အပိုင်း ၈၇
Viewers 13k

Chapter 87


လူတိုင်း တစ်​ယောက်ကို တစ်​ယောက်ကြည့်ကာ ရွှယ်ကျွင်းလျန် ဘာလုပ်ချင်မှန်း မသိကြပေ။ အဆုံးမတော့ သူက လွန်ခဲ့သော ရက်အနည်းငယ်ကပင် ကျန်းဟုန်၏ လက်ဆက်ရန် ကမ်းလင့်မှုကို ငြင်းပယ်ခဲ့ခြင်းဖြစ်ပြီး သုံးနှစ်တစ်ကြိမ် ရွေးချယ်မှုကိုလည်း ဖြုတ်ပစ်ခဲ့သည်။ သူလက်ထပ်ဖို့ ရွေးချယ်မည့် အလှလေးက ဘယ်သူဖြစ်လိမ့်မလဲ။


ဝန်မင်းများကို ခန့်မှန်းခွင့်မပေးပါဘဲ ရွှယ်ကျွင်းလျန်က ဖြည်းဖြည်းချင်း ဆက်ပြောလိုက်၏။

"နယ်လှည့်မှော်ဆရာက ပြောတယ်...အမတ်မင်းထန့်နန်က ရေတို့ရဲ့ အရှင်သခင်ဖြစ်ပြီး ...

အကယ်၍ ကုက ထန့်ယင်းကို ကိုယ်လုပ်တော်တစ်ယောက်နေနဲ့ ကောက်ယူလိုက်မယ်ဆိုရင်...သူက ယောင်နဲ့ ရွှင်းရဲ့ အကျင့်သီလကို ရရှိလိမ့်မယ်တဲ့အိုက်ချင်းတို့ "


(T/N— 'အမွေခံနှင့်ပဏ္ဍိတ:တရုတ်၏အစောပိုင်း မင်းဆက် ဒဏ္ဍာရီ'အရ ဧကရာဇ်​​ယောင်နဲ့ ဧကရာဇ်ရွှင်းတို့ဟာ တရုတ်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို အကြီးအကျယ် အထောက်အကူပေးခဲ့ပါတယ်တဲ့)


ဤအချိန်တွင် ဝန်မင်းများအနေဖြင့် တီးတိုးစကားမဆိုကြဘဲ မနေနိုင်တော့။ မည်သူကမျှ ရွှယ်ဝမ်က အမျိုးသားတစ်ယောက်ကို လက်ထပ်မည်ဟု မမျှော်လင့်ထားကြ။ထို့အပြင် ယင်းအမျိုးသားက အညံ့ခံထားသည့် အမတ်မင်းတစ်ယောက်လည်း ဖြစ်သေး၏။ အမျိုးသားဖြစ်သည် အမျိုးသမီးဖြစ်သည် မေ့ထားလျှင်တောင် အမတ်မင်း၏ သရုပ်နှင့်တင် ပြည်သူလူထုက လက်ခံနိုင်မှာ မဟုတ်ပေ။


ရွှယ်ကျွင်းလျန်ကတော့ တိတ်ဆိတ်၍သာနေဆဲပင်။ သူက ဘယ်သူများ ကန့်ကွက်ရန်အရင်ဆုံးထလာမလဲဆိုသည်ကို ကြည့်ဖို့ စောင့်နေပေမဲ့ မည်သူက သူတို့၏အမြင်ကို မပြောဝံ့ကြပေ။ ရုတ်တရတ် စစ်မက်ရေးရာ ဌာနမှလူတစ်ယောက်အပြင်မှာ ရောက်လာပြီး ခန်းမထဲသို့ ဝင်ခွင့်တောင်းနေ၏။


စစ်မက်ရေးရာ ကိစ္စနှင့် သက်ဆိုင်သည့် အရေးပေါ်ကိစ္စသာမဟုတ်ပါလျှင် ဘယ်သူကမှ ရွှယ်ဝမ် မနက်ခင်းညီလာခံကျင်းပနေစဥ်တွင် လာရဲမှာမဟုတ်ပေ။ ရွှယ်ကျွင်းလျန်က ဝင်ခွင့်ပြုလိုက်ပြီး ကျန်းယွီ့အား စစ်မက်ရေးရာ အစီရင်ခံစာကို ယူပြီး သူ့ဆီကမ်းစေသည်။


 အကြိမ်အနည်းငယ် ကြည့်ပြီးနောက် ရွှယ်ကျွင်းလျန်က ရွှယ်ဟုန်ယမ်ကို အစီအရင်ခံစာလာပြီး ဖတ်ခိုင်းလေ၏။


ရုံးတော် ဝန်မင်းများ အစီရင်ခံစာကို ကြားရသည်နှင့် ညီလာခံထဲရှိတီးတိုးသံများက ပို၍ ကျယ်လောင်လာကြသည်။ ကျန်းဟုန်က ဖုန့်တိုင်းပြည်ကို ကျူးကျော်ဖို့ ကြိုးစားခဲ့ပြီး ဖုန့်စစ်တပ်၏ မိုင်80အကွာအထိ မောင်းထုတ်ခြင်းခံခဲ့ရ၏။ သူ ဖုန့်တိုင်းပြည်ကို နောက်တစ်ကြိမ်တိုက်ခိုက်ဖို့ ကြောက်ရွံ့သွားမှာပင်။


ဖုန့်တွေ၏ မောင်းထုတ်ခြင်းကို ခံခဲ့ရပြီးနောက် ယခုသူက ရွှယ်တိုင်းပြည်ကို မျက်စိကျနေပြန်သည်။ သူက မင်မြစ်သို့ ရောက်ရှိနေပြီဖြစ်ကာ မြစ်ကို ဖြတ်၍ ရွှယ်ကို တိုက်ဖို့ အဆင်သင့်ဖြစ်နေ၏။


ကျန်းဟုန်က ရဲရင့်ပြီး အရင်းအမြစ်ကြွယ်ဝသော်ငြား မိုက်ရူးရဲဆန်ပြီး သံသယဖြစ်ဖွယ်ကောင်းကာ အနှီကြမ်းကြုတ်ရက်စက်သည့် စစ်တပ်ကို ရင်ဆိုင်နိုင်မှာမဟုတ်ပေ။ သူ့စစ်သည်များက နယ်စပ်သို့ ခြေလှမ်းချနေပြီဖြစ်ရာ သူ့အနေဖြင့် ရန်သူ့ကို ထွက်ကာ တိုက်ရပေတော့မည်။


ရွှယ်ကျွင်းလျန် အောက်က လူအုပ်ကိုစိုက်ကြည့်ကာ ပြောလိုက်၏။

"ဘယ်လိုလဲ...အိုက်ချင်းတို့ အခုလေးတင် အာလာပသလ္လာပတွေ ပြောနေကြတာမဟုတ်ဘူးလား...အခု ဘယ်သူ့မှာ တန်ပြန်အစီအမံရှိလဲ"


တချို့က အမတ်မင်း ဝမ်နျန်က ရန်သူနှင့်ရင်ဆိုင်ဖို့ စစ်သည်တွေ ပို့နိုင်ကြောင်းဆိုကြသည်။ ရွှယ်ဟုန်ယန်က စစ်ပွဲထဲတွင် ထူးချွန်သည့် အောင်မြင်မှုတွေ  ရရှိခဲ့၏။ သူသာ စစ်ပွဲကို သွားပါလျှင် သူက ကျန်းဟုန်ကို သေချာပေါက် အနိုင်တိုက်နိုင်မှာဖြစ်လေသည်။


ဝန်မင်းတချို့ကတော့ အမတ်မင်း ဝမ်နျန် စစ်ပွဲကို သွားဖို့မလိုအပ်ဟု ထင်ကြ၏။ သူတို့က ကျန်းဟုန်.. ရွှယ်ကို အမှန်တကယ် ကျူးကျော်ဖို့ တကယ်ကြီး ဝံ့ရဲမည်ဟု မထင်ကြပေ။အဆုံးမတော့ သူက အခုလေးတင်မှ ဖုန့်တိုင်းပြည်၏ အနိုင်ယူခံခဲ့ရခြင်းဖြစ်ပြီး သူတို့သူ့ကိုသေချာပေါက် မုန်းတီးနေကြမှာဖြစ်သည်။ ယခု ဖုန့်တွေက ကျန်းဟုန်ကို မောင်းထုတ်လိုက်သည်ရာ သူတို့မုချကို သူ့နောက်မှ လိုက်လာကြမည်ဖြစ်၏။


ရွှယ်ဟုန်ယန်က အခြေအနေကို မျက်မှောင်ကြုတ်ကာ စဥ်းစားနေသည်။ သူကိုယ်တိုက်သာ ထွက်တိုက်ပါက ကျန်းဟုန်က မြစ်ကိုဖြတ်ပြီး နယ်စပ်သို့အပြေးချီတက်ပြီးနေပြီဖြစ်ကာ တိုက်လိုက်ဖို့ရာ အဆင်ပြေမှာမဟုတ်ပေ။ ကြိုတင်ကာကွယ်မှုတွေသာ လုပ်မထားပါက ကျန်းဟုန်အတွက် လုံးဝကို လာပြီးတိုက်ဖို့ မဖြစ်နိုင်ပေ။


ရွှယ်ကျွင်းလျန် ခဏလောက်စောင့်ခဲ့သော်လည်း ဘယ်သူမှ ထပ်မပြောကြချေ။ နောက်ဆုံးတွင် သူကပြောလိုက်၏။


"ထန့်ယင်း...မောင်မင်းက အတော်လေးသက်တောင့်သက်သာ ဖြစ်နေပုံရတယ်...မောင်မင်းမှာ ရန်သူကို အနိုင်တိုက်ဖို့  ကောင်းမွန်တဲ့ အစီအစဥ်တကယ်ကို ရှိနေတာလား"


ထန့်ယွင်က အမည်တပ်အပြော  ခံလိုက်လိုက်ရသဖြင့် ရှေ့ကို တက်ကာ လျှောက်လိုက်သည်။


"ဒီအရာရှိမင်းမှာ အမှန်ကို ရန်သူတွေပြန်ဆုတ်သွားအောင် လုပ်နိုင်မဲ့ အစီအစဉ်တစ်ခုရှိပါတယ်"

 

ရွှယ်ဝမ်က သူ့ကို အမျိုးသားကိုယ်လုပ်တော်အဖြစ် တော်ကောက်တော့မှာမှန်း ကြားရချိန်တွင် အရာရှိမင်းအများစုက သူ့ကို စက်ဆုပ်ရွံရှာကုန်ကြ၏။ ယခု ဧကရာဇ်က သူ့အမြင်ကို မေးမြန်းသည်ကို ကြားလျှင် လှောင်ပင် လှောင်ပြောင်ချင်ကြသော်ငြား သူဘာပြောမည်ကိုလည်း ကြားချင်ကြသည်။


ထန့်ယွင်က ပြောလိုက်၏။


"ကျန်းဟုန်က ဖုန့်တိုင်းပြည်ကို ကျူးကျော်ခဲ့ပြီး ဖုန့်စစ်သည်တွေဆီမှာ ရှုံးသွားတာက သူ့ကို နောက်ပြန်ဆုတ်စေခဲ့တယ်...ဒီလိုအခြေအနေမှာ ဖုန့်ဘုရင်က သူ့ကို သေချာပေါက် လိုက်မှာမဟုတ်ဘူး...စစ်ပွဲတစ်ခုပြီးတဲ့နောက်မှာ တိုင်းပြည်က အခွံဖြစ်ပြီး အားနည်းသွားပါတယ်...ဖုန့်တိုင်းပြည်က သဘာဝအတိုင်း  ကျန်းဟုန်ပြန်လှည့်သွားတာကိုကြည့်ပြီး ပျော်နေကြမှာပါ...ဆုတ်ခွာသွားတဲ့ ရန်သူကို မလိုက်တာက ကောင်းပါတယ်...အခု အရှင်မင်းကြီး ကျန်းဟုန်နဲ့ တိုက်မှာက ဖုန့်တိုင်းပြည်ကို သူတို့စစ်သည်တွေနေရာချစေလိမ့်မယ်...ဘာလို့ အဲ့လို မလုပ်ရမှာလဲ...ကြိုတင်ပြင်ဆင်မှုတွေသာ လုပ်မထားဘူးဆိုရင် အချိန်ကျလာတဲ့အခါ ကျွန်တော်မျိုးတို့ 

ကျန်းဟုန် မင်မြစ်ရဲ့ မြောက်ပိုင်းဒေသတွေမှာ အခြေကုပ်ယူဖို့ ခွင့်ပြုရုံသာရှိမှာ..."

87.2


ထန့်ယွင် စကားပြော၍ ပြီးသွားပြီးနောက် လူတိုင်း ငြိမ်ကုန်ကြပြီး သူတို့ ဤအမြင်ကို သဘောတူဟန်ဖြစ်သည်။


ထို့နောက် ထန့်ယွင်က ဆက်ပြောလိုက်၏။


"ဒီအရာရှိမင်းက မင်မြစ်တောင်ပိုင်းရဲ့ ရာသီဥတုက များသောအားဖြင့် စိုစွတ်ပြီး မိုးရွှာနေလေ့ရှိကြောင်း ကြားဖူးပါတယ်...မင်မြစ်ရဲ့မြောက်ပိုင်းက အေးလွန်း၍ ရေစက်ကျရင်တောင် ခဲပါတယ်...ရွှယ်တိုင်းပြည်ရဲ့ စစ်သားအများစုက မြောက်ပိုင်းသားတွေဖြစ်ပြီး ရေကြောင်းတိုက်ပွဲအတွက် မသင့်လျော်ပါဘူး...ကျန်းဟုန်ရဲ့ စစ်သည်အများစုကလည်း ရေထဲမှာ မတိုက်ခိုက်နိုင်တဲ့ စစ်သည်တွေဖြစ်ပေမဲ့ ထိတ်တိုက်ရင်ဆိုင်ကြတဲ့အခါမှာ မြေကြီးလက်ခတ်မလွဲ  နှစ်ဖက်လုံးရဲ့ စစ်တပ်က သူတို့ရဲ့ စစ်သည်တွေ ဗိုလ်ချုပ်တွေ ဆုံးရှုံးကြရမှာပါ...ကျွန်တော်မျိုး စိုးရိမ်မိတာက ဖုန့်တိုင်းပြည်က အဲ့ဒီကနေ အကျိုးအမြတ်ရသွားမှာကိုပါ...ဧကရာဇ်က စစ်သည်တွေကို မင်မြစ်ကို သိမ်းယူစေပြီး မြစ်ကမ်းမှာ တပ်ချခိုင်းလို့ရပါတယ်...အေးတဲ့ညတစ်ညအပြီးမှာ မြစ်ကမ်းမှာရှိတဲ့ ရေတွေကအေးခဲကုန်မှာပါ...သဘာဝအတိုင်း ရန်သူရဲ့ စစ်သည်တွေနဲ့ မြင်းတွေ အကြီးအကျယ် ဖရိုဖရဲ ဖြစ်ကြမယ်...ဒီအချိန်မှာ အရှင်မင်းကြီးက မြစ်ကို မီးရှို့ပြီး ရန်သူတွေကိုရေထဲ မောင်းချလို့ရပါတယ်"


ရွှယ်ကျွင်းလျန် မရယ်ဘဲ မနေနိုင်တော့ကာ ပြောလိုက်၏။

"ကုက မောင်မင်းကိူ မှားယွင်းပြီး ကောက်ချက်မချခဲ့ဘူးပဲ"


သူက ခဏရပ်ပြီး ဆိုလိုက်သည်။

"ထန့်ယင်းရဲ့ ဉာဏ်ရည်က ကုကို သူငယ်ချင်းဟောင်းတစ်ယောက်ကို အမှတ်ရစေတယ်"


သူထိုသို့ပြောလိုက်သည်နှင့် ထန့်ယွင်၏နောက်ကျောက အေးခဲသွား၏။ သူ အခုလေးတင် တင်ပြခဲ့သည့် စစ်ပွဲအနုပညာက သူ့ကို လုံးလုံးလျားလျား  မသက်မသာ ဖြစ်စေသည်။ လန့်ကျင်း၏ ယခင်စကားများကို တွေးတောကာ ဧကရာဇ်ထည့်ပြောသည့် သူငယ်ချင်းဟောင်းက ဖုန့်တိုင်းပြည်၏ မင်းသမီးကြီး၊ ရွှယ်ကျွင်းလျန်၏ သွားလေသူ ဧကရီဖြစ်ကြောင်း သဘာဝအတိုင်း ထန့်ယွင်စဥ်းစားမိပါ၏။


ရွှယ်ကျွင်းလျန်က ပြောလေသည်။


"ဒီနည်းနဲ့ဆို အမတ်မင်း ဝမ်နျန် စစ်ထွက်တိုက်စရာမလိုဘူးလို့ ကုခံစားရတယ်...ဒီညီလာခံ အစည်းအဝေးပြီးရင် ရွှယ်ဟုန်ယန်က တစ်ယောက်ယောက်ကို မင်မြစ်က စစ်သည်တွေကို ချက်ချင်း သတင်းပို့ခိုင်းပြီး စစ်သည်တွေကို အစီအစဥ်တွေ အတိုင်းဆောင်ရွက်ခိုင်းလိမ့်မယ်"


စစ်မက်ရေးရာ ကိစ္စကို ဖြေရှင်းပြီးသည့်နောက် ရွှယ်ကျွင်းလျန်က ဝန်မင်းတွေကို အမတ်မင်းထန့်နန်ကို တော်ဝင်ကိုယ်လုပ်တော်အဖြစ် တင်​မြောက်မည့် အကြောင်းနှင့်ပတ်သတ်၍ သူတို့အမြင်များကို ထပ်မေးလိုက်၏။ ဤအချိန်တွင် မည်သူကမျှ ကန့်ကွက်စကား မဆိုဝံ့ကြချေ။ အရာရှိမင်းများစွာက ရွယ်ဝမ်က ဤလူကို အဘယ်ကြောင့် တော်ဝင်မောင်းမဆောင်ထဲထည့်လိုကြောင်း နားလည်သွားကြသည်။ ထန့်ယွင်၏ ယ ဉာဏ်ပညာက အနှီရွှယ်များကို ကြောက်လန့်သွားစေ၏။


မနက်ခင်း ညီလာခံအပြီးတွင် ရွှယ်ကျွင်းလျန်က ထန့်ယွင်ကို ထွက်သွားခွင့်မပြုဘဲ ရွှယ်ဟုန်ယန်အတွက် စစ်မိန့်ရေးသားစေသည်။ အဆုံးမတော့ အစီအစဥ်က သူ့အကြံဖြစ်သည့်အတွက် သူ့အနေဖြင့် ထိုဟာကို ချရေးကာ မွမ်းမံစရာလိုသည်ပင်။


ရွှယ်ကျွင်းလျန် နန်းတော်သို့ သူ့ဘာသူပြန်သွား၏။ လန့်ကျင်းက ထိုနေရာတွင် ဒူးထောက်နေဆဲဖြစ်ပြီး တစ်လှမ်းမှ မရွေ့ခဲ့ပေ။

 

ရွှယ်ကျွင်းလျန် ပြုံးကာဆိုလိုက်သည်။


"ကုက မောင်မင်းကို စောင့်နေဖို့ပဲပြောတာပါ...ကု မောင်မင်းကို တစ်ချိန်လုံး ဒူးထောက်နေဖို့ မပြောပါဘူး...မောင်မင်း ဘာလို့ မထတာလဲ"


လန့်ကျင်းက လျှောက်တင်လာ၏။


"ဧကရာဇ်က ဒီအရေးမပါတဲ့လူကို စောင့်နေဖို့ပဲ မိန့်ခဲ့ပြီး ထဖို့ မပြောခဲ့ပါဘူး... ဒီအရေးမပါတဲ့လူက ဧကရာဇ် စိတ်မကျေနပ်စေမှာ စိုးလှပါတယ်"


ရွှယ်ကျွင်းလျန် ရယ်မောလိုက်သည်။


"ကုက မောင်မင်းကို တကယ်အင်မတန် လေး

စားတယ်...ဒါပေမဲ့ တစ်ခါတစ်ရံမှာ ကုက မောင်မင်းရဲ့ပါးစပ်ကိုလည်း အင်မတန် မုန်းတီးမိတယ်"


သူထိုသို့​ ပြောပြီးသည်နှင့် လန့်ကျင်းကို တစ်ခုတလေမှ ပြောဖို့ အချိန်ထက်မပေးတော့ဘဲ ဆိုလိုက်၏။


"ကုကို ခုနတုန်းက မောင်မင်းပြောတော့မဲ့အရာကို ပြောစမ်းပါ... ကဲစတော့"


သို့ပေမဲ့ လန့်ကျင်းက ကြမ်းပြင်ပေါ်မှာ ပြန်ဒူးထောက်ပြီး သူ့ခေါင်းကို ကြမ်းနှင့်တိုက်ကာ အသံကျယ်ကျယ်ဖြင့် လျှောက်တင်လေသည်။


"အရှင်မင်းကြီး... ကျေးဇူးပြု၍ မြို့တောင်ပိုင်းက အမတ်မင်းကျန်းကျန်းရဲ့ နေအိမ်တော်က အစောင့်တွေကို အရင် ရုတ်သိမ်းပေးတော်မူပါ....လန့်ကျင်း အရှင်မင်းကြီးကို အရာအားလုံး လျှောက်တင်ပါ့မယ်"

 

"ကုက မလုပ်ရင်ရော..."


"လန့်ကျင်းက စာအုပ်ကြီးသမားပါ...လုရှစ်ချန်ထက် ပိုပြီး သစ္စာမရှိပေမဲ့ ပင်ကိုယ်စိတ်ကတော့ 

လုရှစ်ချန်နဲ့ အတော်ကလေးတူပါတယ်"


ရွှယ်ကျွင်းလျန်က ဘာမှဆိုမလာဘဲ အမူအရာမဲ့နေဆဲပင်။ သူက ကျန်းယွီ့ကို ခေါ်ပြီး အမတ်မင်း ကျန်းကျန်း နေအိမ်တော်က အစောင့်များကို ကိုယ်တိုင်သွား ရုတ်သိမ်းဖို့ ပြောလိုက်၏။


ထို့နောက် သူက ပြုံးကာ ဆိုလေသည်။


"လန့်ကျင်းရေ...လန့်ကျင်း... မောင်မင်း သူ့ကို တစ်ခါကယ်တင်နိုင်ပေမဲ့ သူ့တစ်ဘဝလုံး ကယ်တင်နိုင်လို့လား...မျက်လုံးဖွင့်ပြီး မောင်မင်းဘယ်သူ့ကို သစ္စာရှိရမလဲဆိုတာ ကြည့်စမ်းပါ"


လန့်ကျင်း၏ မျက်နှာထက်တွင် ခါးသီးသော အပြုံးတစ်ခု ဖြတ်ပြေးသွားကာ ​ပြောလာ၏။

"ကြီးမြတ်လှတဲ့ ဧကရာဇ်က ဒီအရေးမပါတဲ့လူကိုသေခြင်းတရားကနေ ကယ်တင်ဖို့ သူ့ရဲ့*ရွှေစကားတွေကို သဘောတူနိုင်ရဲ့လား"

(T/N– လူကြီးလူကောင်းရဲ ကတိ)


ရွှယ်ကျွင်းလျန် တုန့်ပြန်လာသည်ကို မစောင့်ဘဲ 

သူကဆက်ပြောလိုက်၏။


"အရှင်မင်းကြီး ကျွန်တော်မျိုးကို မသတ်နိုင်ပါဘူး...အရှင်မင်းကြီးက ကျွန်တော်မျိုးကို စိတ်ရင်းနဲ့ သတ်ချင်တယ်ဆိုရင် အကြောင်းပြချက်တောင်ရှာစရာမလိုပါဘူး...ဘယ်လိုပဲဖြစ်ဖြစ် လူတွေက အရှင်မင်းကြီးကို အာဏာရှင်လို့ မြင်ကြတာလေ...ကျွန်တော်မျိုးရဲ့သခင်က ကျွန်တော်မျိုးကိုကယ်တင်ခဲ့တာပါ...ဒီကိစ္စမှာ ဘယ်သူက သဘောပေါက်သင့်လဲ...အရှင်မင်းကြီးရဲ့ နှလုံးသားထဲမှာ တရားမျှမျှတတ စီရင်နိုင်ပါတယ်ဘုရား"


ရွှယ်ကျွင်းလျန်က စကားမပြောသည်ကိုမြင်လျှင် လန့်ကျင်း အနီးနားရှိ အစေခံများကို သူ့အတွက် နှင်လွှတ်မှာကို စောင့်နေလိုက်သည်။


xxxxxxx