Chapter 94
ရွှယ်ကျွင်းလျန် အနှီစကားများကို သိပ်ဂရုမစိုက်ပါချေ။ အကြောင်းမှာ သူ့အနေဖြင့် နန်းတော်ထဲဝင်လာမည့် ကိုယ်လုပ်တော်အသစ်အတွက် မည်သည့်ချစ်မြတ်နိုးသော ခံစားချက်မှမရှိသော့ကြောင့်ပင်။ မောင်းမဆောင်ထဲမှ အလှလေးများစွာရှိ၏။ သူ နန်းတော်ထဲဝင်တဲ့အခါ ဧကရာဇ်က သူ့ကိုယုံကြည်ပြီး သွားကြည့်ရမယ်လို့ ဘယ်သူကပြောလဲ...
ရွှယ်ကျွင်းလျန်၏ရည်ရွယ်ချက်ကိုက သူ့ကို နေအိမ်အကျယ်ချုပ်ချထားရန်ဖြစ်ပြီး ဤနည်းအတိုင်းဆို သူ သူ့ကို မည်သည့်သတ်ဖြတ်လိုသည့်ရည်ရွယ်ချက်မှ ထားမှာမဟုတ်သလို လူထု၏အတင်းအဖျင်းများကိုလည်း ပိတ်ပင်တားဆီးရာရောက်လေသည်။
ရွှယ်ကျွင်းလျန် မိသားစုညစာစားပွဲကျင်းပဟန်ဆောင်ပြီး ထန့်ယွင်နှင့်ရွှယ်ဟုန်ယန်ကို တက်ရောက်ဖို့ခေါ်လိုက်၏။ သူက ရွှယ်ဟုန်ယန်အား သူ့ဇနီးကိုခေါ်လာဖို့ အထူးတလည်မိန့်လိုက်သည်။ အဘယ့်ကြောင့်ဆိုသော် မိသားစုညစာစားပွဲတစ်ခုဖြစ်သည့်အတွက် တခမ်းတနားဖြစ်လွန်းစရာမလိုပေ။ လူတိုင်း အတူတူထိုင်ပြီး ညစာစားရုံသာဖြစ်၏။
ထန့်ရှန့် သူ့ဘူးသီးခွံထဲမှာ ဘာဆေးရောင်းမှန်းမသိသော်လည်း ဆေးကောင်းမဟုတ်မှန်းတော့ သူအတိအကျသိလေသည်။(T/N လက်ထဲမှာ ဘာဝှက်ဖဲရှိမှန်းမသိပေမဲ့ ကောင်းမှာတော့မဟုတ်) သို့ပေမဲ့ သူမသွားပါက သာမန်မိသားစုညစာစားပွဲတစ်ခုကို ငြင်းဆန်ခြင်းလိုမျိုး ရိုးရှင်းမှာမဟုတ်သည့်အတွက် သဘာဝအတိုင်း သူသွားလိုပါသည်။
ရွှယ်ဟုန်ယန်က ရွှယ်ဝမ်သည် ထန့်ရှန်ကို အရှက်ရစေမှာစိုးပေမဲ့ ပြန်တွေးကြည့်ချိန်တွင် သူပါရှိနေမှာဖြစ်ပြီး ရွှယ်ဝမ်ကလည်း အမျိုးသားကိုယ်လုပ်တော်ယူတော့မှာဖြစ်သည့်အတွက် သူနှင့်ထန့်ရှန့်ကို ဖွင့်ဟရန်မလိုဘဲ အပြန်အလှန်နားလည်မှုဖြင့် လက်ခံထားရမည်ဖြစ်သည်။ ခက်ခဲသည့် ညတာမဖြစ်လောက်သလို ရွှယ်ဝမ်ကလည်း အမှန်တကယ်ဘာမှလုပ်မှာမဟုတ်လောက်ပေ။
ရွှယ်ဟုန်ယန်နှင့် ထန့်ရှန့်တို့အနေဖြင့် ရွှယ်ဝမ့်ကို စောင့်ခိုင်းရန်မဝံ့ကြသည့်အတွက် သဘာဝအတိုင်း နန်းတော်ထဲကို စောစောဝင်သွားကြ၏။ သို့ပေမဲ့ သူတို့ရောက်သွားချိန်တွင် အမတ်မင်းထန့်နန်၏ အရိပ်ကိုတောင် မမြင်ရပေ။
ရွှယ်ကျွင်းလျန်ကတော့ ကိစ္စများကို ခက်ခဲအောင်လုပ်လိုဟန်မရှိပေ။ သူက တခြားမိသားစုဝင်များနှင့်စကားစမြည် ပြောနေရုံသက်သက်လိုမျိုး အချို့သော အရေးမကြီးသည့်မေးခွန်းများကိုသာ ကြင်နာစွာမေးနေ၏။ ခဏမျှစကားပြောနေပြီးနောက် သူကပြောလာသည်။
"ဘာလို့ အမတ်မင်းထန့်နန်က မရောက်သေးတာလဲ"
ကျန်းယွီ ဦးညွှတ်ကာ ပြောလိုက်၏။
"ဒီအစေခံအိုကြီး တစ်ချက်သွားကြည့်လိုက်ပါ့မယ်"
ထို့နောက် သူ ခန်းမဆောင်အပြင်ဘက်ထွက်လိုက်သည်။ သူတံခါးက ထွက်လျှင်ထွက်ချင်း ထန့်ယွင်က ရောက်လာ၏။ ကျန်းယွီက ထန့်ယွင်ရောက်ရှိကြောင်း ကြေညာပြီး သူ့ကို ခန်းမဆောင်ထဲဦးဆောင်ခေါ်သွားသည်။
ထန့်ယွင် ခန်းမထဲဝင်သည်နှင့် ထန့်ရှန့်ကို မြင်လိုက်ရ၏။ သူ့မျက်လုံးတွေ ဖျတ်ခနဲလက်သွားသည်။ လက်ရှိတွင် သူက ထန့်ယင်း၏အသွင်အပြင်နှင့်ဖြစ်၏။ ထန့်ရှန်သူ့ကို မုန်းနေမလားသူမသိပါချေ။ အဆုံးမတော့ ထန့်ယင်းက ဘယ်တုန်းကမျှ ထန့်၏သစ္စာရှိအစေခံတစ်ယောက်မဟုတ်ခဲ့ဘဲ သူ၏လက်ရှိအမတ်မင်းထန့်နန်ဆိုသည့်ရာထူးကလည်း ထန့်ဘုရင်၏ရာထူးဟောင်းဖြစ်သည်ပင်။
ထန့်ယွင် ထိုင်ခွင့်တောင်းလိုက်ချိန်တွင် ရွှယ်ကျွင်းလျန်က ကိုယ်တိုင်မတ်တပ်ထရပ်လာပြီး သူ့ကို အတုအယောင်လက်ကမ်းပေးကာ ရယ်မောလေ၏။
"ထန့်ယင်းက ကုကိုတကယ်စောင့်ရအောင်လုပ်တာပဲ"
"ဒီနိမ့်ကျတဲ့ အစေခံကအပြစ်ရှိပါတယ်"
ရွှယ်ကျွင်းလျန် သူ၏ဥပက္ခာပြုမှုကိုစိတ်မကွက်ပါချေ။ သူကလူတိုင်းကို စားပွဲမှာထိုင်ခိုင်းပြီး ကျန်းယွီကို ထမင်းဟင်းတွေ တည်ခင်းဖို့အမိန့်ပေးလိုက်သည်။
ညစာစားပွဲသည်ကား သိပ်ပြီးနွေးထွေးနေပုံမရပေ။ ရွှယ်ကျွင်းလျန်ကစကားမပြောသောအခါ ကျန်သုံးယောက်လည်း စကားမပြောကြချေ။ ရွှယ်ဟုန်ယန်အနေဖြင့် လေထုကို သက်တောင့်သက်ဖြစ်စေရန်အတွက် အမှန်တကယ် တစ်ခုခုပြောချင်ပါသော်လည်း အကုန်လုံးထဲမှာ သူကအတုံးအ,ဆုံးဟုထင်မိပြီး သူပြောမည်ဟာက မသင့်လျော်မှာစိုးလေသည်။
ရွှယ်ကျွင်းလျန်က ပြုံးပြုံးရွှင်ရွှင်ဆိုလေသည်။
"လန့်ကျင်းက ကုကို စစ်တိုက်မထွက်ခင်မှာ ထန့်ရှန့်က ဗဟုသုတကြွယ်ဝပြီး အများကြီးသိတယ်လို့ပြောခဲ့တာကို ရုတ်တရက် အမှတ်ရသွားတယ်...လန့်ကျင်းကိုယ်တိုင်က ထက်မြက်တာကို ဝန်မင်းထန့်က ဉာဏ်ပညာကြီးတယ်လို့ပြောတယ်"
ထန့်ရှန့်က နာမည်အခေါ်ခံလိုက်ရသော်လည်း "အရှင်မင်းကြီးက ချီးမွမ်းလွန်းနေပါပြီ...ကျွန်တော်မျိုး မဆိုဝံ့ပါဘူး"ဟုသာ ပြောနိုင်၏။
"နိမ့်ချမနေပါနဲ့"
ရွှယ်ကျွင်းလျန်က လက်ယမ်းကာဆိုလိုက်သည်။
"ဧကရီဒီမှာ ရှိနေတုန်းက မောင်မင်းရဲ့အရည်အချင်းတွေကို ကုကို ခဏခဏညွှန်းလေ့ရှိတာ...မောင်မင်းရဲ့အရည်အချင်းတွေက အကုန်လုံးကို သိနေတော့ပဲ"
သူက "ဧကရီ"ဟူသော စကားကို ထည့်ပြောလိုက်သည်နှင့် ထန့်ရှန့်၏အမူအရာက ခဏမျှငြိမ်သက်သွား၏။ ထန့်ရှန့်သာမက ထန့်ယွင်၏မျက်နှာကလည်း အချိန်တစ်ခုလောက် မူမမှန်ဖြစ်သွားသည်။
94.2
ရွှယ်ကျွင်းလျန် လန့်ကျင်း၏စကားများကို ကြားယောင် မိသည်။ သွားလေသူဧကရီအကြောင်း သိချင်ပါက သူအနေဖြင့် ထန့်ရှန့်ကို စမ်းသပ်ဖို့သာလိုပြီး ထန့်ရှန့်ကနေစရပေမည်။ ထိုဟာက အမှန်ဟုတ်မဟုတ် သူမသိပေ။ ထန့်ရှန့်၏အမူအရာက များမကြာမီပုံမှန်ပြန်ဖြစ်သွားသော်ငြား ထိုအခိုက်အတန့်ရှိပြောင်းလဲမှုက လွတ်မသွားပေ။
ထို့နောက် ထန့်ယွင်၏မူမမှန်သော အမူအရာကမူ သူကယွင်ဖုန့်နန်းဆောင်ကို မီးရှို့သူဖြစ်သဖြင့် သဘာဝအတိုင်း အပြစ်ရှိစိတ် ခံစားရပြီး သူထိုဟာကို ထည့်ပြောလိုက်ချိန်တွင် ဖြူရော်သွားမှာက မလွဲမသွေဟု ရွှယ်ကျွင်းလျန် ထင်မိ၏။
လွန်ခဲ့သော ရက်အနည်းငယ်က ရွှယ်ကျွင်းလျန် ထန့်ယွင်ကို အအေးကနေ အပူထိ စမ်းသပ်ရန်ကြိုးစားနေခဲ့ပြီး ဤအမျိုးသားက သူ၏အောင်မြင်မှုများသာမက စကားပြောသည့် လုပ်ဆောင်သည့် အကျင့်များတွင်ပါ များစွာ ပြောင်းလဲသွားကြောင်းတွေ့လိုက်ရသည်။ သူက အမြဲတမ်း သူအကျိုးအမြတ်ရနိုင်မည့်လူများကို မည်သို့ကျေနပ်အောင် လုပ်ပေးရမလဲ၊မည်သို့မျက်နှာချိုသွေးရမလဲ ဆိုသည်ကိုသာသိသည့် ဖော်လံဖား ဓားတစ်လက်ကိုင်အရာရှိဖြစ်ခဲ့သော်လည်း ယခုမူ ရုတ်တရက်ကြီး တည်ငြိမ်ပြီး ဉာဏ်ကောင်းလာ၏။
သူက သွားလေသူဧကရီနှင့် အလွန်အမင်းတူလာသည်...
သို့ပေမဲ့ အနှီလူနှင့် သူဂရုစိုက်သည့်အမျိုးသမီးတို့ကြားရှိ ဆင်တူမှုက သူ့ကိုပျော်စေမည့်အရာဟု ရွှယ်ကျွင်းလျန် မထင်ပါချေ။ ရွှယ်ကျွင်းလျန်၏ နှလုံးသားထဲတွင် အရေးအကြီးဆုံးက သတိတရားဖြစ်နေဆဲပင်။လူတစ်ယောက်၏ ပြောင်းလဲမှုတွေက ကြီးမားလွန်းသဖြင့် အနှီလူက တကယ်တမ်းတွင် ဧကရီ၏အပြုအမူ၊ဟန်ပန် သို့မဟုတ် အကျင့်စရိုက်နှင့် တူသည့်တစ်ခုခုကို ရည်ရွယ်ချက်ရှိရှိလုပ်နေသည်ဟု ရွှယ်ကျွင်းလျန်ခံစားရသည်က မလွဲဧကန်ပင်။ ထို့ကြောင့် သူ တစ်ဖက်လူ၏ သူ့အပေါ်သတိထားမှုကို လျော့ချအောင်လုပ်နိုင်ရမည်။
ရွှယ်ကျွင်းလျန် သူ့ကိုယ်သူ လူကောင်တစ်ယောက်ဟု မထင်ပေမဲ့ ဧကရာဇ်ကောင်းတစ်ယောက်ဖြစ်ဖို့ကတော့ လုံလောက်လေသည်။သို့ဖြစ်၍ သူ ဘယ်သူ့ကိုမှ များများစားစားစဥ်းစားရန်မလိုအပ်ပေ။
ထန့်ယွင်က အမြဲတမ်း ထန့်ရှန်း၏နှလုံးသားထဲတွင်လအထုံးတစ်ခုဖြစ်ခဲ့ပြီး ရုတ်တရက်ကြီး အတူးဆွခံလိုက်ရ၏။ ပထမတွင် မစားနိုင်သသည့်အစားအသောက်များမှာ ယခုမူ လက်ရှိတွင် သူ့လည်ချောင်းထဲ၌ ကျောက်ခဲလိုမျိုး စို့နေပြီး သူ့လည်ချောင်းကို ခြစ်မိကာ နာကျင်စေသည်။
ရွှယ်ကျွင်းလျန် သက်ပြင်းအနည်းလိုက်ဟန်ဖြင့် ပြောလာ၏။
"ဧကရီ ရှိနေတုန်းက ဝန်မင်းထန့်က အရည်အချင်းတွေအများကြီးရှိတယ်လို့လည်းပြောသေးတယ်...ကြည့်ရတာ သူနဲ့ဝန်မင်းထန့်က အတော်လေးအဆင်ပြေပုံပဲ"
ထန့်ရှန့် တိတ်တဆိတ်ပင် ရွှယ်ကျွင်းလျန်ကိုကြည့်လိုက်သည်။ တစ်ဖက်လူက သူ့ကို စမ်းသပ်နေမှန်းသူသိပြီးသားဖြစ်ပေမဲ့ ထန့်ဘုရင်က သာမန်လူတစ်ယောက်ဖြစ်ပြီး သွားပြီဖြစ်ကာ ထန့်ယွင်ကလည်း ထပ်သေသွားပြီဖြစ်၏။ သူ့ တစ်ယောက်တည်းကျန်ခဲ့သည်ဖြစ်ရာ ပူစရာမလိုပေ။ ဆန့်ကျင်ဘက်အနေဖြင့် အရာရာတိုင်းက ဤသို့ပင်ဖြစ်ပြီး ကြောက်စရာတစ်ခုမှမရှိဟုသူခံစားရသည်။
ထန့်ရှန့် ပြောလိုက်၏။
"ဒီနိမ့်ကျတဲ့ငယ်သားကလည်း ဧကရီရဲ့ပင်ကိုစရိုက်ကို လေးစားပါတယ်... ကြံရည်ဖန်ရည်အရမ်းရှိတဲ့လူတွေက ကမ္ဘာပေါ်မှာ နည်းနည်းပဲရှိတာပါ"
ရွှယ်ကျွင်းလျန် ဤတစ်ကြိမ်တော့ အမှန်တကယ် သက်ပြင်းချလိုက်ကာ ဝမ်းနည်းမှုအနည်းငယ်ကို ပြသလာသည်။
ပြောင်းပြန်အနေဖြင့် တခြားသူများက တခြားသူများဆီမှ စကားလုံးတစ်လုံးဖြင့် ဝမ်းနည်းမှုအချို့ကို သတိရသွားစေ၏။ ရွှယ်ကျွင်းလျန် ဧကရီကို ဆုံးရှုံးသွားစဥ်က သူ တကယ့်ကို စိတ်မကောင်းမိရုံသာမက ဝမ်းလည်းဝမ်းနည်းမိသည်။ ဤသည်က သူဂရုစိုက်သည့် သူ့နှလုံးသားထဲထည့်ထားသည့် တစ်ဦးတည်းသောသူဖြစ်လေ၏။ မေ့ဖျောက်မရဖို့က ဝေးလှသည်ဟုသူထင်မိသည်။ အနှီအဖြစ်အပျက်များက ပြဇာတ်ဆန်လွန်း၏။ သူက တိုင်းပြည်တစ်ခု၏အုပ်ချုပ်သူဖြစ်လေသည်။ အကယ်၍ သူသာ သူ၏ကလေးဆန်လှသော ကိုယ်ပိုင်ခံစားချက်များကို နှလုံးသားထဲထည့်ထားပါက သူ ရာဇပုလ္လင်ပေါ်မှာ အဘယ်မှာမြဲမြဲ ထိုင်နိုင်မည်နည်း။
သို့ပေမဲ့ ယခု သူထိုအကြောင်းကို တွေးကြည့်ရာတွင် အနှီခံစားချက်က အလွန်အားနည်းပြီး မည်သည့်စေ့စေ့စပ်စပ် စီစစ်မှုကိုမှ မခံနိုင်ပုံရသော်လည်း အချိန်တွေကြာလာသည်နှင့်အမျှ အမှန်တကယ် ပိုပို၍ လေးနက်လာ၊ရှင်းလင်းလာပြီး ရွှယ်ကျွင်းလျန်ကို လွှတ်မချနိုင်အောင်ဖြစ်စေသည်။
ရွှယ်ကျွင်းလျန် အမတ်မင်းထန့်နန်ကို မဝံ့မရဲစမ်းသပ်ကြည့်ချိန်တွင် သူက အစစ်အမှန်လား အတုအယောင်လားဆိုသည်ကို အမှန်ပင်မပြောနိုင်ပါချေ။ သူ၏ ဧကရီ၏ဗီဇနှင့် အမူအကျင့်များနှင့် တူညီသလို သရုပ်ဆောင်ရခြင်း၏ရည်ရွယ်ချက်က မည်သို့ပင်ဖြစ်ပါစေ ရွှယ်ကျွင်းလျန် ဝန်မခံဘဲ မနေနိုင်သည်ကား သူက အမှန်တကယ် သရုပ်ဆောင်နေခြင်းမဟုတ်ပါဘဲ သူတို့၏အမူအကျင့်များက တကယ်ကိုတူညီနေခြင်းပင်...
ရွှယ်ကျွင်းလျန် သူ့အတွေးများကို ရုပ်သိမ်းပြီး ဆက်ပြောလိုက်သည်။
"ကုရဲ့အမြင်အရ မောင်မင်းနဲ့ဧကရီရဲ့ဆက်ဆံရေးက အင်မတန်ကောင်းပုံရတယ်...မောင်မင်းတို့နှစ်ယောက် အရင်က တစ်ယောက်နဲ့တစ်ယောက် သိကြတာလား"
ထန့်ရှန့် ဤမေးခွန်းကိုစောင့်နေခြင်းဖြစ်ပြီး သူက အပြစ်အနာအဆာကင်းစွာဖြင့် ငြိမ်သက်စွာပြန်ဖြေလိုက်၏။
"သဘာဝအတိုင်း ဒီထန့်က သူမကိုမသိပါဘူး...ဧကရီက ရွှေကိုင်းရွှေခက် ကျောက်စိမ်းသစ်ရွက်များနဲ့မွေးဖွားလာတဲ့သူပါ...နောက်ပြီး သူမက ချင်နဲ့ကျင်းမင်းဆက်များရဲ့ ဧကရာဇ်နဲ့လည်း အင်မတန်ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခု တည်ဆောက်ခဲ့ပါတယ်...အဲ့ဒီအချိန်မှာ ဒီနိမ့်ကျတဲ့ ငယ်သားက ဒုက္ခသည်တစ်ယောက်အဖြစ်မွေးဖွားလာပြီး အသက်တစ်ချောင်းအတွက် ကျစ်မြစ်ကမ်းပါးမှာ ကလေးဘဝကတည်းက တောင်းရမ်းစားသောက်နေခဲ့ရပါတယ်...ရှာတွေ့ချိန်မှသာ ကြင်နာစွာ မွေးစားခံခဲ့ရတာပါ...ဘယ်လိုလုပ် ဧကရီနဲ့သိလောက်အောင်အထိ ကံကောင်းနိုင်မှာလဲဘုရား"
ရွှယ်ကျွင်းလျန် သူ့ပြောစကားကိုနားထောင်လိုက်ပေမဲ့ အဖြေက ပိုကျေနပ်ဖွယ်ကောင်းလေလေ သူပိုပြီး သံသယဖြစ်လာလေလေဖြစ်၏။ သူက "ဧကရီက ကုကိုမိဘမဲ့တစ်ယောက်ရဲ့ဇာတ်လမ်းနဲ့ မောင်မင်းနာမည်ရဲ့ဇာစ်မြစ်ကို တစ်ခါကပြောပြဖူးတယ်...တကယ်ရင်ထဲထိစရာကောင်းပြီး မိဘမဲ့ကို ကျေးဇူးတွေအများကြီးတင်မိစေတယ်"
နှစ်ယောက်သား ဝိုင်းဖွဲစကားပြောနေကြသည်။ ရွှယ်ဟုန်ယန် နားထောင်နေပြီး နားလည်ပုံရသော်လည်း တစ်လုံးမှနားလည်ဟန်မတူပေ။ သို့ပေမဲ့ ထန့်ယွင်ကား ဘေးမှာ အလွန်ငြိမ်သက်အေးစက်စွာ ထိုင်နေပြီး ချွေးစေးများပြန်နေ၏။
မှန်သည်ပင်၊ သူလည်းကြားသည်။ ရွှယ်ကျွင်းလျန်က ထန့်ရှန့် ကိုစမ်းသပ်ဖို့ကြိုးစားနေသဖြင့် ထန့်ယွင်၏နှလုံးသားက ဒရမ်တစ်လုံးကဲ့သို့ ပြင်းပြင်းထန်ထန် ခုန်နေ၏။
ရွှယ်ဝမ်က ဧကရီနဲ့ပတ်သတ်ပြီး တစ်ခုခုမှားနေမှန်းရှာတွေ့သွားပြီလား...ဒါမှမဟုတ် လန့်ကျင်းက ခြေတစ်လှမ်းပြန်ဆုတ်ပြီး မင်မြစ်ကို မသွားခင် သူ့ကိုတစ်ခုခုပြောခဲ့တာလား...သူက ထန့်ရှန်ကိုစမ်းသပ်ဖို့ ရွှယ်ဝမ်ကိုထောက်ပြခဲ့တာလား...အရာရာတိုင်းက ထန့်ရှန့်ကနေစပေါ်ကုန်တော့မှာလား...
လောလောဆယ်တွင် သူ၏ကိုယ်ပိုင်သရုပ်ကြောင့် ထန့်ရှန့်ကို ကူညီရန် စကားမပြောဝံ့ပေ။ ထန့်ယွင်အနေဖြင့် စိုးရိမ်နေရုံသာတတ်နိုင်သည်။
ကံကောင်းထောက်မစွာဖြင့် ရွှယ်ကျွင်းလျန်က စမ်းသပ်နေရုံသက်သက်သာဖြစ်၏။ စကားအနည်းငယ်ထပ်ပြောပြီးနောက် ထိုခေါင်းစဥ်အကြောင်း ပြောခြင်းကိုရပ်တန့်လိုက်သည်။ သူ့က ခေါင်းလှည့်ကာ ပြုံးပြီးစကားဆိုလိုက်သည်။
"ကုက စိတ်အရမ်းရှုပ်နေလို့ ထန့်ယင်းကို ခဏလောက်လျစ်လျူရှုမိသွားတယ်"
xxxxx