမြဲလိုလို ထက်မြက်သူဖြစ်ပြီး ငယ်စဥ်ကလေးဘဝကတည်းက သူ၏သူငယ်ချင်းများဖြင့် ယှဉ်ပြိုင်ကာ စာအုပ်တွေ ပိုဖတ်လာသူပင်။ ထိုအချိန်က ရွှယ်ကျွင်းလျန်သည် နိမ့်ကျသည့်ကိုယ်ရံတော်ဖြစ်နေဆဲဖြစ်သေည့် ကျောက်ထုံအား ညွှန်ပြရင်း တစ်နေ့တွင် ကျောက်ထုံက ထူးခြားသောအရည်အချင်းရှိသူ ဖြစ်လာလိမ့်မည်ဟု ဆိုခဲ့ဖူးသည်။ နောက်ပိုင်းတွင် ကျောက်ထုံက နန်းတော်မှ စစ်တပ်သို့ ပြောင်းရွှေ့ကာ စစ်သည်တော်တစ်ဦး ဖြစ်လာခဲ့သည်။ သိပ်မကြာခင်မှာပင် ရွှယ်ကျွင်းလျန်မှ သူ့အား သူ့အား ထောက်ခံပြီး ကျောက်လုကို ကူညီရန်အလို့ငှာ ဖုန့်ပြည်သို့ ပို့လိုက်လေသည်။ ထိုအချိန်မှစ၍ သူ၏သတ္တိနှင့်စွမ်းဆောင်နိုင်စွမ်းက လူအများစုထက်သာလွန်နေသည့်အတွက် သူ၏ အသက်မွေးဝမ်းကြောင်းနှင့် ရာထူးမျာ လျင်မြန်စွာမြင့်တက်လာခဲ့သည်။
ထိုသို့သော ကျောက်ထုံက အခြားတစ်ယောက်ထံမှ အပြောခံရသည့်အခါ သူ့အနေဖြင့် မည်သို့ငြိမ်နေနိုင်မည်နည်း။
အတော်ကြာပြီးနောက် ထန့်ယွင်၏စကားတစ်ခွန်းကြောင့် သူဒေါသထွက်သွားသည့်အခါ ကျောက်ထုံသည် ထန့်ယွင်က သူ့အား အလွယ်တကူဆွပေးနိုင်သည်ကို သတိပြုမိသွားပြီး သူ၏ယဥ်ကျေးပြီးကျိုးနွံသည့်အသွင်ကို ပြန်၍ပြောင်းလိုက်လေသည်။
ကျောက်ထုံက ပြောလိုက်လေသည်။
"မင်းသဘောမကျရင် ကျွန်တော်နဲ့ လာယှဥ်ပြိုင်နိုင်တယ်"
ထန့်ယွင်က ပြောသည်။
"ဓားတစ်ချောင်းက လူတစ်ဦးကို သေစေနိုင်တယ်၊ ဒါပေမဲ့ အခု ကျွန်တော်တို့ ရောက်နေတဲ့ စစ်မြေပြင်မှာတော့ ဓားတစ်ချောင်းက တစ်တိုင်းပြည်လုံးရဲ့ ကံကြမ္မာကို အဆုံးအဖြတ်ပေးနိုင်ပါတယ်၊ တပ်မှူးအနေနဲ့ တကယ့်ကို ရဲရင့်ပေမယ့် မဆင်မခြင်လုပ်တာမျိုးက မသင့်တော်ပါဘူး"
ကျောက်ထုံက ထပ်မံ၍ ငြင်းခုန်လိုသော်ငြား ကျောက်လုက သူစနောက်မှုမှ အနည်းငယ်သော အနှောင့်အယှက်ဖြစ်မှုကို သတိပြုမိပြီး ဝင်ရောက်တားဆီးလာသည်။ ကျောက်ထုံရောထန့်ယွင်ပါ အဆင့်မြင့်စစ်သူကြီးများဖြစ်ကြသည်။ စစ်သည်များက တစ်စုတစ်စည်းထဲဖြစ်ကာ စည်းလူံးနေသော်လည်း အထက်မှခေါင်းဆောင်နှစ်ဦးက ဤသိူ့ရန်ဖြစ်နေပါလျှင် တပ်သားများထိတ်လန့်ကာ စိတ်ဓာတ်ပျက်ပြားကုန်လိမ့်မည်။
ကျောက်လုသည် ကျောက်ထုံတစ်ယောက် သူ၏အဆင်အခြင်မဲ့မှုကြောင့် မည်သည့်အရာများဖြစ်လာနိုင်သည်ကို မမြင်နိုင်သည်ကိုကြည့်ပြီးနောက် သူ့အားဆူပူခဲ့သည်။ သူက ကျောက်ထုံအား အဝေးပို့လိုက်ပြီး နန်းမြို့တော်ကို တပ်များဦးဆောင်ခေါ်လာသည့် သတင်းအားပို့ရန် စေလွှတ်လိုက်လေသည်။
ကျောက်ထုံမှ သူတို့တပ်များ၏ခရီးစဉ်ကို အစီရင်ခံပြီး နှစ်ရက်အကြာတွင် နန်းမြို့တော်ကို ဝင်ရောက်နိုင်ခဲ့သည်။
ရွှယ်ကျွင်းလျန်က ကျောက်ထုံကိုမြင်သောအခါ နှစ်မည်မျှတောင် ကြာသွားခဲ့ပြီလဲဆိုသည်အား တွေးနေမိသည် ။ ကျောက်ထုံ ဖုန့်ပြည်ကိုသွားစဥ်က အလွန်ငယ်သေးပြီး ယခုမူ အသက်ပိုကြီးသွားချေပြီ။
ကျောက်ထုံ၏ အစီရင်ခံစာကို နားထောင်ပြီးနောက် ရွှယ်ကျွင်းလျန်က ခဏမျှစဉ်းစားနေပြီး ပြုံးလိုက်ကာဖြင့်ပြောလိုက်သည်။
"ကျောက်ထုံ.. အော် ကျောက်ထုံ၊ မင်းတော့ လှည့်စားခံလိုက်ရပြီ"
ကျောက်ထုံက ရွှယ်ဧကရာဇ်၏ ဆိုလိုရင်းကို သဘာဝကျကျပင် နားမလည်ပါချေ။
"ဒီအစေခံက နားမလည်ပါဘူး၊ ကျေးဇူးပြုပြီး ကျွန်တော်မျိုးကို ဥာဏ်အလင်းပြတော်မူပါ"
ရွှယ်ကျွင်းလျန်က ပြောသည်။
"ဒါပေါ့ မင်း ဘယ်နားလည်ပါ့မလဲ၊ မင်းမှာအရည်အချင်းတွေ အများကြီးရှိပေမယ့် အတွေ့အကြုံနည်းလွန်းတော့ ရန်လိုတတ်တာက သဘာဝကျကျကိုပဲ အံ့သြစရာတော့ မဟုတ်ပါဘူး၊ မင်းက စိတ်ကြီးဝင်ပြီး မဆင်မခြင်လုပ်တတ်လို့ ထန့်ယင်းက မင်းဒေါသထွက်အောင် တမင်တကာလုပ်ခဲ့တာလို့ မင်း မတွေးမိဘူးလား၊ စစ်သည်တွေကြားမှာ မင်းတို့နှစ်ယောက်ကြားက ရန်လိုမုန်းတီးမှုတွေ ဖြစ်လာမှာစိုးလို့ ကျောက်လုမင်းကို အဝေးပို့အောင် သူလုပ်ခဲ့တာ၊ စစ်တပ်မှာ မင်းထက်ကိုယ်ခံပညာပိုကောင်းတဲ့လူ တစ်ယောက်မှမရှိဘူး၊ ဒီတော့ မင်းမရှိရင် သူထွက်ပြေးရတာ ပိုလွယ်တာပေါ့..."
ထိုစကားကိုကြားပြီးနောက် ကျောက်ထုံမှာ သူ၏အမှားကိုနားလည်သွားသော်လည်း သူက ထွက်ခွာလာပြီးဖြစ်ကာ ယခုပြန်လျှင် နောက်ကျနေပေလိမ့်မည်။
တစ်ဖက်တွင်မူ ရွှယ်ကျွင်းလျန်က လုံးဝကို တုန်လှုပ်မနေပဲ ပြုံးကာပြောလိုက်သည်။
"စစ်သည်တွေ ပြန်ရောက်ပြီဆိုတော့ ဧကရာဇ်တစ်ပါးအနေနဲ့ ဒီဘုရင်က ထွက်ကြိုပေးရမှာပေါ့"
သေချာပေါက်ပင် နှစ်ရက်အကြာတွင် ဒုတိယတပ်နှင့် ပိုကြီးမားသည့်တပ်များက နန်းမြို့တော်အပြင်ဘက်သို့ ရောက်လာသည်။ ကျောက်လုက ရွှယ်ဧကရာဇ်ကိုယ်တိုင် မြို့ရိုးအပြင်သိူ့ထွက်ကာ သူတို့ကို ကြိုဆိုမည်ဟူသောသတင်းကို ကြားလိုက်ရသည်။
မြို့တော်နှင့် မဝေးလှသောနေရာတွင် ကျောက်လုက သူ၏တပ်ကိုရပ်တန့်ပြီး ပြန်လည်ဖွဲ့စည်းရန် အမိန့်ပေးခဲ့သည်။ နောက်ဆုံးတွင် ရွှယ်ဧကရာဇ်မှ သူတို့အား ကိုယ်တိုင်ကိုယ်ကျ ကြိုဆိုခဲ့သဖြင့် သူတို့ကိုယ်သူတို့ ကြည့်ကောင်းအောင် လုပ်ရပေမည်။
မည်သည့်နေရာမှမဟုတ်သည် ဤအလယ်တွင်ရှိနေခြင်းကို အခွင့်ကောင်းယူလျှင် ထန့်ယွင်အား မည်သူကမျှ ထွက်ပြေးခြင်းမှ မတားဆီးနိုင်သလို စစ်ဆေးမည့်လူလည်း မရှိပါချေ။
ထန့်ယွင်က မြို့ထဲသို့ အမြန်ဝင်ရောက်လိုသည်ဟု ဆင်ခြင်ပေးကာဖြင့် ကျန်တပ်သားများ၏ ရှေ့ကိုတိုးသွားခဲ့သည်။
ဟယ်ကျုံးက အခြားလူများကို မေးလိုက်သည်။
"ထန့်ယင်းက ဘယ်ကိုသွားနေတာလဲ"
"သူ အိမ်သာသုံးဖို့ အလျင်လိုနေတာ ဖြစ်နိုင်တယ်"ဟူ၍ ဟရန်က အရွှန်းဖောက်ပြောနေစဉ် ကျောက်လုက အလယ်မှာ ရပ်လိုက်သည်။
ဟယ်ရန်က ရယ်လိုက်ပြီး
"မြည်းပျင်းတစ်ကောင် အစာဝါးရင် ချီးနဲ့ဆီးတွေ အများကြီးပဲသွားတယ်"
76.2
ထန့်ယွင်က စစ်တပ်မှ ထွက်ခွာပြီးသည်နှင့် သူ၏ချပ်ဝတ်တန်ဆာတို့ကို ချွတ်လိုက်ကာ ယခင်က သူပြင်ဆင်ထားသည့် သာမန်အဝတ်အစားတို့ကို လဲလှယ်၀တ်ဆင်လိုက်သည်။ သူက အကြာကြီး ရပ်မနေရဲပေ။ ဤဆင်ခြေဖုံးလေးက နန်းမြို့တော်နှင့် အလွန်နီးကပ်နေဆဲဖြစ်ပြီး ကျောက်လုကငတုံးမဟုတ်ချေ။ မကြာမီမှာပင် သူသိသွားပေလိမ့်မည်။ ယခုတစ်ခါမှာတော့ ချက်ခြင်းထွက်သွားရမည်ပင်။
သို့သော်လည်း ထန့်ယွင် မထွက်သွားရမှီတွင် ပြင်းထန်သည့်အသံအချို့ကို သူကြားလိုက်ရပြီး ရုတ်တရက် အစောင့်အကြပ်အချို့က အရပ်ရပ်မှ ပြေးထွက်လာကာ သူ့အား ဝိုင်းရံလိုက်ကြသည်။ သူတို့ကို ဦးဆောင်လာသူမှာ ကျောက်ထုံဖြစ်၏။
ကျောက်ထုံကိုမြင်သောအခါ ထန့်ယွင်က ထိတ်လန့်သွားရမည့်အစား ရယ်မောလိုက်သည်။
ထန့်ယွင်အား ဝိုင်းထားသော အစောင့်များကြားမှ အနက်ရောင် ၀တ်လူတစ်ယောက်က ရှေ့သို့လှမ်းလာသည်။
"ဒီလို ပေါ့ပေါ့ပါးပါးရယ်နိုင်ဖို့ မင်း ပိုသတိထားသင့်တယ်"
ထန့်ယွင် ရွှယ်ကျွင်းလျန်ကို မြင်လိုက်ရသည့်အခါ တစ်ခဏမျှ မှင်သက်သွားခဲ့သည်။ သူရွှယ်ကျွင်းလျန်အား နောက်ဆုံးတွေ့ခဲ့သည်မှာ လွန်ခဲ့သောလအနည်းငယ်က ထန့်ပြည်သို့မထွက်ခွာမှီ အချိန်ပိုင်းလေးသာဖြစ်သည်။ ရွှယ်ကျွင်းလျန်ကို မြင်လိုက်သည်နှင့် အကြောင်းတစ်ခုခုကြောင့် ထန့်ယွင်မှာ ဖုန့်မင်နှင့်ကျူးလုကို ရုတ်တရက် သတိရသွား၏။
ထန့်ယွင်က တစ်လက်မလေးပင် လှုပ်ရှားမသွားပဲ ပြောလိုက်သည်။
"ယောက်ျားဆိုရင်မငိုရဘူး၊ ဒါကြောင့် ယောက်ျားတစ်ယောက်ကို ရယ်ခွင့်မပေးရင် ဘဝကြီးက ခက်ခဲနေလိမ့်မယ်"
ရွှယ်ကျွင်းလျန်က ဖြည်းညှင်းစွာ လျှောက်လာပြီး ထန့်ယွင်ကို စေ့စေ့ကြည့်ကာ ဆိုလိုက်သည်။
"အိုး...စစ်သူကြီးထန့်က ဘယ်ကိုများ အမြန်သွားနေတာလဲဆိုတာကို သိချင်မိတယ်"
ထန့်ယွင် ခဏတာ အံ့အားသင့်သွားသည်။ သူထန့်ယွင်ဖြစ်နေစဥ်ကလည်း ရွှယ်ကျွင်းလျန်မှ သူ့အား စစ်သူကြီးထန့်ဟူ၍ ခေါ်ဖူးသည်။ အခုအချိန်မှာတော့ သူ့အမည်က ထန့်ဖြစ်နေဆဲဖြစ်သည့်တိုင် ယင်းက ထန့်ယွင်အားမဆိုလိုပါချေ။
ထန့်ယွင် ပြန်မဖြေတာကိုမြင်ပြီး ရွှယ်ကျွင်းလျန်က မအံ့သြသွားပေ။ သူသည်လည်း ဤအခြေအနေမျိုး ကြုံလာရလျှင် ပြောစရာရှိမည် မထင်ပါချေ။
"စစ်တပ်တစ်ခုလုံးက နန်းမြို့တော်ကို ပြန်လာကြပြီ၊ စစ်သူကြီးထန့်က အရမ်းကျွမ်းကျင်တဲ့အတွက် ဒီဘုရင်က စစ်သူကြီးထန့်ကို ဆုချီးမြှင့်ဖို့ စီစဉ်ထားတယ်။"
ထန့်ယွင်က စကားမပြောသေးပေ။
ရွှယ်ကျွင်းလျန်က အနည်းငယ် အံသြသွားသော်လည်း ဤတုံ့ပြန်မှုကို သူမျှော်လင့်ထားပြီးဖြစ်သည်။ ယခင်က ထန့်ယင်းနှင့် တွေ့ဆုံမှုများတွင်လည်း 'ဆု' ဟူသော စကားလုံးကို ကြားလိုက်သည်နှင့် ထန်ယင်းက ချက်ချင်း လန့်သွားတတ်သည်ကို သူသိသည်။ သို့ပေသိ ထန့်ယင်း ထန့်ပြည်ကို သွားရောက်ညှိနှ်ုင်းပြီးကတည်းက ထန့်ယင်းပြောင်းလဲသွားသည်ကို ခံစားခဲ့ရသည်။ ယခုမူ သူသည် ထန့်ယင်းအား မဖတ်နိုင်သလို၊ မခန့်မှနိးနိုင်ပေ။
ထိုအချိန်တွင် ကျောက်လုနှင့် စစ်သည်အနည်းငယ်က ထန့်ယွင်ပျောက်သွားကြောင်း သတိပြုမိပြီး နောက်မှလိုက်လာကာ အခင်းနေရာသို့ ရောက်လာခဲ့သည်။ သူက ရွှယ်ဧကရာဇ်ကို မြင်ပြီးနောက် အံ့အားသင့်သွားကာ အမြန်ဒူးထောက်လိုက်သည်။
ရွှယ်ကျွင်းလျန်က ထန့်ယွင်အပါအဝင် စစ်သည်အားလုံးကို တရားဝင်ကြိုဆိုကြောင်းပြောပြီး နန်းမြို့တော်သို့ပြန်ရန် သူတို့အားလုံးကိုအမိန့်ပေးခဲ့သည်။
.......
တော်ဝင်သမားတော်သည် ဖုန့်မင်၏သွေးခုန်နှုန်းကို စစ်ဆေးခဲ့ပြီး လုရှီချန်ကဘေးနားတွင်ရပ်နေသည်။ သူက ဘာကိုမှထပ်မပြောရဲသလို အကြာကြီးလည်းမနေဝံ့ဘဲ ဆေးစာတစ်စောင်ရေးပေးကာ ထွက်သွားခဲ့သည်။
လုရှီချန်မှာ ဖုန့်ဘုရင်အား နှစ်သိမ့်စကားမဆိုနိုင်သော်လည်း ကျန်ရစ်ခဲ့၏။ ထပ်ဆိုရလျှင် ဤအခြေအနေကြောင့် သူသည်လည်း အလွန်နာကျင်ရလေသည်။ လုရှီချန်အနေဖြင့် တစ်ပါးသူကိုမဆိုထားနှင့်၊ သူ့ကိုယ်သူပင် နှစ်သိမ့်နိုင်စွမ်းမရှိပါချေ။
ထိုနေ့က လူရှီချန်သည် လွေ့ရွှယ်အား ကျိုးပျက်နေသည့်ဗျပ်စောင်းကို ကျောက်လုထံ ယူသွားပေးရန် တောင်းဆိုသည့်အခါက ဖုန့်ဘုရင်အပေါ် ကျောက်လု၏ခံချက်များ ပြန်လည်လာရန် သူမျှော် လင့်ထားခဲ့ပြီး ဗျပ်စောင်းကြောင့် ကျောက်လုစိတ်ပြောင်းသွားမည်ဟု တွေးခဲ့မိသည်။ ကံဆိုးစွာပင် လွေ့ရွှယ် ထွက်ခွာသွားပြီးကတည်းက သတင်းမရတော့ပေ။
သူမည်သိူ့ပင်တွေးနေပါစေ လုရှီချန် နားမလည်နိုင်တော့ပေ။ အမတ်မင်းကျူးလုက ဖုန့်ဘုရင်ကို ဂရုစိုက်ခဲ့သည်မှာ ထင်ရှားပါ၏။ သို့သော်လည်း ဖုန့်ဝမ်အား ဤမျှအတိုင်းအတာအထိ နာကျင်စေနိုင်သည်မှာ သူ့တွင် မည်သို့သော နှလုံးသားရှိနေသနည်း။
လုရှီချန်က ဝမ်းနည်းစွာ သက်ပြင်းချလိုက်သည်။ ထိုအချိန်တွင် အိမ်ထိန်းသည် တိတ်တဆိတ် ဝင်လာပြီး သူ့နားထဲသို့ တိုးတိုးလေး ကပ်ပြောလာသည်။ အိမ်ထိန်းယူလာသည့်သတင်းမှာ လုရှီချန်အား ရပ်တန့်သွားစေခဲ့သည်။ အိမ်ထိန်းကို ထွက်သွားရန်အချက်ပြရင်း လုရှီချန် တုန့်ဆိုင်းသွား၏။ ယခုအချိန်သည် ဖုန့်ဘုရင်အား ထိုသတင်းကိုပေးသိရမည့် အချိန်ကောင်းဟုတ်မဟုတ် မသေချာချေ။ ဖုန့်ဝမ်မှာ အပြင်းဖျားနေဆဲဖြစ်၏။
လုရှီချန်တစ်ယောက် ထင်မြင်ချက်များကို တွေးတောနေချိန်တွင် ဖုန့်မင်လန့်နိုးလာကာ သူ့အားကြည့်လာသည်မှာ လုရှီချန်၏ အရှိန်ကြောင့် ဖြစ်သကဲ့သို့ပင်။ သူကပြောသည်။
"ဝန်မင်းလု၊ မင်းမှာ ကိုယ်တော့်ကိုပြောစရာရှိလို့လား"
လုရှီချန်က သက်ပြင်းတစ်ချက်ချလိုက်ပြီး ပြောသည်။
"အရှင်မင်းကြီး၊ ချန့်ထျန်ရဲ့တူတော် ကျန်းဟုန်က သူ့ကိုယ်သူ ဘုရင်လို့ ကြေငြာပြီးတော် သူ့တပ်တွေကိုလွှတ်ပြီး မင်မြစ်ကို သိမ်းယူချင်နေပါတယ်"
ဖုန့်မင်က ပါးစပ်ကိုကာကာ ချောင်းဆိုးလိုက်ပြီး
"ဝန်မင်းတွေကို စာကြည့်ဆောင်ကို လာဖိူ့ခေါ်လိုက်ပါ၊ ဒီအကြောင်းကို ဆွေးနွေးရမယ်"
လုရှီချန်က ဖုန့်ဘုရင်အား ထနိုင်ရဲ့လားဟူ၍ မေးချင်သည့်တိုင် သူ့ကိုယ်သူ ထိန်းထားလိုက်လေသည်။ ဖုန့်ဝမ်က လူအများကြားမှ လူတစ်ဦးဖြစ်ပြီး ၊ မည်သည့်အမျိုးသားကမှ အခြားသူများထံမှ သနားကြင်နာမှုကို မလိုချင်ပေ။ ဖုန့်ဝမ်သည် ဘုရင်တစ်ပါးအဖြစ် အထီးကျန်ဘဝမှာ နေထိုင်ခဲ့သည်။ ကျောက်လုမှလွဲ၍ မည်သည့်အရာကမှ သူ့ကို ကိုင်လှုပ်နိုင်ခြင်းမရှိသလို သူ့ခံစားချက်များကို ပြသအောင် မစွမ်းဆောင်နိုင်ပါချေ။
*****