အပိုင်း ၈၄
Viewers 17k

Chapter 84


အမတ်မင်း နေအိမ်တော်ကား ရဲမက်ထူထူ ဝန်းရံစောင့်ကြပ်နေ၏။ အစောင့်များသည် ပုဆိန်သွားတပ်ဆင်ထားသည် လှံရှည်များကို ကိုင်ဆောင်ထားကာ ချပ်ဝတ်တန်ဆာများဝတ်ဆင်ထားကြသည်။ မည်သူမျှ နေအိမ်တော်နားသို့ မချဥ်းကပ်ဝံ့ကြပေ။ ထိုသည်က ဧကရာဇ်ကို ဆန့်ကျင် ပုကန်၍ ဖြစ်ကြောင်း လူတိုင်းသိကြ၏။


သူတို့အားလုံး နေအိမ်တော်အတွင်းသို့ အပြုံလိုက်ကြီး ဝင်လာခဲ့ကြသည်။ နေအိမ်တော်သည်ကား စောင့်ရှောက်မည့်သူမရှိသဖြင့် ဝမ်းနည်းဖွယ်အခြေအနေသို့ ရောက်ရှိနေ၏။ပန်းမန်များက သေဆုံးနေကြပြီး  ဥယျာဥ်နေရာ၌ ပေါင်းပင်များ အပြည့်နေရာယူထားပြီဖြစ်ကာ ထူပိန်းလွန်း၍ ခြေပင်ချမရပါချေ။ စကြ်လမ်းတစ်လျှောက်ရှိ မီးအိမ်များထက်တွင်ကား ပြာအလွှာတစ်ထပ်ဖုံးအုပ်နေပြီဖြစ်ကာ ထောင့်စွန်းများ၌ ပင့်ကူမျှင်များပင်ရှိနေကြသည်။


ထန့်ယွင် အိမ်တော်ကြီး၏ ပထမဆုံးမြင်ကွင်းမှာပင် အရာအားလုံးကို နားလည်သွားခဲ့၏။ ထန့်ယွင်နှင့် ရွှယ်ယွီတို့က အဆင့်အတူတူဖြစ်လေသည်။ ရွှယ်ကျွင်းလျန်က ကျားကိုခြောက်ဖို့ တောင်ကိုပတ်ရိုက်ရန် သူ့ကို ဤနေရာသို့ခေါ်လာခြင်းဖြစ်ကာ ပုန်ကန်ခြင်းနှင့် သစ္စာဖောက်ခြင်း၏ အကျိုးဆက်ကို ကြည့်ခိုင်းခြင်းဖြစ်ချေ၏။


အမှန်တွင် အမတ်မင်းထန့်နန်ကို ရွှယ်ယွီနှင့်တစ်တန်းတည်းဟု သဘောထား၍မရပါချေ။ အဆုံးမတော့ သူ၏မျိုးရိုးနာမည်က ရွှယ်မှမဟုတ်သည်ပင်။ရွှယ်ယွီအနေဖြင့် ထိုကဲ့သို့ ကြီးလေးသော ပြစ်မှုကို ကျူးလွန်ခဲ့ပြီးနောက်ပင် ယခုတိုင် အသက်ရှင်နေခြင်း၏ တစ်ခုတည်းသော အကြောင်းပြချက်မှာ တော်ဝင်မိသားစုဟာ အချင်းချင်းမသတ်ဖြတ်ရ၊ မဟုတ်လျှင် မိသားစုစာရင်းမှထုတ်ပယ်ခံရမည် ဟု ပြဌာန်းထားသည့် ဘိုးဘေးဘီဘင်များ၏ အမိန့်ပြန်တမ်းအရသာဖြစ်လေသည်။ အကယ်၍  ထန့်ယွင်သာ ကြီးလေးသောပြစ်မှုကို ပြုလုပ်ခဲ့ပါက သူ သေချာပေါက် ချက်ချင်းလက်ငင်း အသတ်ခံရမှာဖြစ်၏။


အမတ်မင်းနေအိမ်တော်တွင် ဘေးခြံဝန်းထဲ၌ နောက်ထပ် နုံချာသေးငယ်သည့် အိမ်ငယ်လေးတစ်တန်းကို ဆောက်လုပ်ထားသည်။ ယင်းအိမ်များဟာ ပြတင်းပေါက်တွေမပါဘဲ သုံးဖက်သုံးတန်လုံး အလုံပိတ်ထားပြီး ဝင်ပေါက်တစ်ခုသာ ဖွင့်ထားကာ တံခါးကိုလည်း ချိန်ကြိုးများဖြင့် တွဲချည်၍ မင်းတုန်းချထား၏။


ရွှယ်ကျင်းလျန်က လူတစ်ယောက်ကို သော့ဖွင့်ဖို့ အမိန့်ပေးလိုက်သည်။ ကိုယ်ရံတော်က တံခါးကိုတွန်းဖွင့်လိုက်၏။ ထိုအချိန်တွင် အလင်းရောင်ဝင်လာပြီး အခန်းကပိုလင်းလင်းထင်းထင်းရှိလာခဲ့သည်။ 


အခန်းထောင့်ရှိ ခုတင်ထက်တွင် ယောကျာ်းတစ်ယောက်လဲလျောင်းနေပြီး ထိုသူကား ရွှယ်ယွီမှတစ်ပါး တစ်ခြားမဟုတ်ပါချေ။


ရွှယ်ယွီက ချုံးချုံးကျလွန်း၍ အရိုးနှင့်အရေသာကျန်တော့၏။သူ့ဆံပင်များက ရှူပ်ပွနေလေသည်။ သူဟာ ခုတင်ထက်တွင် ပက်လက်လဲလျောင်းနေပြီး အမိုးကိုကြည့်နေ၏။


ရွှယ်ကျွင်းလျန်က ပြောလိုက်လေသည်။

"ဘာလို့ အမတ်မင်းကျန်းကျန်းက ဒီလိုပုံစံမျိုးဖြစ်နေရပါလိမ့်...ကု က မောင်မင်းတို့ကို အမတ်မင်းကို ကောင်းကောင်းဆက်ဆံဖို့ပြောထားတယ်လေ...ဒါက မောင်မင်းတို့သူ့ကို အလုပ်အကျွေးပြုတဲ့ပုံစံလား"


ရွှယ်ဝမ်ဒေါသထွက်နေသံကိုကြားရသည့်အခါ အစောင့်များက အလျင်အမြန် မြေကြီးပေါ်သို့ ဒူးထောက်ကာ ဝပ်တွား၍လျှောက်တင်ကြလေသည်။

"အရှင်မင်းကြီး ကျွန်တော်မျိုးတို့ရဲ့ အသက်ကို ချမ်းသားပေးတော်မူပါ...အရှင်မင်းကြီး ကျွန်တော်မျိုးတို့ရဲ့ အသက်ကို ချမ်းသာပေးတော်မူပါ...ကျွန်တော်မျိုးတို့က အမတ်မင်းကို စိတ်နှစ်ပြီး အလုပ်အကျွေးမပြုတာမဟုတ်ရပါဘူး...အမတ်မင်းကသာ.....အတော်လေး စိတ်ပိုင်းဆိုင်ရာ မကျန်းမမာဖြစ်နေပုံရပါတယ်ဘုရား...သူ့ကို လာကြည့်ပေးတဲ့သမားတော်တွေကတော့ အမတ်မင်းက စိတ်ဓာတ်ကျနေပြီး သူ့စိတ်က အတော် ဖောက်လွဲဖောက်ပြန်ဖြစ်နေပါသတဲ့ ...သူ့ဆီ မကြာမကြာပို့ပေးတဲ့ ထမင်းဟင်းတွေကိုလည်း စားရမဲ့အစား ကြမ်းပြင်အနှံ ပစ်ပေါက်ပစ်ပါတယ်"


ထန့်ယွင်က နားထောင်ပြီး ရွှယ်ယွီကိုကြည့်လိုက်၏။ထိုလူ၏မျက်လုံးများက အမှန်ကို အသိမရှိသူကဲ့သို့ မိန့်မောနေသည်။အကယ်၍ တစ်ယောက်ယောက်ကို အမှောင်ခန်းတစ်ခုထဲမှာ ဤကဲ့သို့ အကြာကြီးပိတ်ထားပါက သူတို့လည်း ယခုလို အတူတူဖြစ်မှာပင်။သူ့နှလုံးသားထဲတွင် အတော်လေး မသက်မသာမဖြစ်မိဘဲမနေနိုင်ခဲ့။ ရွှယ်ယွီက မသေနိုင်သော်လည်း လက်ရှိအခြေအနေက သေသည်ထက်ပိုဆိုးလေသည်။ ယခင်က ပင်ကိုစိတ်ပျောက်သွားသည်အထိ ဖြည်းဖြည်းချင်း စိတ်ကို ချုံးချုံးကျသွားစေခြင်းပင်။


ရွှယ်ကျွင်းလျန် ထန့်ယွင်၏မျက်နှာထက်က အနှီအမူအရာမျိုးကို စောင့်စားနေခြင်းဖြစ်ကာ ပြောလိုက်၏။


"ထန့်ယင်းလည်း ဒီလို မြင်ကွင်းမျိုးကိုမကြည့်ရက်ဘူးထင်တယ်...ကုက ပိုလို့တောင် စိတ်မကောင်းဖြစ်မိပါရဲ့...ဘယ်လိုပဲဖြစ်ဖြစ် သူကကုရဲ့ညီတော်မဟုတ်ပေဘူးလား...ကု သူ့ကို ဒီလိုပုံစံမျိုးနဲ့ ဘယ်လိုလုပ်မြင်ရက်နိုင်ပါ့မလဲ..."


ထန့်ယွင်က ရွှယ်ကျွင်းလျန်ကိုကြည့်လာခဲ့ပြီး ထိုအကြည့်က ရွှယ်ကျွင်းလျန်၏နှလုံးသားကို လှုပ်ခါလာစေ၏။အနှီအကြည့်မျိုးက သူ့နှလုံးသားကို လှုပ်ရှားစေသည်ဟု သူအမြဲခံစားနေရသော်လည်း ရွှယ်ကျွင်းလျန်အနေဖြင့် ဤသို့သော ထန့်ယင်း၏မျက်လုံးများထဲရှိ စိတ်ပျက်မှု၊စိတ်အားငယ်မှု၊ဝမ်းနည်းမှုများက သူ့အား သူလုပ်ခဲ့သည်များကို နောင်တရအောင် ပြုလုပ်နိုင်ကြောင်း ဝန်မခံလိုပေ။


ရွှယ်ကျွင်းလျန် ဧကရာဇ်တစ်ပါးအနေဖြင့် သူမှာရွေးချယ်စရာမရှိဟု ခံစားရသည်။ တိုင်းပြည်တစ်ခု၏ အုပ်ချုပ်သူတစ်ယောက်အနေဖြင့် အခြေအနေအရ လိုအပ်လာပါက အာဏာရှင်ဆန်သင့်လျှင် ဆန်ရပေမည်။ရွှယ်ယွီသာ သူ့ကို မပုန်ကန်ခဲ့ပါက သူ့လည်း သူ့ကို ယခုလိုအပြစ်ဒဏ်ခတ်မှာမဟုတ်ပေ။ သွေးရင်းတွေကို မဆိုထားနှင့် ဘယ်သူကမှ သာမန်ပြည်သူတွေကို ဤကဲ့သို့ အပြစ်ပေးရက်သည့် အသဲနှလုံးရှိမည်မဟုတ်ပါလေ။   


ကျန်းယွီဝင်လာချိန်တွင် ဤမြင်ကွင်းကို မြင်လိုက်ရ၏။ အသက်ဘေးကို ထိပါးမှာစိုး၍ မည်သူမျှ အသက်ပင်မရှူရဲကြပုံရလေသည်။ 


ကျန်းယွီး ရှေ့တိုးကာဖြင့် သူကိုယ်သူ ပို၍ ရိုသေ လေးစားဟန် နိမ့်ချဟန်ပေါ်အောင် အသံကိုနိမ့်ပြီးလျှောက်တင်လိုက်၏။


"အရှင်မင်းကြီး...သူ့ကိုယ်သူ လန့်ကျင်းလို့ပြောနေတဲ့လူတစ်ယောက် နေအိမ်တော်ပြင်ပမှာရောက်နေပါတယ်...အခစားဝင်ခွင့်ရဖို့ တောင်းဆိုနေပါတယ်ဘုရား"


သူ့စကားများ ထွက်ကျလာသည်နှင့် ခုတင်ထက်တွင်လဲလျောင်းနေသော ရွှယ်ယွီ၏ မျက်လုံးများထဲတွင် ဖြတ်ခနဲအရောင်လက်လာခဲ့သည်။

 

ရွှယ်ကျွင်းလျန်က ရယ်လိုက်၏။

"အိုး...လန့်ကျင်းလား...လန့်ကျင်းက ရှန်းယီရဲ့စီနီယာအစ်ကိုကြီးဖြစ်တဲ့အကြောင်း ကုကြားမိပါတယ်...ရှန်းယီကတောင် သူက ဒီလန့်ကျင်းလောက် အရည်အချင်းမရှိဘူးလို့ ညည်းနေသေးတာ"


ကျန်းယွီက ထပ်ပြီးလျှောက်တင်လာသည်။

"သူ့ကိုသူ လန့်ကျင်းလို့​ပြောတဲ့လူက ရွှယ်ဝမ်က သူ့ကို အခစားဝင်ခွင့်မပြုဘူးဆိုရင် သူ လုရှစ်ချန်ကို အညံ့ခံလာအောင် စည်းရုံးသိမ်းသွင်းနိုင်တဲ့အကြောင်း သတင်းစကားပါးပေးဖို့ပါ တောင်းဆိုလိုက်ပါတယ် ဘုရား"


ရွှယ်ကျွင်းလျန် မျက်ခုံးပင့်လိုက်၏။

"ဒီလူက မမြင်ရသေးဘဲနဲ့ တကယ်ကို နှင်ထုတ်လို့မရတဲ့သူမျိုးပဲ...သူ့ကိုဝင်လာခိုင်းလိုက်" 


ကျန်းယွီက အလျင်အမြန် ထွက်သွားလေသည်။ ခဏအကြာတွင် လူတစ်​ယောက်နှင့်အတူ ဝင်လာခဲ့၏။


လန့်ကျင်း၏မျက်နှာက အေးစက်ကာ အမူအရာမဲ့နေဆဲဖြစ်လေသည်။ သူက လောကကြီးကို ထွင်းဖောက်မြင်နေပုံရပြီး သူ၏အသွင်အပြင်က လောကကြီး၏ သာမန်အရေးအရာများကို နည်းည်းမှပူပန်သောကရောက်နေခြင်းမရှိသကဲ့သို့ပင်။ သူ့အကြည့်များက ခုတင်ထက်တွင် လဲလျောင်းနေသည့် ရွှယ်ယွီအပေါ် ၌ သာမန်ကာလျှံကာသာ ဖြတ်ပြေးသွားပြီး အကြည့်ကို ရွှယ်ကျွင်းလျန်ဆီသို့ ပို့လိုက်ကာ ဆိုလေ၏။

84.2


"ဒီအပြစ်သား လန့်ကျင်းက အရှင်မင်းကြီးကို ဂါရဝပြုပါတယ်"


ရွှယ်ကျွင်းလျန်က ပြုံးကာပြောသည်။

"အပြစ်သား...ကု မောင်မင်း ဘာပြစ်မှုတွေကျုးလွန်ထားမှန်းလည်း မသိရပါလား"


လန့်ကျင်းက လျှောက်တင်လာ၏။


"အမတ်မင်းကို ဧကရာဇ်ကို ဆန့်ကျင်ပုန်ကန်အောင်လှုံ့ဆော်ပေးမှုပါဘုရား...ဒီဟာက လုံလုံလောက်လောက် ကြီးလေးတဲ့ပြစ်မှုလို့ ယူဆ၍ရပါရဲ့လား အရှင်မင်းကြီး"


"​ရတာပေါ့"


ရွှယ်ကျွင်းလျန်က ခေါင်းညိတ်ကာ ပြုံးနေဆဲပင်။

"ဒါဖြင့်  မောင်မင်းမှာ သတ္တိတွေ သိပ်များလွန်းနေတာပဲလို့ပဲ ကုပြောနိုင်တယ်...ဒီလိုအချိန်မှာ မောင်မင်းအသက်အတွက် ထွက်ပြေးတိမ်းရှောင်နေရမှာမှန်း မသိဘူးလား...ဘောက်မဲ့ကြောင့် မောင်မင်းပြန်ပြေးလာနေရတာလဲ"


လန့်ကျင်းက နှာမှုတ်ကာ ဆိုလိုက်သည်။

"ဒီအပြစ်သားက လွတ်မြောက်ပြီးပါပြီး...သို့ပေမဲ့ အရှင်မင်းကြီးရဲ့ ကစားကွက်က ပိုကောင်းနေတော့... ဒီအပြစ်သားအနေနဲ့ ရွေးချယ်စရာမရှိဘဲ ပြန်လာခဲ့ရခြင်းပါ"


ရွှယ်ကျွင်းလျန်က ဆိုလာလေ၏။

"ကုရဲ့ညီတော်မှာ မောင်မင်းလိုမျိုး သစ္စာရှိနောက်လိုက်တစ်ယောက်ရှိနေတာပဲ...ကု တကယ် သူ့အတွက် ဝမ်းမြောက်မိတယ်"


"အရှင်မင်းကြီးက တကယ်ကို..."


လန့်ကျင်းက အမူအရာမဲ့စွာနှင့် ဘာကိုမှ ဂရုမစိုက်ဟန်ဖြင့် စကားပြောနေခဲ့ခြင်းဖြစ်ပြီး ထိုမှသာ သူကဆိုလာသည်။


"ဒီအပြစ်သားက အရင်ဆုံး  လုရှစ်ချန်ကိုသွားပြီး စည်းရုံးသိမ်းသွင်းဖို့ရာ ဆန္ဒရှိပါတယ်"


"မောင်းမင်းရဲ့အခြေအနေတွေက ဘာတွေလဲ"


လန့်ကျင်းက လျှောက်တင်လိုက်၏။

"ဒီအပြစ်သားက အရှက်မဲ့စွာနဲ့ အရှင်မင်းကြီး အမတ်မင်းကျန်းကျန်းရဲ့ နေအိမ်တော်က ရဲမက်တွေကို ရုတ်သိမ်းပေးဖို့ မျှော်လင့်ပါတယ်"


ရွှယ်ကျွင်းလျန် ကျယ်ကျယ်လောင်လောင် အော်ရယ်လိုက်ပြီး ရုတ်တရက်  ထန့်ယွင်ဆီသို့ ခေါင်းလှည့်ကာ ပြောလိုက်သည်။


"လုရှစ်ချန်ကို စည်းရုံးသိမ်းသွင်းဖို့က မောင်မင်းရဲ့အလုပ်လေ...အခုသူက မောင်မင်းရဲ့တာဝန်ကို အကျိုးအမြတ်အတွက် အဆုံးသတ်ပေးချင်နေပြီးတော့...ကုကိုလည်း ကုရဲ့ရဲမက်တွေကို ရုတ်သိမ်းပေးစေချင်နေတယ်...ထန့်ယင်း ဒါက ဆီလျော်တယ်လို့ မောင်မင်းထင်လား"


ထန့်ယွင်က ချက်ချင်းပြန်မဖြေပါဘဲ ခဏမျှ တုံ့နေပြီးမှ ပြောလာ၏။


"ဒီအစေခံကတော့ ကျွန်တော်မျိုးက သခင်လန့်လောက် အရည်အချင်းမရှိဘူးလို့ ခံစားရပြီးတော့...လုရှစ်ချန်ကို အပြည့်အဝ စည်းရုံးသိမ်းသွင်းနိုင်မယ် မထင်မိပါဘူး"


ရွှယ်ကျွင်းလျန်က ဒေါသထွက်မသွားပေမဲ့ ထန့်ယွင်ကို မရေမရာအကြည့်ဖြင့်ကြည့်ပြီး ပြုံး ကာ ဆိုလိုက်သည်။


"ကောင်းပြီ...မောင်မင်းက သူ့ကို အညံ့ခံလာအောင် မသိမ်းသွင်းနိုင်ဘူးဆိုကတည်းက အပြစ်ပေးခံရသင့်ပေမဲ့...ကု မောင်မင်းကို ဒီလိုသေးသေးမွှားမွှားကိစ္စမျိုးအတွက် ဘယ်လိုလုပ် အပြစ်ပေးရက်မှာလဲ...ဆိုတော့ လန့်ကျင်းကိုပဲ အခွင့်အရေးတစ်ခု ပေးလိုက်ကြရအောင်...လန့်ကျင်းက လုရှစ်ချန်ကို သိမ်းသွင်းနိုင်မယ်ဆိုရင်...ကုက ရဲမက်တွေကို ရုတ်သိမ်းပြီးတော့ ရွှယ်ယွီရဲ့ ပုန်ကန်ထကြွမှု ကျူးလွန်ခဲ့တဲ့ ကြီးလေးတဲ့ပြစ်မှုကို ကု ခွင့်လွတ်ပေးလိုက်မယ်"


ထိုအခိုက်အတန့်တွင် လန့်ကျင်း၏အမူအရာက ပြေလျော့သွားခဲ့ပြီး သက်ပြင်းကြိးကြီးချတော့မလိုပင်။ ထို့နောက် သူကပြောလိုက်၏။


"ဒီအပြစ်သားက မနေညက ကြယ်တာရာတွေကို ကြည့်ခဲ့ပါတယ်...လုရှစ်ချန်က ကမ္ဘာပေါ်ကို ဆင်းသက်လာတဲ့ *ဝမ်ချီကြယ်တာရာဖြစ်ပါတယ်...ဒါကြောင့် အချိန်မတိုင်ခင် အလျင်စလို မလုပ်ဆောင်သင့်ပါဘူးအရှင်... မနက်ဖြန် *ဇိရှီအချိန်အတွင်းမှာ ဒီအပြစ်သားက အမတ်မင်းထန့်နန်အိမ်သွားပြီး သူ့ကိုသိမ်းသွင်းပါ့မယ်.....ဒီအပြစ်သားအနေနဲ့ ဒီနေ့ ဒီနေရာမှာတည်းပြီး သခင့်ကိုစောင့်ရှောက်ရဖို့ တောင်းပန်ပါရစေ"


(T/N–1.တော်ဝင်စာမေးပွဲနှင့် စာပေရေးရာများကို တာဝန်ရှိသည့် ဒဏ္ဍာရီလာ နတ်ဘုရား

2.11နာရီမှ1နာရီအထိ)


ရွှယ်ကျွင်းလျန်က လက်ကိုသာ ဝှေ့ယမ်းပြလိုက်ပြီး အလေးအနက်ယူပုံမရချေ။

"မောင်မင်း ကြိုက်သလိုသာနေ"


ထို့နောက် တံခါးအပြင်သို့ လျှောက်ကာထွက်သွားလေသည်။ တံခါးဝကိုဖြတ်ကာနီးတွင် ခဏရပ်၍ ပြန်လှည့်ပြီး ပြုံးကာ မိန့်လာ၏။


"လန့်ကျင်း...လုရှစ်ချန်က ကမ္ဘာမြေပေါ် သက်ဆင်းလာတဲ့ ဝမ်ချွီကြယ်တာရာတစ်ပွင့်ဆိုရင်... မောင်မင်းအနေနဲ့ ကုကရော ဘာကြယ်တာရာလို့ထင်သလဲ"


လန့်ကျင်း တစ်ခုခုကို အဖြေရှာနေသလိုမျိုး ခဏလောက် ငြိမ်သက်သွားလေသည်။ သူက လျှောက်လိုက်၏။


"အရှင်မင်းကြီးရဲ့နဂါးချီက *ပိုင်လွေ့ရဲ့ လက္ခဏာတစ်ခုပါ...ဒီအပြစ်သား အနောက်အရပ်မှာ *ချန်ကမ်းကို မြင်ပြီးပါပြီ...အရှင်မင်းကြီးထက် ဘယ်အရာကမှ သာ၍ မကောင်းမြတ်ပါဘူးဘုရား...*ထိုက်ပိုင်က သက်ဖြတ်ခြင်းနဲ့ ဖျက်ဆီးခြင်းအရှင်သခင်ပါ...တကယ်တော့ လောကကြီးဟာ အရှင်မင်းကြီးပိုင်ဆိုင်တဲ့အရာပါ...ဘာလို့ အလျင်လိုနေရမှာလဲဘုရား"

(T/N–3.လုံးဝဥဿုံ နိမိတ်ကောင်း

4.သောကြာကြယ်ရဲ့ ရှေးတုရုတ် အခေါ်အဝေါ်

5.သောကြာကြယ်ရဲ့တခြားနားမည်တစ်ခု)


ယင်းစကားလုံးများက ရွှယ်ကျွင်းလျန်၏ရင်ဘက်ထဲထိ ထိမှန်သွားပြီး သူ လန့်ကျင်းကို အသိအမှတ်ပြုကာ မကြည့်ဘဲမနေနိုင်ခဲ့။ သူက လူ့ဘောင် ရေးရာများ နှင့်မသက်ဆိုင်ဘဲ  သူလိုငါလိုသာမန်လူများနှင့် မတူပုံရသော်ငြား ဘယ်အချိန်ရှေ့တိုး၍ ဘယ်အချိန်ပြန်ဆုတ်ရမည်ကိုတော့ သိသေး၏။ လူတွေက တံစက်မြိတ်အောက်မှာ ခေါင်းငုံ့ရမည်ဆိုသည်ကိုတော့ သူသိလေသည်။


"ဒါက....."


လန့်ကျင်း ရည်ရွယ်ချက်ရှိရှိဖြင့် ခဏလောက် တမင်တကာ ရပ်ပြီးထန့်ယွင်ကို စိုက်ကြည့်လိုက်ကာ ၎င်းနောက် ရွှယ်ဝမ်ကို့ကြည့်၍ ဆိုလိုက်၏။


"ထိုက်ပိုင်က နတ်ဘုရားတွေကို အနိုင်ယူနိုင်ပေမဲ့ ရက်စက်ကြမ်းကြုတ်လွန်းပါတယ် အရှင်...ရှေးပဝေသဏီကတည်းက ရက်စက်ကြမ်းကြုတ်လွန်းရင် လူထုရဲ့နှလုံးသားကို ဆုံးရှုံးရမှာဖြစ်ပါတယ်.....*ယွီရွှင်းမှာ လှပထူးချွန်တဲ့ ကောင်းမြတ်တဲ့ ဧကရီတစ်ပါးရှိပါတယ်...ဒါပေမဲ့ အရှင်မင်းကြီးရဲ့အနားမှာတော့ ဖြောင့်ဖျပေးမဲ့သူ ဘယ်သူမှမရှိပါဘူး"

(T/N–6.ဒဏ္ဍာရီလာဧကရာဇ်ငါးပါးထဲမှတစ်ပါး)


ရွှယ်ကျွင်းလျန် လန့်ကျင်းကို ကြည့်လိုက်ပြီး သူ့မျက်လုံးများတွင်ကား အနှီပုဂ္ဂိုလ်ကို ပိုပိုပြီး နှစ်လိုလာ၏။ ဒီလူက လူတွေ၏စိတ်နှလုံးကို နားလည်သည့်နေရာမှာ တစ်ကယ်ကို တော်ပုံရသည်။ ထို့ကြောင့် သူကမေးလိုက်၏။

"ဒါဖြင့် မောင်မင်း လျှောက်တင်ချေ ...ကုရဲ့အနားမှာ ဘယ်သူရှိနေသင့်သလဲ"


လန့်ကျင်းက ခေါင်းငုံ့ကာ ဆိုလာသည်။


"ဒီအပြစ်သား တံခါးကနေ ဝင်လာချင်းချင်းပဲ အမတ်မင်းထန့်နန်ရဲ့ ကံကြမ္မာက ရေတို့ရဲ့ အရှင်သခင်ဖြစ်ပြီး အရှင်မင်းကြီးဆီကို လာဘ်လာဘတွေ သေချာပေါက် သယ်ဆောင်လာမှာဖြစ်ပါတယ်...တစ်ခုတည်းသော....တစ်ခုတည်းသော စိတ်မကောင်းစရာက အမတ်မင်းထန့်နန်က ယောကျာ်းတစ်ယောက်အဖြစ်မွေးဖွားလာခြင်းပါ..."


xxxxx