Chapter 77
ဖုန့်ပြည်၏ တရားရုံး၀န်မင်းများအားလုံး ချက်ချင်းစုပြီး စာကြည့်ဆောင်ကို ရောက်လာကြသည်။
ဖုန့်မင်က ထိုင်ခုံကြီးတစ်ခုပေါ်တွင်ထိုင်ကာ လက်ဖြင့်မေးကိုထေက်လျက် အစီရင်ခံစာများအား ဖတ်နေခဲ့သည်။
လူတိုင်းက ဖုန့်ဘုရင် ဒေါသပေါက်ကွဲမှာကို ကြောက်နေကြပြီး စာကြည့်ဆောင်တွင်းသို့ သတိထားပြီးဝင်သွားကြသည်။
တစ်ဖက်တွင်တော့ ဖုန်မင်သည် အထူးတလည် အမူအယာရှိမနေချေ။ သူက လက်ကို မြှောက်ပြီးဝန်ကြီးတွေ ဝင်လာဖို့ ပြောလိုက်ရင်း
“မောင်မင်းတို့အားလုံး သတင်းရပြီးသား ဖြစ်မှာပါ၊ ဒီကျန်းဟုန်က ငါကိုယ်တော်ရဲ့တိုင်းပြည်ကို ဟာသအဖြစ် သဘောထားနေတာ၊အရင်နှစ်က သူ့ဦးလေးက ဒီဘုရင်ကို နှိမ့်ချပြီးကြည့်ခဲ့တယ်၊ အခုကျန်းဟုန်ကလည်း လုပ်နေပြီ။"
လုရှီချန်ကဆိုသည်။
"ကျန်းဟုန်က မင်မြစ်ကို တိုက်ခိုက်ဖို့ ရည်မှန်းထားတယ်၊ မင်မြစ်ဟာ သိပ်မကြာခင်က ရေကြီးနေပြီး ကောင်းကောင်း ပြန်ပြီးမတည်ဆောက်ရသေးတဲ့အတွက် မင်မြစ်က ကျွန်တော်တို့နယ်မြေရဲ့ အားအနည်းဆုံး အစိတ်အပိုင်းလို့ သူတွေးမှာပဲ၊ သူသာ မင်မြစ်ကို သိမ်းပိုက်နိုင်သွားရင်၊ ပြီးတဲ့အခါ ကျွန်တော်တို့နယ်မြေတွေကို ထပ်ပြီးကျူးကျော်ဖို့ တပ်အခြေစိုက်စခန်းတစ်ခု တည်ထောင်လိုက်နိုင်တယ်"
ဖုန့်မင်က ပြုံးကာပြောလိုက်သည်။
"ဒါပေမယ့် မင်မြစ်ကိုသိမ်းယူဖို့က ဒီလောက်ထိမလွယ်ဘူး၊ သူသိမ်းယူနိုင်ယူတောင် ခုခံဖို့ခက်ခဲတယ်၊ မြစ်ရဲ့တစ်ဖက်မှာလည်း ရွှယ်ပြည်ရှိတဲ့အတွက် တိုင်းပြည်နှစ်ခုကြား ညှပ်နေလိမ့်မယ်"
ဖုန့်မင်ခေတ္တမျှရပ်လိုက်ပြီး ရုတ်တရက် သူ့အမူအရာက မှိန်ဖျော့သွားကာ ပြောလိုက်သည်။
"ကျန်းဟုန်က ဒီဘုရင်နဲ့ ရွှယ်ဧကရာဇ်ကို တစ်ချိန်တည်း တိုက်ခိုက်ဖို့ စီစဉ်နေတာတော့ မဖြစ်နိုင်ပါဘူး၊ သူက ရွှယ်ဧကရာဇ်ဆီက အထောက်အပံ့ကို ယူတာလည်းဖြစ်နိုင်တယ်၊ အဲဒါက သူ့အတွက် အကောင်းဆုံး နည်းလမ်းဖြစ်မှာပဲ"
လုရှီချန်က ဖုန့်မင်၏အတွေးတို့ကို ချက်ခြင်းပင်နားလည်လိုက်သည်၊၊
"မဟာမိတ်လက်ဆက်ပွဲလား"
"အမှန်ပဲ၊ အိမ်ရှေ့စံက ကွယ်လွန်သွားပြီ၊ ကျန်းဟုန်အနေနဲ့ ရွှယ်ပြည်ကို တစ်စုံတစ်ယောက်ကို အလျင်စလို ပို့ချင်နေမှာပဲ၊ အဲဒါ သူက အိမ်ရှေ့စံကိုနှိမ့်ချလိုက်တဲ့ အဓိပ္ပါယ်ပဲမဟုတ်ဘူးလား၊ သူအိမ်ရှေ့စံကို အထက်စီးကကြည့်ရင် ဒီဘုရင်ကိုလည်း အထက်စီးကကြည့်တယ်လို့ ဆိုလိုတာပဲ"
ဖုန့်မင်က အေးဆေးတည်ငြိမ်နေပြီး ယုတ္တိရှိရှိတွေးနေသည်ကို လူတိုင်းမြင်ကြရသည်။ ယင်းမှာ နယ်စားမင်းကျူးလု၏ သစ္စာမဲ့မှုက သူ့အပေါ် သက်ရောက်မှုမရှိသကဲ့သို့ဖြစ်နေကာ၊ နယ်စားမင်းကျူးလုဆိုသည်မှာ သူ့အတွက် ပထမနေရာတွင် မရှိသကဲ့သို့ပင်။
"ကျန်းဟုန်က သစ္စာမဲ့ပြီး တခြားလူတွေရဲ့ယုံကြည်မှုကို ချိုးဖျက်တတ်တဲ့ အရိုင်းအစိုင်းပဲ၊ သူ့ဦးရီးတော်ကို သတ်ပစ်ခဲ့ပြီးတော့ အဲ့ဒါအတွက်လည်း နောင်တမရှိဘူး၊ ရွှယ်ဧကရာဇ်က သူနဲ့ မဟာမိတ်လုပ်ချင်မှာမဟုတ်သလို ကျန်းဟုန်ကို တိုက်ဖို့ တပ်ကိုလည်းလွှတ်ချင်မှာမဟုတ်ဘူး၊ ကိုယ်တော်တို့ ကျန်းဟုန်ကို မောင်းထုတ်ရမှာပဲ၊ မောင်မင်းတို့မှာ ဘာအစီအစဉ်တွေရှိလဲ ကြည့်ကြစို့"
လုရှီချန်က သူ၏ဦးနှောက်ကို အလုပ်လုပ်ဖို့ ကြိုးစားလိုက်ရသည်။ သူက စစ်ဗျူဟာတွေကို ဘယ်တုန်းကမှ မကျွမ်းကျင်ခဲ့ချေ။ ယင်းက သူပိုင်နိုင်ရာ မဟုတ်သည့်အတွက် အချိန်အကြာကြီး စဥ်းစားနေသည့်တိုင် အစီအစဥ်ကောင်းတစ်ခုကို အကောင်အထည်မဖော်နိုင်ပေ။
အထူးသဖြင့် မင်မြစ်မှာ ပြင်းထန်စွာ ရေလျှံပြီးနောက်တွင် အားနည်းသွားခဲ့သည်။ ဖုန့်ပြည်၏ နယ်မြေအများစုသည် မြေနိမ့်ပိုင်းတွင် ရှိသည်။ ကျန်းဟုန်က ရွှယ်ကျွင်းလျန်၏အကူအညီဖြင့် မြစ်လမ်းကြောင်းကို ပြောင်းကာ တိုင်းပြည်ကို ရေလွှမ်းအောင်လုပ်ပါက ပြည်သူနှင့်စစ်သည်များစွာ ရေနစ်သေဆုံးရပေလိမ့်မည်။
ဖုန့်မင်က မတ်တပ်ထရပ်ကာ နံရံနားတွင် ထောင်ထားသည့် မြေပုံတစ်ခုထံသို့ လျှောက်သွားလိုက်သည်။ သူက အခန်းတွင်းရှိအခြားလူများကို ကျောပေးထားပြီး မြေပုံကို အချိန်အတော်ကြာ စေ့စေ့စပ်စပ် ကြည့်နေပြီးမှ နောက်ဆုံးတွင် ပြောလာသည်။
“ပထမဆုံးအနေနဲ့ ကျန်းဟုန် မြစ်ကို မတူးဖော်နိုင်အောင် လူတွေကို လွှတ်လိုက်၊ မြစ်ရေကို လမ်းကြောင်းလွှဲတာက အရိုးရှင်းဆုံး နည်းလမ်းပဲ၊ ကျန်းဟုန်က အဲဒါကို ချိတ်ဆက်ဖို့ ကြိုးစားနေတာ၊ ကျန်းဟုန်ကို ရုတ်တရက်တိုက်ခိုက်မှု သုံးခုလောက်လုပ်ပြီး အာရုံလွှဲလိုက်၊ အမြန်တိုက်ခိုက်ပြီးတာနဲ့ နောက်ပြန်ဆုတ်ရမယ်။"
သူက ခဏလောက်ရပ်လိုက်ပြီး ဆက်ပြောသည်။
"ဒုတိယအနေနဲ့ ကျန်းဟုန်မှာ ထက်မြက်ပြီး သတ္တိရှိတဲ့ လက်ထောက်တစ်ယောက်ရှိတယ်...၊ အဲဒီ့လက်ထောက်က ဒီနှစ် နန်းတွင်းစာမေးပွဲမှာ ပထမဆုရတဲ့ပညာရှင်နဲ့ တစ်ရွာတည်းပဲတဲ့၊ လက်ထောက်ကို ပညာရှင်ကို ကိုင်တွယ်ခိုင်းလိုက်ပါ"
ရာထူးမြင့်ဝန်မင်းတစ်ဦးကပြောသည်။
"အရှင်မင်းကြီး၊ အဲဒီ့ပညာရှင် ပထမရတာက ကိုယ်ခံပညာမှာမဟုတ်ဘဲ စာပေစာမေးပွဲမှာပါ"
ဖုန့်မင်က ပြုံးကာဖြင့်
"ပညာရှင်ကို စစ်တိုက်ခိုင်းမယ်လို့ ဘယ်သူပြောလဲ ၊ ဒီဘုရင်က သူ့ကို အဲဒီ့လက်ထောက်နဲ့ တွေ့ပြီး စကားပြောစေချင်တာ၊ ချန်ထျန်ပဲဖြစ်ဖြစ် ကျန်းဟုန်ပဲဖြစ်ဖြစ် သူတို့နှစ်ယောက်လုံးက အတူတူပဲ၊ သံသယလွန်ကဲတတ်တဲ့လူတွေ၊ ကိုယ့်လူကိုယ်တောင် သံသယမ၀င်ပဲ မနေနိုင်ဘူး၊ ငါကိုယ်တော်က ပညာရှင်ကို ရန်သူ့တပ်စခန်းနားကို ဖြတ်ခိုင်းလိုက်တာနဲ့ ကျန်းဟုန်က သူ့လက်ထောက်ကို သံသယဝင်ပြီးတော့ ငါ့တို့စခန်းကို သူကိုယ်တိုင် လာတိုက်လိမ့်မယ်၊ ဒီလောက်ဆို လုံလောက်ပါပြီ"
ဝန်မင်းအားလုံးက ခေါင်းတဆတ်ဆတ်ညိတ်ကာဖြင့် ထိုအစီအစဉ်ကို ချီးကျူးကြသည်။ ဖုန့်မင်က မြေပုံကို လက်ညှိုးထိုးပြပြီး ပြောလိုက်သည်။
"ဒါဆို ဒီကိစ္စကို စုံစမ်းဖို့ ဘယ်သူ့ကိုဦးဆောင်ခိုင်းမှာလဲ၊ ငါကိုယ်တော် မောင်မင်းတို့အားလုံးကို ဆွေးနွေးစေချင်တယ်၊ မနက်ဖြန်မှာ မင်းတို့အကြံပြုချင်တဲ့လူတွေရဲ့ နာမည်ကို စာရင်းလုပ်လာခဲ့၊ ကိုယ်တော် သူတို့ထဲက ရွေးထုတ်လိုက်မယ်"
အမိန့်ပေးပြီးသည်နှင့် ဖုန့်မင်က အားလုံးကို ပြန်ခွင့်ပြုခဲ့သည်။
လုရှီချန်က တံခါးအပြင်ဘက်တွင် ခဏမျှ တုံ့ဆိုင်းနေမိသော်လည်း နောက်ဆုံးတွင် အံကြိတ်ကာ ထွက်သွားလေသည်။
တံခါးပိတ်သံကြားပြီးသည်နှင့်တပြိုင်နက် ရုတ်တရက်ထကာ မြေပုံကို လက်လှမ်းလိုက်လေရာ ယိုင်သွားပြီး ယင်းအားခေါက်မိလုနီးနီးပင်။ သူက ပါးစပ်ကို အခြားလက်တစ်ဖက်ဖြင့် အုပ်ကာ ချောင်းဆိုးလိုက်သည်။ သူ့လက်ချောင်းတွေကြားမှ သွေးများ စီးကျလာပြီး ပါးပြင်ထက်သို့ မျက်ရည်များ ကျဆင်းလာခဲ့သည်။ ချောင်းဆိုးလိုခြင်းအား မျိုသိပ်ထားခြင်းကြောင့် လူတိုင်းကို ကျောပေးခဲ့ခြင်းပေ။
ချောင်းဆိုးသည်မှာ ပို၍ဆိုးလာပုံရ၏။ သူ့အားအင်များ ကုန်ခန်းသွားသလို ခံစားရကာ မြေပေါ် လဲကျသွားတော့သည်။
77.2
ဘုရင်ဖြစ်ရတာ သေချာပေါက်ကို မလွယ်ကူပါချေ။ အယုံကြည်ရဆုံးလူက သူ့ကို သစ္စာဖောက်သွား၏။ သူဝမ်းနည်းပြမိလျှင် သူ့အား ငမိုက်သားဟူ၍ စွပ်စွဲကြပေလိမ့်မည်။ သူ၏ချစ်ခြင်းကြောင့် စစ်သည်တစ်သောင်းကို ဆုံးရှုံးခဲ့ရသော်လည်း သူက အနှီမဖြစ်နိုင်သည့်အချစ်ကြောင့် နာကျင်ပူဆွေးနေရဲသေးသည်။
သို့ပေသိ ဖုန့်မင်မှ မည်သည့်ဝမ်းနည်းမှုကိုမှမပြပါလျှင်လည်း သူ့ကို လူအများက အေးစက်နေသည့်နှလုံးသားဖြင့် ဥပေက္ခာကြီးသည့် ဘုရင်အဖြစ် စွပ်စွဲကြလိမ့်မည်။ အကယ်၍ ဘုရင်တစ်ပါးက စစ်သည်တစ်သောင်း ဆုံးရှုံးရပြီးသည့်တိုင် ပုံမှန်ပဲဖြစ်နေပါက၊ စစ်ပွဲတွင် ကြီးမားသည့် ဆုံးရှုံးမှုကို ခံစားခဲ့ရလျှင်လည်း သူသည်ဆက်၍ ပုံမှန်ပင် ဖြစ်နေဦးမည်ပဲမဟုတ်ပါလား။ ကျောက်လုသည်လည်း ဘုရင်မင်းမြတ်ငြီးငွေ့လာသည်နှင့်အမျှ လွှင့်ပစ်ခံလိုက်ရမည့် ကစားစရာတစ်ခုပေလား။
လုရှီချန်က ဖုန့်မင် ကြမ်းပြင်ပေါ်သို့ လဲကျသွားသည်ကို သိလိုက်ပြီး တံခါးကို ဖွင့်လိုက်သည် ။ အထဲသို့ပြေးဝင်ကာ အစေခံများအား ခေါ်လိုက်လေ၏။
လုရှီချန်က ပညာရှင်တစ်ဦးသာဖြစ်ပြီး ဖုန့်မင်သည်လည်း ပိန်ပါးသည့်တိုင် ပေါ့ပေါ့လေးဖြစ်မနေပေ။ လုရှီချန် တုန်ယင်သွားပြီး ဖုန့်ဝမ်အား ကုလားထိုင်ပေါ်တွင် ထိုင်စေရန် ကူညီရာ၌ အတော်လေးရုန်းကန်ခဲ့ရသည်။
လုရှီချန်မှာ အလွန်အမင်းစိုးရိမ်ကာ စိတ်ဆင်းရဲနေပုံရသည်။
"အရှင်မင်းကြီး၊ ဘာလို့ ကိုယ့်ကိုယ်ကို ဒီလိုနှိပ်စက်နေရသေးတာလဲ၊ ကျောက်လုသေသွားပြီလို့တွေးပစ်လိုက်စမ်းပါ!"
ဖုန့်မင်က ခေါင်းယမ်းလိုက်ပြီး ခဏမျှရယ်လိုက်သည်။
"လူတချို့က အဲဒါကို အစွဲအလန်းကြီးတယ်လို့ ပြောကြပေမယ့် ကိုယ်တော်ကတော့ သူသစ္စာဖောက်ရင်တောင် မသေစေချင်ဘူး၊ သူသာ အသက်ရှင်နေသေးရင် တစ်နေ့မှာ ကိုယ်တော်တို့စစ်မြေပြင်မှာပြန်ဆုံကြလိမ့်မယ်၊ အဲဒီအချိန်ရောက်ရင် သူ့ကို ပြန်ရနိုင်မှာပါ"
လုရှစ်ချန်မှာ ဖုန့်မင်၏ ဝိရောဓိဖြစ်စေသည့်စကားများကြောင့် စိတ်ရှုပ်သွားရသည်။ သစ္စာဖောက်ခံရတာတောင်မှ ကျောက်လုကို အသက်ရှင်စေချင်သေးသည်လား။ ပြီးနောက် တစ်နေ့စစ်မြေပြင်၌ တွေ့ဆုံကြလျှင် ထိုအရာနှင့်ပတ်သက်ပြီး ပြောရန်မှာ ထူးဆန်းလို့နေပါ၏။ အကြောင်းမှာ ထိုအချိန်၌တွေ့ကြ်လျှင် သူတို့အချင်းချင်း သတ်ဖြတ်ကာ တိုက်ခိုက်ကြမည်ဖြစ်သောကြောင့်ပင်။
သို့သော် လုရှီချန်မှာ ထိုစကားလုံးတို့အကြောင်းကို အနည်းငယ်ထပ်၍ စဉ်းစားကြည့်သောအခါတွင် သူက သက်ပြင်းကို အကြိမ်ကြိမ်မချပဲ မနေနိုင်တော့ပေ။ ကျောက်လုအပေါ် သစ္စာရှိနေဆဲဖြစ်သော်ငြား ဖုန့်ဝမ်မှာ ဘုရင်တစ်ပါးဖြစ်နေဆဲပင်။ သူ၏ခံစားချက်များ ဝိရောဓိဖြစ်နေသည်မှာ သိပ်မထူးဆန်းပါချေ။
*****
ကျန်းဟုန်နှင့် သူ၏စစ်တပ်က မင်မြစ်နှင့် သိပ်မဝေးသောနေရာတွင် စခန်းချခဲ့သည်။ စခန်းချပြီးသည်နှင့် တစ်စုံတစ်ဦးကို ရွှယ်ပြည်သို့ စေလွှတ်လိုက်လေသည်။
ဧကရီ၏ ဆုံးပါးမှုကြောင့် သုံးနှစ်တစ်ကြိမ်ရွေးချယ်မှုကို အချိန်အတိအကျမထားပဲ နောက်ဆုတ်ခဲ့သည် ။ လူတို့၏အမြင်တွင် ဘုရင်မင်းမြတ်မှ ဧကရီအပေါ်ထားသည့် ချစ်ခြင်းက အလွန်နက်ရှိုင်းသည်ဟူ၍။ ထို့ကြောင့် သူတို့က ကိုယ်စားလှယ်လောင်း အားလုံးကို အိမ်ပြန်ပို့ဖို့ရာ ဆုံးဖြတ်လိုက်ကြသည်။
ဤအချိန်တွင် ကျန်းဟုန်ထံမှ သူ၏ညီမတော်အား ရွှယ်ကျွင်းလျန်နဲ့ လက်ထပ်စေလိုကြောင်းပါဝင်သည့် စာတစ်စောင် ရောက်လာလေသည်။
ကျန်းဟုန်က စာထဲတွင် သူ၏ညီမအား ကောင်းကင်ဘုံမှချီးမြှောက်ထားသည့် အသန်မာဆုံးသောလူဖြင့်သာ လက်ထပ်စေလိုသည်ဟု ရေးထားကာ ကမ္ဘာပေါ်တွင် ရွှယ်ကျွင်းလျန်ထက်ပို၍ သန်မာသူမရှိဟူ၍ သူကသတ်မှတ်ထားကြောင်း ပြောထားလေသည်။
ရွှယ်ကျွင်းလျန်က ကျန်းဟုန်၏စာကိုဖတ်ပြီးနောက် ကျယ်လောင်စွာ ရယ်မောလိုက်ရာ သူ၏ဝန်မင်းများအားလုံးက တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ရှုပ်ထွေးစွာဖြင့် ကျန်ရစ်သည်။
ရွှယ်ကျွင်းလျန်က ကျန်းယွီအား စာပါအကြောင်းအရာကို အားလုံးကြားအောင် ဖတ်ခိုင်းပြီး ဖျော်ဖြေပေးဖို့ ပြောလိုက်သည်။ ကျန်းဟုန်၏စကားများက ချီးမွမ်းခြင်း၊ ကပ်ပါးယပ်ဖားပြုခြင်းတို့ဖြင့် အပြည့်တည်၏။ မသိကြသူများဆိုလျှင် ဤသည်မှာ လက်ဆက်ရန်ကမ်းလှမ်းခြင်းဟု ထင်ကြမည်မဟုတ်ပေ။
အောင်မြင်မှုတစ်ခုရပြီးနောက် ရွှယ်ကျွင်းလျန်မှတရားဝင်ရာထူးခန့်အပ်ခြင်းခံရသည့် ထန့်ယွင်က ရာဇပုလ္လင်အောက်နားရှိ စစ်သူကြီးတစ်စုကြားတွင် ရပ်နေခဲ့သည်။
ရွှယ်ကျွင်းလျန်က သူ့အနေဖြင့် ကျန်းဟုန်၏ညီမတော်အား လက်ထပ်သင့်လားဟူ၍ လူတိုင်း၏ထင်မြင်ချက်ကို မေးမြန်းခဲ့သည်။ မည်သူကမှ ရှေ့ထွက်ပြီး အရင်ပြောဖို့ရာမဝံ့ကြပေ။ နောက်ဆုံးတွင် ရွှယ်ဧကရာဇ်၏ ရည်ရွယ်ချက်က မည်သို့ဖြစ်မည်ကို ရှင်းရှင်းလင်းလင်းမသိရသေး၍ပင်။ ရွှယ်ဧကရာဇ် နှင့် သဘောထားချင်းမတိုက်ဆိုင်ပါလျှင် ဆိုးဝါးသွားလိမ့်မည် မဟုတ်ပါလား။
ရွှယ်ကျွင်းလျန်က လူအုပ်ကြီးကိုကြည့်ကာ ရယ်မောလိုက်သည်။
"ဘယ်သူက ကိုယ့်ထင်မြင်ချက်ကို ပြောပြချင်လဲ၊ ထန့်ယင်း မောင်မင်းအမြင်ကရော၊ မောင်မင်းက အောင်မြင်မှုတွေ ရထားပေမယ့် လူတွေက မောင်မင်းကို သံသယဝင်နေကြတုန်းပဲ၊ အခု မောင်မင်းဘာမှ မပြောရင် လူတွေက မင်းကို အပြစ်ပေးစေချင်ကြလိမ့်မယ်၊ ဒီလိုဆိုမှတော့ မင်းရဲ့ထင်မြင်ချက်ကိုပြောတော့၊ မင်းဒီနေ့ဒီမှာရပ်နေနိုင်သေးတာက မင်းကလေပဲကျယ်ပြီး ဦးနှောက်မရှိတဲ့လူမဟုတ်ပဲ ထိုက်တန်လို့ဆိုတာကို ပြလိုက်"
ထန့်ယွင်က အမိန့်ကိုကြားပြီးနောက် ရှေ့ကို တိုးလာသည်။ သူမော့ကြည့်လိုက်တော့ ရွှယ်ကျွင်းလျန်၏ နှမြောတသဖြစ်နေသည့်အကြည့်နှင့် အေးစက်စက် နှာချေမှုတ်လိုက်သည်ကို မြင်လိုက်ရသည်။ ရွှယ်ကျွင်းလျန်က သူ့ခေါင်းဖြတ်ဖို့ရာ နည်းလမ်းများကို တမင်တကာပင် ရှာနေခဲ့၏။
ရွှယ်ဧကရာဇ်၏မျက်လုံးထဲမှ ဆူးတစ်ချောင်းဖြစ်လာခြင်းမှာ ထန့်ယွင်အတွက် ကံဆိုးခြင်းပေလား၊ ကံကောင်းခြင်းပေလားဆိုသည်ကို သေချာမသိတော့ချေ။
xxxxxx