Chapter 99
ကျန်းဟုန်၏ ဘိုးဘေးဘီဘင် ဇာတ်မြစ်က ရေကြည်ရာမြက်နုရာလှည့်လည်နေထိုင်သည့်လူမျိုးများဖြစ်၏။ ရဲရင့်ကြသော်လည်း သူတို့က ဝိုင်သောက်၍အသားစားသည့်သူများသာ ဖြစ်လေသည်။ ယခုတွင် အပြင်သို့ စူးစမ်းရှာဖွေခရီးစဥ်အတွင်းမှာ ရှိနေချိန်တွင် သူတို့အနေဖြင့် ဝိုင်များကိုသယ်ပို့နိုင်ကြသော်လည်း အသားကမူ အလွန်ပုတ်သိုးလွယ်သည့်အတွက် သယ်ပို့နိုင်ခြင်းမရှိကြပေ။ လက်ရှိတွင် လူတိုင်း သူတို့၏အစာအိမ်များကိုဖြည့်တင်းရန်အတွက် ထမင်းချည်းသာစားနေရသည်။
စစ်သည်တွေအနေဖြင့် အစာရေစာမလုံလောက်ပါဘဲ မည်သို့ ရန်သူများကို တိုက်ခိုက်နိုင်၊ သတ်နိုင်ပါမည်လဲ။
ကျန်းဟုန် ထိုအကြောင်းကို လေးလေးနက်နက်ကြီး စဥ်းစားမနေပေ။ ချက်ချင်းပင် လက်ရွေးစင်တပ်သား1000ကို စေလွှတ်ကာဖြင့် သူ၏ဗိုလ်ချုပ်ကို အူကွဲတောင်ကြားထဲတွင် ဦးဆောင်၍ ချုံခိုတိုက်ခိုက်စေပြီး
တစ်ခုမှ လွတ်မသွားစေရန် လက်ရွေးစင်တပ်သား2000ကို ခပ်လှမ်းလှမ်းမှာကြိုစောင့်ရန်စေလွှတ်လိုက်သည်။
ကျန်းမော့က ဆန်အရာရှိအဖြစ်ဟန်ဆောင်ပေးမည်ဟု သူဘာသူဆိုလာ၏။ ရာနှင့်ချီသော ဆန်လှည်းများသည် "စားနပ်ရိက္ခာနှင့်ဆန်"တောင်ကြီးများကို တောင်ကြားထဲသို့ သယ်လာခဲ့လေသည်။ သူတို့ ဝင်လျှင်ဝင်ချင်းပင် ပုန်းဝပ်ကာ စောင့်နေကြသော တပ်သားများက အလစ်ဖမ်းကာတိုက်ခိုက်လာ၏။
ကျန်းမော့ မီးရှို့တော့မည်အလုပ်တွင် တခြားတစ်ဖွဲ့က စစ်ကူအဖြစ် တပ်သားတွေကိုကြိုစောင့်ရန် ရောက်နေ ကြောင်းတွေ့လိုက်ရသည်။ ကျန်းမော့ တိတ်တိတ်လေး ကျေနပ်သွား၏။ ကျန်းဟုန်က လူတွေအများကြီးလွှတ်လိုက်မည်ဟု သူမထင်ထားခဲ့။ ထို့ကြောင့် သူ ပျာယာခတ်ယောင်ဆောင်ပြီး ဆန်လှည်းများကို မီးမရှို့ခင် တခြားလက်ရွေးစင်တပ်သား2000 တောင်ကြားထဲဝင်လာမှာကို စောင့်နေလိုက်သည်။
ဆန်လှည်းတစ်ခုမီးလောင်သည်နှင့် ကျန်လှည်းတန်းတစ်ခုလုံးပါ မီးစွဲသွားလေသည်။ ရန်သူ့တပ်ဖွဲ့ဟာ အထိတ်တလန့်ဖြစ်ကုန်ကြပြီး ကျန်းမော့နှင့်တခြားသူများက သူတို့၏အလန့်တကြားဖြစ်နေမှုကို အခွင့်ကောင်းယူကာ တောင်ကြားထဲမှထွက်ပြေးလာခဲ့ကြသည်။ အပြင်မှာဘစောင့် နေသည့် တပ်သားက မော်ကွန်းထိန်းအရာရှိထွက်လာသည်ကိုမြင်လျှင် တောင်ကြား၏ဝင်ပေါက်ကို ပိတ်ဆို့ရန်အတွက် သံရိုက်ကာ ချိတ်ဆက်ထားသည့် ဆန်လှည်းများကို တွန်းထုတ်ရန် အမိန့်ပေးလိုက်၏။ ရန်သူ့တပ်များဟာ မီး၏အမဲလိုက်ခြင်းကိုခံနေကြရပြီး ရင်ဆိုင်တိုက်ခိုက်ရန် အပြေးအလွှားထွက်လာကြသည်။ သူတို့တောင်ကြား၏ဝင်ပေါက်ဆီသို့ အပြေးရောက်သွားချိန်တွင် ထိုနေရာ၌လည်း မီးအကြီးအကျယ်လောင်နေသည်ကို တွေ့လိုက်ရ၏။ မီးလျှံ့တညီးညီးဖြင့် နီရဲနေသော ဆန်လှည်းများက ထွက်လမ်းကို ပိတ်ဆို့ထားလေသည်။ လှည်းများကို့ သံရိုက်ကာ ချိတ်ဆက်ထားသည့်အတွက် လွတ်မြောက် ရန်နေရာ လုံးဝပင်မရှိပါချေ။
ထန့်ယွင် စစ်သည်များကိုကိုယ်တိုင် ဦးဆောင်၍ထွက်ပြေးလွှတ်မြောက်လာသည်အားလုံးကို အရှင်လတ်လတ်ဖမ်းဆီးခဲ့၏။
ကျန်းဟုန်ကတော့ စားနပ်ရိက္ခာနှင့်ဆန်များ ပြန်အလာကို
ပျော်ပျော်ရွှင်ရွှင် စောင့်နေလေသည်။ သူက အောင်ပွဲကိုကြိုတင်ဂုဏ်ပြုရန်အတွက် လက်ကျန် ဝိုင်နှင့်အသားများကို တပ်သားတွေအား တမင်တကာ ဝေငှပေးလိုက်သေးသည်။ ဖူးကားနေအောင် ပျော်ပျော်ပါးပါး သောက်စားနေစဥ်မှာပင် ရုတ်တရက် တပ်သားတစ်ယောက်က တဲထဲကိုပြေးဝင်လာ၏။
ကျန်းဟုန် ထိုတပ်သားကို အတူတူသောက်ရအောင် ဆွဲခေါ်လိုက်ရာတွင် တပ်သားက မြေကြီးပေါ်မှာဒူးထောက်ကာ အော်ဟစ်လေသည်။
"စစ်သူကြီးခင်ဗျား...ကင်းစောင့်မျှော်စင်က မြောက်ဘက်မှာ မီးတောက်တွေတွေ့ပါတယ်...တောင်ကြားမီးလောင်နေမှာစိုးရပါတယ်..."
ကျန်းဟုန် အော်လိုက်၏။
"ဘာ..."
သူက နည်းနည်းလေးမှ မယုံကြည်ပါဘဲ ထိုတပ်သားဟာ ရန်သူစခန်းကဖြစ်ပြီး စစ်တပ်၏စိတ်ဓာတ်ရေးရာကို ပျက်ပြားအောင် ကြိုးစားနေသည်ဟုပြောလေသည်။ မူးနေသည့်အတွက် ဓားကြီးတစ်လက်ကို ဆွဲယူပြီး သတင်းပို့သည့် တပ်သားကို ခုတ်လိုက်၏။
အသတ်ခံရမှုကြောင့် အခမ်းအနားက မပျော်မရွင်နှင့် ပွဲပျက်သွားသည်။ နောက်တစ်နေ့တွင် ကျန်းဟုန် မွန်းတည့်ချိန်ဝန်းကျင်မှသာ နိုးလာခဲ့ပြီး သူလွှတ်လိုက်သည့် လက်ရွေးစင်တပ်သား3000က တစ်ယောက်မှပြန်မလာကြောင်း တွေ့လိုက်ရ၏။
အခြေအနေမကောင်းတော့မှန်း ကျန်းဟုန် သိသွားသည်...သူ အူကွဲတောင်ကြားကို ထောက်လှမ်းရန် သူလျှိုများစေလွှတ်လိုက်၏။ မကြာမီ သူလျှိုများပြန်ရောက်လာပြီး လက်ရွေးစင်တပ်သား3000က အူကွဲတောင်ကြားကမီးထဲမှာ ပျောက်ကွယ်သွားကြောင်း ပြောလာသည်။ ထိုမှသာ ကျန်းဟုန် သူထောင်ချောက်မိသွားကြောင်း သိကာ ဒေါသအပြည့်ဖြင့် မြေကြီးပေါ်ကို လဲကျသွား၏။
———-
ပထမတိုက်ပွဲ၏ အစီရင်ခံစာသည် မကြာမီ မြို့တော်သို့ အပို့ခံလိုက်ရပြီး ဗိုလ်ချုပ်ထန့်ယင်းက စစ်သည်တစ်ယောက်မှ မဆုံးရှုံးဘဲ ရန်သူ့တပ်သား 2000ကျော်ကိုအပြတ်ရှင်းခဲ့ကာ ကျန်းဟုန်၏လက်ထောက်ဗိုလ်ချုပ်အပါအဝင် တပ်သား 100ကျော်ကို ဖမ်းမိခဲ့ကြောင်း သတင်းရောက်ရှိလာသည်။
ညီလာခံထဲရှိ ဝန်မင်းများ သတင်းကောင်းတွေကို ကြားရချိန်တွင် ထန့်ယွင်၏နည်းလမ်းကို လေးစားကြောက်ရွံ့ကုန်ကြသည်။ မင်မြစ်ကို ရောက်ပြီး ရက်အနည်းငယ်အတွင်းမှာပင် သူက ဤမျှထိ ကြီးကျယ်ခမ်းနားသော အောင်မြင်မှုတစ်ခုကို လုပ်ဆောင်ပြီးနေလေပြီ။ သူက တိုက်ပွဲကို နိုင်ရုံတင်သာမက ပြတ်ပြတ်သားသားပါ အနိုင်ရခဲ့၏။ ၎င်းကကျန်းဟုန်အတွက် ထိုးနှက်ချက်ကြီးတစ်ခုဖြစ်နေမှာပင်။ အချိန်အတိုင်းအတာတစ်ခုအထိ ဗိုလ်ချုပ်၏နာမည်က ရုံးတော်နှင့် ပြည်သူတစ်ရပ်လုံးကို လှုပ်ခါသွားစေခဲ့သည်။
ရွှယ်ကျွင်းလျန်က ပြုံးပြုံးရွှင်ရွှင်ဆိုလေသည်။
"ကြည့်ရတာ ထန့်ယင်းက ကုကိုတကယ် စိတ်မပျက်စေပုံဘဲ...သူ့ရဲ့အရည်အချင်းကို လူတိုင်းကလည်း လက်ခံကြတယ်...ကုမှာ ဒီလိုမျိုး ပါရမီရှိသူတွေလိုအပ်နေခဲ့တာ"
ဝန်မင်းများက ဝပ်တွားက အော်ဟစ်လျှောက်တင်ကြသည်။
"အရှင်မင်းကြီးက ဉာဏ်ပညာကြီးမားတော်မူလှပါတယ်"
ထို့နောက် ချန်ယီက ထရပ်ကာ ပြောလာ၏။
"အရှင်မင်းကြီး... ဗိုလ်ချုပ်က စစ်ပွဲကို အနိုင်ရခဲ့ပေမဲ့ တခြားအရေးကြီးတဲ့ ကိစ္စရှိနေပါတယ်"
ရွှယ်ကျွင်းလျန် သူ့ကို တစ်ချက်ကြည့်ကာ ဆိုလိုက်သည်။
"အိုး...ဘာကိစ်စလဲ "
ရှန်းယီက ပြောသည်။
"ဗိုလ်ချုပ်ယွီချန်က နန်းမြို့တော်ကို ပြန်မရောက်သေးပါဘူး...ကျွန်တော်မျိုးတို့သာ ဗိုလ်ချုပ်ယွီချန်ကို မင်မြစ်မှာ ဆက်နေစေမယ်ဆိုရင် ...တောင်တစ်တောင်မှာ ကျားနှစ်ကောင်မအောင်းနိုင်သည့်အတွက် စစ်တပ် စိတ်ဝမ်းကွဲသွားမှာကို ကျွန်တော်မျိုး စိုးရိမ်မိပါတယ်...အဲ့ဒီအချိန်မှာ ကျန်းဟုန်က အခွင့်ကောင်းယူပြီး ဝင်လာမှာစိုးရပါတယ်...အရှုံးက အမြတ်ထက်ပိုသွားမှာမဟုတ်ဘူးလားဘုရား"
ရွှယ်ကျွင်းလျန် ခေါင်းညိတ်ကာ ပြောလိုက်၏။
"ဒါက တကယ့်ကို အမှန်တရားပဲ ဒါပေမဲ့....."
သူက မျက်နှာထက်တွင် တုံ့ဆိုင်းမှုတချို့ဖြင့် အင်မတန်ပင်ပန်းနေဟန်နှင့် ပြောလေ၏။
"ကုက လူတိုင်းရဲ့ အထက်မှာရှိတယ်ဆိုပေမဲ့...တစ်ခါတလေ ကုမှာ လွတ်လွတ်လပ်လပ်လုပ်ဆောင်နိုင်ခွင့်မရှိဘူး...ယွီချန်က စစ်တပ်ကြီးတစ်ခုကို သူ့လက်အောက်မှာ ထိန်းချုပ်ထားတာ...ကုက အမိန့်တော် ထုတ်ပြန်ထားပေမဲ့ သူကပြန်မလာဘူး...မောင်မင်းမှာ ကောင်းမွန်တဲ့ ဖြေရှင်းနည်းတစ်ခုခုများ ရှိလား"
မေးခွန်းကို ကြားလိုက်ချိန်တွင် ဝန်မင်းတွေများအားလုံး တိတ်ဆိတ်သွား၏။ ယွီချန်၏လက်ထဲက စစ်အင်အားက လျော့တွက်၍ မရပါပေ ရွှယ်ဟုန်ယန်ကလည်း တောင်ပိုင်း နယ်စပ်မှာရောက်နေသဖြင့် ယွီချန်ကို ဆန့်ကျင် တိုက်ခိုက်နိုင်မည့်သူ တစ်ယောက်မှမရှိပေ။ သူတို့သာ သတိမထားပါက အတွင်းရေး ပဋိပက္ခတွေတိုးလာခြင်းနှင့် အဆုံးသတ်သွားမည်ပင်။
99.2
ချန်ယီက နှုတ်ဆိတ်နေသဖြင့် ရွှယ်ကျွင်းလျန်လည်း ညီလာခံရုတ်သိမ်းရန် အမိန့်ပေးလိုက်ပြီး ၎င်းနောက် ရှန်းယီကို စာကြည့်ခန်းထဲရှိ အနွေးမဏ္ဍပ်ငယ် ကို ခေါ်လိုက်သည်။
ချန်ယီက ပြော၏။
"ဒီနိမ့်ကျတဲ့ ဝန်မင်းမှာ တကယ်ကို အစီအစဥ်တစ်ခုရှိပါတယ်"
ရွှယ်ကျွင်းလျန် အနွေးမဏ္ဍပ်ထဲက ထိုင်ခုံကြီးတစ်ခုပေါ်မှာထိုင်၍ ပြုံးပြုံးနှင့် ဆိုလိုက်သည်။
"မောင်မင်းမှာ လှည့်ကွက်တွေအများကြီးရှိမှန်း ကုသိတယ်...ကုက မောင်မင်းကို မင်းသားငယ်လေးကိုစာဖတ်သင်ခိုင်းခဲ့တယ်...မောင်မင်း ကုရဲ့သားတော်ကို မကောင်းမကန်းတွေ သင်ပေးမှာတော့မဟုတ်ဘူးမလား"
ချန်ယီ ခြောက်ကပ်ကပ်ပြုံးကာ ပြောလိုက်သည်။
"အရှင်မင်းသားက ထက်မြက်ပြီး အမှားနဲ့အမှန်ကို ပိုင်းခြားတတ်ပါတယ်...ဒီနိမ့်ကျတဲ့ ဝန်မင်းက သူ့ကို အမှားတွေသင်ပေးနိုင်စွမ်းရှိပါ့မလားဘုရား... အရှင်မင်းကြီး ကျေးဇူးပြုပြီး အစီအစဉ်ကို နားထောင်တော်မူပါ...ဒီနိမ့်ကျတဲ့ ဝန်မင်းကို မလှောင်ပြောင်ပါနဲ့ဘုရား"
ရွှယ်ကျွင်းလျန်၏ ခွန်းတုန့်ပြန်စကားကို မစောင့်ပါဘဲ သူက အလျင်စလို ဆက်ပြော၏။
"အရှင်မင်းကြီးက ယွီချန်ကို ပြန်လာခိုင်းဖို့အတွက် စိတ်စောလွန်းနေပါတယ်...သူက သေချာပေါက် ဆန္ဒရှိမှာမဟုတ်ဘူး...တကယ်တမ်းကျ သူက တိုက်ပွဲကိုရှုံးခဲ့တာကိုး...အရှင်မင်းကြီးက ကိုယ်လုပ်တော်တာ့ကို ရာထူးတိုးပေးပြီး ဒီအခွင့်အရေးကိုအသုံးချလို့ ယွီချန်ကို နန်းမြို့တော်ပြန်လာအောင်လုပ်သင့်ပါတယ်...အဲ့တော့မှသာ သူက သံသယကင်းကင်းနဲ့ ပြန်လာမှာပါ...ယွီချန်မြို့တော်ကို ပြန်ရောက်လာသရွေ့ အရှင်မင်းကြီး သူ့ရဲ့စစ်သည်တွေနဲ့ပတ်သတ်ပြီး ပူစရာမလိုပါဘူးဘုရား"
ရွှယ်ကျွင်းလျန် ခေါင်းညိတ်ကာ ပြုံးပြုံးရွှင်ရွှင်ဆိုလိုက်သည်။
"အဲ့လိုဆို အလုပ်ဖြစ်မှာပဲ"
သူစကားပြောနေစဥ်မှာ ကျန်းယွီ ဝင်လာပြီး အထိမ်းအမှတ်ပြား တစ်ခုပေးကာ လျှောက်တင်လာ၏။
"အရှင်မင်းကြီး... နယ်စားမင်း ဝမ်နျန်က လူတစ်ယောက်ကို မြင်းမြန်တစ်ကောင်သုံးပြီး ဒီဟာကို မြို့တော် ပြန်ပို့ခိုင်းလိုက်ပါတယ်... သူက အရှင်မင်းကြီးကို ဆက်သချင်တယ် လို့ပြောပါတယ် "
ရွှယ်ကျွင်းလျန် ရွှယ်ဟုန်ယန် ဘာတွေရှုပ်ထားမှန်း မသိသဖြင့် ကျန်းယွီအား ထိုဟာကို ယူလာခိုင်းပြီး အထိမ်းအမှတ်ပြားကို ဖွင့်ဖောက်၍ ကြည့်လိုက်ချိန်တွင် အေးခဲသွားသည်။
ချန်ယွီက ယခုထိထွက်မသွားရသေးပေ။ နယ်စားမင်းဝမ်နျန်အခက်အခဲတချို့တွေ့နေသည်ဟု သူထင်လိုက်၏။
ရွှယ်ဝမ့်မှာ ဤသို့သော အမူအရာမျိုးရှိနေသည်ကို သူပထမဆုံးအကြိမ်မြင်ဖူးခြင်း ဖြစ်လေသည်။ ထို့ကြောင့် သူ မေးလိုက်၏။
"အရှင်မင်းကြီး... "
အသံကြားပြီးနောက် ရွှယ်ကျွင်းလျန် ပြန်အသိဝင်လာသည်။ သူက အထိမ်းအမှတ်ပြားကို ရှန်းယီအားဖြန့်ပြလိုက်၏။ ထို့ပေါ်တွင်ကား "သွေးပြာဇရပ်"ဟူသော စကားသုံးလုံးတည်းသာ ရေးထားသည်။
ရွှယ်ကျွင်းလျန်က ပြောလိုက်၏။
"မောင်မင်းက ဗဟုသုတကြွယ်ဝတယ်...ဒီစကားလုံး သုံးလုံးကို ဘယ်သူရေးမှန်းမောင်မင်းသိလား"
ရွှယ်ကျွင်းလျန် ဘာကိုထောက်ပြချင်နေမှန်း ရှန်းယီမသိသဖြင့် ဤသို့သာပြန်ဖြေလိုက်သည်။
"ကျွန်တော်မျိုး သိတာပေါ့ဘုရား...ဒီနိမ့်ကျတဲ့ ဝန်မင်းက ထန့်တိုင်းပြည်ထောင်မှာ အချိန်အနည်းငယ်အကြာနေခဲ့ဖူးပါတယ်.....သွေးပြာဇရပ်ဆိုတဲ့ စကားသုံးလုံးမှာ ဇာတ်လမ်းတစ်ခုရှိပါတယ်...ဒါပေမဲ့ အခုပြောဖို့အတွက်က နည်းနည်း သစ္စာမဲ့ရာကျမယ်ဘုရား"
"အိုး...ဘယ်လို သစ္စာမဲ့ရာကျမှာလဲ"
ချန်ယီကပြောသည်။
"ဘာလို့လဲဆိုတော့ အဲ့ဒီတုန်းက ထန့်နန်က ထန့်တိုင်းပြည်မှာ ရှိနေသေးပါတယ်"
"ပြောစေ"
ရွှယ်ဝမ်၏ ခွင့်ပြုချက်နှင့်အတူ ချန်ယီဆက်ပြောလိုက်၏။
"ထန့်တိုင်းပြည် ဧကရာဇ်မင်းမြတ်နဲ့ တိုက်ခိုက်နေဆဲကာလတုန်းက ထန့်တိုင်းပြည်မှာ သံမဏိဗိုလ်ချုပ်လို့ခေါ်ကြတဲ့ ထန့်ယွင်ရှိပါတယ်...ဧကရာဇ်အနေနဲ့ အဲ့ဒီနှစ်ကို သိချင်သိမှာပါ...ထန့်ဘုရင်ဟောင်းက တုံးအပြီး အရည်အချင်းအပြည့်မီတာကြောင့် သူ့ကိုယ်သူ မြို့တော်ထဲမှာ ဘယ်လိုပျော်ရမယ်ဆိုတာကိုပဲ သိပြီး စစ်အသုံးစရိတ်အဖြစ်အသုံးပြုရမဲ့ စားနပ်ရိက္ခာနဲ့ လစာတွေအကုန်လုံးကို ဖြုန်းတီးပစ်ခဲ့တယ်...မိန်းမစိုးတွေက ရှင်ဘုရင်ကျေနပ်အောင် အရေးတကြီး ရိက္ခာဖြည့်တင်းဖို့ တောင်းဆိုထားတဲ့ အစီရင်ခံစာတွေကို သိမ်းထားပါတယ်...အစာရေစာနဲ့ စစ်ကူတွေမလောက်ငမှုကြောင့် စစ်တပ်ဟာ ထပ်ခါတစ်လဲလဲ ရှုံးနိမ့်ဆုတ်ခွာခဲ့ရပါတယ်...အဲ့ဒီအချိန်တုန်းက စွန့်ပစ်ထားတဲ့ ဇရပ်ငယ်တစ်ခုထိဆုတ်ခွာခဲ့ပြီးတော့ ဗိုလ်ချုပ်ထန့်ယွင်ဟာ လက်နက်မချဖို့ ကတိသစ္စာဆိုပြီး ဇရပ်ငယ်ရဲ့ပင်မတိုင်လုံးပေါ်မှာ သွေးပြာဇရပ်ဆိုတဲ့ စကားလုံးတွေကို သွေးနဲ့ရေးသားခဲ့တယ်...နောက်ပိုင်းမှာ အနီးအနားဝန်းကျင်မှာ နေတဲ့လူတွေက ထန့်ယွင်ရဲ့သေသည်အထိ ဇရပ်ငယ်ကိုခုခံကာကွယ်မဲ့ ကတိစ္စာကို ဂုဏ်ပြုတဲ့အနေနဲ့ သူ့ရဲ့စကားလုံးတွေကို အထူးတလည်ကူးယူပြီး ကမ္ဗည်းပြားတစ်ခုလုပ်ခဲ့တာပါ...ဒါက ဇရပ်ရဲ့နာမည်ဖြစ်ပေါ်လာပုံပါ..."
ရွှယ်ကျွင်းလျန် မျက်လုံးများ မှေးကျဥ်းကာဖြင့် အထိမ်းအမှတ်ပြားပေါ်မှာ ခေါက်ရင်း ပြောလိုက်သည်။
"ဒါတွေက စကားသုံးလုံးအတိအကျပဲလား"
ချန်ယီက ခေါင်းပဲညိတ်ပြလာ၏။
ရွှယ်ကျွင်းလျန် ဘာမှဆက်မပြောတော့ဘဲ ထရပ်ကာ အနွေးမဏ္ဍပ်ထဲက စာအုပ်စင်စီသို့သာ လမ်းလျှောက်သွားလိုက်သည်။ သူက စာအုပ်တစ်အုပ်ကိုဆွဲထုတ်ကာ စာမျက်နှာတစ်ခုကို အတိအကျလှန်ပြီး ချန်ယီကို လှမ်းပေးလေ၏။
ရွှယ်ဝမ်က ဘာကို ရည်ရွှယ်မှန်း ချန်.ယီမသိပေ။ သူ့အနေဖြင့် ဖွင့်ထားသည့် စာမျက်နှာကိုသာ ဖတ်ရုံရှိသည်။
ထိုထက်တွင် ရေးထားသည့် အချို့သော စစ်မက်ရေးရာ နည်းလမ်းများဟာ အကုန်လုံး ချန်ထျန်းတိုက်ခိုက်မည့် နည်းဗျူဟာများနှင့် ချီတက်ရေး အစီအစဥ်များဖြစ်၏။ ချန်ထျန်းက ကျန်းဟုန်ဆီမှ အသတ်ခံရပြီးနေလေရာ ၎င်းက အချိန်ကြာပြီဖြစ်ကြောင်းသိနိုင်ပေသည်။
xxxxxx