Chapter 78
အောင်မြင်မှုက အသင့်ရှိနေ၏
ရွှယ်ကျွင်းလျန်က ထန့်ယွင်ထံမှ မကျေမနပ်ဖြင့် နှာမှုတ်လိုက်သံကို ကြားလိုက်ရသည်။ သူ(XJL)ကပြောလိုက်၏။
"မောင်မင်းမှာ ကိုယ်ပိုင် အကြံဥာဏ်နဲ့အစီအစဥ်တွေ ရှိတယ်ဆိုတာကို ကိုယ်တော်သိပါတယ်၊ ဒါပေမယ့် မင်းရဲ့ ထင်မြင်ချက်ကို တခြားသူတွေလည်း ကြားရမှ သူတို့လည်း မင်းကို ယုံကြည်နိုင်မှာပေါ့"
ထန့်ယွင်က သူ့လက်နှစ်ဖက်လုံးကို ယှက်လိုက်ကာဖြင့်
"ကျန်းဟုန်က ချန့်ထျန်ရဲ့ တူပါ၊ ချန့်ထျန်က ဧကရာဇ်ထံမှာ ရှုံးနိမ့်သွားတဲ့အတွက် ကျန်းဟုန်က ရှုံးသွားတဲ့ သူ့ဦးလေးကိုသတ်ပြီး သူ့ကိုယ်သူ ဘုရင်အဖြစ် ကြေညာနိုင်ခဲ့ပါတယ်၊ သူက သစ္စာမဲ့ပြီး ဖောက်ပြားတတ်သူဖြစ်တယ်ဆိုတာ ချန့်ထျန်က သက်သေပါ၊ ဒါ့အပြင် ချန့်ထျန်က ကျန်းဟုန်ကို သူ့သားအရင်းလိုမျိုုး အမြဲဆက်ဆံခဲ့ပေမယ့် ကျန်းဟုန်ကတော့ ချန့်ထျန်ကို အမြစ်ဖြတ် ရှင်းပစ်ခဲ့ပါတယ်၊ အဲဒါကလည်း သူဟာ သားသမီးဝတ္တရားကို မသိတတ်သူဆိုတာကို ပြသနေပါတယ်၊ အရှင်မင်းကြီးအနေနဲ့ ကျန်းဟုန်ရဲ့ စေ့စပ်ကြောင်းလမ်းမှုကို လက်ခံလိုက်ပြီဆိုရင် လူအများအမြင်မှာ မင်းကြီးရဲ့ဂုဏ်သိက္ခာ ညစ်နွမ်းသွားပါလိမ့်မယ်"
ရှေ့ဆုံးတွင်ရပ်နေသည့် ရွှယ်ဟုန်ယန်မှာ နောက်သို့ လှည့်မကြည့်ပဲ မနေနိုင်ပါချေ။ သူသည်လည်း ထန့်ယင်းနှင့် အတွေးတူ၏။ ကျန်းဟုန်က သစ္စာမဲ့ကာ မသိတတ်သူဖြစ်ရကား ရွှယ်ဧကရာဇ်ကို သူနှင့်အဆက်အဆံမပြုစေလိုချေ။ ရွှယ်ဟုန်ယန်က တစ်စုံတစ်ယောက်မှ ဧကရာဇ်၏ရှေ့တွင် သူ၏ထင်မြင်ယူဆချက်များကို ဤသို့ ပြတ်သားစွာပြောရဲသည်အထိ သတ္တိရှိလိမ့်မည်ဟု မထင်ထားမိပဲ သူသည်လည်း တုန့်ဆိုင်းနေခဲ့တာဖြစ်သည်။
ထန့်ယွင်၏စကားတို့ကို ကြားသပြီးနောက် တရားရုံးအရာရှိများကြားတွင် တီးတိုးသံများ ထွက်လာသည်။ တရားရုံးအရာရှိတစ်ဝက်လောက်က ထန့်ယင်း၏ စကားအလိမ္မာသုံးတတ်မှုကို အံ့အားသင့်သွားကြသည်။ သူတို့က မူလတွင် ထန့်ယင်းမှ ရွှယ်ဧကရာဇ် အား လက်ထပ်ရန်ကမ်းလှမ်းချက်ကိုလက်ခံဖို့ရာ ဆွဲဆောင်လိမ့်မည်ဟု ထင်ခဲ့ကြသည်။ ကျန်တစ်ဝက်က ထန်ယင်းမှ သူတို့၏စိတ်ထဲမှ စကားတို့ကို တိုက်ရိုက်ပြောလာသဖြင့် အံ့ဩသွားကြရသည်။
ဒေါသထွက်ရမည့်အစား ရွှယ်ကျွင်းလျန်က သော့သော့လေး ရယ်မောလာသည်။
"အိုး ...၊ ဒါဆို ငါကိုယ်တော်က မောင်မင်းကိုကျေးဇူးတင်ရတော့မှာပဲ၊ မဟုတ်ရင် ဒီဘုရင်အနေနဲ့ လူထုဆီက အသိဥာဏ်မရှိတဲ့ ရာဇအရှင်အဖြစ် ပြစ်တင်ရှုံ့ချခဲ့ရလိမ့်မယ်"
ထန့်ယွင်က မောက်မာခြင်းအလျဥ်းမရှိ ပြန်၍ပြောလာသည်။
"ဒီငယ်သားက မလုပ်ရဲပါဘူး"
ရွှယ်ကျွင်းလျန်၏ လှောင်ပြောင်ရန်ကြိုးပမ်းမှုမှာ သူ၏ ဝါကျတိုလေးတစ်ကြောင်းဖြင့် တားဆီးခြင်းခံလိုက်ရလေသည်။ အောက်တွင် ရပ်နေသူအား တစ်ချက်ကြည့်လိုက်၏။ အနှီဓားသမားဟောင်းမှာ သူ့ကိုယ်သူဒုက္ခရောက်ခြင်းမှ ကယ်တင်ဖို့ရာ အရူးတစ်ယောက်ပမာ ဟန်ဆောင်ခဲ့သည်လား။ ရွှယ်ကျွင်းလျန်က သူ၏ပုံစံအမှန်ကို မသိတော့ချေ။
"ဒါဖြင့်ရင် မင်းအထင် ဒီဘုရင်အနေနဲ့ ကျန်းဟုန်ကို ဘယ်လိုပြန်ပြောသင့်လဲ"
ထန့်ယွင်က ချက်ချင်းမဖြေသေးပဲ ခဏရပ်ပြီးမှပြောလိုက်သည်။
"ဒီနိမ့်ကျတဲ့အစေအပါးမှာ တကယ်ပဲ အဖြေရှိပါတယ်၊ ဒါပေမယ့်... ဒီအစေခံမှာ မတောင်းသင့်တဲ့ တောင်းဆိုစရာတစ်ခု ရှိနေပါတယ်"
ရွှယ်ကျွင်းလျန်က ကျယ်လောင်စွာ ရယ်မောလိုက်ပြီး
"ဒါဆိုလည်း ပြောပါ၊ ထန့်ယင်းက ရုတ်တရက်ကြီး အရမ်းယဉ်ကျေးပြီးနှိမ့်ချတဲ့ ပုံစံနဲ့ပြောလာတော့ ငါကိုယ်တော် နည်းနည်းတော့ မသက်မသာဖြစ်မိပါရဲ့"
ထန့်ယင်း၏မျက်နှာမှာ နီရဲနေသည်။ သူ့လေသံထဲမှနေ၍ အနည်းငယ် စိတ်မြန်နေမှန်း သိသာနေသော်လည်း သူ့ကိုယ်သူတည်ငြိမ်အောင် မထိန်းနိုင်ပေ။ သူ့ကိုသတ်ခဲ့ဖူးသည့် ဤဘုရင်က သူ့ဖခမည်းတော်ကို ဖမ်းဆီးကာ အကျဥ်းချထားပြီး သူအချစ်ရဆုံးသော ဦးရီးတော်အား ယောက်ျားတစ်ဦးဖြင့် လက်ထပ်ခိုင်းခဲ့သည်။ သူ့အနေဖြင့် အဘယ်ကြောင့် ဤနေရာတွင် ရပ်နေရသလဲဆိုသည်အား ထန့်ယွင်ကိုယ်တိုင်လည်း သိချင်မိသည်။
ထန့်ယွင်က သူ၏အတွေးတို့ကို ရှင်းထုတ်လိုက်ပြီး ပြောလိုက်သည်။
"ဒီအစေအပါးက အရှင်မင်းကြီးကို အသနားခံပါတယ်၊ ထန့်နန်နယ်စားကို ကျေးဇူးပြုပြီး အကျဥ်းချထားရာက လွှတ်ပေးပါ"
ဤစကားကို ကြားပြီးသည်နှင့် ခန်းမတစ်ခုလုံး ချက်ချင်းပင် တိတ်ဆိတ်သွားပြီး အသက်ရှုသံပင် မကြားရတော့ချေ။
ကျန်းယွီကပြောလိုက်သည်။
"ရဲတင်းလိုက်တာ!"
ချန်ယီကလည်း ထန့်ယင်းကို မနေနိုင်တော့ပဲ စောင်းငဲ့ကြည့်လိုက်ကာဖြင့် ဤလူမှာ ဉာဏ်ပဲကောင်းသည်လား၊ ရူးများရူးနေသလားဟူ၍ တွေးလိုက်မိသည်။
ထန့်ယွင်က ပြောလိုက်သည်။
"ဒါဖြင့်ရင် အရှင်မင်းကြီး၊ အသင်ဘယ်လိုထင်ပါသလဲ"
ရွှယ်ကျွင်းလျန်က ပြောစရာစကားမဲ့စွာ ထရပ်လိုက်သည်။ သူကကျောက်စိမ်းလှေကားထစ်များကို ဖြည်းဖြည်းချင်းနင်းပြီး ထန့်ယွင်ထံ လျှောက်လာသည်။
ထန့်ယွင် သူ့ခေါင်းထဲမှ ထူးထူးဆန်းဆန်း ထဝီဝီမြည်လာသလို ခံစားရသည်။ သူ၏အမြင်အာရုံထဲတွင် အနက်ရောင်အစက်အပြောက်များ ကခုန်နေသလိုပင်။ သူ၏မျက်သားများ နီရဲသွားကာ ခြေလက်များ ထုံကျင်လာပြီး လက်ချောင်းထိပ်များက အေးစက်လာခဲ့သည်။ ဤမြင်ကွင်းကို အရင်က မြင်ဖူးသလို ခံစားရပြီး၊ ယင်းအား နှလုံးသားထဲတွင် မြှုပ်နှံထားမိပုံပင်။
ထန့်ယွင်ဖမ်းဆီးခံရစဥ်က သူ့အားသွေးထွက်သည်အထိ ရိုက်နှက်ပြီးနောက်တွင်အစောင့်များက သူ့အား ပင်မခန်းမဆီသို့ ခေါ်ဆောင်သွားခဲ့သည်။ ထို့နောက် ရွှယ်ကျွင်းလျန်က ယခုကဲ့သို့ပင် ကျောက်စိမ်းလှေကားထစ်များအတိုင်း ထန့်ယွင်ထံလျှောက်လာပြီး ပြုံးပြခဲ့သည်။ ပြီးလျှင် ထန့်ယွင်ကို သူတို့ရွှယ်ပြည်၏ ကိုယ်ခံပညာ ထက်မြက်မှုကို ပြသလိုသည်ဟုဆိုကာ သူ့အား ကွင်းပြင်သို့ ပို့ဆောင်ခဲ့သည်။
အတိတ်က ထန့်ယွင်ကို ပြင်းထန်သည့်ဒီရေလှိုင်းများပမာ ရိုက်ခတ်လာပြီး သူ့ကို အသက်ရှူမဝသလိုခံစားရကာ အသက်ရှူကြပ်လာစေသည်။ သူကမျက်လုံးမှိတ်ပြီး ခေါင်းကို ယမ်းလိုက်သည်။ သေခြင်းတရားကို တစ်ကြိမ်လေးတောင်မှ မကြောက်ဖူးသော်ငြား တစ်ခါကြုံပြီးနောက်တွင် သူ့သူ၏မသိစိတ်က ထိုအရာကို သတိရသွားပုံပင်။
78.2
တစ်ဖက်တွင် ရွှယ်ကျွင်းလျန်သည် မူလက ထန့်ယွင်အား သူ၏သတ္တိရှိမှုအတွက် ပုခုံးကို ပုတ်ပေးလိုခဲ့သည်။ သို့သော်လည်း ထန့်ယင်းထံမရောက်မှီ လူအုပ်ကြီးက ရုန်းရင်းဆန်ခတ်ဖြစ်သွားကာ ထန့်ယင်းက မထင်မှတ်စွာပင် ကြမ်းပြင်ပေါ် လဲကျသွားခဲ့သည်။
မစဥ်းစားလိုက်မိစွာဖြင့် ထန့်ယင်းကို ဖမ်းရန်လက်ကို ဆန့်လိုက်လေသည်။ သူနှင့် အနီးဆုံးမှ ၀န်မင်းများက ယင်းအားမြင်လိုက်ပြီး ထန်ယင်းကို ဖမ်းရန် ရှေ့သို့ ခုန်တက်သွားကြသည်။ ဧကရာဇ်မင်းအား နိမ့်ကျသောအမှုထမ်းကို သူကိုယ်တိုင် မည်သို့ဖမ်းဆီးခိုင်းဝံ့မည်နည်း။
တော်ဝင်သမားတော်ကို မြန်မြန်ခေါ်လာရန် လူပေါင်းများစွာက ပြောလိုက်ခြင်းကြောင့် ညီလာခံခန်းမကြီးတစ်ခုလုံး ရုတ်ရုတ်သဲသဲဖြစ်သွားခဲ့သည်။
ခန်းမအတွင်းမှ ဖရိုဖရဲအခြေအနေတွေကို မြင်လိုက်ပြီးနောက် ရွှယ်ကျွင်းလျန်က ကျန်းယွီအား ထန့်ယင်းကို ညီလာခံခန်းမ၏ဘေးခန်းကို ပြောင်းခိုင်းလိုက်လေသည်။ တော်ဝင်သမားတော်က ထန်ယင်း၏သွေးခုန်နှုန်းကို စစ်ဆေးလိုက်ပြီး သူ့တွင် နှလုံးရောဂါရှိကြောင်း ထွက်ပေါ်လာလေသည်။ နောက်ပိုင်းတွင် ယင်းက သူ့နှလုံး၏အခြေအနေကိုပိုဆိုးစေနိုင်ပြီး အရေးပေါ်အခြေအနေများတွင်အသက်ဆုံးရှုံးသည်အထိ ဖြစ်နိုင်သောကြောင့် နောင်အနာဂတ်၌ သူ့တွင် စိတ်ပိုင်းဆိုင်ရာ အတက်အကျများ မလွန်ကဲစေရန် လိုအပ်သည်ဟုဆို၏။
ဆေးစာအချို့ရေးပေးပြီးနောက် တော်ဝင်သမားတော်က ထန့်ယင်း၏မျက်နှာထက်ရှိ ဒဏ်ရာများကို မြင်လိုက်ရသည်။ သူက အမာရွတ်များကိုလည်း ကုသပေးဖို့ တွေးလိုက်မိသော်ငြား ယွင်ဖုန့်နန်းဆောင်ကို မီးရှို့သည့်အပြစ်သားက ဤတပ်မှူးဟု သူကြားခဲ့ရသည်။ သူ့ဒုက္ခသူဖိတ်ခေါ်မိမည်ကို စိုးရွံ့မိသဖြင့် တော်ဝင်သမားတော်က အမာရွတ်များအတွက် ဆေးညွှန်းကိုမူ မရေးပေးခဲ့ပေ။
ထန့်ယွင်က အလွန်ပင် သက်တောင့်သက်သာမရှိစွာ အိပ်ပျော်သွားခဲ့ပြီး အိပ်ပျော်နေစဉ်တွင်ပင် သူကရုန်းကန်နေရင်းဖြင့် တစ်စုံတစ်ခုကိုတိုးတိုးလေးပြောနေခဲ့သည်။ ဤသည်ကိုမြင်ပြီးနောက် တော်ဝင်သမားတော်က ဆေးစာတွင် အနာသက်သာစေသည့် ဆေးဖက်ဝင်အပင်တချို့ကိုထည့်ရေးပေးလိုက်လေသည်။
ရွှယ်ကျွင်းလျန်က စိတ်မရှည်စွာဖြင့် ပြောလာ၏။
"သူ ဘယ်အချိန်နိုးလာမှာလဲ"
“ဒီအစေခံ သူ့ကိုအပ်စိုက်ပေးပြီးတာနဲ့ ချက်ချင်းနိုးလာမှာပါ"
ရွှယ်ကျွင်းလျန်က ခေါင်းညိတ်ပြပြီး သမားတော်အား စိုက်အပ်များကို ပြင်ဆင်ခွင့်ပြုလိုက်သည်။ ထန့်ယွင်က မသိမသာရုန်းကန်နေဆဲဖြစ်ကာ အိပ်မက်ထဲတွင်လည်း တစ်စုံတစ်ရာကို တိုးဖွဖွ ပြောနေသည်။ ရွှယ်ကျွင်းလျန် မေးလိုက်သည်။
"သူဘာပြောနေတာလဲ"
တော်ဝင်သမားတော်က အပ်အချို့ကိုစိုက်လိုက်သောကြောင့် ထန့်ယင်းထံမှ ညီးညူသံကို ကြားလိုက်ရသည်။ လူနာက ရွှယ်ဧကရာဇ်၏ အမည်ကိုတီးတိုးပြောနေသည့်အကြောင်းကိုမူ အရှင်မင်းမြတ်အား မလျှောက်တင်ဝံ့ပါချေ။
ရွှယ်ကျွင်းလျန်က သမားတော် ချွေးများထွက်ကာ တုန်တုန်ယင်ယင် ဖြစ်နေသည်ကို မြင်လိုက်ရသဖြင့် ထိုသူကို ရိုးရှင်းစွာ လက်ယမ်းပြလိုက်ပြီး ဘေးဖယ်ခိုင်းလိုက်သည်။ သူက ခေါင်းကို ငုံ့ကာ နားထောင်လိုက်သောအခါတွင် ထန့်ယွင်ထံမှ 'ရွှယ်ကျွင်းလျန်' ဟူ၍ ခပ်တိုးတိုး ညည်းနေသံကို ကြားလိုက်ရသည်။
ရွှယ်ကျွင်းလျန်က အံ့အားသင့်သွားမှုနှင့်အတူ ကုတင်ပေါ်ရှိလူကို ကြည့်ရင်း သူ့မျက်လုံးများက အနည်းငယ်ရှုပ်ထွေးသွားသည်။ သူက မိဖုရားကြီး အဖျားတက်ပြီး သတိလစ်သွားသည့်အချိန်ကို ရုတ်တရက် သတိရသွား၏။ သူမသတိလစ်သွားချိန်မှာလည်း သူ့နာမည်ကို ယခုကဲ့သို့ပင် ရွတ်နေခဲ့လေသည်။
အမှန်ပင် ယောက်ျားတစ်ယောက်၏အသံနှင့် မိန်းမတစ်ယောက်၏အသံက မတူသည့်တိုင် လေသံအသွားအလာက အလွန်တူသည်။ ထို့ကြောင့် ဤရင်းနှီးမှုက ရွှယ်ကျွင်းလျန်အား သူနားမလည်သည့် ရှုပ်ထွေးသောခံစားချက်များစွာကို ချန်ထားခဲ့လေသည်။
သမားတော်က အပ်အချို့ကို စိုက်ပြီးနောက် ထန့်ယွင်မှာ ချက်ချင်းနိုးလာသည်။ သို့ပေမယ့် သူ၏အာရုံကမကြည်လင်သေးသလို အနည်းငယ် စိတ်ရှုပ်ထွေးနေဆဲပင်။
ရွှယ်ကျွင်းလျန်က ထန့်ယင်း၏ မျက်နှာပေါ်ရှိ အမာရွတ်များစွာကို စစ်ဆေးကြည့်ရာ အချို့မှာ ကြီးမားပြီး၊ အချို့က သေးငယ်လေသည်။ ရီဝေနေသည့် အကြည့်များနှင့် တွဲလိုက်ပါလျှင် အမာရွတ်များက သူ့ကို နားမလည်နိုင်လောက်အောင် စွဲလန်းသွားစေသည်။
ရွှယ်ကျွင်းလျန်က ဘာကိုမှ ဂရုမစိုက်ဘဲ ပြောလိုက်သည်။
"ကောင်းပြီ၊ သေချင်ယောင်ဆောင်နေတာ တော်လိုက်တော့"
ထန့်ယွင်က ကုတင်ပေါ်မှ ဖြည်းညှင်းစွာထကာ ထိုင်လိုက်သည်။ ရွှယ်ကျွင်းလျန်က ပြော၏။
"မောင်မင်းက မောင်မင်းရဲ့တောင်းဆိုချက်ကိုပြောပြီးပြီ၊ ဒါပေမယ့် ကိုယ်တော်အနေနဲ့ မင်းမှာ အရည်အချင်းတကယ်ရှိမရှိ မသိသေးဘူး၊ မင်းသာ အရည်အချင်းရှိရင် ငါကိုယ်တော် ကတိပေးတယ်၊ ထန့်နန်နယ်စားကို လွှတ်ပေးမယ်၊ ပြီးတော့ မင်းကိုရာထူးတိုးပေးပြီး နယ်စားမင်းထန့်နန်ရဲ့နေရာမှာ အစားထိုးပေးမယ်"
ထန့်ယွင်က ခါးသက်စွာ ပြုံးလိုက်သည်။ သူကဘယ်လိုလုပ် သူ့ဖခမည်းတော်ရဲ့ဘွဲ့အမည်ကို ယူနိုင်မည်လဲ။ သူက လူတို့၏အထက်တွင် မနေလိုသလို နယ်စားမင်းဘွဲ့အားလည်း မလိုချင်ပေ။
ကျန်းဟုန်၏ကမ်းလှမ်းချက်သာ ငြင်းပယ်ခံလိုက်ရလျှင် သူ့အနေနှင့် အရှက်တကွဲဖြစ်ပြီး ရန်ငြိုးထားကာ ရွှယ်ပြည်အား တိုက်ခိုက်လာပေလိမ့်မည်။ စစ်ပွဲအတွက် ထန့်ယွင်က စိတ်မပူသော်ငြား ကြာရှည်စွာ တိုက်ခိုက်နေရခြင်းထက် စစ်ပွဲများနည်းပါးခြင်းက ပို၍ကောင်းသည်။
သူ၏နာကျင်နေသည့်ဘယ်ဘက်ရင်အုံကို အာရုံမစိုက်နိုင်စွာ ဖိနှိပ်ရင်း ထန့်ယွင်ပြောလိုက်သည်။
"ဒီလိုဆိုရင်ရော ဘယ်လိုပါလဲ၊ ပထမဆုံးအနေနဲ့ မင်းကြီးက ကျန်းဟုန်ဆီကို လက်ထပ်ဖို့ကြောင်းလမ်းတာကို လက်ခံကြောင်းစာရေးပြီး ပို့လိုက်ပါ၊ ကျန်းဟုန်က လောဘကြီးတဲ့အတွက် အရှင်မင်းကြီးက သူ့ညီမနဲ့ထိမ်းမြားမှုအတွက် စစ်သည်နဲ့ရိက္ခာတွေ ပို့ပေးမယ်လို့ မျှော်လင့်နေပါလိမ့်မယ်၊ မင်းကြီးက အိုမင်းမစွမ်းဖြစ်နေတဲ့လူတွေနဲ့ ဒဏ်ရာရနေတဲ့ စစ်သည်ထောင်ချီနဲ့ ရိက္ခာစပါးကျီရာချီကို ကျန်းဟုန်ဆီပို့လိုက်ပါ၊ စစ်သည်တွေကိုမြင်ပြီးတာနဲ့ ကျန်းဟုန်က ဒေါသတကြီးနဲ့ မင်းကြီးရဲ့လက်ခံစာကို ဆုတ်ဖြဲပစ်လိုက်ပါလိမိ့မယ်၊ ဒီလိုဆို မင်းကြီးငြင်းပယ်စရာမလိုတော့ပဲ ဒီထိမ်းမြားမှုက ပျက်သွားမှာပါ၊ ကျန်းဟုန်လည်း ရွှယ်ပြည်ကို စစ်တိုက်ဖို့ အကြောင်းအရင်းမရှိတော့လို့ ဖုန့်ပြည်နဲ့ဆက်ဆံရေးမှာ အာရုံစိုက်ဖို့အတွက် နောက်ဆုတ်သွားပါလိမ့်မယ်"
အစီအစဉ်ကိုနားထောင်ပြီးနောက် ရွှယ်ကျွင်းလျန်က ခေါင်းညိတ်ကာ အလွန်ကောင်းမွန်သည့်အစီအစဥ်ဖြစ်ကြောင်း လက်ခံလိုက်သည်။ နောက်နေ့မနက် ညီလာခံ၌ ထိုအစီအစဥ်ကို ထန့်ယွင်အား ပြောပြစေခဲ့သည်။ ထိုအကြံကို နားထောင်ပြီးနောက် အရာရှိများအားလူံးက အံ့အားသင့်သွားခဲ့လေသည်။
xxxxxxx