အပိုင်း ၁၀၀
Viewers 13k

Chapter 100


ချန်ယီ နောက်ပြန်လှန်လိုက်ချိန်တွင် ထောင့်မှာ သေးသေးလေး ရေးထားသည့် "သွေးပြာ"ဟူသော  စာလုံးနှစ်ခုကိုမြင်လိုက်ရသည့်အတွက် စူးစိုက်ကြည့်မိသွားသည်။   အထိမ်းအမှတ်ပြားပေါ်တွင်ရေးထားသည့် ခုနက"သွေးပြာဇရပ်"ကလက်ရေးနှင့် အတိအကျကိုတူညီနေပြီး အသေးမွှားဆုံးခြားနားချက်ပင်မရှိခဲ့။


မတူညီသော စကားလုံးဆိုပါက လက်ရေးကိုကြည့်ရုံနှင့် အတုအပတစ်ခုရှိမည်ဖြစ်ပြီး ထပ်၍ပင် ကူးယူထားပါလျှင် အတိအကျမတူညီနိုင်ပေ။


ထိုအချိန်တွင် ရွှယ်ကျွင်းလျန်က တိုးဖွဖွပြောလာ၏။


"ချန်ယီလက်ထဲကဟာက သွားလေသူဧကရီရဲ့ လက်ရေးလှ"


ချန်ယီ၏လက်က တုန်ယင်သွားပြီး စာအုပ်ငယ်က ကြမ်းပြင်ပေါ်သို့ "ဘုတ်"ခနဲပြုတ်ကျသွားခဲ့သည်။ ဘေးမှာရပ်နေသော ကျန်းယွီက အလျင်အမြန် စာအုပ်ငယ်ကိုကောက်ယူပြီး သန့်ရှင်းအောင် သုတ်လိုက်၏။ ဤဟာလေးက ဧကရီ တန်ဖိုးထားရသည့် လက်ရေးလှဖြစ်ကာ

ယင်းကို ပျက်စီးစေသည့် ပြစ်မှုဟာ မသေးငယ်လှပေ။


ရွှယ်ကျွင်းလျန် မျက်လုံးများ ကျဥ်းမြောင်းကာဖြင့် စားပွဲပေါ်က အထိမ်းအမှတ်ပြားကို စိုက်ကြည့်လိုက်သည်။


"ချန်ယီက အမြဲတမ်း ထက်မြက်ခဲ့တာပါ...ဒီစာလုံးနှစ်လုံးကို ဘယ်လိုထင်လဲ "


"ဒီ...နိမ့်ကျတဲ့ဝန်မင်း....."


ချန်ယီအနေဖြင့် ထန့်တိုင်းပြည်၏အရေးကိစ္စများကို များစွာသိထားသည့်အတွက်ကြောင့်သာ  ထန့်ယွင်နှင့် ဧကရီတို့က တစ်ယောက်တည်းဖြစ်ကြောင်း ခန့်မှန်းမိသည်မှာ ကြာပြီဖြစ်၏။ သူက ဖုန့်တိုင်းပြည်မှာလည်း အကြာကြီးနေဖူးသည်။ သဘာဝအတိုင်းပင် အချက်အလက်တွေက ကွဲလွဲနေကြောင်း သူသိပါ၏။ ထို့ကြောင့် သူ အမှန်တရားကို ခန့်မှန်းပြီးနောက် သူ၏ခန့်မှန်းချက်ကို အတည်ပြုရန် ဧကရီဆီသီု့သွားခဲ့ခြင်းဖြစ်ပေသည်။


ဧကရီက ဘာတစ်ခုမှ ဝန်မခံသော်လည်း သူမ နှုတ်ဆိတ်နေခဲ့၏။ ယခု အနှီ"ကိစ္စဟောင်း"များကို ဗြုန်းစားကြီး ရွှယ်ဝမ်ကထုတ်ပြောလာသည်။ ရှန်းယီ အနည်းငယ် စိတ်ထိခိုက်သွား၏။ သူ့ကို တစ်ခုခုပြောခိုင်းပါက  ​အဓိပ္ပါယ်မရှိသော်ငြား ယင်းက အမှန်တရားပင်။ 


သိသိသာသာပင် ရွှယ်ကျွင်းလျန်လည်း ဤအဓိပ္ပါယ်မရှိသောဖြစ်ရပ်မှန်ကို စတင်သံသယဖြစ်လာခဲ့လေပြီ။


သူ့ဘဝတွင်  ချစ်မြတ်နိုးကာ ယုံကြည်ရသည့် တစ်ဦးတည်းသော မိန်းကလေးက သူကိုယ်တိုင်သတ်ခဲ့သည့်ရန်သူဖြစ်နေသည်။ ဤသည်က အမှန်သာဆိုပါလျှင် သူအကြာကြီး သံသယဝင်နေခဲ့သော အရာများအားလုံးက

လွယ်လင့်တကူ ဖြေရှင်းပြီးသွားမှာပင်။ 


လက်စသတ်တော့ အင်မတန်ရိုးရှင်းလှပေသည်တကား........


........


ထန့်ယွင်က ကြီးမားသော အောင်မြင်မှုများကို ရရှိခဲ့လေသည်။


ရွှယ်ဝမ်က သူတို့အတွက် ဆုလာဘ်အဖြစ် ဝိုင်နှင့်အသားတွေကို မင်မြစ်ဆီ ပို့ပေးရန် အမိန့်ပေးလိုက်၏။  ရွှယ်ဝမ်က တော်ဝင်မောင်းမဆောင်ကို ဆုလာဘ်ချီးမြင့်တော့မှာဖြစ်ပြီး တာ့ဖေးဟာ မကြာမီ ရာထူးမြင့်ကွေ့ဖေးတစ်ပါးဖြစ်လာတော့မည်ဖြစ်သည့်အတွက် သူ့ကို ဂုဏ်ပြုရန် မြို့တော်သို့ပြန်လာခွင့်ပြုကြောင်း တော်ဝင်အမိန့်တော်တစ်ခုပါ သူကပို့ပေးလိုက်သည်။

[T/N–ဧကရီအောက်မှာ ဟွမ်ကွေ့ဖေး(မြင့်မြတ်သော တော်ဝင်ကြင်ယာတော်) ရှိပြီးတော့ ဟွမ်ကွေ့ဖေး အောက်မှာ ကွေ့ဖေး(တော်ဝင်ကြင်ယာတော်) ရှိပါတယ်။ အဲ့ဒီနောက်မှာမှ ဖေး(ကြင်ယာတော်) တို့ ဖင်(ကိုယ်လုပ်တော်)တို့လာတာပါ။ ဟွမ်ကွေ့ဖေးက တစ်နေရာတည်းရှိပြီး ကွေ့ဖေးက နှစ်နေရာစာရှိပါတယ်။ တာ့ဖေးက ဖေးကနေ ကွေ့ဖေးဖြစ်သွားတာပါ)


ထိုဟာက အမှန်ပဲဖြစ်ရမည်ဟု ယွီချန်ထင်သွား၏။ သူ့အထုတ်အပိုးများကို ပျော်ပျော်ကြီးပြင်ဆင်ကာဖြင့် မြို့တော်ကို ပြန်မည်ကြံသည်။


သူထွက်သွားတော့မည်ကိုမြင်လျှင် ဗိုလ်ချုပ်တွေအနေဖြင့် သူစိတ်ပြောင်းသွားမှာစိုးသည့်အတွက် ပျော်ဖို့ရာ စောလွန်းနေသည်ဟုခံစားကြရသည်။ သူမြို့တော်ကို မြန်မြန်ပြန်သွားမည်ကို သူတို့မျှော်လင့်နေကြ၏။ မဟုတ်ပါက ရွှယ်တပ်သားတွေဟာ  စခန်းထဲမှာနေပြီး ဘာမှမလုပ်သည့်သူ့ကို နေ့တိုင်း သည်းညည်းခံနေရပေမည်။ 


ကျန်းဟုန်၏ မကျန်းမာမှုကို အခွင့်ကောင်းယူ၍ ထန့်ယွင်   ရှေ့မျက်နှာစာကိုအတိုချုံ့လျက် အလယ်မှာကွက်လပ်တစ်ခုထားပြီး စခန်းပြန်ချရန် စစ်သည်တွေကို အမိန့်ပေးကာဖြင့် ကျန်းဟုန်နေပြန်ကောင်းလျှင် လက်စားပြန်ချေမှာကို စောင့်နေ၏။


တစ်လကြာပြီးနောက် ကျန်းဟုန် နောက်ဆုံးတွင် နေပြန်ကောင်းလာခဲ့သည်။ နေပြန်ကောင်းပြီးပြီးချင်း သူ၏ပထမဆုံးအတွေးမှာ လက်စားချေရန်ပဲဖြစ်လေ၏။

ဤမျှ ကြီးမားသော အရှက်ကွဲမှုအတွက်  မည်သို့များ ရန်သူတွေကို သူ လက်စားပြန်မချေရမည်နည်း။သူ နောက်ဗိုလ်ချုပ်တစ်ဦးကို တိုက်ပွဲမှာ တပ်ဖွဲ့ကို ဦးဆောင်ရန် ခေါ်လိုက်သည်။


ဗိုလ်ချုပ် ချီကျန်းနှင့် ဗိုလ်ချုပ်ချီဇီကျဲတို့သည် တစ်မိသားစုထဲမှဖြစ်ကြ၏။ ချီကျန်းက ချီဇီကျဲ၏ စစ်ပွဲအောင်မြင်မှုများကို အမြဲတမ်း မုန်းတီးနေခဲ့ပြီး နောက်ဆုံးတွင် ချီဇီကျဲအား အဝေးကို တွန်းပို့ခဲ့သည်။ ယခုတွင် သူနှင့်ယှဥ်ပြိုင်နိုင်သူ မည်သူမှမရှိဟုတွေးကာ တိုက်ပွဲကို ဦးဆောင်လေ၏။ 


ချီကျန်း မြေပြင်အနေအထားကိုကြည့်ပြီး မလှောင်မိဘဲမနေနိုင်ခဲ့။ သူ ရွယ်စစ်တပ်၏စခန်းကို မြင်ရချိန်တွင် ရယ်စရာကောင်းကြောင်း တွေ့သွားသည်။ ဘယ်နှင့်ညာကို နှစ်ပိုင်းခွဲ၍ အလယ်မှာကွက်လပ်တစ်ခုချန်ထား၏။ 

သူသာ အလယ်ကနေထိုးဖောက်ပြီး သူတို့ကို ဖြတ်တောက် ပိတ်ဆို့လိုက်ပါက ရွှယ်ဝမ်၏တပ်ဖွဲ့ဟာ တစ်ခုတစ်ခြားစီဖြစ်သွားမှာဖြစ်ကာ သူအနေဖြင့် သူတို့ကို တစ်ခုချင်းဖြိုခွင်းနိုင်မှာဖြစ်လေသည်။ ရွှယ်တိုင်းပြည်၏ ကြီးမားများပြားလှသော စစ်သည်အရေအတွက်ဟာ နည်းနည်းမှ ကြောက်စရာကောင်းတော့မှာမဟုတ်ပေ။


ချီကျန်း သူ့တပ်သားတွေအား အော်ဟစ်ပြီးထန့်ယွင်ကို ကြိမ်းမောင်းစေ၏။ သူတို့အော်ဟစ်နေကြသည့်စကားလုံးများက အလွန်မနှစ်မြို့ဖွယ်ပင်။ 


ထန့်ယွင်က ဤအချိန်ကိုစောင့်နေခြင်းဖြစ်ပြီး သူ့ဗိုလ်ချုပ်တွေကိုမေးလိုက်သည်။

"တပ်ဖွဲ့ကို ဘယ်သူဦးဆောင်ဖို့ ဆန္ဒရှိလဲ"


ပြီးခဲ့သော တိုက်ပွဲအပြီး၌ တပ်သားအများစုဟာ ထန့်ယွင်ကို လက်ခံယုံကြသွားကြပြီဖြစ်၏။ ယခုတွင် လူတချို့က သူတို့၏စစ်သူကြီးကို ဆဲဆိုကြိမ်းမောင်းနေကြသည့်တွက် တပ်သားတွေအကုန်လုံး တိုက်ခိုက်ရန် စိတ်အားထက်သန်နေကြသည်။

100.2


လန့်ကျင်းက ပြုံးကာဆို၏။

"ကျန်းမော့က တပ်သားတွေကို ဦးဆောင်နိုင်တယ်"


ကျန်းမော့ ရှက်ပြီး မျက်နာနီသွားကာ ကိုးရိုးကားယား ပြောလိုက်သည်။

"ကျုပ်  တပ်ထဲဝင်တဲ့အချိန်တုန်းက တိုက်ပွဲမှာပါရလိမ့်မယ်လို့ မသိခဲ့ဘူး...ဒီကျန်း...ဒီကျန်းက ညာဘက်လက်နဲ့မှင်တံပဲကိုင်နိုင်ပါတယ်...လှံတံကိုမကိုင်နိုင်ပါဘူး... တကယ်ကို...ကြီးလေးလွန်းတဲ့တာဝန်ပါ"


အကုန်လုံးက လန့်ကျင်း မော်ကွန်းထိန်းအရာရှိကို ခက်ခဲအောင်လုပ်နေကြောင်းတွေ့သည့်အခါတွင် လန့်ကျင်းကို ရန်လိုကုန်ကြ၏။ သို့သော်ငြား ထန့်ယွင်ပြောလာသည်ကို သူတို့ကြားလိုက်ရလေငည်။


"ဒီတိုက်ပွဲထဲပါမဲ့လုပ်နည်းကိုင်နည်းက ငါဖြစ်စေချင်တဲ့ဟာပဲ"


အကုန်လုံး ထန့်ယွင်၏ဆိုလိုရင်းကို မရှင်းလင်းကြသည့်အတွက် သူက ပြုံးပြုံးရွှင်ရွှင်နှင့် ဆက်ပြောလိုက်၏။

"မော်ကွန်းထိန်းအရာရှိက တိုက်ခိုက်ဖို့ ဓားကိုင်နိုင်စွမ်းမရှိပေမဲ့လည်း...သူက စစ်မြေပြင်ကိုဝင်ပြီး ချီးမွမ်းထိုက်တဲ့ဆောင်ရွက်ချက်တွေ လုပ်ရဖို့မျှော်လင့်နေတုန်းပဲလေ မဟုတ်ဘူးလား"


ကျန်းမော့က ခေါင်းညိတ်ကာ ပြောသည်။

"မှန်တာပေါ့...မဟုတ်ရင် ဒီကျန်းက စာရေးတစ်ယောက်အနေနဲ့တောင် စစ်တန်းလျားထဲမှာဆက်နေမှာမဟုတ်ပါဘူး"


ထန့်ယွင်က ပြောလိုက်၏။

"ဒါဆို ခင်ဗျား တပ်ထဲဝင်ဖို့ အကြံပြုချက်ကို ကျေးဇူးတင်သင့်တယ်...ဒီတစ်ခါတော့ ခင်ဗျားတိုက်ခိုက်နိုင်သရွေ့ ရန်တွေကို ပုံစံထဲမျှားခေါ်ဖို့ ရေကုန်ရေခမ်းကြိုးစားစရာမလိုပါဘူး...တပ်ထဲဝင် စစ်သည်တစ်ဖွဲ့ကို ဦးဆောင်ပြီး ရှေ့ပိုင်း စစ်စာမျက်နှာကို ထိပ်တိုက်ရင်ဆိုင်ပါ...ကျွန်တော်ကိုယ်တိုင် စစ်သည်တစ်ဖွဲ့ကို ခေါ်ပြီး


နောက်တန်းကနေဝန်းရံပေးမယ်...ကျန်တဲ့လူတွေကတော့ စခန်းကို ခွဲပြီးပြန်ကြမယ်...အဲ့ဒီအချိန်ကျရင် ကျွန်တော်တို့ လိပ်ကို အိုးထဲမှာစောင့်ပြီးဖမ်းရုံပဲ"


ကျန်းမော့က ကြားလိုက်သည်နှင့် အစီအစဥ်ကို တန်းနားလည်သွားပြီး ပြုံးပြုံးရွှင်ရွှင်ဆိုလေသည်။

"ကျုပ် သိပါပြီ..."


ထို့နောက် အားလုံး လူစုခွဲကာ စခန်းသို့ပြန်သွားကြ၏။  တပ်သားတွေကို မီးဖိုပြီး တပ်တစ်ခုလုံးအတွက် အစားအသောက်တွေ ချက်ပြုတ်ခိုင်းလိုက်သည်။ ဗိုက်ပြည့်နေမှသာ သူတို့တိုက်နိုင်မည်ပင်။


ချီကျန်းက သူ့တပ်သားများကို တစ်နေကုန် အော်ခိုင်းထားသဖြင့် ဆဲရေးစကားတွေ မနှစ်မြို့ဖွယ်စကားတွေကို အော်ဟစ်နေရသည့်တပ်သားများမှာ အလွန်ငြီးငွေ့ကာ မောပန်းနေကြလေပြီ။


နောက်ဆုံးမှာတော့ မှောင်လာပြီဖြစ်၏။ တပ်သားတွေကို ရုတ်သိမ်း၍ မနက်ဖြန်တိုက်ပွဲအတွက် ခေါ်မည်ကြံလိုက်စဥ်တွင် ကျန်းမော့ဦးဆောင်သည့် မြင်းစီးစစ်သည်တစ်ဖွဲ့က သူတို့ဆီကို လာနေသည်ကိုမြင်လိုက်ရသည်။


ချီကျန်းနှင့် သူ့တပ်သားများဟာ ရန်သူတွေ တိုက်ခိုက်လာမှာကို စောင့်ရင်း တစ်နေလုံးအော်ဟစ်နေရသည်မှာ ပင်ပန်းနေကြပြီဖြစ်၏။ ယခု နောက်ဆုံးမှာ သူ ပြန်ဆုတ်ခွာချင်ခါမှ တစ်ယောက်ယောက်လာနေသည်ကို မြင်ရလေသည်။ ချက်ချင်းပဲ ဒေါသတကြီး အော်ဟစ်လိုက်ရင်း ဓားပြားကြီးကိုကိုင်၍ ရန်သူတွေကို ရင်ဆိုင်ရန် သူအပြေးချီတက်လိုက်၏။


ကျန်းမော့၏ညာလက်က ဒဏ်ရာရထားသည့်အပြင် ချီကျန်းဟာလည်း ကြမ်းကြုတ်သော ဗိုလ်ချုပ်တစ်ဦးဖြစ်သည့်အတွက် သူ အပြင်းအထန်မတိုက်ခိုက်ဝံ့ပေ။ ထိုးသတ်ချက်တချို့လွှဲယမ်းကာ ပိတ်ဆို့တိုက်ခိုက်ချက်  အကြိမ်ရေအနည်းငယ်မျှလုပ်ပြီးနောက် သူ ချက်ချင်း သူ့မြင်းကို ပြန်ဆွဲကာ ပြေးတော့သည်။ သူ့နောက်ရှိတပ်သားများက ကျန်းမော့ထွက်ပြေးသွားသည်ကိုမြင်လျှင် သူ့နောက်ကနေလိုက်ကာ သူတို့လည်းပြေးတော့၏။ 


ဤအချင်းအရာကို ချီကျန်းမြင်သည့်အခါ ရွှယ်တပ်ဖွဲ့က ကြောက်ပြီးပြေးကုန်သည်ဟုထင်သွားလေသည်။ ဝမ်းသာအားရဖြင့် သူ့တပ်သားများအား ရန်သူတွေကို စစ်ဗုံများတီးကာ ခုတ်ပိုင်းကြရန်နှင့် ဆုတ်ခွာသွားသော ကျန်းမော့နောက်ကို အစွမ်းကုန်လိုက်ဖမ်းရန် အမိန့်ပေးလိုက်၏။ 


ရန်သူ့တပ်ဟာ မကြာမီပင် ထန့်ယွင်ချန်ထားခဲ့သည့် ထောင်ချောက်ထဲ့သို့ ပြေးဝင်မိသွားကြလေသည်။ ဘယ်နှင့်ညာတွင် စခန်းများရှိ၏။ လေးသမားတွေက ​မြင့်မားသော ကင့်စောင့်မျှော်စင်ထက်မှနေ၍ ပစ်ချကြသည်။ 

ရှေ့တွင် ရှုံးနိမ့်ထွက်ပြေးသွားသော ကျန့်မော့က ရုတ်ချည်း သူ့မြင်းကို ဇက်ကြိုးဆွဲလိုက်၏။ ထိုအချိန်တွင် လန့်ကျင်း၏တပ်ဖွဲ့ဝင်များ ရောက်လာပြီး လိုက်လာသူတွေကို ပိတ်ဆို့တားဆီးလေသည်။


ချီကျန်း အခြေအနေမကောင်းသည်ကိုတွေ့လျှင် သူ့တပ်သားတွေကို ကသောကမြော ပြန်ဆုတ်ရန်အော်လိုက်၏။ လူတိုင်း ပြန်လှည့်ကာ ဆုတ်ခွာလိုက်ကာမျှရှိသေး ထန့်ယွင်နှင့် လက်ရွေးစင်တပ်သားတစ်ဖွဲ့က သူတို့၏လမ်းကို ပိတ်ဆို့ထားလေသည်။ လက်ရှိတွင် ချီကျန်း၏တပ်ဖွဲ့ဝင်များနှင့်မြင်းများမှာ ရွှယ်စစ်တပ်၏ ဘက်ပေါင်းစုံမှ ဝန်းရံခြင်းကို ခံနေကြရလေပြီ။ စစ်သည်များဟာ "ဗိုလ်ချုပ်ထန့်ယင်း"ဟူသော အလံကို ကိုင်ထားကြ၏။ ချီကျန်း၏အလံကမူ ကြုံရာမြှားများကြောင့် စုတ်ပြတ်နေပြီး မြေကြီးပေါ်ကျနေသည်မှာ ကြာလှပြီဖြစ်ကာ သူ့လူများ၏ အနင်းခံထားရသည်။ 


ထန့်ယွင် ချီကျန်းနှင့် သူ့လူများကို အရှင်ဖမ်းလိုက်၏။ သူတို့ဟာ ဝိုင်နှင့်အသားများကို ထုတ်ယူကာ အောင်ပွဲခံကြသည်။ အကျဥ်းသားတွေကို တဲများအောက်မှာ ပိတ်၍ချုပ်နှောင်ထားပြီး  ဘာမှမစားမသောက်ရဘဲ  စစ်သည်တွေ ဝိုင်နှင့်အသားများဖြင့် အောင်ပွဲခံနေသည်ကို ကြည့်နေစေ၏။


ပထမတော့ ချီကျန်း ထန့်ယွင်ကို စူးစူးဝါးဝါးအော်ဟစ်ကာ ဆဲဆိုကြိမ်းမောင်းနေသော်လည်း တဖြည်းဖြည်းနှင့်သူအားကုန်လာသည်။


ထိုအချိန်၌ ထန့်ယွင်က ပြောလာ၏။

"ဒီထန့်က ဗိုလ်ချုပ်ချီကျန်းရဲ့ဂုဏ်သတင်းကို ကြားသိရတာကြာပါပြီ...ဒီနေ့တော့ မျက်မြင်ကြုံရတာပါပဲ...အဖမ်းခံရပြီးတဲ့အချိန်မှာတောင် သူက ဦးမညွှတ်ဘူးပဲ"


ချီကျန်း မွတ်သိပ်ဆာလောင်စွာ အော်ဟစ်မိသည်။ ထိုသို့ပြောနေသည်ကို ကြားရသည်မှာအနည်းငယ်ရှက်သော်လည်း သူ့လည်ပင်းကို မတ်မတ်ထားကာဖြင့် အရှုံးကို လက်ခံရန် ငြင်းဆန်နေဆဲပင်။


ထန့်ယွင်က ဝိုင်အလွန်အကျွံသောက်ထားပုံရ၏။ သူ့ဆီကို တရွေ့ရွေ့လျှောက်လာပြီး ခေါင်းညိတ်ပြကာ ခါးဆီမှ 

ကျားတောင်ပံဓားကို ပြုံးပြုံးရွှင်ရွှင်နှင့်  ဆွဲထုတ်လိုက်သည်။ ကျားတောက်ပံဓားဟာ လုံးလုံးလျားလျား နက်မှောင်နေသော်လည်း ညအချိန်တွင် အေးစက်စက်အော်ရာတစ်ခုကို ထုတ်လွှတ်နေ၏။


ချီကျန်း အမူးလွန်ပြီး ခြေလှမ်းမှားကာ သူ့ကိုခုတ်မိမှာစိုးသည့်အတွက် ထန့်ယွင်၏ မတည်မငြိမ်ဖြစ်နေသောလက်များကို သတိနှင့်စောင့်ကြည့်နေမိသည်။


ထန့်ယွင်က ဓားကိုမြှောက်ကာ သာမန်ကာလျှံကာ ယမ်းလိုက်၏။ "ရွှက်"ခနဲ အသံတိုးတိုးကို သူကြားလိုက်ရသည်။ ချီကျန်းကို ချီနှောင်ထားသည့်ကြိုးက ပြတ်တောက်သွားသော်လည်း ချီကျန်းကတော့ ဓားစွန်းနှင့်ပင် မခိုက်မိပေ။ယင်းက သူ့အား စိတ်ထဲမှာ  ထန့်ယွင်ကိုမေ့လဲမတတ် ကြောက်ရွံ့သွားစေ၏။


"ဒီထန့်က တစ်ဘဝလုံးအရည်အချင်းရှိတဲ့လူတွေကို လေးစားခဲ့တယ်...ဗိုလ်ချုပ်က ရဲရင့်တဲ့ဗိုလ်ချုပ်တစ်ယောက်ပါ...ဒီထန့်ကိုသာ အညံ့ခံဖို့ဆန္ဒရှိမယ်ဆိုရင် သေချာပေါက် ဆိုးဆိုးရွားရွား အဆက်ဆံမခံစေရဘူး"


xxxxx