အပိုင်း ၉၇
Viewers 14k

Chapter 97


သူ့အသံထွက်ပေါ်လာသည်နှင့်တပြိုင်နက် အကုန်လုံး ကျွတ်ကျွတ်စီသွားကာ ဝန်မင်းတွေလည်း ထိုဟာက ယုတ္တိရှိသည်ဟု ခံစားကြရ၏။ ရွှယ်ကျွင်းလျန်အနေဖြင့် ထန့်ယွင်၏အရည်အချင်းများကို မြင်ပြီး သူကသင့်တော်မှန်း သိပါသော်လည်း ဤတစ်ကြိမ် စစ်မြေပြင်ကိုသွားခြင်းက ထန့်ယွင်၏ယခင် ခရီးစဥ်ဖြစ်သော ထန့်တိုင်းပြည်ကို သွားခြင်းနှင့်ကွဲပြားပေသည်။

 

ရွှယ်ကျွင်းလျန် ခဏမျှ စဥ်းစားခန်းဝင်နေပြီးနောက် ပြောလိုက်၏။


"ကု မောင်မင်းကို ယုံတာပေါ့... နောက်ပြီး.....ရွှယ်တိုင်းပြည်ရဲ့ နယ်စပ်ဒေသကလည်း မောင်မင်းကို အားထားရမှာပဲ...ထန့်ယင်းအောင်ပွဲတွေနဲ့ပြန်လာမှာကိုကုစောင့်နေမယ်"


ချက်ချင်းဆိုသလို ရွှယ်ကျွင်းလျန်က လူတွေကို တော်ဝင်အမိန့်တော်တစ်ခု ရေးဆွဲစေသည်။ သူက ယွီချန်ကို မြို့တော်သို့ပြန်လာရန် အမိန့်ချမှတ်လိုက်ပြီး ထန့်ယွင်ကို သူ၏ဗိုလ်ချုပ်အဖြစ် ချီးမြင့်လိုက်ပြီး ရာထူးခန့်အပ်ရန် စင်မြင့်တစ်ခုတည်ဆောက်စေ၏။


နောက်တစ်နေ့တွင် အနက်ရောင် နဂါးဝတ်ရုံကို ဝတ်ဆင်ထားပြီး ကျောက်စိမ်းပန်းဖွား သရဖူကိုဆောင်းထားသည့် ရွှယ်ကျွင်းလျန်က လက်မြှောက်ကာဖြင့် သူ့နောက်ရှိအစေခံကို ရှေ့လာရန်လက်ဟန်ပြလိုက်သည်။ အစေခံက လေးလေးစားစားဖြင့် လက်ထဲတွင်ဘရိုကိတ်သေတ္တာကိုကိုင်ကာ ရှေ့ကိုတက်လာ၏။ 


သူ လက်ဆန့်၍ ဘရိုကိတ်သေတ္တာကို ဖွင့်လိုက်သည်။ အထဲတွင်ရှိနေသည်ကား ဓားခေါင်းတလားထဲတွင်ထည့်ထားသည့် ကျားတောင်ပံဓားပင်။ 


"ချန်ယီပြောသလိုပဲ ဒါကဘုရားသခင်ရဲ့ဆန္ဒတော်ပဲဖြစ်လိမ့်မယ်...တစ်ချိန်က ကု တော်ဝင်လက်သမားကို ဒီအဖိုးတန်ဓားအတွက် ဓားခေါင်းတလားတစ်ခု ထုလုပ်ခိုင်းခဲ့တယ်...သူ့ရဲ့အဖုံးထဲကနေထွက်မလာဖို့ ရည်ရွှယ်ပြီးတော့ပေါ့...ဒါပေမဲ့ ကျားတောင်ပံက သူ့ရဲ့ဓားအိမ်ထဲကနေ နောက်တစ်ကြိမ် ထွက်လာမယ်လို့ ကုမမျှော်လင့်မိခဲ့ဘူး..."


မျက်နှာထက်တွင် အပြုံးတစ်ခုကို ဆင်မြန်းရင်း ရွှယ်ကျွင်းလျန် ကျားတောင်ပံကို ဓားခေါင်းတလားထဲကနေဆွဲထုတ်လိုက်၏။ လက်ကောက်ဝတ်ကို အသာအယာလုပ်ရှားကာဖြင့် ဓားခေါင်းတလားကို ထက်ဝက်ပိုင်းလိုက်ပြီး ယင်းကို ထန့်ယွင်အားလှမ်းပေးလိုက်သည်။ 


ထန့်ယွင် မငြင်းဝံ့ပေ။ သူ ကျားတောင်ပံဓားကို လက်နှစ်ဖက်လုံးဖြင့် ခံယူလိုက်သည်။ ခပ်ဝေးဝေးမှာ မတ်တပ်ရပ်နေကြသည့် ဝန်မင်းတွေအားလုံးဟာ ရွှယ်ကျွင်းလျန်ရှေ့ကိုအနည်းငယ်ကိုင်းလိုက်ပြီး နှုတ်ဆက်စကားဆိုရန်တွန့်ဆုတ်နေသကဲ့သို့ သူ့နှုတ်ခမ်းများက ထန့်ယွင်၏ နားရွက်ကို  ဖိကပ်ထားသည်ကိုသာ  မြင်ကြရလေ၏။ 

 

ထန့်ယွင်တစ်ယောက်တည်းကသာ ရွှယ်ကျွင်းလျန်က သူ့ကိုတီးတိုးဆိုလာသည်ကိုကြားလိုက်ရသည်။

"ဗိုလ်ချုပ်ထန့်က မင်မြစ်ကိုသွားပြီးတော့ အောင်မြင်မှုတွေ သေချာပေါက် ရလာခဲ့မှာ...နယ်မြေကိုကာကွယ်ပြီး နယ်စပ်ဒေသကို ဖွင့်ပေးပါ...မောင်မင်းရဲ့ စိတ်နှလုံးပြောင်းလဲသွားပြီး ကုကို ပုန်ကန်ဖို့ဆုံးဖြတ်လိုက်ရင်.....ဘာတွေဖြစ်လာမလဲဆိုတာကို ကုမစဥ်းစားချင်ဘူး"


ထန့်ယွင် ခေါင်းငုံ့ကာဖြင့် ရွှယ်ကျွင်းလျန်ပြောသည့်စကားကို ဂရုမစိုက်ပါဘဲ တိုးတိုးလေးပြန်ဖြေလိုက်သည်။


"စိတ်ချလက်ချနေပါ အရှင်မင်းကြီး...ဒိထန့်က ဧကရာဇ်ကို သစ္စာမစောင့်သိဘူးဆိုရင်တောင် မင်မြစ်က ထောင်ပေါင်းရာချီကျော်ကျော် တပ်သားတွေနဲ့ပြည်သူတွေရဲ့ဘဝတွေကို ဟာသလုပ်မှာမဟုတ်ပါဘူး"


"အဲ့လိုဆိုလည်း ကောင်းတာပေါ့"


ရွှယ်ကျွင်းလျန် လက်ဆန့်ပြီး သူပခုံးကိုပုတ်ပေးလိုက်၏။ သူ ထန့်ယွင်ကို စူးစိုက်ကြည့်ရင်း မသိမသာကြောင်အသွားသည်။ ထန့်ယွင်က အရပ်ရှည်ရှည်နှင့် ဖြောင့်မတ်စွာ ရပ်နေပြီး ကျားတောင်ပံဓားကိုလက်ထဲမှာကိုင်ထားကာ တကယ်ကို ကြီးမြတ်လှသော ဗိုလ်ချုပ်တစ်ဦး၏ ဟန်ပန်အမူအရာရှိနေ၏။ သူသိသလောက်သာ ဆိုပါက ထန့်ယွင်ဟာ စစ်မြေပြင်ကို တစ်ခါမှမရောက်ဖူးခဲ့။ 


ထန့်ယွင်က ကြာကြာမစောင့်တော့ပါချေ။ ဧကရာဇ်ကို ဒူးထောက်နှုတ်ဆက်ပြီးသည်နှင့်   စင်မြင့်ပေါ်ကဆင်းသွားလေသည်။ သူဆင်းလာပြီးနောက် အစောင့်တစ်ယောက်က ​သူ့စီးတော်မြင်း၏ ဇက်ကြိုးကို သူ့အားကမ်းပေး၏။ ထန့်ယွင် ကျားတောင်ပံဓားကို ခါးရှိဓားအိမ်ထဲ ထိုးစိုက်လိုက်ပြီး လှည့်ကာ မြင်းပေါ်တက်လိုက်သည်။ တစ်ချက်လှုပ်ကာဖြင့် သူ၏တပ်ခွဲကို စစ်အလံတပ်ဆင်ပြီး တပ်သားတွေကို မင်မြစ်ဆီချီတက်ဖို့ အမိန့်ပေးလိုက်သည်။ 


ရွှယ်ကျွင်းလျန် မြင့်မားသည့် စင်မြင့် ထက်တွင် ရပ်လျက်ကျန်နေခဲ့၏။ လေကထန်နေသဖြင့် သူ မျက်လုံးမှေးကာ ထန့်ယွင်၏နောက်ကျောကို ငေးစိုက်ကြည့်လိုက်သည်။ ထန့်ယွင် သက်ရှိထင်ရှားရှိနေသေးပြီး ရွှယ်တွေ ထန့်တိုင်းပြည်နှင့် စစ်ပွဲ ဖြစ်နေတုန်းက သူစစ်ပွဲကို ကြီးကြပ်ရန် ရှေ့တန်းကို ချီတက်သွားချိန်ကာလကို အမှတ်မရဘဲမနေနိုင်ခဲ့။ သူဟာ ယခုကဲ့သို့ မြင့်မားသည့်စင်မြင့်ထက်တွင် မတ်တပ်ရပ်ကာဖြင့် ဒဏ္ဍာရီလာ သံမဏိဗိုလ်ချုပ်ကြီးကို ခပ်ဝေးဝေးကနေကြည့်နေခဲ့သည်။ 


 

ထိုစဥ်က ရွှယ်ဗိုလ်ချုပ်များက ရွှယ်ဝမ်အား စခန်းကိုပြန်ပြီး စစ်ပွဲကိုစောင့်ကြည့်ဖို့ ဖြောင့်ဖြကြ၏။ ရွှယ်ကျွင်းလျန်က သဘောမတူခဲ့။ ထန့်ယွင်က မည်မျှစွမ်းအားကြီး ပါစေ ဗိုလ်ချုပ်တစ်ယောက် စစ်သူကြီးတစ်ယောက်ဖြစ်ရုံ ထက်မပိုဟု သူထင်ခဲ့သည်။ ထန့်တိုင်းပြည်က ထိပ်ဆုံးကနေ အောက်ခြေထိ ပုတ်ပွနေ၏။ သူ့ရှေ့မှာ ဗိုလ်ချုပ်တစ်ယောက်တည်းရှိနေသည်ကို ဘာကိုကြောက်ရပါမည်နည်း။


သို့ပေမဲ့ မထင်မှတ်ပါဘဲ ထန့်ယွင်က စင်မြင့်ထက်ရှိ ဧကရာဇ်တံခွန်တော်ကို မြင်လေသည်။ သူက သူ့မြင်းကိုရှေ့သို့​နှင်ပြီး တစ်ကိုယ်တည်း လေးကိုဆွဲလိုက်၏။ မြှားတစ်စင်းက တံခွန်တိုင်ကိုချိုးပစ်ခဲ့သည်။ ဧကရာဇ်တံခွန်တော်ဟာ ပြိုကျလာပြီး ရွှယ်ဝမ့်ကို ဒဏ်ရာရစေလုနီးပါးပင်။ 


ရွှယ်ကျွင်းလျန် အမြန်စီးနင်းကာဖြင့် ပိုဝေးဝေးသွားသော  အဝေးမှ စစ်တပ်ကို မမှိတ်မသုန်ကြည့်နေခဲ့သည်။ထန့်ယင်း၏နောက်ကျောက သေးငယ်လွန်း၍ သူ မမှတ်မိနိုင်လောက်အောင်ပင်။  ရွှယ်ကျွင်းလျန် ထိုနေရာတွင် ရပ်နေရင်း အကျွမ်းဝင်နေသလိုမျိုး(deja vu) ခံစားချက်ကို သူ့အလိုလို ခံစားလာရ၏။ အဝေးမှာ ရှိနေသည်က ထန့်ယွင်၏ပုံရိပ်မဟုတ်ပါဘဲ ထန့်ယင်းမြင်းစီးနေခြင်းဖြစ်သော်လည်း ခံစားချက်က အလွန်တူညီနေသည်။ ထို့စဥ်က ထန့်ယွင် သူ့မြင်းကိုရှေ့တက်ရန် မောင်းနှင်သည်ကို သူ့ကြည့်နေခဲ့ရပြီး ယခုတွင် ရွှယ်တိုင်းပြည်၏ဗိုလ်ချုပ်တစ်ဦး ထွက်ခွာသည်ကို သူကြည့်နေခဲ့ရ၏။ 


——-


 နယ်စားမင်းဝမ်နျန်၏နေအိမ်တော်တွင် ထန့်ရှန်တစ်ယောက် အလွန်ပျင်းနေမိသည်။ သူ့တွင် တစ်နေကုန်လုပ်စရာဘာမှမရှိပေ။ ရွှယ်ဟုန်ယန်အတွက် သူ့ကို ညီလာခံဝင်ခိုင်းဖို့ မခဲယဥ်းပါချေ။ ထန့်ရှန် တစ်ခါတလေတွင် ရွှယ်ဟုန်ယန်က ဂရုစိုက်တာလား ဂရုမစိုက်တာလားကို သိချင်မိ၏။ဂရုမစိုက်စေကာမူ နေရာတိုင်းမှာ ထန့်ရှန်ကို အရေးထားမှု ဂရုစိုက်မှုတွေ ကို ပြနေသေးသည်။ ရွှယ်ဟုန်ယန်က သူ့ကို ဂရုစိုက်ပေးသည့်နေရာတွင် အလွန်စေ့စပ်သေချာ၏။ ထို့ကြောင့် အမြဲတမ်း စိတ်ဝင်စားမှုကင်းမဲ့လေ့ရှိသော ထန့်ရှန်ကို ရင်မခုန်လာစေဘဲမနေနိုင်ခဲ့။  


ထန့်ရှန် စာကြည့်ခန်းအတွင်းမှာ အကြိမ်ရေအနည်းငယ်လောက် ပတ်လျှောက်နေမိသည်။ သူ ရွှယ်ဟုန်ယန်၏စာကြည့်ခန်းထဲမှ စာအုပ်တွေအကုန်လုံးကို ဖတ်ပြီးနေသည်မှာ ကြာလှပြီဖြစ်၍ ယခုတွင် ဖတ်စရာစာအုပ်အသစ်ပင်မရှိတော့ပေ။  စာအုပ်နှစ်အုပ်ကို ကျပန်းကောက်ယူလိုက်သော်လည်း စားပွဲပေါ်ရှိရုံးတော်စာရွက်စာတမ်းများတစ်ပုံကို သူမြင်လိုက်ရသည်။ နယ်စားမင်းဝမ်နျန်ကသာ သတိထားလျှင် စစ်ဘက်ဆိုင်ရာ ရုံးစာရွက်စာတမ်းများကို ဤသို့ထားမှာမဟုတ်ပေ။ စိတ်နှလုံး ကောက်ကွေ့သည့်သူတစ်ယောက်က ယင်းတို့ကို မကောင်းသောရည်ရွှယ်ချက်ဖြင့် ကြည့်လိုက်ပါက အဆုံးမဲ့သော ဒုက္ခတွေရောက်လာပေလိမ့်မည်။

.

ထန့်ရှန့် သူဘာသူပဲ စာရွက်စာတမ်းများကို ပိတ်ပေးလိုက်ပြီး ဘေးမှာချထားလိုက်သည်။ သူ မနေနိုင်ဘဲ ရယ်မိ၏။ အရင်ကလို စိတ်နှင့်သာဆိုပါက သူ တကယ်ကို စိတ်ဝင်စားမှာဖြစ်သည်။ သို့ပေမဲ့ သူ၏ရည်ရွှယ်ချက်များကား လုံးလုံးလျားလျား ပျက်ပြယ်သွားပြီဖြစ်၏။ ယခုတွင် အနှီ ရုံးတော် စာရွက်စာတမ်းများကို မြင်ချိန်၌ သူ့မှာဘာအတွေးမှလည်းမရှိသလို ဘာစိတ်ဝင်စားမှုမှလည်းမရှိပေ။

97.2


နောက်ဆုံး စာရွက်စာတမ်းကို သိမ်းပြီးချိန်တွင် ထန့်ရှန် ချက်ချင်း ကြက်သေသေသွားခဲ့သည်။ နောက်ဆုံးစာရွက်စာတမ်း၏ အောက်တွင် စားပွဲပေါ်၌ စာရွက်ပိုင်းတစ်ခုရှိနေ၏။ ထူပိတ်အောင်ရေးထားသော စာလုံးများအရ မူကြမ်းတစ်ခုဖြစ်ပုံရသည်။ အဝိုင်းဝိုင်းကာ ပြင်ဆင်ထားသည့်အကြိမ်ရေတွေလည်း မနည်းလှပေ။တချို့သောလက်ရေးတွေက ရွှယ်ဟုန်ယန်၏လက်ရေးဖြစ်သည်။ သူတို့အတူတူနေတာမကြာသေးသော်လည်း သူတန်းပြီးမှတ်မိပါ၏။ ထန့်ရှန်ဟာ လက်ရေးလှရေးခြင်းနှင့် ပန်းချီပညာကိုလည်း လိုက်စားခဲ့သူဖြစ် သည်။ 

သူက လက်ရေးလှနှင့်ပန်းချီကို ခုနစ်မှတ်ရှစ်မှတ်လောက်အထိ ပုံတူကူးနိုင်ပြီး ရွှယ်ဟုန်ယန်၏လက်ရေးကို မှတ်မိသည်မှာသဘာဝကျလေ၏။ 


သို့ပေမဲ့ ထန့်ရှန့်မမျှော်လင့်ထားသည်ကား စာရွက်ပေါ်ရှိလက်ရေးအများစုက အလွန်ရင်းနှီးနေခြင်းပင်။ ဤပုဂ္ဂိုလ်၏ အရေးအဖတ်တွေကို သူကိုယ်တိုင်သင်ကြားပေးထားခြင်းဖြစ်ပေသည်...


ရွှယ်ဟုန်ယန် နေအိမ်တော်ကို ပြန်ရောက်လာလေပြီ။ ထုံးစံအတိုင်း သူ တန်းပြီး ထန့်ရှန့်ကိုရှာပေမဲ့ သူတို့အခန်းထဲတွင် သူ သူ့ကိုမတွေ့သလို ခန်းမထဲမှာလည်းမရှိပေ။ အစေခံတွေကို မေးမြန်းပြီးနောက် စာကြည့်ခန်းထဲမှာ စာဖတ်နေသည်ဟုဆိုကြ၏။ သူစာကြည့်ခန်းထဲဝင်လိုက်သည်နှင့် ထန့်ရှန့်က စာရွက်ကို မှင်တက်စွာငေးစိုက်ကြည့်နေသည်ကိုမြင်လိုက်ရသည်။ 


ရွှယ်ဟုန်ယန် သူ့ဘေးကိုသွားပြီး စာရွက်ကိုကြည့်ကာ မေးလိုက်၏။


"ဘာဖြစ်လို့လဲ ..ဒီစာရွက်က တစ်ခုခုမှားနေလို့လား"


"မဟုတ်ပါဘူး... "


ထန့်ရှန် စာရွက်ကို ဖြည်းဖြည်းချင်း ချကာ ရွှယ်ဟုန်ယန်ကို ကြည့်ပြီး မေးလိုက်၏။

"ဒါဘယ်သူ့လက်ရေးလဲ"


သူဘာ့ကြောင့်မေးမှန်း မသိပေမဲ့ ရွှယ်ဟုန်ယန် ရိုးရိုးသားသား ဖြေလိုက်သည်။


"ထန့်ယင်းရဲ့လက်ရေးလေ"


"ထန့်ယင်း..."


ထန့်ရှန့်၏အမူအရာက ပို၍ပင် ထူးဆန်းလာသည်။ ပါးစပ်ကို ဟလိုက်ပေမဲ့ အတော်ကြာသည့်တိုင် တစ်ခွန်းမှ မပြောနိုင်ခဲ့။ ရွှယ်ဟုန်ယန် သူနေမကောင်းဖြစ်နေသည်ဟု ထင်သွားချိန်တွင် သူ့ထံမှ"ထန့်ယင်း ဘယ်မှာလဲ "ဟူသော စကားကိုသာ ကြားလိုက်ရ၏။ 


ရွှယ်ဟုန်ယန် ပြောလိုက်သည်။

"အမတ်မင်း မေ့သွားပြီးလား...ထန့်ယင်းကဒီနေ့ ရွှယ်ဗိုလ်ချုပ်အဖြစ် ခန့်အပ်ခံလိုက်ရပြီလေ...ကျွန်တော်တို့ ဂါရဝပြုပြီးတော့ သူမင်မြစ်ကိုထွက်သွားတာကို အခုလေးတင်မြင်ခဲ့တာ"


ထန့်ရှန့် "သွားရအောင်"ဟုသာ ပြောလိုက်ပြီး ၎င်းနောက် စကားဆက်မပြောတော့ပေ။ ရွှယ်ဟုန်ယန်က သူနေမကောင်းဖြစ်နေသည်ဟု တကယ်ထင်သွားပြီး တော်ဝင်သမားတော်အား သူ၏သွေးခုန်နှုန်းကို လာစစ်ဆေးခိုင်းလေသည်။ 


ရွှယ်ဟုန်ယန် ထန့်ရှန်၏ကျန်းမားရေးကို စိတ်ပူနေသော်လည်း ရွှယ်ဝမ်က သူ့အား နယ်စပ်ကို စောင့်ကြပ်ရန် ထန့်ကိုစေလွှတ်နေ၏။ သူက မကြာမီစစ်ပွဲကို ထပ်သွားရမှာဖြစ်ပြီး နှောင့်နှေး၍မရပေ။ ကံကောင်းထောက်မစွာဖြင့် ထန့်ရှန်မှာ ဘာရောဂါမှမရှိဘဲ အနားယူဖို့လိုနေခြင်းသာဖြစ်ကြောင်း တော်ဝင်သမားတော်ကဆိုသည်။ 


သုံးရက်အကြာတွင် ရွှယ်ဟုန်ယန်နှင့် ထန့်ရှန့်တို့လည်း တပ်သားတွေနှင့်အတူ ထန့်ကိုချီတက်သွားကြ၏။ ရွှယ်ကျွင်းလျန်က သူတို့ကို မြို့တော်တောင်ဂိတ်ပေါက်အပြင်ထိကိုယ်တိုင်လိုက်ပို့လေသည်။


ထန့်ရှန်က ပြင်းပြင်းထန်ထန်နေမကောင်းမဖြစ်သော်လည်း ရွှယ်ဟုန်ယန်က သူ့ခန္ဓာကိုယ်နှင့်ပတ်သတ်၍ စိုးရိမ်သဖြင့် မြင်းမစီးခိုင်းဘဲ ထိုအစား သူ့အတွက်  ရထားလုံးတစ်ခုပြင်ဆင်စေ၏။ 


ထန့်နယ်နမိတ်အတွင်း ဝင်ရောက်လာပြီးနောက် ရွှယ်ဟုန်ယန် တပ်တစ်ခုလုံးကို ရပ်တန့်ပြီးအနားယူရန်အမိန့်ပေးလိုက်သည်။ သူပတ်ကြည့်လိုက်ရာတွင် ရှေ့မနီးမဝေးတွင် ဇရပ်ငယ်လေးတစ်ခုကို မြင်လေ၏။ မြင်းကို မောင်းလိုက်ရင်း တစ်နေကုန်ချီတက်လာရသည်မှာ မွမ်းကြပ်နေလောက်ပြီဖြစ်၍ ထန့်ရှန့်ကို ရထားလုံးထဲကထွက်ပြီး လေကောင်းလေသန့်ရှူခိုင်းသင့်ကြောင်း စဥ်းစားမိသည်။


ရွှယ်ဟုန်ယန် ဇရပ်ငယ်လေး၏ကမ္ဗည်းပြားကို မော့ကြည့်လိုက်၏။ ဤကဲ့သိုသော လူသူကင်းရှင်းသည့် နယ်စပ်ဒေသမှာရှိနေသည့် ဇရပ်ဟာ အနည်းငယ်အထီးကျန်နေပုံပေါ်သည်။


ကမ္ဗည်းပြားပေါ်တွင်ကား စကားလုံးသုံးလုံးရေးထား၏—​ *သွေးပြာဇရပ်

(E/T–အပြာရောင်သွေး-အကြောင်းပြချက်တစ်ခုဖြင့် သွန်းလောင်းသောသွေး၊သစ္စာရှိ စစ်သည်တော်၏သွေး)


ရွှယ်ဟုန်ယန် ယင်းစကားလုံးသုံးလုံးကို အကြာကြီး စိုက်ကြည့်နေပြီး သူ့နောက်တွင်ကားထန့်တိုင်းပြည်၏အညံ့ခံထားသော တပ်သားများအတန်းလိုက်ရှိနေသည်။ ရွှယ်ကျွင်းလျန်က  ရွှယ်တိုင်းပြည်ကလူတွေ၏အကြင်နာတရားကို ပြသရန် သူတို့အား တရားဝင်ဆုလာဘ်များ ချီးမြင့်ခဲ့၏။


ရွှယ်ဟုန်ယန် ချန်ရွှေကိုမေးလိုက်သည်။

"ဒီဇရပ်ရဲ့ ကမ္ဗည်းပြားပေါ်မှာရေးထိုးထားတဲ့ စာလုံးတွေကို ဘယ်သူရေးခဲ့တာလဲ"


ချန်ရွှေက တလေးတစားပြန်ဖြေလာ၏။

"ကျွန်တော့်ရဲ့ သခင် ထန့်ယွင်ပါ"


"ထန့်ယွင်..."

ရွှယ်ဟုန်ယန် အံ့အားသင့်သွားပြီး ထပ်မေးလိုက်သည်။

"ဘယ်ထန့်ယွင်လဲ"


ချန်ရွှေက ပြန်ဖြေ၏။

"ထန့်ပြည်သူတွေရဲ့နှလုံးသားထဲမှာ ထန့်ယွင်တစ်ယောက်တည်းရှိပါတယ်...သံမဏီစစ်သူကြီး ...စစ်သူကြီးယွင်က သစ္စာရှိသူဖြစ်ပြီးနယ်စပ်မှာ တပ်စွဲခဲ့ပါတယ်...အဲဒီတုန်းက သူဒီမှာရှိနေပြီး ဒီဇရပ်အတွက် ကမ္ဗည်းပြားရေးပေးခဲ့တာပါ"


ထိုစကားကို ကြားရချိန်တွင် ရွှယ်ဟုန်ယန်ကြောင်အသွားလေ၏။ သူရံဖန်ရံခါ နန်းတော်ထဲဝင်စဥ်က ဧကရီ

၏လက်ရေးလှရေးသားခြင်းကို မြင်ခဲ့ရဖူးသည်။  သွေးပြာဟုသော စကားလုံးကို ရေးသားဖူးခဲ့ပြီး အရေးအသားက သူ့ရှေ့ရှိ ကမ္ဗည်းပြားနှင့် အလွန်တူလေ၏။ ရွှယ်ဟုန်ယန်မှာ မှတ်ဉာဏ်စွမ်းရည်မရှိသည့်အပြင်  ဘာကိုမှဆုံးဖြတ်ဖို့ အသုံးချ၍မရသလို ရှင်းပြ၍လည်းမရသော စကားလုံးနှစ်လုံးတည်းသာရှိနေသည်။


သို့ပေမဲ့ ရွှယ်ဟုန်ယန်က မတုံးအပါချေ။ သူစိတ်ဟာ သတိထားရမည့်နေရာတွေမှာ ဘယ်သောအခါမှ ဂရုမဲ့ခြင်းမရှိခဲ့။ ယခင်က ရွှယ်ကျွင်းလျန်က ထန့်ရှန့်ကို သွားလေသူဧကရီအကြောင်းနှင့်  ထန့်ရှန့်နှင့်ဧကရီတို့ တစ်ယောက်နှင့်တစ်ယောက် သိမသိကိုမေးဖူးပြီး ထန့်ရှန့်ကို အကြိမ်ပေါင်းများစွာ စမ်းသပ်ခဲ့လေသည်။


ရွှယ်ဟုန်ယန် သူ၏မော်ကွန်းထိန်းအရာရှိအား ကမ္ဗည်းပြားကို ကူးယူပြီး ရွှယ်ဝမ်ကိုပြရန်အတွက် နန်းမြို့တော်ကို ပြန်ပို့ဖို့ ညွှန်ကြားလိုက်၏။


xxxxxx