အပိုင်း ၈၆
Viewers 13k

Chapter 86


ရွှယ်ကျွင်းလျန် ပြောလိုက်သည်။


"ခုနကပဲ အဲ့ဒါက ထန့်ယင်းပါလို့ မယ်မင်းပြောခဲ့တာလေ...ဒါပေမဲ့ အခုကျတော့ လန့်ကျင်းလို့ပြောနေပြန်ပြီ...ကုအတွက် မယ်မင်းကို ယုံဖို့ရာ ခက်လှတယ်...ကု ဘာလုပ်ရမလဲ "


ထန့်ချမ်းယီက ဆက်ကာ ငိုယိုနေ၏။


"ကျွန်တော်မျိုးမ လန့်ကျင်းနဲ့ ထိတ်တိုက်ဖြေရှင်းရဲပါတယ်...ကျွန်တော်မျိုးမကို လှုံ့ဆော်တဲ့သူက လန့်ကျင်းပါဘုရား...အရှင်မင်းကြီး ကျွန်တော်မျိုးမကို ယုံရပါမယ်...သူက ရွှယ်ယွီ အရှင်မင်းကြီးကို ဆန့်ကျင်ပုန်ကန်တာကို ကူညီချင်ပြီးတော့ မီးရှို့ခဲ့တာပါ"


ရွှယ်ကျွင်းလျန် စိတ်ထဲကနေ သရော်လိုက်၏။ ထန့်ချမ်းယီက လန့်ကျင်းနဲ့ ထိတ်တိုက်ဖြေရှင်းရင်တောင် နောက်ကွယ်မှာ တကယ် ရှိနေသည့်လူကို သူလုံးဝ သိနိုင်ဦးမှာမဟုတ်သော်လည်း သူကား ဤစကားကို စောင့်နေခြင်းဖြစ်လေသည်။ တစ်ယောက်ယောက်က လန့်ကျင်း၏ လှုံ့ဆော်မှုပါဟု သက်သေပြုနိုင်သရွေ့ လက်ရှိအတွက်တော့ လုံလောက်ပြီဖြစ်၏။


ရွှယ်ကျွင်းလျန် ထန့်ယွင်ကိုခေါ်၍ အအေးနန်ဆောင်မှ ထွက်သွားခဲ့ပြီး ထန့်ယွင်ကို နန်းတော်ကနေ နေအိမ်တော်သို့ ပြန်ခွင့်ပြုလိုက်သည်။ သူ လန့်ကျင်းကို အညံ့ခံအောင် သိမ်းသွင်းရဦးမည်ပင်။ လန့်ကျင်း အညံ့ခံလာသည်နှင့်  မီးရှို့မှု၏ နောက်ကွယ်မှ အစစ်အမှန်ကြိုးကိုင်သူကို သူ့အား ပြောပြဖို့ ဖြောင့်ဖြမှာဖြစ်၏။


ထန့်ယွင် အမတ်မင်း အိမ်တော်သို့ ပြန်သွားခဲ့သည်။   နန်းတော်ထဲမှာ အများအားဖြင့် ထိုင်ပဲထိုင်နေရပြီး ခြေလှမ်းအနည်းငယ်ပင် မလှမ်းရသော်ငြား သူအလွန်အမင်းကို ပင်ပန်းနေပါပြီ။ ရွှယ်ကျွင်းလျန်နှင့်အတူ မတ်တပ်ရပ်နေရသည့်အခါများတွင်​ သူ့အနေဖြင့် အကွက်ချခံရမှာသို့မဟုတ် ထောင်ချောက်မိသွားမှာကို သတိထားနေရ၏။ ထို့နောက် သူတဖန်တွေးမိသည်ကား သူ သတိထားနေလျှင်ပင် ဆယ်ကြိမ်မှာ ကိုးကြိမ်ကတော့ အကွက်ချခံရဦးမှာဖြစ်လေသည်။ 


လန့်ကျင်းက လူနစ်ယောက်ကို ထန့်ယွင်ဆီသို့ သတင်းတစ်ခု ပါးခိုင်းလိုက်၏။ သူပြောသည်ကား သူက အစေခံတွေလည်းမလိုအပ်သလို ဂိတ်ရှိ အစောင့်များကို သူ့အကြောင်း ကူညီပြီး အကြောင်းကြားဖို့လည်း မလိုအပ်ကြောင်း၊ သူအနေဖြင့် လုပ်ကြံသူဟု အစွပ်စွဲမခံချင်ကြောင်းပင်။


ထန့်ယွင် နေအိမ်တော် တံခါးရှိ ကိုယ်ရံတော်များကို တံခါးဖွင့်ထားဖို့အကြောင်းကြားလိုက်ပြီး စောစော အနားယူဖို့ပါ​ပြောလိုက်သည်။


လန့်ကျင်း မြို့တော်တောင်ပိုင်းရှိ အမတ်မင်းထန့်နန်၏ နေအိမ်တော်တွင် တစ်နေ့လုံးလုံးနေခဲ့၏။ အစောင့်များက သူတို့ထွက်မသွားခင် ထမင်းဟင်းများပို့ပေးခဲ့ပြီး လန့်ကျင်းက ၎င်းတို့ကို အိမ်ထဲယူသွား၍ ရွှယ်ယွီကို ကိုယ်တိုင်ခွံ့ကျွေးလေသည်။


ရွှယ်ယွီက စိတ်ဖောက်ပြန်နေပုံပေါ်ဆဲပင်။ သူက ပန်းကန်တွေကို လန်ကျင်းကို ပစ်ပေါက်ပြီး လန့်ကျင်း ထမင်းဟင်းတွေ ပေကျံနေသည့်မြင်ကွင်းက အလွန် စိတ်ဝင်စားစရာကောင်းဟန်ဖြင့် လက်ခုပ်တီးကာ အရူးအမူး ရယ်မောနေ၏။ 


နောက်ဆုံးမှာ လန့်ကျင်း၏မျက်လုံးများထဲတွင် ပြောင်းလဲမှုတချို့ရှိလာသည်။ သူဟာ ရှားရှားပါးပါး အနည်းငယ် စိတ်မကောင်းဖြစ်နေပုံရ၏။ 

ထို့နောက် သက်ပြင်းချကာ ဆိုလေသည်။


"သခင်ဒေါသထွက်နေမှန်း လန့်ကျင်းသိပါတယ်...ဒါပေမဲ့ သခင်ရယ် စဥ်းစားကြည့်ပါ...အဲ့တုန်းကသာ ကျွန်တော် မသွားခဲ့ရင် ကျွန်တော် သခင့်ကို အခုဘယ်လိုလုပ် ကယ်လို့ရပါ့မလဲ"


ရွှယ်ယွီက  ရယ်မော နေရင်း လန့်ကျင်းကို စိုက်ကြည့်ကာ ပြောလာ၏။

"အခု မင်းက ငါ့ကို အပြစ်တင်နေတာလား"


လန့်ကျင်းက ခေါင်းငုံလိုက်ပြီး သူ့အသံက ပြန်လည်တည်ငြိမ်သွားကာ ဆိုလိုက်သည်။ 

"ဒီနိမ့်ကျတဲ့လန့်က သခင့်ဆီကနေ အကူအညီတွေအများကြီးယူထားတာပါ...အပြစ်မတင်ဝံ့ပါဘူး"


ရွှယ်ယွီက ပန်းကန်လုံးဗလာကို ကလိနေရင်း ဆက်ပြောလာ၏။

"လန့်ကျင်း...မင်းထွက်ပြေးသွားပြီး ငါဒီအခြေအနေရောက်မှ ပြန်လာတာမဟုတ်ပါဘူးလို့ မပြောနဲ့...မင်းအရမ်းတွေ စိတ်ကြီးဝင်နေတာလား"


လန့်ကျင်း မော့ကာဖြင့် တစ်ဖက်ကို စိုက်ကြည့်ပြီးဖြည်းဖြည်းချင်း ပြောလိုက်သည်။

"ဒီလန့်က ထွက်ပြေးဖို့ စဥ်းစားခဲ့ပါတယ်...တကယ်တမ်းကျ သခင်က ကျွန်တော့် အကြံပေးချက်ကို နားမထောင်ခဲ့ဘူးလေ...ဒါပေမဲ့ ဒီလန်က သခင့်ကို ဘယ်တုန်းကမှ ပြက်ရယ်မပြုခဲ့ပါဘူး...သခင်က အဲ့လိုထင်နေတာက ဒီလန့်ကို နှလုံးသားမဲ့အောင် လုပ်နေသလိုပါပဲ"


ထိုစကားကို ကြားသည်နှင့် ရွှယ်ယွီက မော့ကြည့်လာပြီး သူတို့ မျက်လုံးချင်းစုံသွား၏။ လန့်ကျင်း သူ့​ကို ကြည့်လိုက်ချိန်တွင် တစ်ဖက်လူ၏မျက်လုံးများက အနည်းငယ်နီရဲနေခဲ့သည်။ 

 

လန့်ကျင်း သက်ပြင်းထပ်ချကာ ပြောလိုက်၏။

"သခင်က ဒိီရက်တွေမှာ ဒုက္ခရောက်ခဲ့မှန်း ကျွန်တော် သိပါတယ်...ဒီလန့်က ဒီည အမတ်မင်း ထန့်နန် အိမ်တော်ကိုသွားပြီး မနက်ဖြန်ကျရင် အစောင့်တွေကို ရုပ်သိမ်းပေးဖို့ တောင်းဆိုမှာပါ"


"မင်း ရွှယ်ကျင်းလျန်အတွက် အလုပ်လုပ်ပေးရမယ်..."


လန့်ကျင်း ခါးသီးစွား ပြုံးမိရင်း ဆိုလိုက်သည်။

"ဒီလန့် ဘယ်သူ့အတွက် အလုပ်လုပ်ပေးရမယ်ဆိုတာ သခင်တွန်းအားပေးလို့မရပါဘူး...ကျွန်တော်စိုးမိတာက ကျွန်တော်  သူ့အတွက် အလုပ်လုပ်ပေးရင်တောင်မှ သေခြင်းတရားကနေ မလွတ်မြောက်နိုင်မှာကိုပါ...အနာဂတ်မှာ သခင်ဘာပဲလုပ်လုပ် မလုပ်ခင် နှစ်ခါပြန်စဥ်းစားဖို့ပဲ ကျွန်တော်မျှော်လင့်ပါတယ်"

.

သူက ထိုသို့ပြောပြီးသည်နှင့် ဦးညွှတ်ကာ လှည့်ထွက်သွားလေသည်။


ရွှယ်ယွီ ရုန်းကန်နေမိ၏။ သူ လန့်ကျင်းကို ဆူငေါက်ချင်သေးသော်ငြား သူက ပြောမရတော့သည်ကတော့ သနားစရာပင်။  လန့်ကျင်း၏စကားများက သေခြင်းနှင့်ရှင်ခြင်းကို ပိုင်းခြားထားသကဲ့သိုဖြစ်ကာ သူ့အား အတော်ကို ထိတ်လန့်တုန်လှုပ်သွားစေသည်။


လန့်ကျင်း အမတ်မင်းထန့်နန်၏ နေအိမ်တော်သို့လာချိန်တွင် ညရောက်နေလေပြီ။အမှန်တွင် သူမှာ အရာရာတိုင်းကို သိနိုင်စွမ်းမရှိပါချေ။ သူ့အနေဖြင့် တခြားသူတွေကို နေမထိထိုင်မသာ ခံစားစေချင်ခြင်းသာဖြစ်ပြီး သူတို့ကို အမှန်တစ်ဝက်အမှားတစ်ဝက်ဖြင့် လက်ခံယုံကြည်အောင်လုပ်ခဲ့ခြင်းဖြစ်လေသည်။


ဂိတ်တံခါး ပွင့်လာလေပြီ။သူ သတိကြီးကြီးထားကာဝင်သွားသော်လည်း အတားဆီးမခံရပေ။ အထဲကို ဝင်သွားပြီး လုရှစ်ချန်ကို ဖမ်းဆီးထားသည့် အခန်းအပြင်သို့ရောက်လာခဲ့၏။ တံခါး၌ အစောင့်တွေရှိနေပြီး ယင်းက သူမျှော်မှန်းထားသလိုဖြစ်သော်လည်း ဘယ်သူမှ သူ့ကို မတားကြဘဲ အထဲဝင်ခွင့်ပြုကြလေသည်။


လုရှစ်ချန် ဤမျှနောက်ကျနေသည့် ညအချိန်တွင် တစ်ယောက်ယောက်လာမည်ဟု မမျှော်လင့်ထားခဲ့ပေ။ အရင်တစ်ခါ ကျောက်ထုံနှင့်ဖြစ်ပြီးကတည်းက လုရှစ်ချန် ကုလားသေကုလားမော မအိပ်ရဲပေ။ တစ်ယောက်ယောက်က သူ့ကို လာထိပြီး သူအိမ်ပျော်ချိန်မှာ သတ်သွားမှာကို သူတကယ်ကြောက်ပါ၏။ အမှန်တိုင်းပြောရပါလျှင် သူက အားနည်းသည့် စာပေပညာရှင်တစ်ယောက်သာဖြစ်လေသည်။ သေခြင်းတရားကို မည်သို့မကြောက်ဘဲ နေပါမည်လဲ။သို့ပေမဲ့  သူ၏သိက္ခာတရား ဆုံးရှုံးရသွားလျှင် သေခြင်းတရားထက်ပို ကြောက်စရာကောင်းမည်ဟု လုရှစ်ချန် ခံစားရ၏။

86.2


အမတ်မင်း ထန့်နန်က သူ့ကို အညံ့ခံဖို့ မည်သို့စည်းရုံးသိမ်းသွင်းမည်လဲကို အကြိမ်ပေါင်းများစွာ တွေးကြည့်ခဲ့ဖူးသည်။ သို့ပေမဲ့ လွန်ခဲ့သော ရက်အနည်းငယ်သည် တည်ငြိမ်အေးဆေးနေခဲ့ပြီး သခင်ထန့်နန်ဆိုသူက သူ့အားတစ်ခါမှပင် လာမကြည့်ပါချေ။


လန့်ကျင်း အခန်းထဲဝင်လိုက်သည်နှင့် လုရှစ်ချန် ချက်ချင်း နိုးလာ၏။ လန့်ကျင်းက ရှေ့တိုးမလာဘဲ လုရှစ်ချန်ကိုသာ အရိုအသေပေးလာသည်။ 


နောက်တစ်နေ့ မနက်စောစောတွင် ထန့်ယွင် လုရှစ်ချန်ကို သွားအလုပ်အကျွေးပြုဖို့ အစေခံတွေကို အမိန့်ပေးလိုက်သော်လည်း အစေခံတွေက ထိတ်လန့်တကြား ပြန်လာပြီး ​ပြောကြလေသည်။


"သခင်...ဝန်မင်းလုထွက်ပြေးသွားပြီ..."


ထန့်ယွင် ခဏမျှ ကြောင်အသွား၏။သူကိုယ်တိုင်သွား စစ်ဆေးချိန်တွင် လန့်ကျင်းက လုရှစ်ချန်၏အဝတ်အစားတွေကို ဝတ်ထားရင်း စားပွဲမှာထိုင်လျက် အေးအေးဆေးဆေး လက်ဖက်ရည်သောက်နေသည်ကို တွေ့လိုက်ရသည်။


ထန့်ယွင် မေးလိုက်၏။

"ဝန်မင်းလု ဘယ်မှာလဲ "


လန့်ကျင်း၏ မျက်နှာက မပြောင်းမလဲရှိနေပြီး ပြောလာသည်။


"သူက သွားနှင့်နေပြီ...ငါသူ့ကို ပြိုင်ဘက်ကင်း မိုင်ထောင်ချီမြင်းတစ်ကောင် ပေးပြီး မြို့အပြင်ပို့ပေးလိုက်တယ်...ခုချိန်ကျမှ မင်းသူ့ကို လိုက်ဖမ်းရင် မမှီမှာစိုးရတယ်"


ဤအခြင်းအရာက ရွှယ်ကျွင်းလျန်ဆီသို့ ချက်ချင်း သတင်းပို့ ခံလိုက်ရ၏။ အံအားသင့်ဖွယ်ကောင်းစွာပင် ရွှယ်ကျွင်းလျန်က စိတ်လည်းမပူသလို ဒေါသလည်းမထွက်ပေ။ သူက လန့်ကျင်းကို နန်းတော်ထဲခေါ်သွားဖို့သာ တစ်ယောက်ယောက်ကို ခိုင်းလေသည်။


လန့်ကျင်းနှင့် ထန့်ယွင်တို့ နန်းတော်ထဲအတူဝင်သွားပြီး ရွှယ်ကျင်းလျန်ကို အရိုအသေပေးလိုက်ကြ၏။ 


ရွှယ်ကျွင်းလျန်က ပြောလာသည်။

"လန်ကျင်း... မောင်မင်းရဲ့ပြစ်မှုကို မောင်မင်းသိလား"


လန့်ကျင်းက လျှောက်တင်လိုက်၏။

"ဒီအရေးမပါတဲ့လူဟာ အပြစ်ကင်းသလို ချီးမွမ်းထိုက်တဲ့သူပါ ဘုရား"


"တကယ်လား...ဒါဖြင့် ကုကို မင်းရဲ့ သံပါးစပ်နဲ့ ပြောပြပါဦး"


ရွှယ်ကျွင်းလျန် ဤသို့ပြောရင်း ထန့်ယွင်ကို လက်ယှက်ခေါ်ပြီး သူ့ဘေးမှာ လာထိုင်ဖို့လက်ဟန်ပြ၏။


လန့်ကျင်းက လျှောက်တင်လိုက်သည်။


"လုရှစ်ချန်က ဖြောင့်မတ်တဲ့လူတစ်ယောက်ဖြစ်ပြီး သူ့ကို ဘယ်တော့မှ အညံ့ခံအောင် သိမ်းသွင်းဖို့ အောင်မြင်မှာမဟုတ်ပါဘူး...သူက ခေါင်းဖြတ်ကွပ်မျက်ခံရမယ်ဆိုရင်တောင် အညံ့ခံမှာမဟုတ်ဘူးလို့ ပြောလို့ရပါတယ်... သူ့ကို မြင်းကောင်းတစ်ကောင်ပေး မြို့တော်အပြင်ထွက်ခိုင်းပြီး ဖုန့်တိုင်းပြည်ကို ပြန်စေတာက ပိုကောင်းပါတယ်...ဖုန့်ဘုရင်က သူ့ကို ယုံကြည်ပေမဲ့ ပြည်သူတွေ စိမ်ပြေနေပြေ​ပြောမှာကို မတားဆီးနိုင်ပါဘူး...သူတို့က ဝန်ကြီးချုပ်တစ်ယောက်က ရန်သူ့တိုင်းပြည်ရဲ့လက်ထဲကိုရောက်သွားရင် ဘယ်လိုလုပ် အထိအခိုက်မရှိဘဲ မိုင်ထောင်ချီမြင်းတစ်ကောင်ရပြီး တိုင်းပြည်ကို ပြန်လွတ်မြောက်လာနိုင်မှာလဲ လို့ ပြောကြမှာပါဘုရား...လုရှစ်ချန် သေချာပေါက် သံသယအဝင်ခံရမှာပါ အရှင်မင်းကြီး"


ရွှယ်ကျွင်းလျန်က နားထောင်နေပြီးနောက် အဆုံးတွင် ပြုံးကာ မိန့်လေသည်။


"အကြံကောင်းဆိုပေမဲ့ အနည်းငယ် ဂရုမဲ့လွန်းတယ်...အဲ့ဒါက ကုအတွက် ကု တကယ်စိတ်မကောင်းဖြစ်စေ...တကယ်တမ်းကျ သူက အင်မတန် အရည်အချင်းရှိသကိုး"


လန့်ကျင်းက လျှောက်လိုက်၏။

"လုရှစ်ချန်က လက်ရှိကိစ္စတွေကို မသိနားမလည်ဘူးလို့ပဲ ဆိုနိုင်ပါတယ်ဘုရား"


ရွှယ်ကျွင်းလျန် လန့်ကျင်း ပြောတာတွေက သူ့စိတ်နဲ့ ကိုက်ညီကြောင်း စဥ်းစားနေပုံရသည်။ သူက မနေနိုင်ဘဲ သက်ပြင်းချကာ ဆိုလိုက်၏။


"မောင်မင်းက ကုကို အများကြီး အကူအညီပေးခဲ့တာပဲ...ဒါပေမဲ့ မောင်မင်းက သေလူဖြစ်နေတာတော့ ကံဆိုးတာပဲ"


လန့်ကျင်းက ပြုံးက လျှောက်တင်လာသည်။

"ဒီအရေးမပါတဲ့လူက အဲ့ဒါက မလိုအပ်ဘူးလို့ထင်ပါတယ်"


"အိုး..."


ရွှယ်ကျွင်းလျန်၏ မျက်နှာက တည်သွားပြီး အေးစက်စက်အသံဖြင့် မိန့်လိုက်၏။


"ထန့်ချမ်းယီကို မီးရှို့ဖို့ လှုံ့ဆော်ပြီး ဧကရီကို သတ်တဲ့အကြောင်းကိုတောင် မောင်မင်းဝန်မခံရသေးဘူး..."


လန့်ကျင်းက ထိုဟာကိုဖြုံမသွားပါဘဲ ဆိုလေသည်။


"ဒီအရေးမပါတဲ့လူက ထန့်ချမ်းယီကို ဧကရီ့နန်ဆောင်ကို မီးရှို့ဖို့ လှုံဆော်ခဲ့ပါတယ်...ဒါပေမဲ့ မီးထဲမှာ သေသွားတဲ့သူက ဧကရီ မဖြစ်နိုင်လောက်ပါဘူး ဘုရား"


သူထိုသို့ ပြောလိုက်သည်နှင့် ရွှယ်ကျွင်းလျန် အနည်းငယ် ကြောင်အသွား၏။ ထန့်ယွင်ကမူ ချက်ချင်း အေးခဲသွားပြီး ကြမ်းပြင်ပေါ်မှာ ဒူးထောက်နေသော လန့်ကျင်းကို ခေါင်းငုံ့ကာ  ကြည့်လိုက်သည်။ 


ထိုအမျိုးသား၏အသံကား အလွန် တည်ငြိမ်နေခဲ့သည်။


"ဒီကိစ္စက အင်မတန်ကို အရေးကြီးတဲ့ ကိစ္စဖြစ်ပါတယ်...ကျေးဇူးပြု၍ ကျွန်တော်မျိုးကို ခေါင်းဖြတ်ကွပ်မျက်မဲ့ အရှင်မင်းကြီးရဲ့ဆုံးဖြတ်ချက်ကို ပြန်စဥ်းစားတော်မူပါ အရှင်မင်းကြီး"


ရွှယ်ကျွင်းလျန် သူ့ဘာကိုဆိုလိုမှန်း မသိပေမဲ့ "မီးလောင်သွားတဲ့သူက ဧကရီမဖြစ်နိုင်"ဟူသော စကားက ပုံမှန်အားဖြင့် တည်ငြိမ်သည့်သူ့အား အချိန်အတော်ကြာသည့်တိုင် အသိပြန်ဝင်မလာနိုင်အောင် ဖြစ်စေ၏။


မျက်လုံးများမှေးကျဥ်းကာ ကြည့်နေသည့် ရွှယ်ကျွင်းလျန်က နောက်ပြန်ဆုတ်ကာ ထိုလူကို ထပ်မံစစ်မေးချင်သော်လည်း ကျန်းယွီက လျှောက်တင်လာသည်။


"အရှင်မင်းကြီး...မနက်ခင်း ညီလာခံသွားဖို့ အချိန်ကျပါပြီ...ဘာလို့ ပြန်လာပြီးမှ သူပြောတာကို နားမထောင်ရမှာလဲဘုရား"


ရွှယ်ကျွင်းလျန် ခဏမျှစဥ်းစားလိုက်၏။ မနက်ခင်းညီလာခံတက်ဖို့ သူ့အတွက် အမှန်ပင် အရေးကြီးကာ ဝန်မင်းများကို စောင့်နေစေ၍မဖြစ်ပေ။ ထို့ကြောင့် သူ လန့်ကျင်းကိုခန်းမထဲမှာစောင့်နေပြီး သူ မနက်ခင်းညီလာခံကနေ ပြန်မလာမချင်း တစ်ဖဝါးမှ မရွှေ့ဖို့အမိန့်ပေးလိုက်သည်။


ဝန်မင်းများအနေဖြင့် ခဏလောက် စောင့်နေခဲ့ပြီးနောက် ရွှယ်ဝမ်က အမတ်မင်းထန့်နန်နှင့်အတူ ရောက်လာလေသည်။ နှစ်ဦးသား မနက်ခင်းညီလာခံကို အတူတူ တက်ရောက်လာသည်ကို ကြည့်ပြီး လူတိုင်း ရုတ်ရုတ်သဲသဲဖြစ်သည်ကတော့ မလွဲဧကန်ဖြစ်သော်လည်း တစ်ဦးတစ်ယောက်မှ ဆူညံသံမထွက်ဝံ့ကြပေ။ ဘယ်ကြည့်လိုက် ညာကြည့်လိုက်ဖြင့် သူတို့၏ ရုံးတော် အဖွဲဝင်များဆီသို့ မေးခွန်းထုတ်လိုသည့် အကြည့်များပို့နေကြ၏။


ရွှယ်ကျွင်းလျန် ရောက်လာသည်နှင့် သူက ဝန်မင်းများကို  လွန်ခဲ့သည့် ရက်အနည်းငယ်က လူတစ်ယောက်ဟာ သူ့အတွက် နက္ခတ်တာရာတွေဖတ်ပေးခဲ့ကြောင်း ကြေညာလိုက်သည်။ အနှီဟောကိန်းက လန့်ကျင်းပြောခဲ့သည်နှင့် အတူတူဖြစ်လေသည်။ ထို့နောက် သူက သူ့အနားမှာ အချိန်ပြည့် လိုက်ပါတည်ရှိနေဖို့ လူတစ်ယောက်ရှိရမှာဖြစ်ကြောင်း မဟုတ်ပါက သူဟာ ဒီမင်းဆက်၏ အာဏာရှင်တစ်ယောက်ဖြစ်လာမှာဖြစ်ကြောင်း မိန့်လိုက်၏။ 


xxxxxx