Chapter 93
လုရှစ်ချန်ဟာ အရည်အချင်းရှိသည့် ပညာရှင်တစ်ဦးဖြစ်သော်လည်း စစ်ချီတက်သည့်နေရာနှင့် အတိုက်အခိုက်မှာ မကျွမ်းကျင်သည့်အပြင် လမ်းရှာသည့်နေရာတွင်လည်း မတော်ပေ။ သူအား လွတ်မြောက်ဖို့အတွက် မြင်းမြန် တစ်ကောင်ပေး ထားသော်ငြား ဖုန့်တိုင်းပြည်ကို ပြန်ရောက်ဖို့ အချိန်အတော်ကြာခဲ့၏။
ထို့အပြင် လုရှစ်ချန်တွင် ပိုက်ဆံမရှိပေ။ တည်းခိုရန်နေသာသာ သူ၏ခရီးစဥ်အတွင်း စားရေးသောက်ရေးကပင် ပြဿနာတစ်ခုဖြစ်နေ၏။သူက ခေါင်းငုံ့ဖို့ဆန္ဒမရှိသလို လမ်းတွေပေါ်မှာလည်း မတောင်းချင်သဖြင့် ဗိုက်ဆာဆာနှင့်သာသွားခဲ့ရသည်။ ကံကောင်းထောက်မစွာဖြင့် သူသွားနေသည့်လမ်းမှာအတားအဆီးမရှိခဲ့၊မဟုတ်လျှင် သူအသက်ရှင်ရက်ပြန်နိုင်ပါ့မလားဆိုသည်ကို သူတကယ်မသိပါချေ။
ဖုန့်မင်က ဝန်မင်းလုကိုရှာဖွေဖို့အတွက် သူလျှိုတွေအများကြီး စေလွှတ်ထားသည်။ ကျန်းဟုန် မင်မြစ်မှာ ရွှယ်တိုင်းပြည်နှင့် စစ်ဖြစ်နေစဥ်ကာလတွင် နပ်စပ်ဒေသက ရှုပ်ထွေးနေ၏။
လုရှစ်ချန် မင်မြစ်ကိုဖြတ်ကူးလိုက်သည်နှင့် ဖုန့်မင်၏လူများက သူ့ကိုရှာတွေ့သွားပြီး ဖုန့်မြို့တော်ကိုပြန်ခေါ်သွားကြသည်။
ရုံးတော်အရာရှိများနှင့် ဝန်မင်းများက လုရှစ်ချန်ပြန်ရောက်လာသည်ကို သိသွားကြပြီး သူတို့၏အမြင်နှင့်သဘောထား များက အုပ်စုတစ်ခုနှင့်တစ်ခုကွဲပြားကုန်ကြသည်။အရာရှိတချို့က သူအသက်ရှင်ရက်ပြန်လာနိုင်သည့်အတွက် ဝမ်းသာနေကြသော်လည်း တခြားသူတွေက သံသဝင်နေကြ၏။ လုရှစ်ချန်က အားကုန်ပြီး ခြေကုန်လက်ပန်းကျနေသော်လည်း အကုန်လုံးက ဆာလောင်မှုကြောင့်သာဖြစ်ပြီး ဒဏ်ရာတစ်ခုမှ ရှိမနေဟုသမားတော်ကပြောသည်။ရက်အနည်းငယ်ကြာလျှင် ပြန်ကောင်းသွားမှာဖြစ်ပြီး အစာကောင်းကောင်းကျွေးရမည်ဟုဆိုသည်။
ဆန့်ကျင်ဘက်ဝန်မင်းများက အမှန်ပင် လုရှစ်ချန်ကို သူ့တို့ထောင်ချောက်အတွင်းသို့ ကျစေချင်ကြ ပြီး ဝန်မင်းလုက တကယ်မဖမ်းခံရခြင်းရှိမရှိနှင့် တကယ် အထိအခိုက်မရှိဘဲ ပြန်လည် လွတ်မြောက်နိုင်စွမ်းရှိမရှိကို မေးခွန်းထုတ်နေကြသည်။ ဝန်မင်းလုက တကယ်လွတ်မြောက်လာခြင်းလုံးဝမဟုတ်ပါဘဲ ရွှယ်ဝမ်၏ခေါ်သွားခြင်းကို ခံရပြီးနောက် သူလျှိုတစ်ယောက်အဖြစ် လွှတ်ပေးခံလိုက်ရသည်ဟု သံသယဝင်နေကြ၏။
သဘာဝအတိုင်း ယင်းဝန်မင်းနှင့်အရာရှိများထဲတွင် သူ့ကိုဖယ်ထုတ်လိုသူများလည်ရှိကြသည်။ ဖုန့်မင်က သူ့ကိုယုံကြည်လျှင်ပင် အတင်းအဖျင်းတွေကို ကွယ်ပျောက်အောင်မလုပ်နိုင်ပေ။
ဖုန့်ဘုရင် ဝန်မင်းများကို ကျန်းဟုန်၏ရွှယ်တိုင်းပြည်အပေါ် တိုက်ခိုက်မှုကို ဆွေးနွေးရန် နန်းတော်သို့ဆင့်ခေါ်လိုက်၏။
စစ်ရေးအရာရှိများက ဖုန့်မင်အား ရွှယ်စစ်တပ်က ကျန်းဟုန်ကို တိုက်ထုတ်သည့်နေရာမှာ အာရုံစိုက်နေချိန်ကို အခွင့်ကောင်းယူကာ ရွှယ်တိုင်းပြည်ကို ချက်ချင်းတိုက်ခိုက်သင့်ကြောင်း၊ ရွှယ်ဝမ်၏အစောင့်တွေလျော့နည်းနေချိန်မှာ တိုက်ခိုက်ခြင်းကဘအကောင်းဆုံးအချိန်ဖြစ်ကြောင်း အကြံပေးကြသည်။ ဖုန့်မင် ဤအချိန်မှာ စမတိုက်ပါက သူတို့အနေဖြင့် တခြားအခွင့်အရေးမရှိတော့ပေ။
လုရှစ်ချန်က ပြောလာ၏။
"ကျွန်တော်မျိုးကတော့ အချိန်မှန်လို့မထင်မိပါဘူး...ကျန်းဟုန် ရွှယ်တိုင်းပြည်ကိုတိုက်ခိုက်တာ ရက်တွေအကြာကြီးရှိနေပြီ ...အခုထိသူတို့ကိုစိတ်ဓာတ်ကျအောင်မလုပ်နိုင်သေးဘူး...ကျွန်တော်မျိုး မင်မြစ်ကိုဖြတ်စဥ်က ခပ်လှမ်းလှမ်းက ရွှယ်ရွာတွေကို မြင်ခဲ့ပါတယ်... သေသေသပ်သပ်နဲ့ စနစ်တကျရှိနေကြတာပါ...သူတို့စစ်တပ်က ကောင်းကောင်းပြင်ဆင်ထားပြီး မင်းကြီးစစ်သည်တွေပို့မှာကိုပဲ စောင့်နေမှာကို ကျွန်တော်မျိုးစိုးရိမ်ပါတယ်"
.
သူပြောသည့်အထဲတွင် အမှန်တရားတချို့ပါသော်လည်း လူများစွာက မလိုမုန်းထားဖြစ်နေကြသဖြင့် သူ့မှတ်ချက်များကလည်း ဖုန့်ဘုရင် စစ်သည်တွေစေလွှတ်ခြင်းကို တားဆီးနေသည်ဟုဖြစ်သွားပြီး လူအများကို မလွဲမသွေ ဒေါသထွက်သွားစေသည်။
လုရှစ်ချန် ပြောလိုက်၏။
"ကျွန်တော်မျိုးက အကြံပဲပေးနေတာပါ...ဆုံးဖြတ်ချက်ချပိုင်ခွင့်ရှိတဲ့လူက ဘုရင်မင်းမြတ်ဖြစ်နေတုန်းပါပဲ"
ဖုန့်မင်က ခဏမျှစဥ်းစားပြီးပြောလေ သည်။
"မတိုက်ခိုက်ဘူးဆိုရင် ဒီအချိန်မှာ လှုပ်နိုင်မှာမဟုတ်ဘူး...ဝန်မင်းလုပြောတာက ကျိုးကြောင်းသင့်ပေမဲ့ ကုလည်းပဲ စစ်သည်တွေကို ဒီလိုမျိူး ဖိနှိပ်ရုံဖိနှိပ်ထားဖို့ ဆန္ဒမရှိဘူး"
နာမည်ကြီးပညာရှင်တစ်ယောက်တဖြစ်လဲ ကျန်းဟုန်ထံမှ အညံ့ခံထားသည့်ဝန်မင်းဖြစ်သော မျိုးရိုးနာမည် ချီဇီကျဲက အကြံပြုလာသည်။
"အရှင်မင်းကြီးအနေနဲ့ မင်မြစ်တစ်လျှောက်မှာ အချက်ပြမျှော်စင်ဆောက်လို့ရပါတယ်ဘုရား...မိုင်နှစ်ဆယ်အကွာတိုင်းမှာ တစ်ခုစီဆောက် စစ်သည်တွေကို နေ့နဲညတစ်လှည့်စီစောင့်ကြည့်ဖို့စေလွတ်ပြီး ကျန်းဟုန်နဲ့ ရွှယ်ဝမ်ကို အချိန်ပြည့်ထောက်လှမ်းလို့ရပါတယ်"
သူက ထပ်ပေါင်းကာ ဆိုလိုက်၏။
"ကျန်းဟုန် ရွှယ်ကိုတိုက်ခိုက်ခြင်းက သူကြာကြာမတိုက်နိုင်တော့တာနဲ့ စစ်သည်တွေ ကုန်းတွင်းပိုင်းကနေ အဝေးကြီးကိုရောက်နေတာအပေါ်မှာ လုံးလုံးလျားလျားမှီတည်နေပါတယ်...နောက်က အစားအစာနဲ့ကောက်ပဲသီးနံ အထောက်အပံ့တွေမရှိတဲ့အတွက် သူက ကြောက်လန့်နေတဲ့ငှက်တစ်ကောင်ဖြစ်လာပြီး ဘေး ဘယ် ညာကို တိုက်ခိုက်ခဲ့ရတာပါ...ဘုရင်းမင်းမြတ်ကို အမှန်တရားကိုလျှောက်တင်ရမယ်ဆိုပါက ကျန်းဟုန်ဟာ သစ္စာမဲ့တဲ့ လူသွမ်းတစ်ယောက်ဖြစ်ပြီးတော့ ဧကရာဇ်ရွှယ်ကို ရှုံးနိမ့်သွားမှာပါ...ဘုရင်မင်းမြတ်အနေနဲ့
အရာရှိတွေနဲ့လူတွေကို အချက်ပြမျှော်စင်မှာ စောင့်ကြည့်ခိုင်းပြီး ကျန်းဟုန်ရှုံးသွားတဲ့အချိန်မှာ ဗုံတွေတီးပြီး ဧကရာဇ်ရွှယ်ကို ကူညီဖို့ စစ်သည်တွေစေလွှတ်လို့ရပါတယ်...ပြီးတာနဲ့ ရွှယ်တိုင်းပြည်ကို ငြိမ်းချမ်းရေးအတွက် နန်းတွင်းသူနန်းတွင်းသားတွေ စေလွှတ်ရပါမယ်...ဒီနည်းနဲ့ဆို ကျန်းဟုန်ရဲ့ကျူးကျော်မှုကို ချေမှုန်းနိုင်ရုံသာမက ဧကရာဇ်ရွှယ်ရဲ့သတိထားမှုကိုလည်း လျော့နည်းစေနိုင်ပါတယ်"
တစ်ယောက်ယောက်က လျှောက်တင်လာ၏။
93.2
"ကျွန်တော်မျိုး ကြားတာကတော့ ရွှယ်တိုင်းပြည်က နယ်စားမင်းဝမ်နျန်ရဲ့အိမ်တော်မှာ ကိုယ်လုပ်တော်တစ်ယောက်ပဲရှိပြီးတော့ အမျိုးသားကိုယ်လုပ်တော်တစ်ယောက်လည်းဖြစ်သေးတယ်တဲ့...ဘုရင်မင်းမြတ်အနေနဲ့
ဖုန့်နယ်စားမင်းကိုးရဲ့ လပ်မထပ်ရသေးတဲ့ သမီးတွေကို နယ်စားမင်းဝမ်နျန်နဲ့ လက်ထပ်ပေးဖို့အတွက် တစ်ယောက်ယောက်ကို အောင်သွယ်တော်အဖြစ် စေလွှတ်လို့ရပါတယ်...ဘုရင်မင်းမြတ်ရဲ့ စိတ်ရင်းကိုပြသဖို့ နယ်စားမင်းဝမ်နျန်က ဘယ်သမီးကိုမဆိုရွေးချယ်နိုင်ပါတယ်...နယ်စားမင်း ဝမ်နျန်ကတိုင်းတပါးမှာနှစ်တွေအကြာကြီးနေခဲ့တာပါ...သူက ရဲရင့်ပြီး အတိုက်အခိုက်တော်တဲ့အပြင် ထူးချွန်တဲ့အောင်မြင်မှုတွေကိုလည်း ထပ်ခါတလဲလဲ ရရှိခဲ့ပါတယ်...သူ့ ရဲ့စစ်တပ်အင်အားကတောင် လျော့တွက်လို့မရပါဘူး...ဘုရင်မင်းမြတ်သာ ရွှယ်ဟုန်ယန်နဲ့ဆက်သွယ်နိုင်ရင် ဧကရာဇ်ရွှယ်ကို ဘာလို့ကြောက်နေရဦးမှာလဲဘုရား"
ထိုဟာက အဓိပ္ပါယ်ရှိသည်ဟု ဖုန့်မင်ထင်မိသည်။ စစ်တပ်နှစ်ခု တကယ် ထိပ်တိုက်ရင်ဆိုင်ရပါက ဖုန့်တွေအတွက် ကောင်းသည့်အရာဖြစ်လာမှာမဟုတ်ပေ။ ထို့ကြောင့် သူ ချီဇီကျဲကို မင်မြစ်မှာ အချက်ပြမျှော်စင်ဆောက်ဖို့အတွက် တပ်သားတွေကိုယ်တိုင်ချဖို့ အမိန့်ပေးပြီး သူ့ကို စစ်သည်အင်အား 10000ခွဲဝေပေး လိုက်၏။ အဆုံးမတော့ သူတို့က အင်အားသွားပြခြင်းသာဖြစ်ပြီး အသက်စွန့်တိုက်မှာမဟုတ်သည့် စစ်သည်အင်အား 10000ကလုံလောက်လေသည်။
ချီဇီကျဲက ဖုန့်မင်ကို သူ့အသက်အား ကယ်တင်ပေးပြီး အတိတ်က ရန်ငြှိုးတွေကို လျစ်လျူရှူကာ သူ့ကို ဗိုလ်ချုပ်ရာထူးချီးမြင့်ခဲ့သည့်အတွက် ကျေးဇူးတင်နေ၏။ ထို့ကြောင့် သူကိုယ်တိုင် တာဝန်ယူ၍ ချက်ချင်း တပ်သား 10000နှင့်မြင်းများကို မင်မြစ်ဆီသွားဖို့အမိန်ပေးလိုက်သည်။
———
ယွီချန် သူ့တပ်သားများကို မင်မြစ်ကိုလွတ်လိုက်၏။ သူ့လက်ရှိရာထူးက ယခင်စစ်သူကြီးရာထူးထက်နိမ့်လေသည်။ သို့ပေမဲ့ နန်းမြိုတော်ရှိ သူ၏အဆက်အသွယ်များကို အားကိုးပြီး သူက စစ်သူကြီးကို သူနှင့်လာတွေ့စေချင်၏။ လန့်ကျင်းက သူ့ကို သူ့၏ဒေါသထိန်းထားဖို့အကြံပေးပေမဲ့ ယွီချန်က သူ့ကို ပြောင်ပြောင်တင်းတင်းလျစ်လျူရှုထားသည်။
အကျိူးဆက်အနေဖြင့် ထိုနေ့တွင် စစ်သူကြီးရောက်မလာပေ။ သူက သူ့နှင့်တွေ့ဖို့ ကိုယ်ရေးတပ်သားတစ်ယောက်ကိုတောင်မလွှတ်လိုက်သလို သူကိုနှုတ်ဆက်ဖို့ တစ်ယောက်ယောက်ကိုလည်း မလွှတ်လိုက်ချေ။ ယွီချန် နာရီပေါင်းများစွာ စောင့်နေခဲ့ပြီး ပုဂ္ဂိုလ်နှစ်ဦး၏ မလိုမုန်းထားမှုများက ဤသို့ဤပုံအဆုံးသတ်သွား၏။
စစ်သူကြီးက ထန့်ယွင်၏နည်းဗျူဟာအတိုင်းလိုက်နာချင်လေသည်။ သူက မင်မြစ်ပေါ်က ရေတွေကိုအေးခဲအောင်လုပ်ဖို့ လမ်းကြောင်းပြောင်းလိုက်၏။ယွီချန်ကတော့ သူကို ထိုင်ရာကမထသော ဗျူဟာမှူးတစ်ယောက်ဟုသာ မြင်လေသည်။ ထို့ကြောင့် သူက တပ်သားတွေကို အမိန်မနာခံခိုင်းဘဲ ယင်းအစား စခန်းမှာ တစ်နေ့လုံးထိုင်သောက်နေ၏။ သူတို့က စစ်ပွဲအတွက်ပြင်ဆင်ရန်ရောက်နေခြင်းမဟုတ်ဘဲ အပျော်သက်သက်ရောက်နေသကဲ့သို့ စခန်းထဲက တပ်သားတွေကို ခေါ်၍ နပန်းလုံးပြီး သူ့ကိုဖျော်ဖြေဖို့ပြောသည်။
မော်ကွန်းထိန်းအရာရှိက ယွီချန်၏စခန်းတွင်း စီမံခန့်ခွဲမှုကို တိုင်ပင်ရန် စစ်သူကြီးဆီ စာတစ်စောင်ရေးလိုက်သော်လည်း ယွီချန်က ရှာတွေ့သွာသည်။ သူက အစီအရင်ခံစာကို သဘောမတူပေ။ သူနန်းမြို့တော်မှာ ရှိနေချိန်တောင်မှ လူနည်းနည်းကပဲ သူ့ကိုထိရဲကြောင်း သူတို့ကိုပြောလိုက်၏။ ထို့အပြင် ကျန်းဟုန်က နိမ့်ပါးသည့်ပြိုင်ဘက်တစ်ယောက်သာဖြစ်ပြီး သူ့ကိုအနိုင်တိုက်ဖို့ မည်သည့် "ရေဖြန်းပြီးခဲစေ "နည်းဗျူဟာ မလိုအပ်ပေ။ သူ၏စစ်တပ်ဟာ ခရီးအရှည်ကြီးလာခဲ့ရပြီး နောက်မှ အထောက်အပံ့တောင် မပါလေရာ ရွှယ်စစ်တပ်ကို ဘယ်တော့မှ ဖြိုခွင်းနိုင်မှာမဟုတ်။ သူတို့အနေဖြင့် စိတ်ရှည်ရှည်နှင့်စောင့်နေရုံသာ လို၏။ နွားအုပ်ကို မောင်းဖို့ ရေနှင်ပက်ခြင်းထက် အလုပ်ကိုအေးအေးဆေးဆေး ထိုင်စောင့်နေခြင်းက ပိုမကောင်းပါပေလော။
စစ်တပ်တစ်ခုမှာ သခင်နှစ်ယောက်ရှိ၍မရပေ။ ယွီချန်ကား တစ်နေကုန် သောက်ပြီးသည့်အထိတိုင်အောင် အိပ်မပျော်သေးပေ။ လက်ရှိတွင် ရန်သူတွေဟာ မီးအောင်လံတော်၏အောက်တွင် မြစ်ကိုဖြတ်ကာ ချီတက်လာတော့ပေမည်။ တစ်ဖက်ရှိ မီးရောင်ကိုကြည့်ပြီး ထိုဟာက တိုက်ခိုက်ခြင်း အောင်လံဖြစ်ကာ နောက်ကျလွန်းနေပြီဖြစ်ကြောင်း သူသဘောပေါက်သွားသဖြင့် ဗုံတွေကို တဒုန်းဒုန်းတီးကား မင်မြစ်ကိုဖြတ်ကူးလိုက်၏။
ရွှယ်စစ်တပ်၏ စစ်သူကြီး စစ်ဗုံတီးသံတွေ အော်ဟစ်သံတွေကြားရသောအခါ ရန်သူတွေလာနေမှန်း သူသိလိုက်သည်။ သူတို့မြစ်ကို ကူးနေစဥ်မှာ သူကတပ်ဖွဲ့၏ ပုံစံကို ပြန်လည်းဖွဲ့စည်းလိုက်ပြီး တပ်သားတွေကို နေရာယူပြီး တိုက်ခိုက်ကြရရန်အမိန့်ပေးလိုက်၏။ မီးတွေ ငြိမ်းဖို့ကျန်နေဆဲပင်။ လူတိုင်းစခန်းမှ ထွက်လာချိန်တွင် ကျန်းဟုန်က မြစ်ကို
ကူးပြီးနေလေပြီ။ ရှေ့ဆုံးတန်းရှိ တပ်သားများက မီးသွားငြိမ်းကြပြီး ဘယ်သူမှ သူ့ကို မတားဆီးကြသဖြင့် စခန်းထဲကို တန်းတန်းမတ်မတ်ရောက်သွား၏။
ယွီချန်နှင့် စစ်သူကြီးတို့ ရန်သူတွေ၏တိုက်ခိုက်ခြင်းကိုခံခဲ့ရသည်။ ရွှယ်စစ်တပ်က ဦးရေများပြီး အရေအတွက်သာသော်လည်း မိုင်20အကွာအထိဆုတ်လိုက်ရ၏။ ကံကောင်းထောက်မစွာဖြင့် တစ်ဖက်က ခုခံနိုင်စွမ်းမရှိသည်ကိုမြင်လျှင် ကျန်းဟုန် သံသယဝင်သွားသည်။ ထိုဟာက သူ့အတွက် ထောင်ချောက်တစ်ခုသက်သက် ဖြစ်နေမှာစိုးသဖြင့် ဆက်မလိုက်ရဲတော့ဘဲ သူတပ်သားများကို ဆုတ်ခွာစေခဲ့၏။
ယွီချန် တပ်သားတွေကို မိုင်20အကွာမှာ နောက်ထပ်စခန်းတစ်ခုတည်ပြီး ကျန်းဟုန်နှင့်တိုက်ဖို့အတွက် ပြင်ဆင်ခိုင်းကာ သိက္ခာပြန်ဆယ်သည်။ ဤအဖြစ်အပျက်ပြီးသည့်နောက်တွင် စစ်သူကြီးနှင့် ယွီချန် အကြီးအကျယ်ပြဿနာတက်လေ၏။ သူ့ဒေါသက လက်ရှိတွင် ယွီချန်ကို သတ်ပစ်ချင်သည့်ရေမှတ်ကို ရောက်နေပြီး စစ်တပ်အတွင်းရှိ သူ၏အပြုအမူများကို ရုံးတော်သို့ တင်ပြလိုက်သည်။
ယွီချန်ကလည်း သူတို့၏ရှုံးနိမ့်မှုအတွက် သူ့ကိုအပြစ်တင်ပြီး သူလုပ်ရပ်များကို ဧကရာဇ်ရွှယ်ကို သတင်းပို့မှာကြောက်ပြီး စစ်သူကြီးကို မုန်းတီးနေခဲ့သည်။ သူ စစ်သူကြီးကို အရင်သတ်ဖို့ဆုံးဖြတ်လိုက်ပြီး သူ့ကိုသူ စစ်သူကြီးအဖြစ်တင်မြှောက်လေ၏။ ထို့နောက်တွင် တစ်ယောက်ယောက်ကို လန့်ကျင်းကို ဖမ်းပြီးခေါင်းဖြတ်ခိုင်းလိုက်သည်။
လန့်ကျင်းက အဖမ်းခံလိုက်ရစဥ်တွင် ရယ်မောနေ၏။
"ဗိုလ်ချုပ်က ကျွန်တော့်ကို သတ်ချင်ရင်လည်း ကိစ္စသိပ်မရှိပါဘူး...ဘာလို့ဆို ဗိုလ်ချုပ်က မကြာခင် ကျန်းဟုန်ကို ရှုံးတော့မှာမို့လေ...ပြီးရင် လန့်ကျင်းကိုအဖော်ပြုဖို့ ငရဲပြည်ကို ကိုယ်တိုင်လိုက်လာလိမ့်မယ်"
ယွီချန် သူ့အရေပြားတွေအေးစက်လာသလိုခံစားရပြီး မြေကြီးပေါ်လဲကျသွားသည်။ သူ ထိုညက စစ်မြေပြင်မှာ ကျန်းဟုန်၏ ရဲစွမ်းသတ္တိကိုမြင်ခဲ့ပြီးလေပြီ။ လန့်ကျင်းက သူ့အကြောင်းကို သတင်းပို့မှာစိုးသည့်အတွက် လွှတ်ပေးလိုက်ရပြီး သူ့ကို အကြံပေးခိုင်း၏။
စစ်သူကြီးက ယွိချန်၏ ခေါင်းအဖြတ်ခံလိုက်ရပြီး နမူနာပြရန် စစ်သူကြီးအလံမှာ ချိတ်ဆွဲခံထားရသည်ကိုတွေ့ပြီးနောက် မော်ကွန်းထိန်းအရာရှိ သူ့အသက်ကိုစွန့်၍ စာတစ်စောင်ရေးပြီး လူတစ်ယောက်အား စစ်စခန်းထဲမှ ခိုးထွက်ကာ နန်းမြို့တော်ကိုပို့ဖို့ ခိုင်းလိုက်သည်။
———-
ဧကရာဇ်ရွှယ်က အမျိုးသားတော်ဝင်ကိုယ်လုပ်တော်တစ်ယောက်ကို ဟွမ်ကွေ့ဖေးအဖြစ်တင်မြှောက်ချင်နေသည့်သတင်းက မကြာမီပျံ့နှံ့သွား၏။ လူတွေက ခဏလောက်အံအားသင့်သွားသော်လည်း အနှီလူများဟာဖြင့်
ယနေ့ မည်သည့်တော်ဝင်ကိုယ်လုပ်တော်ကို ဧကရာဇ်က ချစ်မြတ်နိုးသည်၊ မနက်ဖြန် မည်သည့်တော်ဝင်ကိုယ်လုပ်တော်ကို ဧကရာဇ်က နှစ်သက်သည်တို့ကို ဂရုစိုက်မှာ မဟုတ်ပေ။ အကြောင်းမှာ သူတို့နှင့်ဝေးကွာလွန်းပြီး နန်းတွင်းရေးရာကိစ္စတွေကို များများစားစား ဂရုမစိုက်သောကြောင့်ပင်။
အမှန်တကယ် တုန့်ပြန်သူများက ညီလာခံအတွင်းရှိ ဝန်မင်းများဖြစ်ပြီး သူတို့ထဲမှ တချို့က ရွှယ်ဝမ့်ကို နှစ်ခါပြန်စဥ်စားရန် အကြံပြုကြကာ တချို့ကတော့ ရွှယ်ဝမ့်ကို မြှောက်ပင့်လျက် ဟွမ်ကွေ့ဖေးအသစ်နှင့်ပတ်သတ်၍ ကောင်းစကားများဆိုကြသည်။
xxxxxx