Chapter 102
နှစ်ရက်အတွင်းမှာပင် ထန့်ယွင် ကင်းစောင့်မျှော်စင်ထံမှ စခန်းအပြင်ဘက်မှာ ကျန်းဟုန်၏ လက်အောက်မှ ဗိုလ်ချုပ်ဦးဆောင်သည့် ကြီးမားသော စစ်တပ်တစ်ခုရောက်နေကြောင်း သတင်းတစ်ခု ရရှိလာ၏။
ထိုဟာက ထောင်ချောက်တစ်ခုဖြစ်မှာစိုးသည့်အတွက် ထန့်ယွင် သူတို့ကိုစခန်းထဲ မဝင်ခိုင်းပေ။ သူကိုယ်တိုင်သာ အပြင်ထွက်ကာ စစ်တပ်ကိုတွေ့ဆုံလိုက်သည်။
ခေါင်းဆောင်ဗိုလ်ချုပ်က မြေကြီးပေါ် ဒူးထောက်ပြီး ဆိုလာ၏။
"ကျေးဇူးပြုပြီး ကျန်းဟုန်ရဲ့စစ်တပ်ကို အထဲခေါ်သွားပေးပါ...ကျန်းဟုန်က ချီကျန်းကို သတ်ပြီး စားသောက်ပွဲကျင်းပကာ ဒီလူကြမ်းကို အလစ်ဖမ်းတိုက်ခိုက်ခဲ့ပါတယ်...ဒီလူကြမ်းက သူ့ရဲ့ညီအစ်ကို တပ်သားတွေနဲ့ အချင်းပွားခဲ့ပြီး ကျန်းဟုန်ရဲ့ခေါင်းကို ဖြတ်ခဲ့ရပါတယ်...
အခု ကျုပ်တို့မှာ သွားစရာလမ်းမရှိပါဘူး...ကျေးဇူးပြုပြီး ကျုပ်တို့တပ်သားတွေကို အထဲခေါ်သွားပေးပါ...ဒီလူကြမ်းက ကျန်းဟုန်ရဲ့ခေါင်းကို ဆက်သပြီး သေ သည့်တိုင်အောင် မပုန်ကန်ဘူးလို့ သစ္စာပြုပါတယ်..."
သူက ထိုသို့ပြောပြီး သေတ္တာကို ထန့်ယွင်ဆီဆက်သလိုက်သည်။
ကျန်းမော့လည်း သတင်းကြားသဖြင့် ကျားတောင်ပံဓားကိုလက်ထဲကိုင်ထားရင်း ရောက်လာပြီး ထန့်ယွင်ကို ကမ်းပေးလာသည်။
ထိုအချိန်၌ လန့်ကျင်းက အလောတကြီးပြေး လာပြီး ထန့်ယွင်၏နားထဲကို စကားတစ်ခွန်းပြောကာ စခန်းထဲပြန်ဝင်သွား၏။
ထန့်ယွင် အခြေအနေကို တန်းပြီးနားလည်သွားသည်။လန့်ကျင်းက "ယွီချန် ထွက်ပြေးသွားပြီ"ဟူသော စကားလေးလုံးတည်းကိုသာပြောခဲ့သော်လည်း အနှီစကားလေးလုံး၏အလေးအချိန်က မသေးလှပေ။ ယွီချန်က ပုန်ကန်ပြီး သစ္စာဖောက်ဖြစ်လာသောကြောင့် လက်ရှိအချိန်ကား ပူးပေါင်းကြံစည်မှုပင်ဖြစ်ရမည်။
ရန်သူ့စစ်တပ်က ပုံစံဖွဲ့လျက်ရှိနေသော်လည်း သူ့တပ်ဖွဲ့ကား နေရာမယူရသေးပေ။ သူ သူတို့ကို မည်သိုထိပ်တိုက် တိုက်ခိုက်နိုင်ပါမည်နည်း။ ထန့်ယွင်အနေဖြင့် အချိန်ဆွဲ၍ လန့်ကျင်းစစ်သည်တွေပြင်ဆင်ပြီး တပ်သားတွေလွှတ်လိုက်မည်ကို စောင့်နေရုံသာ တတ်နိုင်လေသည်။
ထန့်ယွင်၏လက်ဖဝါးက ချွေးတွေစို့နေသလို ရန်သူ့ဗိုလ်ချုပ်၏လက်ဖဝါးကလည်း သေတ္တာထဲတွင် အမှန်တကယ်ရှိနေသည်ကား ချီကျန်း၏ခေါင်းဖြစ်သည့်အတွက် ချွေးတွေရွှဲနေ၏။ ထန့်ယွင်သာ သေတ္တာကို ဖွင့်ရန် ဆုံးဖြတ်လိုက်ပါက သူတို့တော့ အလိမ်ပေါ်သွားမှာပင်။
ရုတ်တရက် တိုက်ပွဲဗုံသံများက ကွင်းပြင်အနှံ့ထွက်လာပြီး ရန်သူ့ဗိုလ်ချုပ်ကို ထိတ်လန့်တုန်လှုပ်သွားစေသသည်။ သူအနေဖြင့် ပေါ်သွားသည်မှာ ကြာပြီဖြစ်ကြောင်း သတိထားမိသွားပြီး ချက်ချင်း သူ့လူတွေကို တိုက်ခိုက်ခိုင်းတော့၏။
နှစ်ဘက်စစ်ဘက်ဟာ အချိန်အတိုင်းအတာတစ်ခုအထိ ထိပ်တိုက်တွေ့ခဲ့ကြသည်။
လန့်ကျင်းက ရွှယ်စစ်တပ်ကို ပြင်ဆင်လိုက်သော်လည်း ပြင်ဆင်မှုက ကတိုက်ကရိုက်နိုင်ခဲ့၏။ စခန်းကို လာသည့်အခါမှာ အကြာကြီးကတည်းက ပြင်ဆင်ထားခဲ့သော ရန်သူကဲ့သို့ဟုတ်မနေခဲ့။
အချိန်တစ်ခုကြာပြီးနောက် တပ်သားတွေဟာ စခန်းထဲပြေးဝင်လာကြပြီး ကျန်းဟုန်၏စစ်တပ်ကြောင့် ကစဥ့်ကလျားဖြစ်ကုန်ကြသည်။
ကျန်းမော့က အစွမ်းကုန် တိုက်ပွဲဝင်နေခဲ့ပြီး ရန်သူတစ်ယောက်၏ မြင်းကို ခုတ်ပိုင်းကာ သူ့မြင်းကိုဆွဲလိုက်၏။ ထန့်ယွင်က ရန်သူ့ဗိုလ်ချုပ်၏ လန့်ကျင်းအပေါ်တိုက်ခိုက်မှုကို တားဆီးလိုက်သည်ကို သူမြင်လိုက်ရသည်။ လန့်ကျင်းက အရပ်ဘက်ဝန်မင်းသာဖြစ်သဖြင့် မည်သည့်ဓားရေးကိုမှ မလေ့ကျင့်ဖူးသလို သိုင်းပညာကိုလည်း နည်းနည်းမှမသိပေ။ ဤသို့ ရှုပ်ထွေးပြီး ပရမ်းပတာဖြစ်နေသောအချိန်အခါမျိူးတွင် အခက်ကြုံနေဟန်ပင်။
ရန်သူ့ဗိုလ်ချုပ်ကလည်း ရဲရင့်သည့်လူတစ်ဦးဖြစ်၏။ ထန့်ယွင်အနေဖြင့် သူ့ကို ခဏတာ ဟန့်တားထားနိုင်သော်ငြား သူ့မှာ ထိုသူ့ကို အကြာကြီးရင်ဆိုင်တိုက်ခိုက်နိုင်ရန် ရုပ်ပိုင်းဆိုင်ရာခွန်အား လုံလုံလောက်လောက် ရှိမရှိ သူမသိပါချေ။
ကျန်းမော့ လန့်ကျင်းကို သူ့မြင်းပေး၍ ထွက်ပြေးကာ အကူအညီတောင်းရန် ပြောလိုက်သည်
မဆိုင်းမတွပင် လန့်ကျင်း လှည့်ကာဖြင့် သူ့မြင်းပေါ် တက်လိုက်၏။ ကျန်းမော့က သူ့အတွက် လမ်းရှင်းပေးပြီး သူ စစ်မြေပြင်ကနေ ထွက်လာခဲ့သည်။
သူထွက်သွားသည်ကို မြင်လျှင် ကျန်းမော့ မြေကြီးပေါ်မှ ဓားတစ်ချောင်းကောက်ယူကာ တိုက်ပွဲထဲပြန်ဝင်လိုက်၏။ ရွှယ်တပ်သားတွေဟာ ယခုတွင် ပြန့်ကျဲနေပြီး ရှုံးနိမ့်လုနီးပါးဖြစ်နေလေပြီ။ ထန့်ယွင်နှင့် ကျန်းမော့တို့အနေဖြင့် သူတို့ စစ်သားတွေကို ဆက်မတိုက်ခိုင်းသင့်ကြောင်း သိကြသည့်အတွက် ကျန်တပ်ဖွဲ့ဝင်များကို ပြန်ဆုတ်ခွာခိုင်းလိုက်သည်။
ကျန်းမော့ စစ်တပ်ကို ကုန်းတွင်းပိုင်းထဲ ထွက်ပြးလွတ်မြောက်ရန် ခေါ်မသွားနိုင်ပါချေ ။ အဆုံးမတော့ သူတို့သာ တိုက်ပွဲကို ထိုသို့သယ်ဆောင်သွားပါက ထိုနေရာတွင် နေကြသည့် သာမန်လူများ ထိခိုက်ကုန်ကြမှာပင်။ ထို့ကြောင့် သူ အံတင်းတင်းကြိတ်ကာဖြင့် ဆိုလိုက်၏။
"မင်မြစ်ရဲ့အောက်ပိုင်းက မြေအနေအထားကအန္တရာယ်များတယ်..ဒါပေမဲ့ ငါတို့မှာရွေးချယ်စရာမရှိဘူး...အဲ့ဒီကိုသွားလို့ရတယ်...အဲ့ဒီမှာလည်းတပ်တွေရှိတယ်"
လက်ရှိတွင် မည်သူမှ တခြားအကြံကို မစဥ်းစားမိကြသည့်အတွက် သူတို့ မင်မြစ်အောက်ပိုင်းဆီသို့သာ ဆင်းသွားရတော့သည်။
ကျန်ဟုန်က သူတို့အကုန်လုံးကို သတ်ချင်သလိုမျိုး သူတို့အား ကိုယ်တိုင်ကိုယ်ကျ လိုက်လံဖမ်းဆီးခဲ့၏။
ထန့်ယွင် သတ်ဖြတ်လမ်းရှင်းကာဖြင့် သူ့တပ်သားများကို တိုက်ပွဲအပြင်သို့ ဦးဆောင်ခေါ်ထုတ်သွားပြီး တစ်လမ်းလုံးဆုတ်ခွာခဲ့သည်။ တပ်သားနှင့်မြင်း 10000ကျော်ဟာ ထွက်ပြေးလွတ်မြောက်ရန်အတွက် တိုက်ပွဲဝင်ရင်း ကျဆုံးသွားကြ၏။ မမျှော်မှန်းနိုင်လောက်အောင် မြင်းနှင့်တပ်သား 1000ခန့်သာကျန်တော့လေသည်။
ထန့်ယွင် ၊ကျန်းမော့နှင့် ဗိုလ်ချုပ်ပေါင်းများစွာတို့ဟာ လွတ်မြောက်ရာ လမ်းဖောက်ကာဖြင့် 1000သော တပ်သားနှင်မြင်းများကို အရင်ဆုံး လွတ်မြောက်စေပြီး
ရန်သူ့ဗိုလ်ချုပ်တွေကို ထိန်းထားခဲ့သည်။ ရန်သူတွေ မီလာတော့မည်ကိုတွေ့လျှင့် ထန့်ယွင်သူ့မြင်းကိုပြန်လှည့်ပြီး သူတို့အားထိပ်တိုက်ရင်ဆိုင်လိုက်၏။ ရွှယ်တပ်သားတွေက သူ့ကို ဆက်ပြီးဆုတ်ခွာရန် အော်ဟစ်ကြသော်လည်း သူက ခိုင်ခိုင်မာမာ ရပ်နေခဲ့သည်။ လက်ရှိအချိန်၌ ရွှယ်စစ်သူကြီး ထန့်ယွင်ဟာ လက်ထဲမှာ ကျားတောင်ပံဓားကို ကိုင်ထားရင်း ရန်သူဗိုလ်ချုပ်တွေကို ရင်ဆိုင်၍ သူတို့၏မြင်းများကို ခါးကနေခုတ်ပိုင်းကာ သူတို့၏ မြင်းစီးစစ်သည်များကို မြန်မြန်ဆန်ဆန် သတ်ပစ်နေလေ ၏။
ထန့်ယွင်က သူဓားကို မြှောက်၍ မြင်းပေါ်မှာ ရပ်ကာဖြင့် ရန်သူတွေ သူဆီလာရန် ရဲရဲတောက် စိန်ခေါ်နေခဲ့သည်။
သူ့ကို လိုက်လံဖမ်းဆီးရန် တပ်သားများကို ဦးဆောင်လာသည့် ကျန်းဟုန် ရှေ့မတိုးရဲတော့ပေ။ ဆုတ်ခွာသွားသော ရွှယ်စစ်သည်တွေက ဤအချိန်ကို အခွင့်ကောင်းယူကာ ဝေးဝေးထိ စီးနင်းထွက်ခွာပြီး တိုက်ပွဲကနေ လွတ်မြောက်သွားကြ၏။ ကျန်ရှိသည့် ဗိုလ်ချုပ်များက ထန့်ယွင်ကို မင်မြစ်အောက်ပိုင်းဆီသို့ လိုက်ပါပို့ဆောင်ကြသည်။
102.2
ထန့်ယွင်၏ရဲစွမ်းသတ္တိကြောင့် ကျန်းဟုန်ကြောက်ရွံ့သွားပြီး ဆက်မလိုက်ရဲပေ။ရှေ့ရှိ မြေမျက်နှာသွင်ပြင်အနေအထားက အလွန်အန္တရာယ်များပြီး ရွှယ်တပ်သားတွေက ထိုနေရာမှာရောက်နေပြီဟု စစ်ရေးအကြံပေးကလည်း ပြောလာ၏။ သူ သူတို့ကို ဆက်လိုက်ဖမ်းပါက ချောင်းမြောင်းတိုက်ခိုက်ခံရနိုင်သည်။ ထို့အပြင် ယွီချန်ကလည်း မင်မြစ်၏အောက်ပိုင်းမှာချုံခိုတိုက်ခိုက်မှုတစ်ခုကို စီစဥ်ထားပြီးဖြစ်ရာ ထန့်ယွင်နှင့် သူ့တပ်သားများရောက်အလာကို စောင့်နေရုံသာရှိလေ၏။ ကျန်းဟုန် ထန့်ယွင်ကို ဖမ်းပြီးသတ်နိုင်စွမ်းမရှိသည့်အတွက် နည်းနည်းမှနောင်တမရပါဘဲ တပ်သားတွေကို ရုပ်သိမ်းပြီး စခန်းကို ပြန်ကာ သတင်းကောင်းများ ကိုစောင့်နေတော့သည်။
မြစ်အောက်ပိုင်း ကို ရောက်သောအခါ ရွှယ်တပ်သားတွေ ခြေကုန်လက်ပန်းကျနေကြလေပြီ။ မြစ်အောက်ပိုင်းရှိ မြေအနေအထားက အန္တရာယ်များလှသော်လည်း ရူခင်းကမူ အတော်လေး လက်ဖျားခါအောင် လှပလေသည်။ မနီးမဝေးတွင် ရေကန်တစ်ခု ရှိနေ၏။ ရေကန်နားတဝိုက် နေရာအနှံ့ပေါက်ရောက်နေကြသော မက်မွန်ပန်းပင်တွေဟာ ပွင့်လန်းဝေဖြာနေကြပြီး အင်မတန်မျက်စိပသာဒဖြစ်စေသည်။
ထန့်ယွင် တပ်သားတွေက အလွန်ရေဆာနေကြသော်လည်း ကန်ထဲကရေကို မသောက်ကြသဖြင့်မေးလိုက်၏။
"ဒါက ဘာရေမျိုးလဲ...သောက်လို့မရဘူးလား"
ကျန်းမော့က ပြန်ဖြေသည်။
"ဒီနေရာကို မက်မွန်ပွင့်ကန်လို့ခေါ်ပါတယ်...ကန်ထဲမှာ ကျူပင်တွေအများကြီးရှိပြီးတော့ အဲ့ဒီကျူပင်တွေဟာ နေရောင်နဲ့ထိတွေ့ပြီး အဆိပ်ဖြစ်သွားတာပါ...သောက်လို့မရတဲ့အတွက် ရေသေလို့ခေါ်ပါတယ်..."
ထန့်ယွင် မက်မွန်ပွင့်ကန်ကိုကြည့်ပြီး ရုတ်ချည်း ထရယ်လိုက်လေ၏။ ကျန်းမော့က သူ့ကို ဘာလို့ရယ်နေသလဲဟုမေးလာသည်။
ထန့်ယွင် မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။
"ကျွန်တော်တို့ ယွီချန့်ကိုမေ့နေတာပဲ...ခင်ဗျား ယွီချန့်ကိုတွေ့မိသေးလား"
ထိုအချိန်၌ ကျန်းမော့အံအားသင့်သွားခဲ့သည်။ ယွီချန် ဤနေရာမှာ ချောင်းမြောင်းကာ ပုန်းဝပ်နေလောက်မည်မှာကြာပြီဖြစ်ကြောင်း သူနားလည်ထားလေ၏။ သူတွေးနေစဥ်မှာပင် သူတို့ ဗုံသံများကိုကြားလိုက်ရသည်။ မျှော်လင့်ထားသလိုပဲ ယွီချန်၏တပ်သားများရောက်လာခဲ့၏။
ကျန်းမော့က ထန့်ယွင်ကို မြင်းပေါ်တက်ပြီး ထွက်ပြေးရန်ပြောလိုက်သည်။ ထန့်ယွင် မြင်းပေါ်တက်လိုက်ပေမဲ့ထွက်မပြေးပေ။ သူက ကျန်းမော့အား တပ်သား1000ကို မြစ်အောက်ပိုင်းဆီသို့ခေါ်သွားရန် အမိန့်ပေးလိုက်၏။ ၎င်းနောက် ထန့်ယွင်က ထိုနေရာတွင်ပင် ယွီချန်ကို ကြားဖြတ်တိုက်ခိုက်ရန် ရပ်နေခဲ့သည်။
ကျန်းဟုန်၏ လိုက်လံဖမ်းဆီးပေမဲ့ ကြောက်ရွံ့သွားကြောင်းကို ယွီချန်ကြားထားလေ၏။ ထန့်ယွင်က သူတို့နောက်မှလိုက်ဖမ်းသည့် ရန်သူ့ဗိုလ်ချုပ်များကို ကျားတောင်ပံဓားနှင့်သတ်ပစ်ကြောင်းကိုလည်း သူကြားခဲ့သည်။ သူ ကျားတောင်ပံဓားနှင့် ထက်ဝက်ပိုင်းခံရမှာစိုးသည့်အတွက် ရှေ့ဆက်မတိုးရဲဘဲ တပ်သားတစ်ယောက်ကိုသာ တိုက်ခိုက်ရန် စေလွှတ်လိုက်၏။
ထန့်ယွင်က မျက်နှာတွင် တိုက်ခိုက်ရန် စိတ်ပိုင်းဖြတ်ထားမှုအပြည့်ဖြင့် သူ့မြင်းထက်မှာ တစ်ယောက်တည်းရှိနေကြောင်း တွေ့ရသောအခါ ယွီချန် ပို၍ပင်ကြောက်သွားသည်။ ယွီချန် သူ့တပ်သားများအား ထန့်ယွင့်ကိုတိုက်ခိုက်ရန် အရင်လွှတ်လိုက်၏။
ထန့်ယွင်က ရန်သူ့တပ်သားများကို တစ်ယောက်ပြီးတစ်ယောက် တိုက်ခိုက်သတ်ဖြတ်ရင်း အစွမ်းကုန်တိုက်ခိုက်နေသည်။ သူ့အနေဖြင့် ခြေကုန်လက်ပန်းကျလာနေပြီဖြစ်ပြီး ယင်းက ယွီချန်၏ နည်းဗျူဟာမှန်းသိ သော်လည်း ဤနည်းဖြင့်သာ လိုက်လာသူတွေကို သူထိန်းထားနိုင်မှာဖြစ်၏။
ဆည်းဆာချိန်ရောက်လာခဲ့ပြီး ထန့်ယွင်က ရုတ်တရက် လှည့်ကာဖြင့် သူ့မြင်းပေါ်ကနေဆင်းလိုက်သည်။ ယွီချန် သူ ဘာလှည့်ကွက်တွေ စဥ်းစားနေမှန်း မသိသဖြင့် မလှုပ်ရှားရဲပေ။ ထန့်ယွင်ဘာလုပ်မလဲဆိုသည်ကိုသာ သူစောင့်နေ၏။ ထန့်ယွင်က မက်မွန်ပွင့်ကန်ဘောင်ဆီကို လျှောက်သွားပြီး မက်မွန်ပင်တစ်ပင်ကိုမှီကာ ဖြေးဖြေးချင်း ထိုင်ချလိုက်သည်။ ထို့နောက် လက်ကိုလှည့်၍ ကျားတောက်ပံဓားကို သူ့ဘေးက မြေကြီးထဲကိုထိုးစိုက်ပြီး မျက်လုံးများမှိတ်လိုက်၏။
မက်မွန်ပွင့်ဖက်များက လေနှင့်အတူလွင့်ပါကာဖြင့် မက်မွန်ပင်အောက်ရှိ ထန့်ယွင်ခန္ဓာကိုယ်ပေါ်သို့ တဖြုတ်ဖြုတ် ကျဆင်းနေကြသော်လည်း ထိုအမျိုးသားကတော့ အိပ်ပျော်နေပုံရပြီး မလှုပ်ပေ။ ယွီချန် အနှီမြင်ကွင်းကို ခဏလောက်ငေးကြည့်နေပြီးနောက် စိတ်ဆိုးမာန်ဆိုးဖြစ်လာသည်။ ထန့်ယွင်က သူ့ကို ထပ်ပြီးလှည့်စားနေပြန်သည်ဟု တွေးကာ လက်ကျန်တပ်သားများကို တိုက်ခိုက်ရန် အမိန့်ပေးလိုက်၏။
သို့ပေမဲ့ တပ်သားတွေ ရောက်သွားချိန်တွင်လည်း ထန့်ယွင်က မလှုပ်မရှားနေမြဲပင်။ တပ်သားတစ်ယောက်က ကုန်း၍ သူ့အသက်ရှူသံကို စစ်ဆေးလိုက်သည်။ အသက်ရှူသံ နည်းနည်းမှကို သူမခံစားမိပေ။ ထန့်ယွင် အမောဆို့ပြီးသေသွားပြီလား။
ယွီချန် ဝမ်းသာအားရဖြင့် တပ်သားတွေအား ထန့်ယွင်၏ ခန္ဓာကိုယ်ကို ဖျက်ဆီးခိုင်းလိုက်၏။ သို့ပေမဲ့ ထို့သို့မလုပ်ခင် ထန့်ယွင်ကို သူ့ဓားနှင့်ခုတ်နိုင်မည်ဆိုသည့်အကြောင်း သေချာအောင်လုပ်ချင်သည်။
သို့ရာတွင် သူမလှုပ်ရှားနိုင်ခင်တွင် သူတို့ဟာ ရုတ်တရက် စစ်သည်တစ်ဖွဲ၏ နှစ်ဖက်လုံးမှ တိုက်ခိုက်ခြင်းကိုခံလိုက်ရ၏။
ဖုန့်တပ်သားတစ်စုကို ဦးဆောင်လာသည့် ချီဇီကျဲက ယွီချန်နှင့် ကျန်းဟုန်၏တပ်သားများကို ဝန်းရံလိုက်သည်။
ချီဇီကျဲက ယွီချန့်ကို သူ့ဓားဖြင့် သတ်ကာ ထန့်ယွင်၏ခန္ဓာကိုယ်ကို သယ်သွားလေ ၏။
လွတ်မြောက်လာသည့် ရွှယ်တပ်သားများ လိုက်အဖမ်းမခံရတော့ကြောင်း ကျန်းမော့တွေ့သောအခါ လူတချို့ကို ခေါ်၍ ထန့်ယွင်ကို ကူညီရန် ဦးဆောင်ကာ အလျင်အမြန် နောက်ကြောင်းပြန်လှည့်သည်။ သူ မက်မွန်ပွင့်ကန်ကို ရောက်သွားချိန်တွင် လူသေ အလောင်းတစ်ခုကိုမြင်လိုက်ရ၏။ ထိုနေရာတွင် လဲလျောင်းနေသည်က ထန့်ယွင်၏ အလောင်းဖြစ်နေလောက်မည်ဟုတွေးမိကာဖြင့် သူ့မျက်နှာထက်တွင် အကြောက်တရားများ ထွက်ပေါ်လာပြီး ချက်ချင်း မြင်းပေါ်မှ ခုန်ဆင်းလိုက်သည်။ မြေပြင်ထက်မှာ လဲလျောင်းကာ သေဆုံးနေသူက ယွီချန်ဖြစ်ကြောင်း သိသွားသောအခါ သူ စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချမိလိုက်၏။
သို့ပေမဲ့ ထန့်ယွင်ကို မမြင်ရပါချေ။ ရတနာဓားကျားတောင်ပံသာလျှင် မက်မွန်ပင်အောက် မြေကြီးထဲတွင် နက်နက်ရှိုင်းရှိုင်း ထိုးစိုက်လျက် ကျန်ရစ်နေလေသည်။
xxxxx