အပိုင်း ၉၅
Viewers 13k

Chapter 95


ထန့်ယွင်က ဘာမှပြန်မပြောလာဘဲ ရွှယ်ကျွင်းလျန်ကဆက်ပြောလိုက်သည်။


"လွန်ခဲ့တဲ့ ရက်အနည်းငယ်က လူတစ်ယောက်က ရတနာတစ်ခုတွေ့ခဲ့ပြီး ကုကို ဆက်သလာတယ်...တစ်ချက်ကြည့်လိုက်တာနဲ့ ထန့်ယင်းနဲ့ကွက်တိပဲဆိုတာမှန်း ကုသိလိုက်တယ်...ထန့်ယင်းက မကြာခင် နန်းတော်ထဲဝင်လာတော့မှာဆိုတော့ ကုသိပ်ပြီးတွန့်တိုနေလို့မဖြစ်ချေဘူး...ကု ဒီရတနာကို ထန့်ယင်းကိုပေးချင်ရုံပါ"


သူက ထိုသို့ပြောရင်း လက်ကိုဝှေ့ယမ်းလိုက်သည်။ ကျန်းယွီ နောက်ပြန်ဆုတ်သွားပြီး ခဏအကြာတွင် ပြန်ရောက်လာကာ နောက်မှ အမျိုးသမီးအစေခံနှစ်ယောက်ပါလာပြီး ယွန်းထည်ဘရိုကိတ်သေတ္တာတစ်ခုစီ အသီးသီးကိုင်ထားကြ၏။


ဘရိုကိတ်သေတ္တာနှစ်ခုကာ သေးငယ်ခြင်းမရှိဘဲ ထောင်မှန်စတုဂံပုံရှိကာ ဘရိုကိတ်သေတ္တာများပေါ်ရှိ ကနုတ်က ဆန်းပြားခြင်းမရှိသော်လည်း အမှန်တွင်မူ ကျိုက်ရှု၏ရုပ်ပုံဖြစ်လေသည်။ 

(E/N–ကျိုက်ရှုဟာ တရုတ် ယုံးတမ်းတွေနဲ့ ဒဏ္ဍာရီတွေထဲက နတ်သားရဲတစ်ကောင်ပါ။ချန်လွေ့သားရဲနဲ့နဂါးတို့ရဲ့ သားတော်ကိုးပါးမှာ ဒုတိယသားဖြစ်ပါတယ်။ ရှေးသမိုင်းစာအုပ်တွေမှာ သူက သွေးဆာပြီး ရွှင်မြူးတဲ့သတ္တဝါဖြစ်ပြီး ဓားတစ်ချောင်းတဲ့ မောင်းကွင်းမှာ ထွင်းထုထားပြီး ဓားရိုးရဲ့ဝါးမြိုခြင်းခံလိုက်ရတယ်လို့ မှတ်တမ်းတင်ထားပါတယ်။စရိုက်လက္ခဏာကတော့ ယုံကြည်ချက်ခိုင်မာ၊ ရဲရင့်၊ သွေးဆာပြီးတော့ သူ့ပါးစပ်ထဲမှာဓားတစ်ချောင်းနဲ့ အမြဲတမ်း စိမ်းစိမ်းဝါးဝါးကြည့်နေတတ်ပါတယ်။)


ဒဏ္ဍာရီအရ ကျိုက်ရှုက နဂါး၏ဒုတိယသားတော်ဖြစ်ပြီး အလွန်ပြင်းထန်သည့် စရိုက်လက္ခဏာရှိကာ သတ်ဖြတ်လိုစိတ်ပြင်းသည့်ရန်လိုတတ်သူတစ်ဦးဖြစ်သည်။ ယေဘုယျအားဖြင့် ဓားသည် ပြင်းထန်သောလက်နက်တစ်ခုဖြစ်လေရာ  သူ၏ပုံရိပ်ကို အဖိုးတန်ဓားတစ်လက်ပေါ်တွင် ထွင်းထုထားလေ့ရှိပြီး ကျိုက်ရှုကိုထွင်းထုခြင်း၏ရည်ရွယ်ချက်မှာ နတ်ဆိုးများကို တားဆီးရန်ဖြစ်၏။ 


ရွှယ်ကျွင်းလျန်က ပထမဘရိုကိတ်သေတ္တာကို ပြုံးပြုံးပင်ဖွင့်လိုက်ပြီး အထဲ၌တကယ်ကို အဖိုးတန်ဓားတစ်ချောင်းရှိနေသည်။


ဓား၏ကိုယ်ထည်က အနည်းငယ်လေးပုံရသော်လည်း အေးစက်နေ၏။ ဓားအကြောင်းသိသူများအနေဖြင့် တစ်ချက်ကြည့်ရုံနှင့် ဤဟာက တကယ့်ကို  ရှေးခတ်က အဖိုးတန်ဓားတစ်ချောင်းဖြစ်ကြောင်း ပြောနိုင်လေသည်။ 


ရွှယ်ကျွင်းလျန်က ပြောလိုက်၏။

"ရှေးတုန်းက ရတနာ ဓားသုံးလက်ရှိတယ်...နဂါးစွယ် ကျားတောင်ပံနဲ့ ခွေးလိပ်ပြာပဲ...အခု ကုက ရတနာဓားနှစ်ချောင်းကိုရှာတွေ့ပြီးပြီ...သူတို့တွေက ရှေး မှော်အသုံးအဆောင်တွေနဲ့ မယှဥ်နိုင်ပေမဲ့ ကမ္ဘာပေါ်မှာ ရှာတွေ့ဖို့ခက်တယ်...သူတို့ကို နဂါးစွယ်နဲ့ကျားတောင်ပံလို့ခေါ်တယ်...ကုက နဂါးစွယ်ကိုကုအတွက်ချန်ထားပြီး ကျားတောင်ပံကို ထန့်ယင်းကိုပေးမယ်"


ထန့်ယွင်က သွေးဆာသည့်သူမဟုတ်သည့်အပြင် လူတွေကိုလတ်လွတ်စပယ် မသတ်သော်ငြား သူဟာ ကိုယ်ခံပညာကို ကလေးအရွယ်ကတည်းကလေ့ကျင့်ခဲ့ရသည်။ သိုင်းပညာရှင်တစ်ယောက်အနေဖြင့် သဘာဝအတိုင်း ဓားကောင်းတစ်လက်ကို မြင်ရသည်အား သဘောကျပေသည်။ သို့ပေမဲ့ ရွှယ်ကျွင်းလျန်မှာ တခြားပြောစရာတွေရှိသေး၏။


သူက သူ့နောက်ရှိ တခြားဘရိုကိတ်သေတ္တာကိုဖွင့်လိုက်ပြီး ထိုထဲတွင်ရှိနေသည်ကား ဓားအိမ်တစ်ခုပင်။ 


"အဲ့ဒါက အဖိုးတန်ဓားတစ်လက်ဖြစ်ပေမဲ့ ထန့်ယင်းအတွက် မောင်းမဆောင်ထဲသယ်လာဖို​  အဆင်မပြေဘူးလေ ...ကုက တစ်ယောက်​ယောက်ကို အဖိုးတန်ဓားကောင်းတစ်လက်နဲ့ ထိုက်တန်တဲ့ ဓားအိမ်တစ်ခု ထွင်းထုဖို့အထူးတလည်ညွှန်ကြားလိုက်တာ...ဒါပေမဲ့ ဒီဓားအိမ်က ဓားအိမ်လို့မခေါ်ဘူး...ဓားအိမ်တစ်ခုက အဲ့ထဲကနေ ဓားတစ်ချောင်းဆွဲထုတ်လို့ရတယ်ဆိုရင် ဓားအိမ်လို့ပဲခေါ်လို့ရတယ်...ဒီ...ဟာက ဓားခေါင်းတလားလို့ခေါ်ဖို့ပိုသင့်တော်တယ်"


သူစကားကို ငြိမ်သက်စွာ နားထောင်နေပြီးနောက် ယင်းကဘာကိုဆိုလိုမှန်း ထန့်ယွင်နားလည်သွားသည်။ သူက သူ့ကို အဖိုးတန်ဓားတစ်လက်နှင့် အနှီအဖိုးတန်ဓား၏ဓားအိမ်ကိုပေးလာခဲ့၏။ ဤသည်က ထန့်ယွင်ကို သူလက်မခံနိုင်ရင်တောင် မောင်းမဆောင်ထဲဝင်ရမှာဟုပြောခြင်းပင်။ အနှီရှေးက ရတနာဓားကဲ့သို့ အဖိုးတန် နတ်လက်နက်က သူ၏ခေါင်းတလားထဲတွင် အချုပ်နှောင်ထားခံရပြီး မည်သည့်အန္တရာယ်မျှ မပေးနိုင်တော့။

 


ထန့်ယွင် ပြုံးကာ ဘရိုကိတ်သေတ္တာကို တိတ်တဆိတ် စိုက်ကြည့်လိုက်သည်။ထို့နောက် လက်ဆန့်ကာဖြင့် ကျားတောင်ပံကို ဘရိုကိတ်သေတ္တာထဲမှ ကောက်ယူလိုက်၏။ ဓားကိုယ်ထည်က အလွန်ရှည်လျားပြီး အနည်းငယ်ပြားကာ ဓားသွားက ခပ်ပါးပါးလန်တက်နေသည်။ အပြစ်ဆိုဖွယ်မရှိသော အနက်ရောင်ဓားသွားသည် မာန်ပါလှသည့် အေးစက်စက်အော်ရာတစ်ခု ယှက်သန်းနေ၏။


ထန့်ယွင် သူ့လက်ချောင်းများကို ပူး၍ ဓားသွားတလျှောက် ညင်သာစွာ ပွတ်သပ်လိုက်သည်။ ကျားတောင်ပံဓားက အလွန်ထက်ရှနေပုံရပြီး မမျှော်လင့်စွာဖြင့် သူ့လက်ချောင်းများက ဓားသွားတလျှောက်ပြတ်ရှသွားခဲ့၏။  သွေးများက ဓား၏သွေးမြောင်းရာမှ တစ်စက်စက်စီးကျလာပြီး စိုစွတ်နေသည့်ဓားသွားဟာ အသက်ဝင်လာပုံရကာ ပို၍ပင် သီးခြားဖြစ်လာသည်။ အေးမြမှုကို ပေးစွမ်းသော်လည်း ပိုပို၍ တောက်ပလာခဲ့၏။ 


ထန့်ယွင် ဤအသေးအမွှားဒဏ်ရာကို စိတ်ထဲမထားပေ။

ဓားကိုကြည့်ပြီးနောက် သူကျားတောင်ပံကို ဘရိုကိတ်သေတ္တာထဲပြန်ထည့်လိုက်သည်။ ထို့နောက် ရွှယ်ကျွင်းလျန်ကို ကျေးဇူးတင်စကားဆိုလိုက်၏။


တစ်ဖက်တွင်မူ ဘေးမှာထိုင်နေသည့် ထန့်ရှန့် သူ၏မျက်လုံးထောင့်ကနေ ထန့်ယွင်၏လှုပ်ရှားမှုများကို မြင်လိုက်ရပြီး ကြောင်,အမသွားဘဲမနေနိုင်ခဲ့။

95.2


ထန့်ယွင့်ပတ်သတ်သည့်အတွေးများက ချက်ချင်း သူ့စိတ်ထဲကို ဝင်ရောက်လာသည်။ ထန့်ယွင်မှာ ပရိယာယ်သေးသေးလေးတစ်ခုရှိပြီး ထိုသည်မှာ သူအကြိုက်ဆုံးလက်နက်သို့မဟုတ်ဓားရရှိပါက ဤကဲ့သို့ သူ့လက်ချောင်းများကို ဓါးသွားပေါ် ပွတ်ဆွဲမှာဖြစ်၏။ထန့်ယွင်ကပြောသည်မှာ ဓားမှာလည်းအော်ရာတစ်ခုရှိပြီး သွေးစတေးပြီးသွားပါက အနာဂတ်မှာ သေခြင်းနှင်ရှင်ခြင်းကို အတူတကွဖြတ်ကျော်တိုက်ခိုက်နိုင်မည်ဟူ၍ပင်။ ကြီးကျယ်မြင့်မြတ်လှသည့် စစ်သူကြီးက သူ့ဓားကို သူ၏ခန့်ညားတင့်တယ်သော အလံတော်ကဲ့သို့ အလေးအနက်ထားလေသည်။


ထန့်ရှန့် ကြမ်းပြက်ပေါ်သို့ တစက်စက်ကျနေသည့်သွေးများကို အကြာကြီးငေးကြည့်နေမိပြီး သူ၏အံ့ဩတုန်လှုပ်မှုကနေ ပြန်အသိမဝင်နိုင်အောင်ဖြစ်နေ၏။ တိုက်ဆိုင်မှုတစ်ခုသာ ဖြစ်ကောင်းဖြစ်နိုင်သည်၊အကြောင်းမှာ လူများစွာက ဤကဲ့သို့တွေးကြသောကြောင့်ပင်။ အချို့သော သိုင်းသမားများကလည်း သူတို့၏ဓားကို အသက်လိုသဘောထားကြသည်။ စစ်မြေပြင်မှာ တိုက်ခိုက်သည့်အခါတွင် သူတို့အနေဖြင့် ရံဖန်ရံခါ  အရိုးများကိုတောင် မစုနိုင်ကြ။  စစ်တပ်ပြန်ဆုတ်ခွာပြီးနောက် လူတိုင်းဟာ လက်နက်တချို့ကိုကောက်ယူပြီး ​မြေကြီးထဲကို မြုပ်နှံကြကာ ယင်းတို့ကိုအုတ်ဂူအဖြစ်မှတ်ယူကြမှာဖြစ်၏။


ရွှယ်ဟုန်ယန် သူ၏တွေဝေငေးမောနေသည့် အမူအရာကိုကြည့်ပြီး လက်ဆန့်၍ သူ့ကို စားပွဲအောက်ကနေထိလိုက်သည်။ ထန့်ရှန့်က သူ့ကို လှည့်ကြည့်လာ၏။ ရွှယ်ဟုန်ယန် ခေါင်းလှည့်ကာ တိုးတိုးလေး ပြောလိုက်သည်။

"ခင်ဗျား မသက်မသာခံစားနေရလား"


ထန့်ရှန့်: "... "


အချို့သော အတိတ်ကဖြစ်ရပ်တွေကို တွေးပြီး ဝမ်းနည်းဖို့ကခက်ပေမဲ့ ရွှယ်ဟုန်ယန်၏စကားများက သူ့မျက်နှာကို နီရဲလာစေသည်။ ရွှယ်ဟုန်ယန် သူ့မျက်နှာက အနည်းငယ် ရဲနေသည်ကိုမြင်လျှင် ဖျားနေသည်ဟုထင်သွားသော်လည်း တစ်ဖက်အမျိုးသားက ခေါင်းလှည့်သွားပြီး သူ့ကိုကြည့်ခြင်းအားရပ်တန့်လိုက်၏။ ရွှယ်ဟုန်ယန် သူ့နားရွက်တွေကလည်း နီရဲနေပုံရကြောင်း သတိထားမိလိုက်သည်။


ရွှယ်ဟုန်ယန် အသာအယာချောင်းဆိုးလိုက်ပြီး သူအခုလေးတင်ပြောလိုက်သည့်စကားကို အမှတ်ရသွား၏။ မရည်ရွှယ်ပါသော်လည်း ထိုဟာက တစ်ဖက်လူကို သေချာပေါက် ထိုရှုထောင့်ကနေတွေးမိသွားစေခြင်းဖြစ်ရမည်။ ရွှယ်ဟုန်ယန် ညတုန်းက  အိပ်ရာထဲရှိ ထန့်ရှန့်၏အစပျိုးမှုကို မနေနိုင်ဘဲ တွေးမိသွားပြီး ဟိခနဲ ရယ်မိလေသည်။


.....


ရွှယ်ဝမ့်မှာ ဧကရီရှိပြီးသားဖြစ်သည့်အတွက် နောက်ထပ်ဧကရီတစ်ပါး ပြန်လည်တင်မြှောက်မည်ဆိုလျှင်ပင် လက်ထပ်ပွဲအခမ်းအနားကို ကြီးကြီးကျယ်ကျယ် ကျင်းပမှာမဟုတ်ပေ။အထူးသဖြင့် ထန့်ယွင်က တော်ဝင်နန်းတော်ကို ကြင်ယာတော်တစ်ပါးဖြစ်ရန်အတွက် ဝင်ရောက်မှာဖြစ်သည်။ ရွှယ်ကျွင်းလျန်ဟာ သူ့ကတိကို မဖျက်ပါဘဲ ထန့်ယွင်အား ဟွမ်ကွေ့ဖေးအဖြစ်အမှန်တကယ် တင်မြှောက်ခဲ့ပါ၏။

မီးလောင်ပြီးနောက် ယွင်ဖုန်းနန်းဆောင်ကို ပြန်လည်တည်ဆောက်ရန် အချိန်များစွာယူခဲ့ရသည်။ ထန့်ယွင်နန်းတော်ထဲဝင်သောအခါ ထိုနေရာတွင် နေထိုင်ရသော်လည်း ယခင်ကကဲ့သို့ ခမ်းနားတင့်တယ်ခြင်းမရှိပါဘဲ နန်းဆောင်၏ အစိတ်အပိုင်းတချို့က တည်ဆောက်နေဆဲဖြစ်၏။


ရွှယ်ကျွင်းလျန်က တော်ဝင်ကိုယ်လုပ်တော်အသစ်ကို အလုပ်အကျွေးပြုရန် ရှုယောင်ကိုခေါ်ချင်ပါသော်ငြား ရူယောင်က ရွှယ်ကျွင်းလျန်ကို တလေးတစားငြင်းဆိုခဲ့သည်။  ရှုယောင်က သွားလေသူဧကရီကို အလွန်သစ္စာရှိ​ကြောင်း ရွှယ်ဝမ်သိသည့်အတွက် ဧကရာဇ်တစ်ပါးဟာ အစေခံအား သူ့အမိန်တွေကို နာခံရန် အမိန့်ပေးခိုင်းစေ၍ရသော်လည်း သူ သူမကို ဖိအားမပေးခဲ့ပေ။ ထို့ကြောင့် သူ့ဟာ နန်းတွင်းအစေခံများစွာကို ရွေးချယ်ကာ ယွင်ဖုန့်နန်ဆောင်ကို ပို့လိုက်ပြီး သူတို့ထဲတွင် ထန့်ယင်းကိုပါ သိသည့် ကျောင်းရွှေလည်းပါလေသည်။


ကျောင်းရွှေက ထန့်ယင်းကိုတွေ့သည့်အခါ အနည်းငယ် အံအားသင့်နေဟန်ပင်။ ပထမအနေဖြင့် ယခင်က သူမ ထန့်ချမ်ယီကို အလုပ်အကျွေးပြုနေစဥ်က သူတို့နှစ်ဦးဟာ သိကျွမ်းခဲ့ဖူးသောကြောင့်ဖြစ်ပြီး ဒုတိယအနေဖြင့် 

ထန့်ယင်း၏ချောမောသော မျက်နှာထက်ရှိ အမာရွတ် ကြီးငယ်များကြောင့်ဖြစ်၏။ 


ကျောင်းရွှေ ထန့်ယင်းကို သိသော်လည်း သူတို့ဟာ တစ်ခါမှ အဆက်အဆံမရှိပေ။ ထန့်ယင်းက လက်ရှိရာထူးကို သူ၏ထုံးစံအတိုင်း မရိုးသားသောနည်းလမ်းများကို အသုံးပြု၍ တွယ်တက်ခဲ့သည်ဟု သူမတွေးသော်ငြား သူက မောင်းမဆောင်၏သခင်တစ်ယောက်ဟု သတ်မှတ်၍ရနိုင်ဆဲဖြစ်ပြီး သခင်ကို အာခံခြင်းက တားမြစ်ချက်ကြီးတစ်ခုဖြစ်လေသည်။ 


ရွှယ်ဝမ်က ကျောင်းရွှေကို သူ့အစေခံအဖြစ်ပို့ပေးလိုက်မည်ဟု ထန့်ယွင် မမျှော်လင့်ထားချေ။ တစ်ဖက်လူက သူကို အလွန်ယဥ်ယဥ်ကျေးကျေး နှုတ်ဆက်လာ၏။ ထန့်ယွင် မှန်တင်ခုံ၏ရှေ့တွင်ထိုင်နေစဥ်က သူမက လာပြီး သူ့ဆံပင်များကို စတင်ဖီးသင်ပေးလေသည်။ 


နှစ်ဦးသား နှုတ်ဆိတ်နေကြ၏။ ကျောင်းရွှေ ထန့်ယွင်စိတ်ကျေနပ်စေရန် ခေါင်းစဥ်တစ်ခုရှာလိုသည့်အတွက်  ပြုံးကာပြောလိုက့သည်။

"အရှင်မ ...အရှင်မရဲ့ဆံပင်က အရမ်းကောင်းတာပဲ"

 

ထန့်ယွင်က မျက်လုံးတောင်လှန်ကြည့်မလာပေ။ ကျောင်းရွှေအနေဖြင့် ယင်းက ပျင်းစရာကောင်းသည့် ခေါင်းစဥ်ဟုထင်သော်လည်း ကိုယ်လုပ်တော်အသစ်၏ရွှေနားတော် ကျေနပ်စေရေးအတွက် သူမ ဆက်ပြောနေရ၏။ သို့ပေမဲ့ ထန့်ယွင်ကတော့ စကားတစ်ခွန်းတောင် ပြောမလာဆဲပင်။ ယခင်က မျက်နှာချိုသွေးရသည်ကို ကြိုက်ပြီး စိန်နားကပ်ရောင်နှင့်ပါးပြောင်တတ်သူ ဓားတစ်လက်ကိုင်အရာရှိက မည်သို့များ စရိုက်ပြောင်းသွားသလဲဆိုသည်ကို စဥ်းစားရင်း ကျောင်းရွှေ သူမနှာခေါင်းကို ပွတ်လိုက်သည်။ 


ရွှယ်ဝမ်က မဂ်လာပွဲအခမ်းအနားကို ယွင်ဖုန့်နန်းဆောင်၏ရှေ့တွင် ကျင်းပရရန်အမိန့်ပေးလိုက်ပြီး အရပ်ဘက်နှင့် စစ်ဘက်အရာရှိတွေအကုန်လုံးကို အခမ်းအနားတက်ရောက်ရန် ဆင့်ခေါ်လိုက်သည်။ ရုံးတော်အရာရှိများက ထန့်ယင်းဟာ အမတ်မင်းတစ်ယောက်ဖြစ်သည့်အတွက် လျစ်လျူရှူ၍မရသောကြောင့် တတ်ရောက်လိုသည်ပြောကြသော်လည်း သူတို့ထဲမှ အများစုဟာ ရယ်စရာ၊ပျက်ရယ်ပြုစရာ အရင်းခံတစ်ခုအဖြစ် တော်ဝင်မောင်းမဆောင်အတွင်းသို့ အမျိုးသားကိုယ်လုပ်တော် ထည့်သွင်းခြင်းအား  လာကြည့် ကြခြင်းဖြစ်လေ၏။


ထန့်ယွင်ဟာ အနီရောင်တောက်တောက် မဂ်လာဝတ်စုံကို ဝတ်ဆင်ထားသည်။ သူဟာ ရိုးရိုးစင်းစင်းပင်အမျိုးသမီးများဝတ်ဆင်သည့် ထုံးတမ်းရိုးရာ ဝတ်စုံကိုဝတ်ဆင်ခြင်းမရှိသလို သူ့ခေါင်းအား အနီရောင်ခြုံလွှာဖြင့်လည်း ဖုံးကာထားခြင်းမရှိခဲ့။ အဝေးမှကြည့်ပါလျှင် သူသည် အရပ်မြင့်မြင့်နှင့် ချောမောပြီး မြင့်မြတ်သူတစ်ဦး၏ အသွင်အပြင်ကိုဆောင်လေသည်။ သူ့မျက်နှာထက်တွင် အမာရွတ်များရှိနေပြီး ကြီးမားလှသည့်ရရန်လိုစိတ်ကို ပြသနေသည်ကတော့ စိတ်မကောင်းစရာပင်။ ထန့်ယွင်၏ စိတ်နေသဘောထားက နူးညံ့သော်ငြား အနှီအမာရွတ်များကြောင့် သူဟာ မြင်လိုက်သည်နှင့်  ကြောက်စရာ လန့်စရာဖြစ်နေတော့၏။

 

အခန်းထဲတွင် ငြိမ်သက်စွာ ထိုင်နေရင်း အပြင်ဘက်မှ ဝန်မင်းများ ရုံးတော်အရာရှိများ၏ ခွက်တွေပန်းကန်တွေ တွန်းသံများ ၊ ဝိုင်ခွက်တိုက်သံများ နှင့် တစ်စုံတစ်ယောက်၏ ဧကရာဇ်မင်းမြတ်ကို ညကောင်းလေးတစ်ညအတွက် လျော့သောက်သင့်ကြောင်း တိုက်တွန်းနေသံတို့ကို သူကြားနေရ၏။ 


ကျောင်းရွှေက တစ်ဖက်တွင် ရပ်နေပြီး ထိုနေရာတွင်ရှိနေသည်မှာ တစ်နာရီခွဲရှိလေပြီ။ အပြင်ဘက်ရှိ လူတိုင်းသည် နေဝင်ရီတရောကနေ မှောင်သည်အထိသောက်စားနေကြသော်လည်း ပြီးဆုံးခြင်းမရှိသေးဘဲ ဆက်ကာပျော်ပါးနေကြသည်။


ကျောင်းရွှေကလည်း လိမ္မာပါးနပ်သူတစ်ယောက်ဖြစ်၏။ သူမစဥ်းစားကြည့်သောအခါ အမျိုးသားကိုယ်လုပ်တော်ဟာ တော်ဝင်မောင်းမဆောင်တွင် ရာထူးမြင့်မြင့်မားမား ပေးအပ်ခံရသော်လည်း ရွယ်ဝမ်ကတော့ သူကို ထိမည့်ရည်ရွှယ်ချက်မရှိကြောင်း နားလည်သွားသည်။


xxxxx