အပိုင်း ၉၈
Viewers 13k

Chapter 98


ယွီချန် မိုင်20အကွာအထိ ဆုတ်ခွာခဲ့ရပြီး  တပ်သားတွေကို  မြစ်ကမ်းဘေးတစ်လျှောက်မှာ မိုင်100အရှည် စခန်းချကာ ကျန်းဟုန်၏ချီစစ်ကို မြို့ရိုးတည်ဆောက်၍ ခုခံရန် အမိန့်ပေးလိုက်သည်။


သို့ပေမဲ့ ယွီချန့်မေ့နေသည်ကား စခန်းရှည်လျားလေလေ သူတို့ကိုယ်သူတို့ကယ်တင်ရန် ခက်ခဲလေလေဖြစ်မည်ကိုပင်။ သူ့အနေဖြင့်  ဤအကြောင်းကိုလည်း တွေးမိသော်ငြား တပ်ရင်းနှင့် စခန်းကြားအကွာအဝေးက ဝေးကွာခြင်းမရှိပါလျှင် ယင်းက ပို၍ပင် ဆိုးကျိုးများသေး၏။ ရန်သူတွေ မီးရှို့လိုက်ပါက မိုင်100သော စခန်းက တစ်ခုပြီးတစ်ခု မီးလောင်သွားမှာဖြစ်သည်။ ကျန်းဟုန်းမှာ မီးမသုံးစရာ အကြောင်းမရှိပေ။ ဤသည်က ရန်သူများ တစ်ခါတည်းနှင့် အပြတ်ရှင်းနိုင်မည့် နည်းလမ်းကောင်းတစ်ခုဖြစ်ပေ၏။

 


လန့်ကျင်းက ယွီချန့်ကို ထိုသို့မလုပ်ရန်  အကြံပေးသော်လည်း ယွီချန်က ဒေါသအပြင်းအထန်ထွက်သွားကာ လန့်ကျင်းကို ငယ်ရွယ်ပြီး ကိုယ့်နေရာကိုယ်မသိသည့်အတွက် ဆူပူကြိမ်းမောင်း၏။ သူက ဆယ်စုနှစ်များစွာ တိုက်ပွဲဝင်ခဲ့ကြောင်းလည်းပြောလိုက်သည်။ သူက မည်သို့များ ကျန်းဟုန်ကိုကြောက်ရပါမည်နည်း။


ယွီချန်က လန့်ကျင်း၏အကြံပေးချက်ကို ငြင်းပယ်ရုံသာမက  သူ့ကိုပါ စစ်တပ်၏စိတ်ဓာတ်ရေးရာကို ထိခိုက်စေသည်ဟုဆိုကာ ဖမ်းဆီးပြီးခေါင်းဖြတ် ကွက်မျက်ရန် အမိန့်ပေး၏။ မော်ကွန်းထိန်းအရာရှိကျန်းမော့နှင့် ဗိုလ်ချုပ်များက လန့်ကျင်းသည် ဘုရင်မင်းမြတ်ကိုယ်တော်တိုင် အမိန့်ပေးထားသည့် ပုဂ္ဂိုလ်ဖြစ်ပြီး ရွှယ်ယွီ၏လူယုံတော်ဖြစ်ကြောင်းပြောကာ အပြင်းအထန် တောင်းပန်ကြသည်။ ယွီချန် သူ့ကိုသာသတ်လိုက်ပါက လူများစွာကို ဆန့်ကျင်မိပေလိမ့်မည်။ ထို့ကြောင့် သူ လန့်ကျင်းကို ဒေါသတကြီး လွှတ်ပေးလိုက်ရ၏။


ဤတိုက်ပွဲက ရှုံးရန်သေချာကြောင်း လန့်ကျင်းသိပါသော်လည်း စိတ်မကောင်းစရာကား ရှုံးနိမ့်သည့် သတင်းများက မြို့တော်ထိပျံ့နှံသွားမည်ဖြစ်ကာ ရွှယ်ဝမ်၏အမျက်က နယ်စားမင်းကျန့်ကျန်းကိုငြိစွန်းစေမှာကိုပင်။


ရက်အနည်းငယ်အကြာတွင် အမိန့်တော်နှင့်အတူ ဗိုလ်ချုပ်တစ်ဦးရောက်လာပြီး လူတွေအားလုံးကို ဒူးထောက်ပြီး အမိန့်တော်ခံယူခိုင်းလေသည်။ အမိန်တော်တွင် ပြောထားသည်မှာ ယွီချန်က သူ၏တပ်သားများကို အရေးမထားဘဲ ဆုတ်ခွာစေခဲ့သဖြင့် ရွှယ်ဝမ်က သူကို တပ်မှူးရာထူးမှ ထုတ်ပယ်လိုက်ကာ စစ်ကမ္ဗည်းပြားနှင့် တံဆိပ်တုံးကို ချက်ချင်းလွှဲပြောင်းပေးပြီး မြို့တော်ကို ပြန်လာခိုင်းခြင်းနှင့် ဗိုလ်ချုပ်ထန့်ယင်းက မင်မြစ်ဆီကိုဒုန်းဆိုင်း ချီတက်လာနေကြောင်းကိုပင်။ 


ဤအချင်းအရာကို ကြားရသည်တွင် ယွီချန်မပျော်ပေ။ သူကို ဒုက္ခရောက်စေသည့် ဖြူတိဖြူဖတ်နှင့်ကောင်လေး ထန့်ယင်းဖြစ်ကြောင်း သူကြားသိရသောအခါတွင် အမိန့်တော်ကို လက်ခံရန်ငြင်းဆိုပြီး အမိန့်တော်ဖတ်ပြသည့် အစောင့်ကို ဖမ်းဆီးလိုက်၏။


ယွီချန် တော်ဝင်အမိန့်တော်ကို အာခံလိုက်ခြင်းက စစ်သည်များကို ထိတ်လန့်သွားစေခဲ့သော်လည်း သူ့တို့ကိုယ်သူတို့ လန့်ကျင်းနောက်တစ်ယောက်ဖြစ်မှာစိုး၍ မည်သူမှထပြီး မဆန့်ကျင်ရဲကြပေ။


ယွီချန်က လက်ရွေးစင်တပ်သား1000ကို သံချပ်ကာနှင့် ခေါင်းဆောင်းများကို ဝတ်ဆင်ကာ လှံများကို ကိုင်ဆွဲ၍ ယွီချန်နှင့်အတူ ဗိုလ်ချုပ်အသစ်ကို သွားတွေ့ရန် အမိန့်ပေးလိုက်သည်။ 


မော်ကွန်းထိန်းအရာရှိ ကျန်းမော့ဟာလည်း အတိတ်တုန်းက ဗိုလ်ချုပ်ကြီးတစ်ဦး ဖြစ်ခဲ့သော်ငြား ကံမကောင်းစွာဖြင့် တိုက်ပွဲမှာ ရန်သူကို သွားသတ်စဥ်က သူ၏ညာဘက်လက်ကို ဆိုးဆိုးရွားရွားထိခိုက်သွားခဲ့၏။ မှင်တံကိုင်ပြီး စာရေးရန်အဆင်ပြေပါသော်လည်း  လေးလံသောအရာဝတ္ထုများကို သူမကိုင်နိုင်တော့ပေ။ သူအနေဖြင့် တိုက်ပွဲကနေ ပြန်ဆုတ်ခွာခဲ့ရပြီး အရပ်ဘက်အမှုထမ်းတစ်ဦးဖြစ်လာခဲ့သည်။ သူ လန့်ကျင်းဆီကို ပြေး၍ အကြံတောင်းလိုက်၏။ လန့်ကျင်းက "ထန့်ယင်းက ရန်သူလာရင် ပြန်ဆုတ်အောင်လုပ်နိုင်တယ်"ဟုသာ ပြောလာသည်။


ထန့်ယင်း စစ်တပ်ကို မင်မြစ်ဆီသို့ခေါ်ဆောင်သွားသောအခါ ရှေ့ကတပ်သားတွေပြောလာသည်ကို သူကြားလိုက်ရ၏။ 


"ဗိုလ်ချုပ်... ရှေ့မှာ တပ်ဖွဲ့တစ်ခုရှိပုံရတယ်"


လက်ရှိအချိန်၌ မြူခိုးများရှိနေသဖြင့် သူ အဝေးထိမမြင်ရပေ။ သို့ဖြစ်၍  ထိုဟာက  ကျန်းဟုန်၏ ချောင်းမြောင်းတိုက်ခိုက်မှုဖြစ်နေမှာကို ထန့်ယင်းစိုးရိမ်သဖြင့် လူတိုင်းကို လက်လွတ်စပယ် မချီတက်ခိုင်းဝံ့ပေ။ ရှေ့ဆီမှ လူတစ်ဖွဲ့လာနေပြီး ပိုနီးလာသည့်  ထိပ်ဆုံးမှလူက ယွီချန်ဖြစ်လေသည်။ 


ယွီချန်က လက်ထဲမှာ လှံတစ်ချောင်းကို ကိုင်ထားပြီး ထန့်ယွင်ကို မြင်သောအခါ နှာမှုတ်ကာဖြင့် ဆိုလိုက်၏။


"အရှင်ထန့်ရောက်နေတာပဲ"


သူ၏ပထမဆုံးဝါကျကို ကြားလိုက်သည်နှင့် ယွီချန်ကတော်ဝင်အမိန့်တော်ကို မနာခံကြောင်း ထန့်ယွင်သိသွားပြီး ပြောလိုက်သည်။


"ဗိုလ်ချုပ်ယွီက တရားဝင်တံဆိပ်တုံးနဲ့ စစ်ကမ္ဗည်းပြားကို တင်သွင်းဖို့ရောက်လာတာလား"


ထိုစကားကို ကြားပြီးနောက် ယွီချန်ကနှာထပ်မှုတ်ကာ တံတွေးတစ်ငုံစာထွေးပြီး ပြောလေ၏။ 


"မင်းကရော ဘာလဲ...မင်မြစ်ကတပ်သားတွေကို ဦးစီးဖို့ရောက်လာတာလား"


ထို့နောက် သူက လှံကိုမြှောက်၍ ထက်မြသည့် လှံဖျားကို  

ထန့်ယွင်ဆီသို့ ဦးတည်ကာဖြင့် အထက်စီးဆန်စွာပြောလိုက်သည်။


"ဒီနေ့ ဒီနေရာကို ဖြတ်ကျော်နိုင်ရင် မင်း ဗိုလ်ချုပ်လုပ်လို့ရတယ်... ငါ့လက်ထဲက လှံကိုတောင် မကျော်နိုင်ရင် ဘယ်လိုလုပ် ဗိုလ်ချုပ်ဖြစ်လို့ရမလဲ ...မြို့တော် ပြန်ပြီး ေ*ာက်ကိုယ်လုပ်တော်ပဲ သွားလုပ်နေလိုက်"


ထန့်ယွင်က ပြောလိုက်၏။

" စစ်သည်တွေရှေ့မှာ အဲ့ဒါကို လုပ်ရင် သူတို့ရဲ့စိတ်ဓာတ်ကို ပျက်ပြားစေမှာစိုးမိတယ်"


ယွီချန်က ရယ်ကာဆိုသည်။

"မလုပ်ရဲရင် လိမ်လိမ်မာမာနဲ့ပြန်သွားလိုက်...သူတို့အကြောင်းပြောနေစရာမလိုဘူး..."


ထိုအချိန်တွင် ကျန်းမော့က ထရပ်ပြီးပြောလာ၏။

"အခု ငါတို့က ကျန်းဟုန်ကို ရင်ဆိုင်နေရတာ...ဗိုလ်ချုပ်နှစ်ယောက်က တိုက်ခိုက်လိုက်ရင် တပ်သားတွေအကုန်လုံး တကယ်ယောင်မှားသံသယတွေဝင်ကုန်လိမ့်မယ်...ဒိလိုဆို ပိုကောင်းတယ်.....ရှိနေတဲ့ ဗိုလ်ချုပ်တွေအားလုံးက မျက်မြင် သက်သေတွေပဲ...ဗိုလ်ချုပ်တို့နှစ်ယောက်က စစ်သူကြီးအလံတော် ကိုယ်စီ ကိုင်ပြီး ရှေ့ကတောင်ကုန်းကို နယ်သတ်မျဥ်းအဖြစ်သတ်မှတ်ကြပါ... တောင်ကုန်းပေါ်မှာ စစ်သူကြီးအလံတော် အရင်စိုက်နိုင်တဲ့သူက မင်မြစ်ရဲ့ တပ်မှူးဖြစ်လာလိမ့်မယ်...ဗိုလ်ချုပ်တွေအကုန်လုံး လက်ခံပေးရမယ်"


ယွီချန်က မျက်လုံးပင့်ကာ ထန့်ယွင်ကိုကြည့်လေ သည်။ သူကိုကြည့်ရသည်မှာ အလွန်အထင်အမြင်သေးနေပုံရ၏။ တစ်ဖက်လူက ဤနေရာကို အရပ်ဘက်အရာရှိအဖြစ်လာသည်ဟု ပြောလျှင်ပင် အဆင်ပြေသေးသော်လည်း သူဆီကနေ စစ်သူကြီးအလံတော်ကိုလုယူရန်ဟုဆိုလေတော့  ဤသည်က ဟာသတစ်ခုပင် မဟုတ်ပါလော။


ထန့်ယွင် စစ်သူကြီးအလံတော်ကို တစ်ချက်ကြည့်လိုက်၏။ အလံကြီးက လေးပြီး အနှီခန္ဓာကိုယ်၏ရုပ်ပိုင်းဆိုင်ရာသန်မာမှုက တစ်ဝက်သာရှိတော့သော်လည်း ကျွမ်းကျင်လိမ္မာမှုကို အားပြု၍ အလံတော်ကို စိုက်ထူရန်မဖြစ်နိုင်သည်တော့မဟုတ်ပေ။


နှစ်ဖက်လုံးအတွက် စကားဆက်ပြောနေလျှင် အကျိုးမရှိသဖြင့် ၎င်းတို့၏ ကိုယ်စားပြုတပ်သားများက စစ်သူကြီးအလံတော်ကိုယူလာကြသည်။

98.2.


ထန့်ယွင် စစ်သူကြီးအလံတော်ကို လက်ထဲမှာချိန်ဆကြည့်လိုက်၏။ အမှန်ပင်  မြင်းပေါ်မှာ အလံကို ကိုင်ကစားဖို့ရာ အနည်းငယ်ခက်လေသည်။


ယွီချန်က စစ်သူကြီးအလံတော်ကို လှမ်းယူပြီး ချက်ချင်းဇက်ကြိုးကိုဆွဲကာဖြင့် မြင်းကိုမောင်းပြီး အရင်ဆုံး ဒုန်းစိုင်းစီးကာထွက်သွား၏။ ထန့်ယွင် အလံကို ဘယ်ဘက်လက်မှာကိုင်ကာ တခြားလက်ထဲမှာ ဇက်ကြိုးကိုဆွဲ၍ ရှေ့ကလူကို အမှီလိုက်လေသည်။


မြင်းနှစ်ကောင်လုံးက သဘာဝအတိုင်း  မြင်းကောင်းတွေချည်းပင်။ သူတို့ဟာ အချိန်အတိုင်းအတာတစ်ခုထိ တစ်ယောက်နှင့်တစ်ယောက် ရင်ဘောင်တန်းနေခဲ့ကြသည်။ ယွီချန် သူ၏ပြိုင်ဘက်ကို အထင်သေးခဲ့၏။ သူက အလံရွက်ကို လက်မောင်းဖြင့် လွှဲမြှောက်ကာ ထန့်ယွင်ကို အလံထိပ်ဖြင့်ထိုးလိုက်သည်။ ထန့်ယွင် မြင်းနောက်ကျောပေါ်မှာ လှဲချကာ ထိုးနှက်ချက်ကို ရှောင်တိမ်းလိုက်၏။ သူက တစ်ဖက်လူကို ပြန်မတုန့်ပြန်ပါဘဲ တောင်ကုန်းဆီသို့ အပြေးအလွှားရောက်ရန်သာ မြင်းကို အတတ်နိုင်ဆုံးကြိုးစား၍ မောင်းနှင်၏။


တောင်ကုန်းက မဝေးတော့ပေ။ ယွီချန်က အလံကိုယမ်းလိုက်သည့်အတွက် နောက်ကျန်နေရစ်သည်။အလျင် စလိုဖြင့် သူ လှံကို ဖြုတ်၍ ထန့်ယွင်းကို ထပ်မံလှမ်းထိုးပြန်၏။


ထန့်ယွင်က မည့်သည့်အခါမျှ တိုက်ရိုက်တိုက်ခိုက်ခြင်းကို ပြန်မတုန့်ပြန်ပေ။ ယွီချန်လည်း တောင်ကုန်းဆီကို ကဆုန်စိုင်းလာသည်ကို မြင်လျှင် လှည့်ကာဖြင့် မြင်းပေါ်မှဆင်းပြီး အလံကို စိုက်မည်လုပ်သည်။ ထိုစဥ်တွင် ယွီချန်လည်းရောက်လာပြီး လှံကိုဆွဲထုတ်ပြီးတားဆီးလေ၏။ 


ထန့်ယွင်တွင် စစ်သူကြီးအလံတော်ကို လွှဲယမ်းလောက်သည်အထိ ခွန်အားမရှိသဖြင့် လက်ကိုလှည့်၍ ကျားတောင်ပံဓားကို ဆွဲထုတ်လိုက်သည်။ 


တခဏချင်းပင် "ရှူး"ခနဲ အသံတစ်ခုနှင့်အတူ အလံတော်ကြီးကား မြေကြီးထဲသို့ နက်ရှိုင်းစွာ ထိုးစိုက်ပြီးသွားခဲ့ကာ ယွီချန်လက်ထဲရှိ အလံမှာမူ ကျားတောင်ပံဓား၏ထက်ဝက်ပိုင်းခြင်းခံလိုက်ရ၏။


မြူများထူထပ်နေသဖြင့် မနီးမဝေးတွင်ရပ်နေကြသည့် တပ်သားများမှာ ဘာတွေဖြစ်သွားမှန်းနားမလည်နိုင်သေးပေ။ "မင်မြစ်ဗိုလ်ချုပ်ယွီ"ဟူသော စကားလုံးများနှင့် စစ်သူကြီးအလံက ကျိုးပြီး မြေကြီးပေါ်ကျနေသည်ကိုသာ သူတို့မြင်လိုက်ကြရ၏။ သဘာဝကျကျပင်   အရှုံးအနိုင်ဆုံးဖြတ်ပြီးသွားပြီဖြစ်ကြောင်း သူတို့ သိသွားကြသည်။ 


ယွီချန် ခေါင်းဆောင်နေရာယူသွားသည့် သောက်ကလေးကြောင့် မခံမရပ်နိုင်ဖြစ်သွား၏။ သူ ထသတ်ပစ်ချင်ပါသော်လည်း ထိုအချိန်တွင် လန့်ကျင်းက သူ့လူတွေနှင့်ရောက်လာပြီး ပြုံးပြုံးနှင့်ဆိုလေသည်။


"ဗိုလ်ချုပ်ယွီက စကားတည်တဲ့လူပါ... သူရဲ့ ဂျူနီယာကို ပြဿနာရှာမှာမဟုတ်ပါဘူး"


ယွီချန်အနေဖြင့် သူ့ဗိုလ်ချုပ်များ၏ အဝိုင်းခံလိုက်ရပြီး မျက်လုံး အစုံပေါင်း များစွာဖြင့် အကြည့်ခံနေရသည့်အတွက် ရှက်နေ၏။


ထန့်ယွင်ကတော့ လက်သီးတင်းတင်းသာ ဆုပ်ကာဖြင့် ပြောလိုက်သည်။


"ရွှယ်ဝမ်က အမိန့်ပေးလိုက်တယ်...ပြန်လည်ဖွဲစည်းပြီး ရက်နည်းနည်းလောက်ကြာရင် ဗိုလ်ချုပ်ယွီကို မြို့တော်ကို ပြန်လာခိုင်းတာ"


ယွီချန်အနေဖြင့် သူလက်မခံလျှင်ပင် ဘာပြော၍မရတော့သည့်အတွက် လှံကိုလွှင့်ပစ်ကာ သူ့မြင်းကို စခန်းစီပြန်မောင်းသွားတော့၏။


ထန့်ယွင် စခန်းထဲဝင်ပြီးသည်နှင့် ချက်ချင်း 

ကျန်းဟုန်ကိုဖြေရှင်းရမည့်ကိစ္စကို ဆွေးနွေးရန် သူ့လူတွေကို အစည်းအဝေးခေါ်လိုက်သည်။


စားပွဲပေါ်တွင်ကား အဝတ်စ စခန်းမြေပုံတစ်ခုနှင့် ကျန်းဟုန်၏စခန်းမြေပုံတို့ကို ချခင်းထား၏။ လန့်ကျင်းက ပြောသည်။

"မီးနဲ့တိုက်ခိုက်မှုတိုက်က လေရဲ့အကူအညီလိုမှာ မြေကြီးလက်ခတ်မလွဲပဲ...မင်မြစ်ရဲ့မြောက်ဘက်မှာ ခြေက်သွေ့ပြီး လေထန်တယ်...ကျန်းဟုန် တန်းပြီး မီးမရှို့ရတဲ့အကြောင်းအရင်းက လေရဲ့ဦးတည်ရာမှားနေလို့ပဲ...သူသာ အလောသုံးဆယ် မီးရှို့လိုက်မယ်ဆိုရင် သူ့စစ်တပ်နဲ့တပ်သားတွေဆီကို သေချာပေါက် ဒုက္ခတွေသယ်သွားသလိုဖြစ်လိမ့်မယ်"


ထန့်ယွင် မိုင်100ဆွဲဖြန့်ထားသည့် စစ်စခန်းကိုကြည့်ပြီး စိတ်ညစ်သွား၏။ သူက ပြောလိုက်သည်။

"စခန်းက သိပ်လုံခြုံမှာမဟုတ်ဘူး...ဒါပေမဲ့ အခုမှတော့ ပြောင်းဖို့နောက်ကျလွန်းနေပြီ"


လန့်ကျင်းက ပြောလာ၏။

"ဒီလန့်က နက္ခတ်ဗေဒနဲ့ နက္ခတ်ဗေဒင်ကို ဆည်းပူးဖူးပါတယ်...သုံးရက်အတွင်းမှာ လေပြင်းတိုက်လာပါလိမ့်မယ်...အချိန်ကျလာတာနဲ့ ကျန်းဟုန်က လေကိုမီးတင်ရှို့လိမ့်မယ်...ကျွန်တော်တို့ စခန်းကိုပြန်ထူထောင်မယ်ဆိုရင် သုံးရက်က သေချာပေါက်လုံလောက်မှာမဟုတ်ဘူး"


ထန့်ယွင် သူ့လက်ချောင်းများကို မြေပုံပေါ်မှာ ထောက်ကာမေးလိုက်သည်။

"ဒီတောင်ကြားရဲ့နာမည်ကဘာလဲ"


ကျန်းမော့က ပြော၏။


"ဒီနေရာကို အူကွဲတောင်ကြားလို့ခေါ်တယ်...အူလမ်းကြောင်းကို ထင်ဟပ်စေတာကြောင့် သိုးအူများနာမည်ပေးထားတာ...အနီးဆုံးပြည်နယ်နဲ့ ခရိုင်က ထောက်ပံ့ပေးတဲ့ ခွဲတမ်းနဲ့စားနပ်ရိက္ခာတွေက အူကွဲတောင်ကြားကိုဖြတ်ပြီးမှရောက်တာ...တောင်ကြားကို လက်လွှတ်လိုက်မယ်ဆိုရင် ရိက္ခာခွဲတမ်းပို့တိုင်း အချိန်အတော်ကြာလိမ့်မယ်"


ထန့်ယွင် မြေပုံကို လက်နှင့် ခေါက်ကာ ရုတ်တရက် ထရယ်လိုက်သည်။


ထိုအချိန်တွင် လန့်ကျင်းကလည်း အံဩတကြီးခေါင်းညိတ်ပြီး တစ်နှစ်ပတ်လုံး မပြောင်းမလဲတည်ရှိနေသော အေးစက်စက်မျက်နှာက အံအားသင့်ဖွယ်ကောင်းလောက်အောင်ပင် အတော်လေးပြောင်းလဲသွားပြီး ပြောလေသည်။


"ဗိုလ်ချုပ်ရဲ့ ဖြေရှင်းနည်းက ဒီလန့်ရဲ့အတွေးတွေနဲ့တူညီမယ်ထင်တယ်"


ထန့်ယွင် စားပွဲထက်က မှင်တံကိုကောက်ကိုင်ပြီး သူ့လက်ဖဝါးပေါ်မှာ စကားလုံးတစ်လုံးရေးလိုက်၏။ လန့်ကျင်းကလည်း မှင်တံကိုကောက်ကိုင်ပြီး စကားလုံးတစ်လုံးရေးသည်။ သူတို့က သူတို့၏လက်ဖဝါးများကို ပြိုင်တူဖြန့်ပြလေ၏။  ဗိုလ်ချုပ်များမြင်လိုက်ကြရသည်မှာ နှစ်ဦးစလုံးက "မီး"ဟူသောစကားလုံးကိုရေးထားသည်ကိုပင်။


ကျန်းမော့က ပြောလေ၏။

"ဒီ မီးနဲ့တိုက်ခိုက်တဲ့နည်းလမ်းကဘာလဲ"


ထန့်ယွင် မြေပုံပေါ်က တောင်ကြားကို ထောက်ပြကာဖြင့် ပြောလိုက်သည်။

"အခုလက်ရှိ ကျွန်တော်တို့မှာ စခန်းကိုပြန်တည်ထောင်ဖို့ အချိန်မလောက်ဘူး ...ဒါကြောင့်  ကျန်းဟုန်ကို အကြံအစည်ထဲကိုများခေါ်ပြီး အချိန်ဆွဲဖို့ အူကွဲတောင်ကြားကို သုံးရအောင်"


သူက ခဏရပ်ကာ 

"ကျန်းဟုန်က ကုန်းတွင်းပိုင်းမှာတပ်စွဲနေတာကြာပြီဆိုတော့ စားနပ်ရိက္ခာပြတ်လပ်နေရမယ်...ဒီအချိန်မှာ အစာရေစာနဲ့ဆန်လှည်းတွေကို မတော်မလျော်စောင့်ကြပ်နေတဲ့ တပ်သားတစ်ယောက်ရှိရင် ကျန်းဟုန်က အဲ့ဒါကို သေချာပေါက်အခွင့်ကောင်းယူဖို့ကြိုးစားမှာပဲ.....အထူးသဖြင့် အူကွဲတောင်ကြားရဲ့ အန္တရာယ်ရှိတဲ့ မြေအနေအထားထဲမှာဆိုရင် ကျန်းဟုန်က ချုံခိုတိုက်ဖို့အတွက် တပ်သားတွေကြိုပြီးလွှတ်ထားမှာသေချာတယ်...ဆန်ပို့ဆောင်ရေးအရာရှိကို စားနပ်ရိက္ခာနဲ့ဆန်လှည်းတွေကို မီးလောင်လွယ်တဲ့ကောက်ရိုးတွေပြုံထည့်ခိုင်းရမယ်...ချုံခိုတိုက်ခိုက်တာကို ရှာတွေ့သွားတာနဲ့ ကောက်ရိုးတွေကို မီးရှို့လိုက်ရင် ရန်သူ့တပ်သားတွေ အူကွဲတောင်ကြား ကျဥ်းကျဥ်းလေးထဲမှာ ပရမ်းပတာဖြစ်ကုန်ကြမှာ... ဒါဇင်နဲ့ချီတဲ့ စားနပ်ရိက္ခာနဲ့ဆန်လှည်းတွေကို တစ်ခုနဲ့တစ်ခုသံရိုက်ပြီး နှစ်ဖက်လုံးက ထွက်ပေါက်တွေကို ပိတ်ထားရမယ်...ဒီနည်းအတိုင်းဆို ကျန်းဟုန် သူ့တပ်သားတွေကို မလွဲဧကန်ဆုံးရှုံးရမှာဖြစ်တဲ့အတွက် အလောတကြီးတိုက်ရဲမှာမဟုတ်တော့ဘူး"


ဤစကားများကို ကြားလိုက်ရသည်နှင့် ယင်းက တကယ့်ကိုအစီအစဥ်ကောင်းတစ်ခုဖြစ်ကြောင်း ဗိုလ်ချုပ်တွေအကုန်လုံး ခံစားကြရသည်။ ဤနည်းဖြင့်သာဆိုပါက ကျန်းဟုန် ချုံခိုတိုက်ခိုက်ရန် ကျရှုံးသွားမှာဖြစ်ပြီး ထိုအစား သူတို့၏ထောက်ချောက်ထဲကို ကျသွားမှာဖြစ်လေသည်။ တပ်သားများဟာ သဘာဝအတိုင်း  ဖရိုဖရဲအခြေအနေထဲမှ လွတ်မြောက်နိုင်မှာမဟုတ်ပေ။ ထိုအချိန်၌ သူတို့တပ်သားများ၏ ကျရှုံးမှုကြောင့် ဒီဘက်ကို တိုက်ခိုက်မှာမဟုတ်ပေ။ 


လန့်ကျင်း၏အကြံကလည်း အတူတူပင်။ ထန့်ယွင် တစ်ယောက်ယောက်ကို ကောလဟာလတွေဖြန့်ရန် စေ  လွှတ်လိုက်ပြီး အူကွဲတောင်ကြားကို ရိက္ခာတွေဖြတ်သွားမည့်အကြောင်းကို မင်မြစ်တစ်ဘက်ကမ်းက ကျန်းဟုန်ဆီသို့ ဖွင့်ချစေသည်။


ထိုသတင်းကို ကြားရသောအခါ ကျန်းဟုန်အပျော်လွန်သွား၏။ သူတို့၏တပ်ထဲတွင် တပ်သားများစွာက အစာရေစာနှင့်ရိက္ခာချို့တဲ့မှုနှင့်ပတ်သတ်ပြီး  တိုင်ကြားထားကြသည်။ ကျန်းဟုန် တိုင်ကြားသူအများအပြားကို အစာရေစာဖြတ်တောက်ပစ်လိုက်သဖြင့် ယခုတွင်  ဘာမှမပြောရဲကြသော်ငြား အစာရေစာမလုံလောက်မှုပြဿနာက ဖြေရှင်းရမည်ပင်။


xxxxxxx