အပိုင်း ၇၉
Viewers 13k

Chapter 79

အောင်မြင်မှုက အသင့်ရှိနေ၏


ရွှယ်ကျွင်းလျန်က ရယ်လိုက်ပြီး


 "ငါကိုယ်တော်က ကတိပေးထားမှတော့ ဖြည့်ဆည်းပေးရမှာပဲ၊ မဟုတ်ရင် ကိုယ်တော်က အဲဒီ့နိမ့်ကျတဲ့လူယုတ်မာကျန်းဟုန်နဲ့ထူးမခြားနားပဲ ဖြစ်သွားမှာပေါ့၊ ထန့်နန်နယ်စားကို လွှတ်ပေးဖို့ တစ်ယောက်ယောက်ကိုလွှတ်လိုက်၊ သူကဒီထက်ပိုပြီး ထန့်နန်နယ်စားမဟုတ်တော့ဘူး၊ သာမာန်လူအဖြစ် ရာထူးလျှော့ချခံရမယ်၊ ထန့်ယင်း မင်းက ထက်မြက်ပြီးရဲရင့်တယ်၊ ငါကိုယ်တော်က အရည်အချင်းရှိတဲ့လူတွေကို နှစ်သက်တော်မူတယ်၊ အခုကစပြီး မင်းကို ထန့်နန်နယ်စားအဖြစ် ခန့်အပ်လိုက်ပြီ၊ မင်းသာ မင်းရဲ့ရာထူးနဲ့ပတ်သက်ပြီး တာဝန်ယူမှုရှိရင် ချမ်းသာပြီး လေးစားခံရလိမ့်မယ်၊ မင်းရဲ့အပြုအမူတွေက လေးစားစရာကောင်းနေသရွေ့ ဘယ်သူမှမင်းကို ဆန့်ကျင်မှာမဟုတ်ဘူး၊ ဒါပေမယ့် မင်းသာ ပုန်ကန်လိုတဲ့အရိပ်အယောင်ပြရင်လည်း ဘယ်သူကမှ သည်းခံနေမှာမဟုတ်ဘူး"


ဧကရာဇ်မှ ညီလာခံရုတ်သိမ်းပြီးနောက်တွင် တရားရုံးအရာရှိများက ထန့်ယွင်အား ချီးကျူးဂုဏ်ပြုရန် ချဥ်းကပ်လာကြသည်။ ဤသည်မှာ ချက်ချင်းအောင်မြင်ခြင်း၏ ပြယုဂ်ပင်။ သူတို့တစ်ဘဝလုံးကြိုးစားသည့်တိုင် ရာထူးမတက်သည့်လူမှာ ဘယ်နှယောက်တောင်များလဲ။ သို့သော်လည်း ထန့်ယွင်ကတော့ ဗျူဟာလေးတစ်ခုဖြင့် ချက်ချင်းပင် ထန့်နန်နယ်စားမင်း ဖြစ်လာခဲ့သည်။


သူ့စကားအတိုင်း ရွှယ်ကျွင်းလျန်က လူများကိုစေလွှတ်ကာ ထန့်နန်နယ်စားကို လွှတ်ပေးစေခဲ့ပြီး သူ၏ရာထူးအဆောင်အယောင်အားလုံးကို ဖယ်ရှားစေခဲ့သည်။ ထန့်ယွင်က သူ့ဖခင်အားတွေ့ရန် အကျဥ်းထောင်သို့ ကိုယ်တိုင်မသွားတော့ဘဲ သူ့(ဖခင်)ကိုသာ အခေါ်လွှတ်လိုက်လေသည်။ အရာအားလုံးပြီးသွားသည့်အခါ သူ့ခမည်းတော် အကျဥ်းမှလွတ်အောင် လုပ်ပေးပြီးဖြစ်ရကား သူသည် သားသမီးဝတ္တရားကျေကာ ကြင်နာမှုမှာ လုံလောက်နေပြီဟူ၍ တွေးမိသည်။


နန်းမြို့ရှိ ထန့်နန်နယ်စား၏နေအိမ်ကို ပြန်လည်ပြုပြင်ထားသည်။ အိမ်တော်ရှိ ဂုဏ်ပြုကမ္မည်းပြားကို ဖြုတ်ချထားကာ အိမ်ရှေ့တံခါးတွင် အနီရောင်အစများဖြင့် အလှဆင်ထားသည်။ ထန့်ယွင်ပြောင်းရွှေ့လာမည်အား စောင့်ဆိုင်းနေခြင်းပင်။


ရွှေကမ္ပည်းပြားကို ကြည့်လိုက်ကာ ထန့်ယွင် သူ၏စိတ်ထဲတွင် မည်သို့ခံစားနေသလဲမသိတော့ချေ။ အိမ်တော်မှအစေခံများက ဗျောက်အိုးများကို ထွန်းညှိထားကာ ယခင်ပိုင်ရှင်၏ မကောင်းသည့်ကံတရားများအားလုံးကို ဖယ်ထုတ်နိုင်ဖို့ရာ မျှော်လင့်ကြောင်း ပြောဆိုကြသည်။ ထိုအချိန်တွင် ကျန်းယွီကိုယ်တိုင်ရောက်လာပြီး ကမ္ပည်းပြားအား ပေးလာ၏။ ထိုပေါ်တွင် 'ထန့်နန်နယ်စားမင်းအိမ်တော်'ဟူသော စာလုံးကို ရွှယ်ကျွင်းလျန်ကိုယ်တိုင် ရေးထိုးထားသည်။ 


ရွှယ်ဧကရာဇ်ကိုယ်တိုင် အိမ်တော်၏ကမ္မည်းပြားအား ရေးပေးသည်မှာ ဂုဏ်ယူစရာဖြစ်သည်။ အစေခံများက အဟောင်းနေရာတွင် အစားထိုးရန် ကမ္ဗည်းပြားအသစ်ကို ချက်ချင်းချိတ်ဆွဲလိုက်ပြီး ထန့်ယွင်အား အိမ်မှ ကြိုဆိုရန်အတွက် တန်းစီပြီး ရောက်လာကြသည်။


အိမ်ဝန်းက အတော်လေးကျယ်ပြီး အစေခံအားလုံးမှာ ယခင်နယ်စားမင်း၏ လူဟောင်းများဖြစ်သည်။ ခြံဝန်းတစ်ခုထဲ အတူနေကြပြီး ယခင်နယ်စားမင်း ကျန်ခဲ့သည့် အလှလေးများနှင့် ကိုယ်လုပ်တော်များစွာလည်း ရှိသည်။


ထန့်ယွင် စိတ်ပျက်စွာဖြင့် ခေါင်းယမ်းလိုက်သည်။ ဤအိမ်တော်ကြီးမှာ အလွန်ခမ်းနားပြီး လှပသည့်အမျိုးသမီးများစွာလည်း ရှိသည်။ ဤနေရာတွင်နေထိုင်ခဲ့သူက ပျော်ရွှင်စရာကောင်းသည့်ဘဝကို ဖြတ်သန်းနေသူဆိုတာ သိသာလှသည်။


ထန့်ယွင်က ကိုယ်လုပ်တော်များနှင့် အစေခံအချို့ကို ထုတ်ပစ်လိုက်သည်။ အချို့က ထွက်သွားရန် ငြင်းပယ်ကြ၏။ ထန့်ယွင်က ရယ်မောကာ ပြောလိုက်သည်။


 "မင်းတို့ ဆက်နေဖို့ တောင်းဆိုရင်တောင် ငါ့လစာက မများဘူး၊ မင်းတို့အားလုံးကို ငါထောက်ပံ့မထားနိုင်ဘူး"


ရက်အနည်းငယ်ကြာပြီးေနာက် တစ်စုံတစ်ယောက်က ရွှယ်ဧကရာဇ်အား ထန့်နန်နယ်စား၏ဗျူဟာအတိုင်း အရာအားလုံးကို လုပ်ပြီးသွားပြီဖြစ်ကြောင်း သတင်းပို့လာသည်။ ကျန်းဟုန်က ဒေါသကြောင့် မူးမေ့လဲလုနီးပါးဖြစ်သွားပြီး မဟာမိတ်လက်ဆက်ရေးစာလွှာအား ဆုတ်ဖြဲကာ ရွှယ်ကျွင်းလျန်ကဲ့သို့ အကြံအစည်ကြီးသည့် မကောင်းသည့်လူတစ်ဦးနှင့် သူ့ညီမတော်အား ဘယ်တော့မှ လက်မထပ်ပေးနိုင်ဟု ကျယ်လောင်စွာ သံဓိဌာန်ချခဲ့သည်ဟူ၏။


ရွှယ်ကျွင်းလျန်ထံမှ အကူအညီရရန် အကြံအစည်မှာ အဆင်မပြေသည့်အပြင် ကျန်းဟုန်မှာ ဖုန့်မင်အားဆွမိပြီးဖြစ်လေရာ သူ့တွင် ဖုန့်မင်နှင့် အပေးအယူလုပ်ရန်မှလွဲ၍ ရွေးချယ်စရာမရှိတော့ပေ။ ယခုမူ သူသည် ရွှယ်ကို ပြန်လှည့်၍လည်း မတိုက်ခိုက်နိုင်ပေ။ ယင်းက အရှေတွင် ဝံပုလွေတစ်ကောင်ရှိပြီး အနောက်ဘက်တွင်မူ ကျားတစ်ကောင်ရှိသည်နှင့် တူ၏။ ကျန်းဟုန်ကိုယ်တိုင်က ဖုန့်မင်နှင့် တိုက်ခိုက်ခဲ့ခြင်းသာ။


တစ်ဖက်တွင်မူ ဖုန့်မင်က သူ၏လူများကိုခြုံခိုတိုက်ခိုက်ရန် အမှန်ပင် စေလွှတ်လိုက်သည်။ ကျန်းဟုန်က မြို့အားရေလွှမ်းစေရန် မြစ်ကိုတူးဖို့ရာအား ကရူးမူးထိုး မလုပ်ရဲချေ။ သူအလုပ်စစချင်းမှာပင် တပ်သားများ၏ ချုံခိုတိုက်ခိုက်ခြင်းကြောင့်အ အလွန်ပင် စိတ်ပနှောင့်အယှက်ဖြစ်ခဲ့ရသည်။


ထို့နောက်တွင် ဖုန့်မင်က ကျန်းဟုန်အား တိုက်ထုတ်ရန် ပွင့်လင်းစွာပင် စစ်တပ်ကြီးကိုစေလွှတ်ခဲ့သည်။ တိုက်ပွဲတွင် နှစ်ဖက်လုံးက လက်ရည်တူနေခဲ့သဖြင့် နှစ်ဖက်တပ်သားများကို အသီးသီး ပြန်ဆုတ်ရန် ခေါ်သွားကြသည်။ ထိုအချိန်တွင် ဖုန့်မင်က ယခုနှစ်နန်းတွင်းစာမေးပွဲ၌ ပထမဆုရရှိခဲ့သည့် ပညာရှင်အား နေ့တိုင်းလိုလို နယ်ခြားသို့ ခရီးတိုထွက်ရန် အမိန့်ပေးခဲ့သည်။ ပညာရှင်ကို တိုက်ခိုက်ခိုင်းခြင်းမဟုတ်ပဲ သူ၏သူငယ်ချင်းကို ရှာဖွေကာ စိတ်အေးလက်အေးဖြင့် အေးအေးဆေးဆေး စကားပြောရန်သာ အမိန့်ပေးခဲ့သည်။


ကျန်းဟုန်က တပ်မှူးအား သူ့(ပညာရှင်)ကို သတ်ပစ်ဖို့ရာ အမိန့်ပေးခဲ့သော်ငြား သူ့လက်အောက်ငယ်သားက အပြစ်မရှိရိုးသားပြီး စပရိယာယ်တို့အား နားမလည်သလို ကိုယ်ခံပညာကိုပင် မတတ်ကျွမ်းသည့်လူအား မသတ်နိုင်ကြောင်း ပြန်ပြောခဲ့လေသည်။


ကျန်းဟုန်ကက သံသယဝင်သွား၏။ ဤလူနှစ်ယောက်က နေ့တိုင်းလိုလို တွေ့နေကြသည့်တိုင် တစ်ဦးနှင့်တစ်ဦး သတ်ဖို့ မကြိုးစားကြချေ။ ဤသည်မှာ ထောင်ချောက်တစ်မျိုးဖြစ်နိုင်သည်။


နောက်ပိုင်းတွင် ကျန်းဟုန်၏ တပ်စခန်း၌ တပ်မှူးနှင့် ပညာရှင်တို့က တစ်ရွာတည်းသားများဖြစ်ခဲ့ဖူးသည်ဟူသော ကောလာဟလများ ထွက်ပေါ်လာသည်။ တပ်မှူးက သူတို့တိုင်းပြည်ကမဟုတ်ပဲ ဖုန့်လူမျိုးဖြစ်နိုင်သည်ဟူ၍ လူအများက ကောက်ချက်ချကြသည်။ ထို့ကြောင့် တပ်မှူးတွင် ပုန်ကန်လိုစိတ်ရှိနေနိုင်ရကား သူ့အားဖယ်ရှားပစ်ရမည်ဟူ၏။


သူ့လူများထဲတွင် သူလျှိုတစ်ယောက်ရှိနေနိုင်သည်ဟုတွေးမိပြီး ကျန်းဟုန် တုန်လှုပ်သွားခဲ့သည်။ သူ၏အကြံပေးက ကျန်းဟုန်အား ပွဲတစ်ခုစီစဥ်ကာ တပ်မှူးမငြင်းနိုင်အောင် ဖိတ်ကြားဖို့ အကြံပေးလိုက်သည်။ 


ထို့အပြင် ထိုပွဲတွင် ဓားသမားအချို့အား ကျန်းဟုန်တဲ၏အဝင်ဝတွင် ထားရှိကာ တဲအတွင်းဝင်လာသည့်လူတိုင်းအား မည်သူ့ကိုမဆို ဓားဖြင့်ခုတ်ပိုင်းဖို့ရာ အမိန့်ပေးရန်လည်း ပြောသည်။ 


ကျန်းဟုန်၏ တဲအပြင်ဘက်တွင် တာဝန်ကျနေသည့် အစောင့်က သူမြင်ခဲ့သည်အား လျှို့ဝှက်ပြီး သတင်းပို့ခဲ့သည်။ တပ်မှူးက အစောင့်၏စကားကို ချက်ချင်း မယုံချေ။ သို့သော်လည်း သူက သူနှင့်အတူ ကိုယ်ခံပညာကျွမ်းကျင်သူငါးဦးကို ခေါ်ဆောင်လာခဲ့သည်။


တပ်မှူး ကျန်းဟုန်၏တဲကိုရောက်သည်နှင့်တပြိုင်နက် ကျန်းဟုန်မှ ဓားသမားများကို ချက်ချင်းတိုက်ခိုက်ဖို့အမိန့်ပေးခဲ့သလို သူ၏အကြံပေးကလည်း 'တပ်မှူးက သစ္စာဖောက်ပဲ'ဟူ၍ အော်ဟစ်လိုက်သည်။


ကံကောင်းစွာဖြင့် တပ်မှူးက ပြင်ဆင်ပြီးမှလာခဲ့ခြင်းပေ။ သူနှင့်အတူ သူယုံကြည်ရသည့်လူငါးဦးက ဝိုင်းခံထားရသည့်နေရာမှ ခွဲထွက်ကာ မင်မြစ်ကမ်းစပ်သို့ ထွက်ပြေးလာကြသည်။

79.2


ထိုအချိန်တွင် ဖုန့်ပြည်မှ ပညာရှင်က သူ့လူများနှင့်အတူ လှေတစ်စင်းဖြင့်ရောက်လာကာ ရယ်မောပြီးပြောလိုက်သည်။


"တပ်မှူးရေ၊ မတွေ့တာကြာပြီနော်၊ ဘာလို့မင်းက ဒီလိုအရှုပ်ထဲ ရောက်နေရတာတုန်း"


လိုက်ရှာနေသည့် တပ်သားများက ရေထဲသို့ဆင်းလာကြပြီး လှေအားမှောက်ပစ်ရန် ကြိုးစားကြသည်။ ပညာရှင်က ထိုစစ်သည်များ၏လက်တို့အား ခုတ်ပစ်ရန် လှေပေါ်မှ လူတွေကို အမိန့်ပေးလိုက်သည်။ ထို့ကြောင့် စစ်သည်များက လှေကိုမထိရဲတော့ဘဲ ထွက်ပြေးသွားသူတို့အား လွှတ်လိုက်ရလေသည်။ ထိုနေ့၌ပင် ဖုန့်တပ်သားများက သူတို့တွင် ရာထူးကြီးပြီး အရည်အချင်းရှိသည့် စစ်သူကြီးနောက်တစ်ဦး ထပ်တိုးလာခြင်းအတွက် ဂုဏ်ပြုပွဲလုပ်ခဲ့ကြ၏။


ရှေ့တန်းစစ်မျက်နှာပြင်တွင် တပ်သားများက လက်နက်ချသည့် တပ်မှူးကို ကြိုဆိုနေကြပြီး ဖုန့်မင်ကလည်း နန်းတော်ထဲ၌ ဧည့်ခံပွဲတစ်ခုကို စီစဉ်ပေးခဲ့သည်။ တရားရုံးအရာရှိများအားလုံးက စိတ်ဓာတ်တက်ကြွနေကြသည်။ နောက်ဆုံးတွင် သူတို့က ကျန်းဟုန်၏ကျူးကျော်ရန်အားထုတ်မှုကို နှိမ်နင်းနိုင်ခဲ့ကြရာ သူတို့အနေဖြင့် အဘယ်ကြောင့် မပျော်ပဲနေမည်နည်း။


ဧည့်ခံပွဲပြီးနောက်တွင် လက်ရှိဖြစ်ပျက်နေသည်တို့ကို မသိသူတစ်ဦးမှ ဖုန့်မင်အား နယ်စားမင်းကျူးလုအကြောင်း မေးမြန်းလေသည်။ ဖုန့်မင်၏အမူအယာ တခဏအတွင်း မည်းမှောင်သွား၏။ ကျူးလွန်သူကို ချက်ချင်းဖမ်းဆီးကာ သစ်သားပြားဖြင့် အကြိမ်သုံးဆယ် ရိုက်စေခဲ့သည်။ သူကပြောလိုက်၏။ 


"ဒီကမ္ဘာမှာ နယ်စားမင်းကျူးလုဆိုတာမရှိတော့ဘူး၊ ဒါမှမဟုတ် မင်းတို့အားလုံး ငါကိုယ်တော်ကို လာပြီးလှောင်နေကြတာလား၊ အားလုံး ဒီမှာ ရှိနေတဲ့အချိန်၊ ဒီအချိန်မှာ ငါသစ္စာဆိုတယ်၊ တစ်နေ့ စစ်မြေပြင်မှာ ကျူးလုနဲ့တွေ့တဲ့အခါ ငါဘုရင် သူ့ကို ဖုန့်ပြည်အစစ်အမှန်ကြောင်း ပြပေးလိုက်မယ်"


ပျော်စရာကောင်းသော ခံစားချက်ဖြင့် စတင်ခဲ့သော်လည်း ပွဲသည် မနှစ်မြို့ဖွယ်ကောင်းသည့် ရလဒ်တစ်ခုဖြင့် ပြီးဆုံးသွားခဲ့ကာ အားလုံးက အနေခက်စွာဖြင့် ထွက်ခွာသွားကြသည်။ တစ်ဖက်တွင်မူ ဖုန့်မင်က သူသောက်တာ မလုံလောက်သေးဘူးဟု ဆုံးဖြတ်လိုက်သည်။ သူက ဝန်မင်းလုကို ဖိတ်ခေါ်ကာ သီးသန့်ပွဲတစ်ခုလုပ်လိုက်သည်။ ဖုန့်မင်က ငိုကြွေးရင်း သောက်နေခဲ့သည်။ ဤသည်မှာ သူ၏မျက်ရည်တို့အား သေရည်ဖြင့် အစားထိုးနေသကဲ့သို့နှယ်။


လုရှီချန်က အရက်သောက်နိုင်စွမ်းမရှိချေ။ ဖုန့်မင်ဝမ်းနည်းနေသဖြင့် လုရှီချန်သည်လည်း မငိူပဲမနေနိုင်တော့ပေ။ သူတို့နှစ်ဦးသား အတူတူရယ်မောကာ အတူတူငိုကြွေးရင်းဖြင့် တစ်ယောက်ရည်မှန်းချက်ကိုတစ်ယောက် မှတ်သားလိုက်လေသည်။


လုရှီချန်က ဖုန့်ဝမ်မှာ အပြင်ပန်းတွင် သန်မာပုံရသော်လည်း သူ၏အတွင်းစိတ်ကမူ အလွန်နူးညံ့သိမ်မွေ့ကြောင်းကို သိထားသည်။ လုရှီချန်သာ ဖုန့်ဘုရင် ရင်ဖွင့်သည်အား နားမထောင်ပေးပါလျှင် ဖုန့်ဝမ်သည် သူ့ကိုယ်သူ သို့မဟုတ် အခြားလူများအား ရူးသွပ်သွားစေလိမ့်မည်။


လူရှီချန်ကပြော၏။


"စစ်ပွဲဆိုတာသာမရှိရင် အရာအားလုံးကလည်း ဆုံးဖြတ်ရခက်မှာမဟုတ်ပါဘူး"


ဖုန့်မင်ကရယ်လိုက်ကာဖြင့်


 "တကယ်တော့ ပုလ္လင်ပေါ်ထိုင်လိုက်တာနဲ့ စစ်ပွဲအကြောင်းမစဥ်းစားတဲ့လူဆိုတာ မရှိဘူး"

 

လုရှီချန်က သက်ပြင်းချလိုက်သည်။


 "ကျွန်တော်မျိုးက စာပေအကြောင်းပဲသိတဲ့ နိမ့်ကျတဲ့ပညာရှင်တစ်ယောက်ဖြစ်နေတာ ကံဆိုးတာပါပဲ၊ စစ်ရေးစစ်ရာဗျူဟာတွေ၊ အခြေခံမူကြမ်းတွေ... ဒါမှမဟုတ် နယ်မြေချဲ့ထွင်မှုတွေအကြောင်း ဘာမှမသိတော့ မင်းကြီးအတွက် အထောက်အကူမဖြစ်စေနိုင်ဘူး"


နောက်ဆုံးတော့ လုရှီချန်က ရေချိန်လွန်သွားခဲ့သည်။ ဖုန့်မင်က သူ့ကို နန်းတော်မှာ နေခွင့်ပြုသည့်တိုင် ရှေးရိုးစွဲ လုရှီချန်က လက်မခံပါချေ။ ကျင့်ဝတ်များကို လိုက်နာရင်း သူကနန်းတော်မှ ထွက်သွားလေ၏။ ဖုန့်မင်ကလည်း သူ့ကို အတင်းမတိုက်တွန်းခဲ့ပဲ မြင်းကောင်းတစ်စီးစီစဥ်ပေးဖို့ကာ အမိန့်ပေးခဲ့လေသည်။


ဝန်မင်းလုက ခြိုးခြံသည့်နေရာတွင် နာမည်ကြီးကာ သူ၏အစေခံများအား မခေါ်ခဲ့ပေ။ လုရှီချန်သည် မြင်းပေါ်တွင် ဘယ်ညာယိမ်းထိုးလျက်ပါသွားပြီး အိမ်ကို တစ်ယောက်တည်း ပြန်သွားသည်။


သို့သော်လည်း နန်းတော်နှင့်မနီးမဝေး မြက်များရှည်လျားစွာပေါက်နေသည့်နေရာတွင် လုရှီချန်၏မြင်းသည် နှိုးဆော်ခံလိုက်ရ၏။ သူကနောက်ခြေဖြင့် ပတ်တပ်ရပ်လိုက်ပြီး လုရှီချန်အား ကျောပေါ်မှ ကျသွားစေခဲ့သည်။


လုရှီချန်ကား သူ၏ခန္ဓာကိုယ်ကို မည်သည့်အချိန်ကမှ မလေ့ကျင့်ဖူးသည့် သာမန်ပညာရှင်လေးတစ်ယောက်ဖြစ်သည်။ထို့ကြောင့် မြင်းပေါ်မျ ပြုတ်ကျပြီးနောက်တွင် သူကမထနိုင်တော့ချေ။ နောက်ဆုံးတွင် သူက မျက်လုံးကိုဖွင့်ကြည့်လိုက်သည့်အခါ သူ့မြင်းတွေ ထွက်ပြေးသွားပြီဖြစ်ကာ မြေပေါ်တွင် သွေးကွက်ငယ်အချို့အား တွေ့လိုက်ရလေသည်။


လုရှီချန်က အရူးမဟုတ်ပေ။ တစ်စုံတစ်ယောက်က မြင်းကိုကြိုးဖြင့် တားကာ ထောင်ချောက်ဆင်ထားသည်ကို သိလိုက်ရသောအခါ သူ့နှလုံးသားလေး တုန်လှုပ်သွားရသည်။ တစ်စုံတစ်ယောက်က နန်းမြို့တော်အစွန်အဖျား၌ လုယက်ဖို့ကြိုးစားနေသည်လား။


လုရှီချန် မော့ကြည့်လိုက်သောအခါ ရိုးရှင်းပြီး သပ်ရပ်စွာ ၀တ်ဆင်ထားသည့် လူတစ်ယောက်ရှိနေတာကို တွေ့လိုက်ရသည်။ လုရှီချန်ကို မြင်သည့်အချိန်တွင် သူတို့က ကူညီဖို့ပြေးလာပြီး မေးလိုက်သည်။


"ဝန်မင်းလု၊ အဆင်ပြေရဲ့လား"


ထိုလူမှာ လွေ့ရွှယ်ဖြစ်နေသည်ကို သိလိုက်ရသဖြင့် လုရှီချန်၏နှလုံးသားက ငြိမ်သက်သွားသည်။ လက်မထပ်ရသေးသည့် အမျိုးသမီးအား ထိတွေ့ခြင်းက မသင့်လျော်ဟု သူယုံကြည်သည့်တိုင် သူ့မှာ နာကျင်လွန်းသဖြင့် လွေ့ရွှယ်၏ အကူအညီအား မငြင်းဆန်နိုင်ပေ။  


လုရှီချန် မေးလိုက်သည်။


"လွေ့ရွှယ် မင်းဘာလို့ပြန်လာတာလဲ၊ မင်းကို ကျောက်လုအမိန့်ပေးလိုက်တာလား"


လွေ့ရွှယ်က လက်တစ်ဖက်ဖြင့် လုရှီချန်းကို ကူညီထောက်မပေးထားကာ ကျန်လက်တစ်ဖက်ဖြင့် အဝတ်အစားများအား စမ်းနေလေသည်။ နောက်တစ်ခဏတွင်မူ လုရှီချန် သူ့လည်ပင်းမှ အေးစက်စက်ဓားသွားကို ခံစားလိုက်ရသည်။


ဝန်မင်းလုက ထိုအေးစက်သည့်ခံစားချက်ကြောင့် ချက်ချင်းအမူးပြေသွားပြီး မေးလိုက်သည်။


''မင်းဘာလုပ်တာလဲ''


လွေ့ရွှယ်က ဟက်ခနဲ ရယ်ချလိုက်သည်။ သို့သော် သူမ၏ရယ်သံသည် အမျိုးသမီးတစ်ဦး၏ ရယ်သံမဟုတ်ပေ။ လုရှီချန်က ယင်းကို သတိထားမိသွားပြီး သူမကိုအဝေးသို့တွန်းထုတ်လိုက်သည့်အခါ သူသာ မြေပြင်ပေါ်သို့ လဲကျသွားရပြန်သည်။


*****