အပိုင်း ၈၈
Viewers 14k

Chapter 88


ထန့်ယွင်နှင့် ရွှယ်ဟုန်ယန်တို့ စစ်မက်ရေးရာဌာနသို့ စစ်ပွဲအတွက် အစီအစဥ်တွေရေးဆွဲရန်နှင့်စစ်မိန့်ရေးရန် သွားခဲ့ကြသည်။ စစ်မက်ရေးရာဌာန၏ အရာရှိများက အနှီတိုင်းတပါးသားဝန်မင်းကို အယုံအကြည်မရှိကြသော်လည်း ရန်သူကို တွန်းလှန်ခုခံမည့် နည်းဗျူဟာကို အတူတကွ ဆွေးနွေးကြသောအခါတွင်မူ မကောင်းမြင်စိတ်များလျော့ပါးသွားကြ၏။ ထန့်ယွင့်၏ဉာဏ်ရည်က အမှန်ပင် လူတွေအား ယုံကြည်လက်ခံရုံမှလွှဲ၍ ရွှေးချယ်စရာမရှိအောင်ဖြစ်စေသည်။ 


စစ်မိန့်ကို မူကြမ်းရေးဆွဲပြီးသောအခါတွင် သူတို့အနေဖြင့် ရွှယ်ဝမ်ကို တစ်ချက်လောက် စေ့စေ့စပ်စပ်စစ်ဆေး ကြည့်စေချင်ကြသည်။ ထို့အတွက် ထန့်ယွင်နှင့် ရွှယ်ဟုန်ယန်လည်း နန်းတော်သို့ အတူတူပြန်သွားကြ၏။

 


ခန်းမဆောင်၏ဝင်ပေါက်၌ မတ်တပ်ရပ်နေသော ကျန်းယွီက ပြောလေသည်။

"ဧကရာဇ်က လန့်ကျင်းကို ဆင့်ခေါ်ထားပြီးတော့ ဘယ်သူမှဝင်မလာဖို့ ညွှန်ကြားထားပါတယ်"


သူ ဤသို့ပြောလာချိန်တွင်  လန့်ကျင်း အစောတုန်းက ရွှယ်ကျွင်းလျန်ကို ဧကရီအ​ကြောင်း တစ်ခုခုပြောတော့မည့်ဟန်ဖြစ်သည်ကို ထန့်ယွင့် ရုတ်တရက် အမှတ်ရသွား၏။ 


 ထန့်ယွင်နှင့် လန့်ကျင်းတို့ဟာ အရင်တုန်းက အဆက်အဆံမရှိခဲ့ပေ။ သူ သူ့ကို မြင်ဖူးသည့်အချိန်ကား အမတ်မင်းကျန်းကျန်းကို ဧည့်ခံတုန်းကသာ ဖြစ်လေသည်။ လန့်ကျင်းက ရွှယ်ယွီ၏လက်အောက်မှဖြစ်သဖြင့် လန့်ကျင်းက သူ့ကိုသိသည် သို့မဟုတ် သူ့အကြောင့်ကိုများစွာနားလည်သည်ဟု သူမခံစားရသော်လည်း ဤလူက လူတွေ၏စိတ်ကို မည်သို့ဖတ်ရမှန်းသိသည့်အတွက် ထိုဟာက သူ့အား အနည်းငယ် မသက်မသာဖြစ်စေပြီး သူ့နှလုံးသားကို ကြမ်းကြမ်းတမ်းတမ်း ယိမ်းထိုးလာစေသည်။ 


လန့်ကျင်းကတော့ ကြမ်းပြင်ထက်မှာ ဒူးထောက်လျက်ဆဲပင်။ ရွှယ်ကျွင်းလျန် လန့်ကျင်း၏တောင်းဆိုမှုကို ခွင့်ပြုရန် အမိန့်ထုတ်ပြီးနောက် ပြောလိုက်၏။


"အခု မောင်မင်း ကုကို အကုန်လုံး ပြောပြလို့ရပြီမလား"


လန့်ကျင်းက ပြော လာသည်။

"ဒီအရေးမပါတဲ့လူ လျှောက်တင်မှာက သက်သေမရှိဘဲ ထင်ကြေးပေးရုံသက်သက်ပါ" 


 ရွှယ်ကျွင်းလျန် သရော်လိုက်သည်။


"မောင်မင်းအခုပြောနေတဲ့အရာရဲ့ လေးနက်မှုကိုရော မောင်မင်းသိရဲ့လား"


"ဒီအရေးမပါတဲ့လူမှာ ဖုန့်တိုင်းပြည်ကို ခရီးထွက်ဖူးကြတဲ့ ကိုယ်ခံပညာ ဆရာနဲ့ အစ်ကိုတွေရှိတာကြောင့် ဖုန့်တိုင်းပြည်ရဲ့မှင်သက်ဖွယ် အတွေ့အကြုံ အချို့ကို ကြားခဲ့ဖူးပါတယ်...ဖုန့်တိုင်းပြည်ရဲ့ အကြီးဆုံး မင်းသမီးဟာ ပျော့ညံ့ပြီး သိမ်မွေ့ တဲ့စရိုက်ရှိသူ အမျိုးသမီးတစ်ယောက်လို့ ပြောကြပါတယ်...သူမက အချုပ်အလုပ်ကျွမ်းကျင်တဲ့သူတစ်ယောက်ပါ...ရှေးရိုးဆန် စည်းကမ်းရှိပြီးတော့  စစ်ပွဲ အနုပညာကို မဆိုထားနှင့် စာဖတ်ခြင်းနဲ့ လက်ရေးလှရေးသားခြင်းကိုတောင် ဘယ်တုန်းကမှ မသင်ကြားခဲ့ရပါဘူး"


ရွှယ်ကျွင်းလျန်က မှင်သေသေဖြင့်သာ နားထောင်နေပြီး ပြောလိုက်သည်။


"မောင်မင်း ပြောသလိုဆို...ဒါက မောင်မင်းရဲ့ ခန့်မှန်းချက် လေ"


"ဒီဟာရဲ့ အကောင်းဆုံး သက်သေကတော့ ဖုန့်ဘုရင်နဲ့ ဗိုလ်ချုပ် ကျောက်လုရဲ့ကြားမှာဖြစ်ခဲ့တဲ့ကိစ္စပါ...အကြီးဆုံးမင်းသမီးက ဖုန့်ဘုရင်ရဲ့ တစ်ဦးတည်းသောဆွေမျိုးပါ...တစ်ချိန်တုန်းက သူမက သူတို့နှစ်ယောက်အတူတူရှိနေတာကို ဆန့်ကျင်တဲ့စကားပြောမိတာကြောင့်အတွက်လေးနဲ့ အဝေးမှာ လက်ထပ်ဖို့အပို့ခံလိုက်ရတာပါ"


လန့်ကျင်းက ပြောကာ ရယ်လေ၏။


" အကြီးဆုံးမင်းသမီးကို ဝေးလံတဲ့နေရာကို လက်ဆက်ပေးလိုက်တာအတွက် ဖုန့်ဘုရင်မှာ တခြားရည်ရွှယ်ချက်ကောင်းအချို့ရှိနေမယ်လို့ ဧကရာဇ်က ထင်နိုင်ပါ့မလား"


ရွှယ်ကျွင်းလျန် ရယ်ရယ်မောမောဖြင့် ပြောလိုက်သည်။ 


"လန့်ကျင်း... ကုက မောင်မင်းကို ပြိုင်ဘက်ကင်း အရည်အချင်းရှိလို့ ချီးမွမ်းတာနဲ့ပဲ မောင်မင်းက ခေါင်းဖြတ်ကွပ်မျက်မခံရတော့ ဘူးလို့ထင်နေတာလား...မောင်မင်းရဲ့အရည်အချင်းကို အခြေခံပြီး ဒီဧကရာဇ်ကို ထပ်ခါထပ်ခါ ဆွနိုင်မယ်လို့ မောင်မင်းထင်နေတာလား"


လန့်ကျင်းက ​ပြောလေ၏။


"ခွင့်လွှတ်တော်မူပါ အရှင်မင်းကြီး... ဒီအရေးမပါတဲ့လူက သေသင့်ယောကျာ်းတစ်ယောက်ဖြစ်ပြီးတော့ လောကကြီးထဲမှာ မနေဝံ့ပါဘုရား"


သူက ခဏရပ်လိုက်ပြီး ၎င်းနောက် ဆက်ပြောလေသည်။


" အရှင်မင်းကြီး ဧကရီရဲ့အပြုအမူတွေကို အာရုံစိုက်ခဲ့မိသလားဆိုတာ ကျွန်တော်မျိုးမသိပါဘူး...အရင်တုန်းက အမတ်မင်းကျန်းကျန်းက ဖုန့်တိုင်းပြည်ကို သွားခဲ့ဖူးပြီးတော့ အကြီးဆုံးမင်းသမီးအကြောင်းကို ဒီအရေးမပါတဲ့လူကို ​ပြောပြခဲ့ဖူးပါတယ်...ဧကရီရဲ့ ပြောင်းလဲမှုက ကြီးလွန်းနေတယ်လို့ အရှင်မင်းကြီး မထင်မိဘူးလားဘုရား...အဲဒါကြောင့် ယွင်ဖုန့်နန်းဆောင်မှာနေခဲ့တာက အကြီးဆုံးမင်းသမီးမဖြစ်နိုင်ပါဘူး"


"အိုး...မောင်မင်းပြောနေတာက ဧကရီက အလဲခံထားရတယ်လို့လား"


"ဒီအရေးမပါတဲ့လူလည်း အဲ့လိုလားဆိုတာကို မသေချာပါဘူး အရှင်မင်းကြီး... ဒါပေမဲ့ အမတ်မင်း ကျန်းကျန်းရဲ့ ခရီးစဥ်တွေ အတောအတွင်းမှာ ဖုန့်တိုင်းပြည်ကို သွားခဲ့ပြီး အကြီးဆုံးမင်းသမီးနဲ့ အဆက်အသွယ်ရှိခဲ့ပါတယ်...တစ်ချိန်က မြို့တော်မှာ အမတ်မင်းကျန်းကျန်းနဲ့ အကြီးဆုံးမင်းသမီးတို့နဲ့ ပတ်သတ်ပြီး ကောလဟာလတချို့တောင် ရှိခဲ့ဖူးပါတယ်...


အရှင်မင်းကြီးလည်းပဲ ကြားဖူးရမှာပါ...တကယ့် အစစ်အမှန်က ကောလဟာလဆက်ဆံရေးထဲကလောက် မနက်ရှိုင်းပေမဲ့ ဒီအရေးမပါတဲ့လူကို အကြီးဆုံးမင်းသမီးနဲ့ အမတ်မင်းတို့က တစ်ယောက်နဲ့တစ်ယောက် သိကြပြီး အချို့သော ရံဖန်ရံခါ အပြန်အလှန်ဆက်သွယ်မှုတွေရှိခဲ့ကြကာ အချိန်အတော်ကြာမှသာ ပြတ်တောက်သွားခဲ့ကြတာလို့ အမတ်မင်း ကျန်းကျန်းကပြောပါတယ်...နောက်ပိုင်းမှသာ အမတ်မင်းကျန်းကျန်း နန်းမြို့တော်ကို ပြန်ရောက်လာပြီး အကြီးဆုံးမင်းသမီးကို ပြန်တွေရတဲ့အချိန်မှာ အကြီးဆုံးမင်းသမီးက သူ့ကို သူမဘဝမှာတစ်ခါမှမတွေ့ဖူးတဲ့လူလို့ပြုမူဆက်ဆံပါတယ်...အဲ့ဒီအချိန်တုန်းက ဒီနိမ့်ကျတဲ့အစေခံ လည်း ရှိနေခဲ့ပါတယ်...​နောက်ပြီး ဧကရီက အမတ်မင်းကို မသိဟန်ဆောင်ခြင်း မေ့နေခြင်းလည်းမဟုတ်ပါဘဲ သူမ သူ့ကို အရင်က တကယ်ကို တစ်ခါမှ မမြင်ဖူးတဲ့ အမူအရာပါ"


လန့်ကျင်းက ခဏရပ်ကာ တွေးတောနေပြီးမှ ဆက်​ပြောလာသည်။


"အဲဒီအပြင် ဧကရီက ထန့်လူမျိုးတစ်ယောက် အဖြစ်နိုင်ဆုံးပါ"


ရွှယ်ကျွင်းလျန် မသိမသာ တုန်ရီသွားပြီး ၎င်းနောက်မေးလိုက်၏။


"ဒါကရော ထင်ကြေးပဲလား"


လန့်ကျင်းက လျှောက်တင်လာသည်။


"ဒီအရေးမပါတဲ့လူက ဧကရီနဲ့ထန့်ရှန်တို့က ဆက်ဆံရေးကောင်းတယ်လို့ကြားမိပါတယ်...အရှင်မင်းကြီးလည်း ထိုအကြောင်းကိုကြားပြီးသားဖြစ်မှာပါ...ဒီအရေးမပါတဲ့လူက ဧကရီက ထန့်တိုင်းပြည်ရဲ့ဓလေ့ထုံးစံတွေအကြောင်းကို များစွာသိကြောင်းလည်း ကြားမိပါတယ်...ဖုန့်တိုင်းပြည် နဲ့ ထန့်တိုင်းပြည်တို့ဟာ ကာလရှည် စစ်ပွဲဖြစ်ပွားနေခဲ့ပြီး နှစ်နိုင်ငံပြည်သူများ အချင်းချင်း အပြန်အလှန် ဆက်ဆံမှုမရှိတဲ့အပြင် ဧကရီကလည်း တော်ဝင်မောင်းမဆောင်မှာပဲ တလျှောက်လုံး နေထိုင်ခဲ့ခြင်းကို ထည့်သွင်းစဥ်းစားပါက  ထန့်နိုင်ငံရဲ့ ဓလေ့ထုံးစံတွေကို သူမ သိနိုင်ပါ့မ​လားဘုရား... ထန့်ရှန် ကိုရော သူမ ဘယ်လိုသိသလဲ... ဒါ့အပြင် သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက မျှော်လင့်ထားတာထက် ပိုနီးစပ်ခဲ့တယ်မဟုတ်ပါလားဘုရား...ဒီအရေးမပါတဲ့လူက အရှင်မင်းကြီးအနေနဲ့ ဧကရီအစစ်ဟုတ်မဟုတ်   ထန့်လူမျိုးဟုတ်မဟုတ် သိလိုပါက  ထန့်ရှန်နဲ့ စတင်ရမှာဖြစ်ကြောင်း အကြံပြုပါရစေ... အရှင်မင်းကြီး အဲဒါကို စစ်ဆေးဖော်ထုတ်ဖို့ အခွင်အရေးတစ်ခုနှစ်ခုလောက်ရှာရပါမယ်...အဲဒီအပြင် ဧကရီနောက်ပါးကိုလိုက်တဲ့လူတွေကိုလည်း စစ်ဆေးမေးမြန်းလို့ရပါတယ်ဘုရား"

88.2


ရွှယ်ကျွင်းလျန် ခဏမျှ စဥ်းစားခန်းဝင်နေ၏။ လန့်ကျင်း၏စကားများကအဓိပ္ပါယ်ရှိသည်၊သူလည်း ဧကရီကိုသံသယဖြစ်မိပါ၏။တကယ်တမ်းတော့  အတိတ်ကာလတွေတုန်းက သူသိခဲ့ဧကရီနှင့် သူနှင့်အတူတူအချိန်ဖြုန်းခဲ့သောအချိန်တော အတွင်းက ဧကရီတို့၏ ပြောင်းလဲမှုက အတော်လေးကြီးလွန်းနေပေမဲ့ ဧကရီအလဲခံထားရသည်ဟူသောအတွေးက သူ့စိတ်ထဲသို့ တစ်ခါမှ ဝင်မလာခဲ့ပေ။နန်းတော်က အစောင့်အကြပ်ထူထဲလှ၏။ ဧကရီက သူမ၏ဘုရင်မင်းမြတ်ဆီမှ ချစ်မြတ်နိုးမခံရလျှင်ပင်၊ သူက သူမကို မနှစ်သက်လျှင်ပင် သူမကို တစ်ချိန်လုံးစောင့်ကြည့်မနေပေ။ သို့ပေမဲ့ ဘေးနားမှာ လူတွေအမြဲရှိနေကြသည်ဖြစ်၏။ မည်သို့များ တစ်ယောက်ယောက်က ဘယ်သူမှမသိအောင်  လွယ်လင့်တကူ လူလဲနိုင်ပါမည်လဲ။


သူမက အမှန်တကယ် အပြောင်းခံထားရတယ်ဆိုပါစို့...ဒါပေမဲ့ ဒီလိုပြောင်းထားခြင်းရဲ့ရည်ရွယ်ချက်ကဘာလဲ...


အကယ်၍ တကယ်ကို  အရင်ကယွင်ဖုန့်နန်းဆောင်ထဲမှာနေသည့် ဧကရီသာဆိုပါလျှင်လည်း အမှန်မှာ  ဘုရင်မင်းမြတ်အတွက် ဗျူဟာရှင်တစ်ယောက်အနေဖြင့် သူမရှေ့တိုးလာရမည်ဖြစ်သည်။ ရွှယ်ကျွင်းလျန်အတွက် အကြိမ်တိုင်း စစ်ဗျူဟာတွေချမှတ်ပေးခြင်းအားဖြင့် ဧကရာဇ်၏ရှေ့တွင် သူမ၏နေရာကိုတိုးမြင့်အောင်လုပ်၍ရပေသည်။သို့ပေမဲ့ ယခင်က သူမထိုသို့လုပ်ဖို့ တစ်ခါမှ မစဥ်းစားခဲ့။ မည်သည်တော်ဝင် ကိုယ်လုပ်တော်ကများ ဧကရာဇ်ကို မျက်နှာလိုမျက်နှာရမလုပ်ချင်ပါသလဲ။ သူမက တိုင်းပြည်မိခင် ဧကရီတစ်ပါးဖြစ်ပြီးသားဖြစ်သော်ငြား သူမ၏နေရာကို တည်​ငြိမ်အောင်ထိန်းရရန်နှင့် ဖီးနစ်တံဆိပ်တုံးကို မြဲမြဲမြံမြံဆုပ်ကိုင်ထားနိုင်ရန် လိုအပ်နေဆဲပင်။


သို့ပေမဲ့  ဧကရီက ဧကရာဇ်နှင့် မနီးစပ်ချင်သလို ဘုရင်မင်းမြတ်ကိုလည်း ရည်ရွယ်ချက်ရှိရှိဖြင့် မျက်နှာလိုမျက်နှာရလုပ်မှာမဟုတ်။ထို့ကြောင့် ထိုအကြောင်းကို စဥ်းစားသည့်အခါတွင် အဓိပ္ပါယ်ရှိပုံရလေသည်။


ရွှယ်ကျွင်းလျန် သူ့အတွေးများကိုစုစည်း၍ လှည့်ကာ ပုလ္လင်ပေါ်မှာထိုင်ပြီး ပြုံးရင်း ဆိုလိုက်၏။

"လန့်ကျင်း... မောင်မင်းက ထက်မြက် တယ်...ဒါပေမဲ့ မောင်မင်းအနေနဲ့ နည်းမှန်လမ်းမှန် ထက်မြက်ဖို့လိုတယ်လို့ မထင်ဘူးလား...ဒါတွေအကုန်လုံးအတွက် မောင်မင်းမှာ ဘာသက်သေရှိလဲ"


"တစ်ခုမှ မရှိပါဘူး အရှင်မင်းကြီး "


"ဟုတ်ပြီ အရမ်းကောင်းတယ်...သက်သေမရှိဘူးဆိုမှတော့ ထင်ကြေးသက်သက်ပဲပေါ့"


ရွှယ်ကျွင်းလျန်က ဗြုန်းစားကြီး သူ့အသံကို မြင့်ကာ ကျယ်ကျယ်လောင်လောင်​ပြောလိုက်သည်။


"ကျန်းယွီ...တစ်ယောက်ယောက်ကို လန့်ကျင်းကို ဆွဲထုတ်ပြီး အများပြည်သူရှေ့မှာ အရေခွံနွှာခိုင်းစမ်း...ဒါအရိုအသေမဲ့ခြင်းနဲ့ မနာခံခြင်းရဲ့အပြစ်ဒဏ်ပဲ..."


ကျန်းယွီက အပြင်မှာစောင့်နေခြင်းဖြစ်ပြီး ရွှယ်ဝမ်၏အသံကို ကြားရသည်နှင့် အလျင်အမြန် တံခါးကိုတွန်းဖွင့်လိုက်၏။.သို့ပေမဲ့ လန့်ကျင်းက တော့ မည်သည့်တုံ့ပြန်မှုမျှမပြဘဲ ကြမ်းပြင်ပေါ်မှာ ဒူးဆက်ထောက်နေကာ အစောင့်တွေဝင်လာပြီး သူ့ကို ဆွဲမသွားမှာကို ဒီတိုင်း ခွင့်ပြုထားသည်။


လန့်ကျင်းက ပြုံးကာဆို၏။


"အရှင်မင်းကြီး ​တွေ့ပါရဲ့လား...ဒီအရေးမပါတဲ့လူက အရှင့်ကို အကြံဉာဏ်မပေးနိုင်တာ ဒါ့ကြောင့်ပါ...ကျွန်တော်မျိုးက အရှင့်ကို အမိန့်အတိုင်း အရာအားလုံး လျှောက်တင်ခဲ့ပေမဲ့ ကျွန်တော်မျိုး သေရတော့မယ်"


ရွှယ်ကျွင်းလျန်က ထိုင်နေလျက်ပင်ဖြစ်ကာ အင်မတန် အေးအေးလူလူရှိနေသည်။ သူက ပြောလိုက်၏။


"ကုအတွက် သူ့ကိုယ်သူ ယဇ်ပူဇော်ပြီး မြေကြီးကို ဆေးနီရောင်မခြယ်နိုင်တဲ့လူက ကြီးစွာသော အရည်အချင်းရှိနေရင်တောင် အသုံးမဝင်ဘူး"


လန့်ကျင်း အေးစက်စွာပြောလိုက်သည်။

"ထန့်ယွင်လိုမျိုးပေါ့"


ရွှယ်ကျွင်းလျန်က ခေါင်းယမ်းကာ ပြုံးပြီးဆို၏။

"မှန်ကောင်းမှန်ဦးမှာပါ...မောင်မင်းက စာပေအကျော်အမော် တစ်ဦးဖြစ်တဲ့အတွက် ကုကိုသာ သစ္စာရှိရင် ရာထုးဂုဏ်အင်တွေမြင့်မားလာမှာ...စိတ်မကောင်းစရာပဲ"


အပြင်ဘက်တွင် ထန့်ယွင်နှင့် ရွှယ်ဟုန်ယန်တို့မှာ ဘာတွေပြောနေကြမှန်းမကြားရပေ။ ကျန်းယွီဝင်သွားပြီး အနည်းငယ်အကြာတွင် အစောင့်တွေဝင်သွားသည်ကို သူတို့ကြည့်နေခဲ့ကြသည်။ထို့နောက် အချိန်တစ်ခုကြာသည်အထိ မည်သူမှထွက်မလာချေ။


ရွှယ်ဟုန်ယန် အနည်းငယ် စိုးရိမ်နေမိသည်။ အထဲမှာဘာတွေဖြစ်နေမှန်း သူမသိပါချေ။  တစ်ခုခုဖြစ်နေမှာကို သူကြောက်ပေမဲ့ စာပေအကျော်အမော်ဖြစ်သည့် လန့်ကျင်းဟာ ကိုယ်ခံပညာရပ်တွေကို မသိသဖြင့်  တကယ်ကြီး အလွန်အကျွံလုပ်နိုင်မှာမဟုတ်ပေ။ 


အပြင်ဘက်ကနေတစ်ခုမှ မကြားရသဖြင့် အထဲမှာဘာတွေပြောနေကြမှန်း သူတို့မသိပါလေ။ ရုတ်တရက် ပင်မခန်းမဆောင်ထဲရှိ ကျောက်စိမ်းလှေကားထစ်များအနီးတွင် အသံတစ်ခုထွက်လာပြီး လူတစ်ယောက် လမ်းလျှောက်လာလေသည်။ထိုသူက အမတ်မင်းဝတ်စုံကို ဝတ်ဆင်ထားလျက်ရှိ၏။ သူ့မျက်နှာက အတန်ငယ် ညှင်းသိုးသိုးဖြစ်နေသော်ငြား သူ၏အသရေနှင့်ဟန်ပန်အမူအရာကိုကား လျော့ပါးမသွားစေခဲ့။ ထိုသူက ရွှယ်ယွီပင်။


အမျိုးသမီးအစေခံက ကျောက်စိမ်းလှေကားထစ်များ၏ရှေ့ရှိ ရွှယ်ယွီကို တားကာ ဧကရာဇ်က မည်သူ့ကိုမျှ အခစားအဝင်မခံဟု အမိန့်ပေးထားကြောင်းသူ့ကို ပြောပြသော်လည်း ရွှယ်ယွီက အတည်မယူဘဲ အထဲကိုသာ ဝင်ချင်နေပုံရသည်။


ရွှယ်ယွီက ခန်းမဆောင်အပြင်ဘက်ရှိ ထန့်ယွင်နှင့် ရွှယ်ဟုန်ယန်တို့ကိုဖြတ်ကာသွား၏။ သူတို့အား 

လုံးလုံးလျားလျား စောင့်းငဲ့ကြည့်ခြင်းမရှိဘဲ ခန်းမဆောင်ထဲဝင်သွားလေသည်။ 


ရွှယ်ကျွင်းလျန်က သူ့ကိုမြင်ရသည့်အခါ အတော်ပင် အံအားသင့်သွားဟန်ရှိသော်ငြား ​အလျင်အမြန် ပြန်လည်တည်ငြိမ်သွားပြီး ပြုံးလိုက်၏။ 

"မောင်မင်းကို နန်းတော်ထဲဝင်ခွင့်ပြုထားတာကို ကုမမှတ်မိပါလား"


"ချန်တိက ခွင့်ပြုချက်မရှိဘဲဝင်လာခဲ့တာပါ"


ရွှယ်ကျွင်းလျန် ပြုံးကာဆိုလိုက်သည်။


"ကုက မောင်မင်းကို တကယ်ကြီး မထိဝံ့ဘူးလို့ ထင်ရအောင်ထိ မောင်မင်းမှာ သတ္တိတွေရှိနေတာလား...ပိတ်လှောင်ခံထားရတဲ့နေ့ရက်တွေမှာ မောင်မင်း လုံလုံလောက်လောက်မပျော်ခဲ့ရဘူးထင်တယ်"


ရွှယ်ယွီ သူ့ဘေးမှာအစောင့်အကြပ်တွေအဝိုင်းခံထားရသည့် လန့်ကျင်းကို စောင်းငဲ့၍သာစိုက်ကြည့်လိုက်ပြီး ရုတ်တရတ် ဒူးထောက်ကာ လျှောက်တင်လိုက်၏။


"ဒီညီတော်က  လန့်ကျင်းကို ဒီတစ်ကြိမ်တော့လွှတ်ပေးဖို့ အရှင်မင်းကြီးကို အသနားခံပါတယ်"

 

"လန့်ကျင်းကို လွှတ်ပေးရမယ်...တိုင်းပြည်တစ်ခုအတွက် ဥပဒေရှိနေခြင်းကဘာလဲ...လူတွေက သူတို့ရဲ့ပြစ်မှုတွေအတွက် ရှင်းလင်းချက်တစ်ခုပေးရဖို့ပဲမဟုတ်ဘူးလား...သက်ဦးဆံပိုင်ဧကရာဇ်ကို ဆန့်ကျင်ခြင်းရဲ့ အကျိုးဆက်တွေကို ပြည်သူတွေမသိသင့်ပေဘူးလား"


ရွှယ်ယွီက စကားပြန်မပြောပေမဲ့ ရွှယ်ကျွင်းလျန်၏အပြုံးကတော့ ပို၍ဖော်ဖော်ရွေရွေရှိလာပြီး ပြောလေသည်။


"လန့်ကျင်းက ကုကို သူ့သခင်ရဲ့ကြင်နာမှုအကြောင်းကို အခုလေးတင်ပြောပြခဲ့တယ်...ဒီရက်စက်ကြမ်းကြုတ်ပြီး မရိုးသားတဲ့လူအပေါ် ထားတဲ့ သူ့ရဲ့သစ္စာတရားအတွက် လန့်ကျင်းက သူ့ရဲ့သေဆုံးခြင်းကနေ နောက်တောင် ပြန်မလှည့်ခဲ့ဘူး...ဒါပေမဲ့ ကုအနေနဲ့ပြောရရင် ရူးမိုက်တဲ့သစ္စာစောင့်သိမှုဟာ လက်မခံနိုင်စရာပဲ...သူ အကြိမ်တစ်ထောင်သေပေးခဲ့ရင်တောင် ဘယ်သူက သူ့ရဲ့ကြင်နာမှုကိုမှတ်မိနေမှာမို့လဲ...မောင်မင်းရောအဲ့လို့မထင်ဘူးလား"


ရွှယ်ယွီ မျက်လွှာပင့်ကာ ရွှယ်ကျွင်းလျန်ကို စူးစိုက်ကြည့်လိုက်ချိန်တွင် တစ်ဖက်လူ၏ပြုံးနေသောမျက်နှာကိုမြင်လိုက်ရပြီး ရွယ်ကျွင်းလန်က သူ့ကိုဆွပေးနေခြင်းဖြစ်ကြောင်း အသေအချာသိသွား၏။


xxxxxxxx