အပိုင်း ၈၅
Viewers 17k

Chapter 85


ရွှယ်ကျွင်းလျန်က သူ့စကားများကို စောင့်နေခြင်းဖြစ်လေသည်။ သူ့စိတ်ကို အနည်းငယ်မျှပြသလိုက်ရုံနှင့် လန့်ကျင်းက ပထမဆုံးအကြိမ် တွေ့တွေ့ချင်းမှာပင် သူ့ကိုထွင်းဖောက်မြင်နိုင်သွားမည်ဟု သူ အမှန်ကို မျှော်လင့်မထားပါချေ။ သူက သူ၏မျက်နှာသာပေးမှုကို အလုံးအရင်းနှင့်ရဖို့ ဘာပြောရမည်၊ ဘာလုပ်ရမည်များကိုလည်း သိ၏။ 


မှန်တယ်...ရွှယ်ကျွင်းလျန်က အမြဲပင်   ထန့်ယွင်ကို ဖိနှိပ်လိုနေသော်လည်း အကြောင်းပြချက်ကို ရှာ၍မရပါချေ။ သူ့မှာ အခွင့်အလမ်းကောင်းရှိလျှင်ပင် ထန့်ယွင်က သူ့နည်းလမ်းကို အလွယ်တကူ ခုခံနိုင်ပြီး သူ့ကို ဖိနှိပ်ဖို့အခွင့်အရေးမပေးပေ။ သူသာ အမှန်ကို "လုရှစ်ချန်ကို အညံ့ခံအောင် စည်းရုံးသိမ်းသွင်းဖို့ ကျရှုံးမှု"ကို အမတ်မင်းထန့်နန်အား ဖိနှိပ်ရန်အတွက် အကြောင်းပြချက်အနေဖြင့် အသုံးပြုပါလျှင် အခြားသူတွေ၏မျက်လုံးများထဲတွင် ရွှယ်ဝမ်ကတွန့်တိုပြီး သဘောထားသေးသိမ်ပုံ ပေါ်သွားပေမည်။


ရွှယ်ကျွင်းလျန် စိတ်ထဲမှာ အစီအစဥ်တစ်ခုရှိလေသည်။ အမတ်မင်းထန့်နန်သာ မောင်းမဆောင်ထဲပါသွားပါက မောင်းမဆောင်မှ ကိုယ်လုပ်တော်များအနေဖြင့် နိုင်ငံရေးမှာ ဝင်မစွက်ဖက်နိုင်ပေ။ သူက မည်မျှပင် သန်မာပြီး လုပ်နိုင်စွမ်းရှိနေပါစေ ၊ကောင်းကင်ကိုတော့ လှည့်လို့မရပါချေ။ ဒီရက်ပိုင်းမှာ သူ အစီအစဥ်ချနေခဲ့၏။ မထင်မှတ်ဘဲ လန့်ကျင်းပေါ်လာပြီး သူ့ကို အများအပြားကူညီပေးခဲ့၏။


မှန်သည်ပင်၊ လန့်ကျင်းက ရွှယ်ယွီ့နားမှာနေပြီး စောင့်ရှောက်ရဖို့အတွက် သူ့စကားများအတိုင်း လိုက်လျောညီထွေဖြစ်အောင် ကစားနေခြင်းဖြစ်ကြောင်း သူသိပါ၏။ ရည်မှန်းချက်အောင်မြင်သရွေ့ သူသုံးသည့်နည်းလမ်းကို

ရွှယ်ကျွင်းလျန် ဂရုမစိုက်ပေ။  


ထန့်ယွင် သူတို့ပြောနေသည်စကားများကို နားထောင်ပြီးနောက် ထိတ်လန့်ကြောင်အသွားပြီး ကျောက်ရုပ်ထုကြီးလိုမျိုး ထိုနေရာမှာရပ်နေမိသည်။ လတ်စသတ်တော့ ရွှယ်ကျွင်းလျန်က ဤလမ်းကြောင်းကို တကယ်သုံးချင်ခဲ့သည်ပင်။ဤသည်က အမှန်ကို  သူ့ကို ဖိနှိပ်နိုင်မည့် နည်းလမ်းကောင်းတစ်ခုဖြစ်၏။ ယင်းက ရွှယ်ဝမ်၏ သူ့မွေးနေပွဲအခမ်းအနားညမှ မူးမူးရူးရူးအပြုအမူများကိုလည်း ရှင်းပြပြီးသားဖြစ်သွားလေသည်။


ထန့်ယွင် အနှီကံကြမ္မာအလှည့်အပြောင်းကို မမျှော်လင်ထားမိခဲ့။သူက မောင်းမဆောင်မှ ထွက်လာခါစရှိသေးသည်ကို နောက်ဖေးသို့ တဖန် ပြန်သွားရတော့မည်။


ရွှယ်ကျွင်းလျန် နန်းတော်သို့ ထန့်ယွင်နှင့်အတူပြန်လာခဲ့၏။ ဤတစ်ကြိမ်  ရထားယာဥ်ထဲမှာအတူတူစီးပြီး ပြန်ဖို့ ပြောလာချိန်တွင် ထန့်ယွင် မငြင်းဆန်တော့ပေ။ လက်ရှိတွင် ဤအခြေအနေက ရှောင်လွှဲ၍မရတော့သည်ဖြစ်ရာ သူမည်သို့ထပ်ပြီး ငြင်းဆန်ရပါမည်လဲ...


ရွှယ်ကျွင်းလျန်က ထန့်ယွင်၏လုပ်ဆောင်ချက်ကို အင်မတန်ကျေနပ်နေသည်။ နန်းတော်သို့ ပြန်ရောက်ချိန်တွင် ကျန်းယွီအား ဝန်မင်းတွေအကုန်လုံးကို နန်းတော်ထဲသို့ဆင့်ခေါ် စေ၏။သူက ထန့်ယွင်၏လက်ကို ဆုပ်ကိုင်၍ လန့်ကျင်းပြေသည့်စကားများကို လူတိုင်းအား ပြန်ပြောပြလိုက်ပြီး မဂ်လာရှိသည့် ရက်ကိုရွေး၍ အမတ်မင်းထန့်နန်ကို နန်းတော်ထဲသို့ လက်ထပ်ယူရန် အဆင်သင့်ဖြစ်နေလေသည်။


ရွှယ်ဟုန်ယန် အချိန်အတော်ကြာသည်တိုင် စိတ်မတည်ငြိမ်သေးပေ။ သူ၏ ကြီးမြတ်လှစွာသော အရှင်မင်းကြီးက သူနှင့် ထန့်ရှန်းကို အမြဲတမ်း သဘောမတူခဲ့ပေ။ မျက်တောင်တစ်ခတ်လေး အတွင်းမှာ သူနဲ့ အမတ်မင်းထန့်နန်ရဲ့ ဆက်ဆံရေးက ဘယ်လိုလုပ်အရမ်းတွေ ကောင်းသွားရတာလဲ...သူအဲ့ဒီနေ့က မြင်လိုက်ရတာက မူးမူးရူးရူးနဲ့အဆင်အခြင်မဲ့သွားတားမဟုတ်ဘူးလား...


ချန်ယီကတော့ နားထောင်ပြီး အနည်းငယ်တွေးတောလိုက်သည်နှင့် အကုန်လုံးကို နားလည်သွား၏။သူ တိတ်တိတ်လေး အံအားသင့်မိသည်။ ဒီရွေ့ကွက်က အကောင်းဆုံးတွေထဲက တစ်ခုဟု သတ်မှတ်၍ရလေသည်။


ရွှယ်ကျွင်းလျန်က သူ၏ထန့်ယွင်အပေါ်ထားသည့် နက်ရှိုင်းလှသည့် ချစ်ခြင်းမေတ္တာကို ပြသရန် ကျူးရှို့နန်ဆောင်ရှိ သုံးနှစ်တစ်ကြိမ် ရွေးချယ်မှုအတွက် ပြင်ဆင်နေကြသည့် ကညာဖြူများကိုလည်း ဖယ်ထုတ်ပစ်လိုက်၏။သူက သူတို့အား ရထားလုံးနှင့် မြင်းစရိတ်များပေး၍ အိမ်ပြန်လွှတ်လိုက်သည်။


သတင်းများ ပြန့်ဖို့ကား အချိန်များစွာ မကြာမြင့်ခဲ့ပါချေ—ရွှယ်ဝမ်က အမျိုးသားတစ်ယောက်ကို လက်ထပ်နေပြီး တစ်ဖက်လူက အမတ်မင်းထန့်နန်ဖြစ်၏။ဧကရာဇ်၏မောင်းမဆောင်တွင် များစွားသော အမျိုးသားကိုယ်လုပ်တော်တွေ မလွဲဧကန် ရှိသော်ငြား ဤကဲ့သို့ လက်ထပ်ခြင်းမျိုးကား အလွန်ရှားသည်။ ထို့အပြင် တစ်ဖက်လူကလည်း ရာထူးမြင့် အရာရှိဖြစ်လေရာ အုတ်အော်သောင်းတင်းဖြစ်သည်ကတော့ မြေကြီးလက်ခတ်မလွဲပင်။


ထန့်ယွင်က ထည်ထည်ဝါဝါ နေလေ့မရှိသဖြင့် လူတော်တော်များများက သူ့ကို မြင်ဖူးကြ၏။ အထူးသဖြင့် သူစစ်တပ်ထဲတွင်အကြာကြီး နေခဲ့ကတည်းကပင်။ သူ့မျက်နှာထက်ရှိ အမာရွတ်များ လူများစွာကို မှတ်မိနေစေသည်။ ထိုဟာများက အလွန်အမင်း အကျည်းမတန်သော်လည်း  မှားထိုးမိထားသည့် တက်တူးဒီဇိုင်းတစ်ခုနှင့်တူကာ တစ်ခါကြည့်ရုံနှင့်ပင် စွဲမြဲနေစေ၏။


တိုးတိုးတိတ်တိတ်နှင့် ကောလဟာလထွက်လာသည်ကား ရွှယ်တိုင်းပြည်က အကျည်းတန်ဧကရီကို ဆုံးရှုံးလိုက်ရပြီးနောက် အကျည်းတန်ဧကရီအသစ်တစ်ပါးရလာသည်ဟုပင်...


ထန့်ယွင် တစ်နေ့လုံး နန်းတော်ထဲမှာနေခဲ့ရလေသည်။ ရွှယ်ကျွင်းလျန်တွင် သူ့အပေါ် အလွန်ဒွိဟဖြစ်စေသော(ဟိုလိုလိုဒီလိုလို)သဘောထားရှိပြီး သူနှင့် ထမင်းအတူတူစားရုံသာဖြစ်၏။ ထန့်ယွင်သာ လက်ရှိအခြေအနေကိုသတိကပ်မနေပါလျှင် သူဧကရီဖြစ်စဥ်က နေရက်များကဲ့သိုပင် မှတ်ယူမိမှာဖြစ်လေသည်။


စားတော်ပွဲတည်ပြီးနောက် ရွှယ်ကျွင်းလျန်က သူ့ကို ဥယျာဥ်ဆီသို့ လမ်းလျှောက်ဖို့ ခေါ်သွား၏။  အဆောင်ငယ်လေးကို မြင်လိုက်ရချိန်တွင် အခမ်းအနားညမှာ ယင်းနေရာ၌ ဖြစ်ပျက်ခဲ့သည်များကို အမှတ်ရမိပြီး ထန့်ယွင်၏ အမူအရာက မပြောင်းလဲသွားဘဲ မနေနိုင်ခဲ့။ လက်ရှိတွင် သူ့မျက်နှာက နီရဲသွားမလား ဖြူဖွေးသွားမလား သူမသိပါချေ။ 


ထို့မတိုင်ခင်က ရွှယ်ကျွင်းလျန်က အင်အားကြီးသော်ငြား လူကောင်းတစ်ယောက်ဖြစ်နေဆဲဖြစ်ကြောင်း သူမယုံကြည်ခဲ့ပေ။ သို့ပေမဲ့ ယခုသူယုံနိုင်သွားပြီဖြစ်၏။သူက နေ့စဥ်နေ့တိုင်း ရွှယ်ဝမ်၏ မျက်နှာ(သရုပ်)အသစ်များကို ထပ်ခါတလဲလဲ  ခွာချမိနေခြင်းဖြစ်လေရာ သူကို သတိထားဖို့အတွက် တကယ်ကို မဖြစ်နိုင်သည်ပင်။ 


သူတို့ ဥယျာဥ်ထဲတွင် လမ်းလျှောက်နေကြရင်း ရုတ်တရက် ငိုသံ့တိုးတိုးကို ကြားလိုက်ကြရသည်။  ပိုးထည်စနှင့် ဝါးပုလွေတို့မှ မြည်သံက အနောက်မှပံ့ပိုးကာနေပုံရကာ ခါးသီးမှုများဖြင့် ရိုက်ငင်နေသကဲ့သို့ပင်။


ရွှယ်ကျွင်းလျန် ကျန်းယွီကို မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

"နေ့ခင်းကြောင်တောင်ကြီး ဘယ်သူငိုနေတာလဲ"


"အသံက အအေးနန်းဆောင်နဲ့ မဝေးလှတဲ့နေရာက လာပုံရပါတယ်...ကျွန်တော်မျိုး ထန့်ချမ်းယီဖြစ်နေမှာစိုးမိပါတယ် အရှင်မင်းကြီး "


ရွှယ်ကျွင်းလျန်က ပြုံးကာပြန်ဖြေလေသည်။

"ကုတို့ ဘာလို့ အခုတစ်ချက်လောက်သွားမကြည့်ရမှာလဲ"

 

သူက ထိုစကားကို ထန့်ယွင်ကို ဦးတည်ကာပြောလိုက်ခြင်းဖြစ်ပြီး သူ၏အမြင်ကိုမေးမြန်းနေသကဲ့သိုပင်။

85.2


ထန့်ယွင်က ပြောလိုက်၏။


"ကျွန်တော်မျိုး အဲ့ဒါကို မလုပ်နိုင်မှာ စိုးရွံ့မိပါတယ် အရှင်မင်းကြီး... ကျွန်တော်မျိုးက တိုင်းတပါးသားပါ...မောင်းမဆောင်ထဲကို ဝင်လို့မရပါဘူးအရှင်"


ရွှယ်ကျွင်းလျန်က ပြုံးကာ ရုတ်တရက်ကြီး ထန့်ယွင် လက်ကိုလှမ်းဆွဲလေသည်။ ထန့်ယွင် ထိတ်လန့်သွားပြီး မသိစိတ်ဖြင့် ခြေလှမ်းတွေမှားကုန်ကာ မလှုပ်ရှားဝံ့တော့ဘဲ တောင့်တောင့်ကြီးဖြစ်သွား၏။ ရွှယ်ကျွင်းလျန်က သူ့ကိုမြဲမြဲ ဆွဲထားလျက် နွေးနွေးထွေးထွေးဆိုလာသည်။


"မောင်မင်းကိုမောင်မင်း ဘယ်လိုလုပ် တိုင်းတပါးသားလိုဆိုလို့ရမှာလဲ"

 

ထန့်ယွင် အဆွဲခံထားရသည့်လက်ကို လွတ်အောင် မရုန်းနိုင်သဖြင့် ရွှယ်ကျွင်းလျန်ကို ဆက်သာကိုင်ခွ့င်ပြု ထားရတော့၏။ သူတို့နှစ်ဦးဟာ အခြားသူများ၏ မျက်လုံးများထဲတွင် အမှန်ပင်  လက်ချင်းတွဲထားသည့် စုံတွဲများနှင့်တူနေကြသည်။


ရွှယ်ကျွင်းလျန်က ထန့်ယွင်ကိုအအေးနန်းဆောင်သို့ ခေါ်သွား၏။ ထန့်ချမ်းယီက အဖြူရောင် ပြောင် လောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး မျက်နှာထက်တွင် မျက်ရည်များရှိနေသည်။ သူမက ငိုယိုရင်း သူမ၏ပူဆွေးသောကမျာကို ဆိုညည်းနေဟန်ပင်။ ရွှယ်ကျွင်းလျန် ဝင်လာသည်ကို မြင်လျှင် သူမ၏မျက်နှာထက်တွင် ပျော်ရွှင်မှုများဝင်ရောက်လာပြီး သူမကိုယ်သူမ သူ့ခြေရင်းသို့ ပစ်ဝင်ကာ ပြောလိုက်၏။


"အရှင်မင်းကြီး... အရှင်မင်းကြီးက နောက်ဆုံးတော့ ချမ်းယီကို လာတွေ့ဖို့ ဆန္ဒရှိနေပြီ"


ရွှယ်ကျွင်းလျန်က ခြေတစ်လှမ်းပြန်ဆုတ်လိုက်ပြီး ကျန်းယီ အလျင်အမြန်နှင့် တစ်ယောက်ယောက်ကို ထန့်ချမ်းယီကို ဆွဲခေါ်သွားဖို့ပြောလိုက်သည်။


ထန့်ချမ်းယီ ခေါင်းလှည့်လိုက်ရာတွင် ဘေးရှိ ထန့်ယွင်ကို မြင်သွားပြီး သူမမျက်နှာက ချက်ချင်းလက်ငင်း မည်းမှောင်လာ၏။ သူမက ထန့်ယွင်ကိုဖမ်းဆွဲဖို့ လက်ကို ကြမ်းကြမ်းတမ်းတမ်း ဆန့်ထုတ်ကာ  အော်ဟစ်လေသည်။


"သူပဲ...အရှင်မင်းကြီး... မီးရှို့တဲ့သူက သူပါပဲ...ကျွန်တော်မျိုးမ မဟုတ်ရပါဘူး အရှင်မင်းကြီး... ထန့်ယင်း လုပ်ခဲ့တာပါ...ဒီကိုယ်လုပ်တော်က နည်းနည်းမှ  အဲ့အကြောင်းကို   မသိပါဘူး..."


ထန့်ယွင် မရှောင်နိုင်ခင်တွင် ရွှယ်ကျွင်းလျန်က လက်ဆန့်၍ သူမကိုရှောင်လိုက်ပြီး ပြော၏။


"အမတ်မင်း ထန့်နန်ရဲ့ နာမည်ကို တကယ်ကြီး ခေါ်ရအောင် မယ်မင်းသိပ်သတ္တိရှိနေတယ်ပေါ့"


ထန့်ချမ်းယီ ခဏတာ ကြက်သေသေ သွားပြီး သူမ၏ မျက်လုံးများက အံအားသင့်မှုကြောင့် ပြူးကျယ်နေသည်။ 


"အရှင်မင်းကြီး... အရှင်မင်းကြီး မှားနေတာ ဖြစ်ရပါမယ်...သူက အမတ်မင်း ထန့်နန်မဟုတ်ပါဘူး...သူက ယုတ်ညံ့တဲ့အစေခံတစ်ယောက်တင်ပါ...ဒီကိုယ်လုပ်တော်ကသာ သူ့ကို သနားညှာတာမှုမပြုခဲ့ရင် သူက ကျွန်တစ်ယောက်တောင်ဖြစ်နေမှာမဟုတ်ဘူး...အခု သူက ကျွန်တော်မျိုးမကို အန္တရာယ်ပေးဖို့လာခဲ့တာ အရှင်မင်းကြီး ...

ကျွန်...ကျွန်တော်မျိုးမ မသိရပါဘူး..."


ထန့်ယွင်ကတော့ နှုတ်ဆိတ်နေဆဲပင်။


ရွှယ်ကျွင်းလျန်က ပြုံးကာ မိန့်လေသည်။

"ကောင်းပြီ... အဲ့ဒါက တကယ်တော့ ကုရဲ့အမှားပါ...ဘာလို့လဲဆိုတော့ ထန့်ယင်းက  အမတ်မင်းထန့်နန်အဖြစ် ရှိနေတော့မှာမဟုတ်ဘူး...သူက မကြာမီ နန်းတော်ထဲကို လက်ထပ်ဝင်လာပြီးတော့ ကိုယ်လုပ်တော်ထန့်ဖြစ်လာတော့မှာမို့လေ...မယ်မင်းက ကုကို သတိပေးလိုက်တာပဲ"


ထန့်ချမ်းယီ ထိုနေရာမှာ အကြာကြီး အေးခဲနေခဲ့ပြီး ၎င်းနောက် ထရယ်လာကာ ထန့်ယွင်ကို လက်ညိုးထိုး၍ အော်ဟစ်လေသည်။


"နင်က ယောကျာ်းတစ်​ယောက်လေ...မိန်းမတစ်ယောက်မဟုတ်ဘူး...နင်က မိန်းမတွေဆီကနေ ယောကျာ်းတစ်ယောက်ရဲ့ အိပ်ရာပေါ်တွယ်တက်ဖို့ရော သင်ခဲ့တယ်ပေါ့...နင့်မျက်နှာပေါ်က အမာရွတ်တွေကတင် တကယ် ရုပ်ဆိုးတယ်...အရှင်မင်းကြီးက နင့်ကိုကြည့်တဲ့အခါ အန်ပဲအန်နိုင်မှာ...ဖွီ..."


ရွှယ်ကျွင်းလျန် သူမကို တစ်ချက် စိုက်ကြည့်လိုက်ပြီးနောက် ပြောလိုက်၏။


"ကျန်းယွီ တစ်ယောက်ယောက်ကို သူ့ပါးစပ်လာပိတ်ခိုင်းစမ်း"


ကျန်းယွီက နောက်ပြန်ဆုတ်သွားပြီး မကြာမီ အမျိုးသမီးအစေခံတစ်ယောက်ရောက်လာကာ ထန့်ချမ်းယီ ပါးစပ်ကို ပိတ်လေသည်။ အအေးနန်းဆောင်ထဲသို့ ပစ်ထည့်ခံရသည့် အမျိုးသမီးများမှာ သူတို့ ဘာအမှားပဲလုပ်လုပ် အပြစ်ပေးခံရသည့် ကိုယ်လုပ်တော်များလည်း ဖြစ်ပေ၏။ သူတို့ဟာ ကိုယ်လုပ်တော်များဖြစ်သည့်အတွက် ယောကျာ်းများအနေဖြင့် သူတို့ကိုမြင်ခွင့်မရှိပေ။ ထို့ကြောင့် အစောင့်တွေလာခွင့်မရှိသော်လည်း အနှီအမျိုးသမီးအစေခံများ၏ ခွန်အားကလည်း မသေးလှပါချေ။ ထို့အပြင် အအေးနန်းဆောင်မှာ တာဝန်ထမ်းဆောင်နေသည့် ဤအမျိုးသမီးအစေခံများက ထန့်ချမ်းယီနှင့် မလွဲဧကန် မတည့်ပါသဖြင့် သူမကသူတို့ကို ပြန်တိုက်ခိုက်ပြီးရုန်းကန်နေသည့်အခါ  သူတို့သူမကို ချုပ်ထားသည်က အင်မတန်လည်း ကြမ်တမ်းလေသည်။


ရွှယ်ကျွင်းလျန်က ခန်းမထဲကို ထိုင်ခုံကြီးကြီးတစ်လုံးပါရွေ့ခိုင်းလိုက်ပြီး ထန့်ယွင်အားထိုင်ခိုင်းလေသည်။ ရွှယ်ကျွင်းလျန်က ဤဟာကို ထန့်ချမ်းယီကို အထူးတလည်ပြသခြင်းဖြစ်ကြောင်း ထန့်ယွင်သိပါ၏။ 


ထန့်ယွင်က အမြဲတမ်းစိတ်နှလုံး နူးညံ့ခဲ့ပြီး သူတို့ထန့်မှာရှိစဥ်တုန်းက ထန့်ချမ်းယီ သူ့ကိုအကြိမ်ပေါင်းများစွာ အန္တရာယ်ပေးခဲ့သည့်တိုင်အောင် သူ့အနေဖြင့်  လူတွေကို ဒုက္ခပေးဖို့ မဖြစ်နိုင်လှကြောင်းလည်း သိသော်ငြား သတိထားကာ ကာကွယ်ဖို့တော့လိုလေသည်။ ထန့်ယွင်အတွက် သူမကို ဤကဲ့သို့ အကိုင်အတွယ်ခံနေရသည်ကို မကြည့်ရက်နိုင်သလို ခံစားနေရဆဲပင်။ 


 ရွှယ်ကျွင်းလျန်ကတော့ အေးအေးဆေးဆေး ထိုင်နေလေသည်။ ပါးရိုက်သံတဖြန်းဖြန်းနှင့် ရုန်းကန်နေသံများကိူ နားထောင်နေရင်း သူက ပြောလိုက်၏။


"ထန့်ချမ်းယီ... ကုက ပိုက်ကွန်ထဲက ချော်ထွက်သွားတဲ့ငါးတစ်ကောင်ကို ဖမ်းမိခဲ့တာကို မယ်မင်းသိရဲ့လား...သူ့ကို...လန့်ကျင်းလို့ခေါ်တာထင်တယ်"


ထိုသို့ပြောလိုက်သည်နှင့် ထန့်ချမ်းယီ၏မျက်လုံးများက သိသိသာသာ ပြူးကျယ်လာပြီး လှမ်းကြည့်လေသည်။


"လန်ကျင်းက အတော်ကျွမ်းကျင်တဲ့ လူတစ်ယောက်ပဲ...သူက သူခိုးတစ်ယောက်လည်းမဟုတ်သလို့ လူသတ်သမားတစ်ယောက်လည်း မဟုတ်ဘူး...ဒါပေမဲ့ သူကချီးမွမ်းထိုက်တဲ့ အကြံပြုချက်တွေကို လုပ်ခဲ့တယ်...လက်ရှိမှာ ကုအနေနဲ့ သူ့ကို သတ်လို့မရသေးဘူး...လန့်ကျင်းက မယ်မင်းက မီးရှို့မှုကို လှုံ့ဆော်တာလို့ ပြောတယ်"


ထန့်ချမ်းယီ ပို၍ပင် ထိတ်လန့်တုန်လှုပ်သွားခဲ့ပြီး အော်ပြောလိုက်၏။


"မဟုတ်ပါဘူး... ကျွန်တော်မျိုးမ မဟုတ်ရပါဘူး အရှင်မင်းကြီး "


"အိုး..."

ရွှယ်ကျွင်းလျန်က ဖြည်းဖြည်းချင်း ပြုံးကာ ဆိုလေသည်။


"မယ်မင်းမှာထိန်ချန်ထားတဲ့ တခြားလျှို့ဝှက်ချက်တစ်ခုများရှိနေတာလား"


ထန့်ချမ်းယီက စိတ်အားထက်သန်စွာ ခေါင်းညိတ်ပြကာ ငိုယိုပြီးပြောလာ၏။


"ရှိပါတယ်...လျို့ဝှက်ချက်တစ်ခု ရှိပါတယ်... ဒီကိုယ်လုပ်တော်က လန့်ကျင်းရဲ့အသုံးပြုခြင်း လှုံ့ဆော်ခြင်းကို ခံခဲ့ရတာပါ...ကျွန်တော်မျိုးမ ခဏတာ စိတ်ရှုပ်ထွေးသွားမိတာပါ...ဒီကိုယ်လုပ်တော်က ခဏတာ စိတ်ရှုပ်ထွေးသွားမိတာပါ... အရှင်မင်းကြီး..."


xxxxx