အပိုင်း ၉၀
Viewers 13k

Chapter 90


ရွှယ်ကျွင်းလျန်က ရုတ်တရက် မေးလာသည်။ 

"မောင်မင်း ချင်း(ဂျင်း)မစားဘူးလား"


ထန့်ယွင် ခဏမျှကြက်သေ​သေ သွား၏။ ထို့နောက် ဟင်းထဲတွင် နုတ်နုတ်စင်းကာထည့်ထားသော ချင်းများကို ရွေးပြီး သူ့ပန်းကန်အစွန်းမှာပုံထားမိသည်ကို တွေ့လိုက်ရသည်။ ဤသည်က မသိစိတ်၏ လုပ်ဆောင်မှုတစ်ခုဖြစ်၏။ အကြောင်းမှာ သူဧကရီဖြစ်စဥ်က သူ့မျက်နှာထက်ရှိ အနာများက ထိခိုက်လွယ်ပြီး အနာရင်းနေဆဲဖြစ်လေသည်။ ထို့ကြောင့် ဧကရီက စပ်သည့် လှုံ့ဆော်ပေးသည့် အရာများကိုစား၍မရပေ။ ထိုဟာက နေ့ခင်းပိုင်းတွင် သူ့ကို ဘာမှမဖြစ်စေ သော်လည်း ညဘက်ရောက်ပါက  အဆက်မပြတ်နာကျင်ကိုက်ခဲမှုကြောင့် အိပ်တောင် မအိပ်နိုင်ပါချေ။ ထို့ကြောင့် ဧကရီခန္ဓာကိုယ်ထဲတွင် သတိထား၍စားသောက်ရန် သင်ယူခဲ့ရ၏။ယင်းက အလွယ်တကူမပြောင်းလဲနိုင်သည့် အလေ့အကျင့်တစ်ခုဖြစ်လာ၏။


ရွှယ်ကျွင်းလျန်က တစ်ခုခုအကြောင်းတွေးနေပုံရပြီး ပြုံးကာဆိုလေသည်။

"မောင်မင်းက သူမလောက်မထက်မြတ်ပေမဲ့ မောင်မင်းတို့ရဲ့အကျင့်တွေကလည်း တူနေတယ်...အဲ့ဒါက ဘုရားရဲ့အလိုတော်လား ကုမသိဘူး"


သူပြောသည့်စကားက ဒွိဟဖြစ်လွန်း၍ ထန့်ယွင် ဘယ်လိုပြန်ဖြေရမှန်းပင် မသိတော့။ ထန့်ယွင်၏ လက်ရှိအထောက်အထားက ဧကရီကို လုပ်ကြံသတ်ဖြတ်ခဲ့သည့် ရာဇဝတ်ကောင်ဝန်မင်းဖြစ်၏။ ယခုတွင် သူ့မှာ အမတ်မင်းထန့်နန်၏ရာထူးရှိပြီး ရွှယ်ဝမ်ကလည်း သူ့ကိုမောင်းမဆောင်ထဲထည့်မည်ဟုထုတ်ဖော်ပြောကြားထားသော်ငြား ဧကရီကိုသတ်ထားသည့်အမှုက ပယ်ဖျက်၍ မရနိုင်ပေ။ ဒီအတိုင်း ရွှယ်ကျွင်းလျန်က သူ့ကို ဧကရီနှင့် နှိုင်းယှဥ်ချင်၍သာဖြစ်မည်။

 

သူဘာမှ ပြန်မဖြေသည်ကိုမြင်လျှင် ရွှယ်ကျွင်းလျန်က ပြောလာသည်။

"ကုနဲ့ အတူစားရတာက ငြီးငွေ့စရာကောင်းလို့လား"


ထန့်ယွင် တလေးတစားပြောလိုက်၏။

"ဒီငယ်သားက ကံထူးပေလို့ ဒီလိုမျက်နှာသာပေးမှုကိုရတာပါ...ဘယ်လိုလုပ် ငြီးငွေ့ဝံ့မှာလဲဘုရား"


ရွှယ်ကျွင်းလျန်က ခေါင်းစဥ်ရှာနေသလိုမျိုး ဆိုလေသည်။

"မောင်မင်းက ငယ်ငယ်ကတည်းက ထန့်ပြည်ထောင်မှာကြီးပြင်းခဲ့တာလား...အဲ့ဒီက ဓလေ့ထုံးစံတွေ လူတွေကဘယ်လိုမျိုးလဲ"


ထန့်ယွင်၏နှလုံးသားက ရုတ်ချည်း တုန်လှုပ်သွား၏။ သူက အမှန်တကယ်ပင် ထန့်တိုင်းပြည်မှာကြီးပြင်းခဲ့ခြင်းဖြစ်သည်။ သို့ပေမဲ့ ထန့်ယင်း၏တကယ့် ဘဝအတွေ့အကြုံများကို သူမသိပေ။ ထန့်ယင်းက ကျွန်တစ်ယောက်ဟုသာ သူကြားဖူး၏။ နောက်ပိုင်းမှာ သူက ပါးနပ်ပြီးထက်မြက်သည့်အတွက် ရာထူးအတိုးခံလိုက်ရသည်။ ထိုအကြောင်း အသေးစိတ်ကိုကား သူမသိပါချေ။ ဤသည်က ရွှယ်ကျွင်းလျန်ဆင်ထားသည့် ထောက်ချောက်တစ်ခုဖြစ်မှာကို သူကြောက်မိပါ၏။


ထန့်ယွင်လည်း ယောင်တိယောင်ဝါးနှင့် ဝတ်ကျေတမ်းကျေပြန်ဖြေချင်ပါသော်ငြား သူဘာမှမပြောရသေးခင်တွင် ကျန်းယွီ ပြောလာသည်ကို ကြားလိုက်ရသည်။

"အရှင်မင်းကြီး... တာ့ဖေးက ဒီကိုရောက်နေပြီး သူမဥယျာဥ်တော်ကိုဖြတ်သွားချိန်မှာ အရှင်မင်းကြီးဒီမှာ ပွဲတော်တည်နေမှန်း သိလိုက်ရတယ် လို့ပြောပါတယ်...သူမက ဟင်းပွဲအနည်းငယ်ထပ်ဖြည့်ပေးဖို့အတွက် ဒီကိုလာတာပါတဲ့ဘုရား"


ရွှယ်ကျွင်းလျန် ရယ်လိုက်မိ၏။ ဟင်းပွဲတွေနဲ့ ဥယျာဥ်တော်ကိုဖြတ်ပြီး  လမ်းလျှောက်တယ်တဲ့လား...

ဧကရီက ဆုံးပါးသွားပြီဖြစ်ကာ မောင်းမဆောင်မှာ လက်ရှိတွင် သခင်မ ကင်းမဲ့နေသည်။ ထန့်ဖေးက ဧကရီနှင့် တန်းတူရည်တူရှိခဲ့သော်လည်း မကြာသေးမီက ကြင်ယာတော်ရာထူး အဖျက်သိမ်းခံလိုက်ရ၏။ တာ့ဖေးအနေဖြင့် ယခုတွင် သူမ၏ပြန်လည်ထွန်းတောက်လာမည့်အခွင့်အရေးဖြစ်ကြောင်း ခံစားရသည့်အတွက် သူမက ရွှယ်ကျွင်းလျန်ဆီ မျက်နှာလိုမျက်နှာရလုပ်ရန် အပြေးလာခြင်းဖြစ်လိမ့်မည်။


အမှန်တွင် ယင်းက အကြောင်းပြချက်တွေထဲမှ တစ်ခုသာဖြစ်ပြီး တခြားအကြောင်းပြချက်လည်းရှိသေး၏။ ရွှယ်ကျွင်းလျန်က ယောကျာ်းတစ်ယောက်ကို လက်ထပ်ဖို့စီစဥ်နေသည်ဟု တာ့ဖေးကြားခဲ့ရသည်။ အမျိုးသားကိုယ်လုပ်တော်တစ်ယောက်အတွက် ဧကရီဖြစ်လာဖို့ရာ မဖြစ်နိုင်ပါသော်လည်း အမတ်မင်းထန့်နန်က တကယ်တမ်းတွင် အမတ်မင်းတစ်ယောက်ဖြစ်၏။ သူသာ တော်ဝင်မောင်းမဆောင်ထဲကို တကယ်ဝင်လာပါက သူ့အနေအထားက နိမ့်ပါးမည်မဟုတ်ပေ။


သူမအနေဖြင့် မည်သို့သော ယောကျာ်းမျိုးက ရွှယ်ဝမ့်ကိုဆွဲဆောင်နိုင်ကြောင်း မြင်လိုခြင်းသာဖြစ်လေသည်။


ရွှယ်ကျွင်းလျန် ထန့်ယွင်ကို တမင်တကာသော်လည်းကောင်း တမင်တကာမဟုတ်၍သော်လည်းကောင်း တစ်ချက်ကြည့်ပြီးနောက် ပြုံးပြုံးရွှင်ရွှင်ဖြင့် ဆိုလိုက်၏။ 

"တာ့ဖေးအတွက် ဒီလိုရည်ရွှယ်ချက်ရှိဖို့ဆိုတာ ရှားပါးတယ်...သူမကို လာခွင့်ပြုလိုက်"


သူ့စကား၏ဆိုလိုရင်းကို နားထောင်ခြင်းအားဖြင့် ရွှယ်ကျွင်းလျန် အပျော်သဘောနှင့် ကြည့်ချင်နေမှန်း ထန့်ယွင်သိလိုက်သည်။ ရွှယ်ကျွင်းလျန်က ထန့်ယွင် ထိုဟာအား မည်သို့ဖြေရှင်းမှာကို မြင် လိုခြင်းဖြစ်၏။အဆုံးမတော့ သူဟာ ထန့်ယွင်၏ဉာဏ်ရည်ကို နှစ်ကြိမ်တိုင်တိုင် အသိအမှတ်ပြုပြီးသားဖြစ်သော်လည်း မိန်းမတစ်ယောက်က သူ့ကိုအပြစ်ရှာပါက ထန့်ယွင်မည်သို့တုန့်ပြန်မည်ကို ရွှယ်ကျွင်းလျန် မသိပေ။


တာ့ဖေးက  ခြင်းငယ်လေးတစ်ခုကိုသယ်လာပြီး နန်းတွင်းအစေခံများဝန်းရံလျက်ရှိသည်။ သူမက တင့်တယ်လှပစွာ လျှောက်လာခဲ့၏။ ခြင်းငယ်လေးကိုကြည့်ပါလျှင်လည်း အကုန်လုံးနီးပါး အလှဆင်ထားပြီး ဟင်းပွဲအနည်းငယ်ပင် ထည့်၍မရလောက်ပေ။