Chapter 103
ပတ်ပတ်လည်တွင် မြူများရှိနေသည်။
မော်ကွန်းထိန်းအရာရှိထံမှ မင်မြစ် ရန်သူ့လက်တွင်းသို့ ကျဆင်းသွားပြီဖြစ်ကြောင်း အစီရင်ခံစာကို ရွှယ်ကျွင်းလျန် ရရှိခဲ့၏။ ရွှယ်ကျွင်းလျန် ဒေါသပြင်းပြင်းထန်ထန်ထွက်ကာ စစ်သူကြီးကို ခေါင်းဖြတ်ချင်ပါသော်လည်း လက်ရှိတွင် စေလွှတ်စရာလူမရှိပေ။
ရွှယ်ဝမ်က သူ့ကိုခေါင်းဖြတ်ရန် ကြံရွယ်နေကြောင်း ကြားသောအခါတွင် စစ်သူကြီးက ချက်ချင်း ရန်သူ့ဘက်ကို ထွက်ပြေးသွားသည်။ တချို့သူများက မင်းမြစ်ဘေးကစီရင်စုကို အကူအညီသွားတောင်းကြ၏။ ထိုအချိန်တွင် စီရင်စု၏အုပ်ချုပ်ရေးမှူးက ရွှယ်ဝမ်၏ဗီဇက ရက်စက်ကြမ်းကြုတ်ပြီး လူမဆန်ဟုပြောလေသည်။ သူတို့အနေဖြင့် သူ့ဆီမှာ လက်အောက်ခံမဖြစ်လိုသည်မှာ ကြာလှပြီဖြစ်သော်လည်း အချိန်မကျသေးခဲ့ပေ။ ယခုတွင် သူ့အချိန် သူ့နေရာရောက်ပြီဖြစ်လေရာ အဘယ်သို့ စစ်ကူတွေလွှတ်၍ ကူညီရပါမည်နည်။
သူ့ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် ရွှယ်ကျွင်းလျန် ချွေးစေးများပြန်လာခဲ့သည်။ ရာဇပုလ္လင်ကို အတင်းအကြပ် သိမ်းပိုက်ခဲ့စဥ်ကပင် ယခုကဲ့သို မကြောက်ရွှံ့ဖူးခဲ့။ ဤသည်ကား သူတစ်ခါမှ မကြုံဖူးသည့် ခံစားချက်ဖြစ်လေသည်။ အချို့လူတွေပြောကြသည့်အတိုင်း -သူ လုံးလုံးလျားလျား အထီးကျန်ပြီး တစ်ကိုယ်တည်းဖြစ်သလို ခံစားရ၏။
ရွှယ်ကျွင်းလျန် ရှုံးနိမ့်ခြင်း၏ မတတ်စွမ်းသာမှုကို ခံစားစားနေရသော်လည်း ထိုအခိုက်အတန့်တွင် နန်းဆောင်တံခါးက ပွင့်လာခဲ့သည်။ ဧကရီက ဝင်လာခဲ့ပြီး သူမစစ်မြေပြင်ကို ကိုယ်တိုင်သွားလိုကြောင်းပြောလာခဲ့၏။ သူတန်းပြီးသတိရလိုက်သည်က ရွှယ်တိုင်းပြည်မှာ ကြံရည်ဖန်ရည်ပြည့်ဝသော ဧကရီတစ်ပါးရှိပြီး စိတ်မကောင်းစရာကား ဧကရီက အမျိုးသမီးတစ်ယောက်ဖြစ်နေကြောင်းကိုပင်။ သူမက မည်သို့ စစ်ပွဲထဲမှာ သွားကွပ်ကဲ၍ရပါမည်လဲ။
ဧကရီက ရယ်ကာဆို၏။
"အရှင်က ကျွန်တော့်ကို ဘာကြည့်ပြီး မိန်းမလို့ပြောတာလဲ"
ရွှယ်ကျွင်းလျန်နှင့်ဧကရီတို့ တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေကြသည်။ ဧကရီက မနီးမဝေးမှာ ရပ်နေခဲ့ပြီး အဖြူရောင် စစ်သံချပ်ကာကို ဝတ်ဆင်ထားကာ ကျားတောင်ပံဓားကို ကိုင်ဆောင်ထားခဲ့၏။ အနှီပုဂ္ဂိုလ်၏အသွင်သဏ္ဍာန်က သူ့တစ်ဘဝလုံး မေ့မရနိုင်ခဲ့သူဖြစ်ကြောင်း အမှတ်ရသွားခဲ့သည်။ ထိုသူက ထန့်ယွင်ပင်.....
ရွှယ်ကျွင်းလျန် စစ်မြေပြင်ဆီသို ချီတက်သွားသည့် ထန့်ယွင်၏နောက်ကျောကို ကြည့်လိုက်၏။ မကြာမီ ရွှယ်စစ်တပ်က ရန်သူ့စစ်တပ်ကို ပြန်တိုက်ထုတ်နိုင်ခဲ့သော်လည်း ဗိုလ်ချုပ်ထန့်ယွင်ဟာ စစ်မြေပြင်မှာ အန္တရာယ်ကြီးကြီးမားမားကြုံတွေ့ကာ ကျဆုံးသွားကြောင်း သတင်းရလာခဲ့သည်။ စစ်သည်များက ဓားအိမ်ကင်းမဲ့နေသော ကျားတောင်ပံဓားကို ဆက်သလာခဲ့၏။
သူ့လက်ထဲသို့ ကျားတောင်ပံဓားရောက်ရှိစဥ်မှာပင် ခရက်ဟူသောအသံကို ကြားလိုက်ရသည်။ ရတနာဓားဟာ သူ့လက်ထဲ၌ အကြောင်းပြချက် မယ်မယ်ရရမရှိပါဘဲ နှစ်ပိုင်းကျိူးသွားခဲ့၏။
ရွှယ်ကျွင်းလျန် အံဩတုန်လှုပ်သွားခဲ့သည်။ သူ့အတွင်းဝတ်များဟာ ချွေးများစိုရွှဲနေလေပြီ။ သူ ဝုန်းခနဲ ထထိုင်လိုက်၏။ သို့မှသာ အရာအားလုံးက အိပ်မက်မှန်း သူသတိထားမိသွားခဲ့သည်။
အပြင်ဘက်ခန်းမှာ သတိကပ်ကာစောင့်နေသည့် ကျန်းယွီက ဆူညံ့သံကိုကြားသောအခါ "အရှင်မင်းကြီး ထိတ်လန့်သွားတာပါလား...နံရံပေါ်မှာ ချိတ်ထားတဲ့ နဂါးစွယ်ဓားက ရုတ်တရက် ပြုတ်ကျလာပြီး ဓားအိမ်ကွဲသွားပါတယ်"ဟု ဆိုကာ ဝင်လာ၏။
ထိုသို့ကြားရာတွင် ရွှယ်ကျွင်းလျန် မော့ကြည့်လိုက်သည်။ မနီးမဝေးတွင် ချိတ်ဆွဲထားသည့် နဂါးစွယ်ဓားဟာ အမှန်တကယ်ကို ကြမ်းပြင်ထက်မှာ လဲလျောင်းနေပြီး ဓားအိမ်ကတော့ တစ်စစီဖြစ်နေ၏။ ရတနာဓားဟာ အေးစက်မှု ခပ်ဖျော့ဖျော့ကို မသိမသာထုတ်လွှင့်နေလေသည်။
ကျန်းယွီ ဓားနှင့် ၎င်း၏ကျိုးပဲ့နေသောဓားအိမ်ကိုကောက်ယူမည်ကြံသော်လည်း ရွှယ်ကျွင်းလျန်က သူ့ကိုတားလာ၏။ ရွှယ်ကျွင်းလျန် အဝတ်အစားဝတ်ပြီး
အိပ်ရာထဲမှထကာ ထွက်လိုက်ပြီး နဂါးစွယ်ဓားကို သူ့ဘာသူကောက်ယူလိုက်သည်။
သူက သက်ပြင်းချကာ ဆို၏။
"ဒါက ကောင်းတဲ့နမိတ်တော့မဟုတ်ဘူး"
ကျန်းယွီက နှုတ်ဆိတ်လျက်သာရှိနေသည်။
ရွှယ်ဝမ်က လက်ကိုဝှေ့ယမ်းပြလာ၍ ကျန်းယွီ အလွန် အကင်းပါးစွာဖြင့် တိတ်တဆိတ် ပြန်ဆုတ်ခွာခဲ့လိုက်၏။
ရွှယ်ကျွင်းလျန် သူ့အိပ်မက်ကို ချက်ချင်းလက်ငင်း ပြန်တွေးမိသည်။ ရွှယ်ဟုန်ယန် ထန့်နယ်စပ်ကနေ ပို့ပေးလိုက်သည့် အထိမ်းအမှတ်ပြားကို မြင်ကတည်းက သူပဟေဠိဖြစ်နေခဲ့၏။ အကယ်၍ သူသာ ဧကရီနှင့်ထန့်ယွင်တို့က တစ်ယောက်တည်းပါဆိုသည်ကို ယုံကြည်ရန် ငြင်းဆန်ပါက နောက်ပိုင်းရှိ ဧကရီ၏စရိုက်လက္ခဏာပြောင်းလဲမှုများ ၊သူမနှင့် ထန့်ရှန်တို့၏ ရင်းနှီးကျွမ်းဝင်နေမှုနှင့် သူမ လက်ရေးတို့က မည်သို့ရှင်းပြနိုင်ပါမည်နည်း။
ရွှယ်ကျွင်းလျန် ဓားကို သူ့ဒူးပေါ်တင်ကာ မိုးလင်းသည်အထိ ထိုင်နေမိသည်။
မနက်ခင်းညီလာခံ အပြီးနောက် ရွှယ်ကျွင်းလျန် ခဏလောက်အနားယူချင်လေ၏။သူ ယမန်နေ့ညတုန်းက မအိပ်ရသေးသဖြင့် ယခုတွင် အနည်းငယ်အိပ်ချင်နေသော်လည်း ကျန်းယွီ ရောက်လာပြီး ပြောသည်။
"အရှင်မင်းကြီး... နယ်စားမင်း ဝမ်နျန်ပြန်ရောက်နေပါတယ်"
ရွှယ်ကျွင်းလျန် ပြန်မေးလိုက်၏။
"နယ်စားမင်း ဝမ်နျန်..."
ရွှယ်ဟုန်ယန် ဘာကြောင့်ပြန်လာမှန်း သူသိချင်မိသည်။ အဆုံးမတော့ သူ(ဟုန်) တောင်ပိုင်းနယ်စပ်ကိုသွားသည်မှာ လအနည်းငယ်သာ ရှိသေးသည်ပေမင့်။ ၎င်းနောက် ကျန်းယွီအား သူ့ကိုအထဲခေါ်လာခိုင်းလိုက်၏။
ရွှယ်ဟုန်ယန် ဝင်လာချိန်တွင် သူ့လက်ထဲ၌ ပစ္စည်းတွေ အများကြီး ကိုင်ထားလေသည်။ သူက ကျင့်ဝတ်ထုံးတမ်းများကို ဂရုမစိုက်ပါဘဲ ယင်းတို့ကို စားပွဲပေါ် တိုက်ရိုက်စုပုံလိုက်၏။
ရွှယ်ကျွင်းလျန် သူ့ကို ထိုင်ခိုင်းကာ ရယ်ရယ်မောမောပြောလိုက်သည်။
"ဘာလဲ...အမြီးမီးလောင်သွားလို့လား"
ရွှယ်ဟုန်ယန်က ဟာသကိုပြန်မတုန့်ပြန်ပါဘဲ ပြောလေ၏။
"အရှင်မင်းကြီး... ချန်တိ အံ့...အံ့ဩစရာတစ်ခုကိုတွေ့ခဲ့ပါတယ်"
"အိုး..."
ရွှယ်ဟုန်ယန်က သူ့ခေါင်းကို ကုတ်လိုက်ပြီးဆက်ပြောသည်။ .
"ချန်တိ ထန့်တိုင်းပြည်ကို သွားတော့ ဒါတွေကို တွေ့ခဲ့ပါတယ်...ထွေထွေထူးထူးတော့ ပြောစရာမရှိပါဘူး...ချန်တိမသွားခင်တုန်းက ဝန်မင်းထန့်က ချန်တိရဲ့စားပွဲပေါ်က စာရွက်စာတမ်းတွေကို မြင်ပြီး အတော် အံ့အားသင့်သွားပါတယ်...အဲ့ဒီအချိန်တုန်းက ချန်တိ သိပ်မစဥ်းစားမိခဲ့ဘူး..."
သူက ထိုသို့ပြောရင်း လက်ရေးလှစာရွက် ကြီးကြီးသေးသေးများနှင့် ပန်းချီဆေးရေးများကို ဖြန့်ပြီးနောက် ပြော၏။
"ချန်တိ ဒီစာရွက်တွေကို မြင်တဲ့အချိန်ကျမှသာ ဆက်တွေးမိတော့တာပါပဲ"
ရွှယ်ကျွင်းလျန်က သူ့ကို လေးလေးနက်နက် မျက်နှာဖြင့်ကြည့်ပြီး ပြုံးပြုံးရွှင်ရွှင် ဆိုလိုက်သည်။
"ဒီနေ့အခြေအနေက တကယ်ကို ထူးဆန်းတာပဲ...
ဟုန်ယန်က ငါတို့ရဲ့ ဝန်မင်းထန့်ကို တကယ်ကြီးမေးခွန်းထုတ်နေတယ်"
ရွှယ်ဟုန်ယန်၏ မျက်နှာက ရှက်ရွံ့မှုကြောင့် နီရဲသွားပြီး
ကိုးရိုးကားယား ပြော၏။
"မေးခွန်းထုတ်နေတာ မဟုတ်ပါဘူး... ဒီ...ဒီဟာက အရမ်းအရေးကြီးတဲ့ကိစ္စမလို့ပါ"
ရွှယ်ကျွင်းလျန် စာရွက်တစ်ခုကို ကောက်ယူကာ ကြည့်လိုက်သည်။ မျက်ခုံးများတွန့်ချိုးလာပြီး မကြာမီ သူ့မျက်နှာထက်ရှိ အပြုံးက အေးခဲသွား၏။ ရွှယ်ဟုန်ယန် သူ့လက်မောင်းကြားထဲက စာရွက်စာတမ်းတစ်ခုကို ထုတ်ယူလိုက်သည်။ ယင်းသည်ကား ထိုနေ့က ထန့်ရှန် ရွှယ်ဟုန်ယန်၏စားပွဲပေါ်တွင်တွေ့ခဲ့သည့်တစ်ခုပင်။
103.2
ရွှယ်ကျွင်းလျန် ထိုစာရွက်ကို ယူကာ တခြားစာအုပ်တွေ စာရွက်တွေနှင့် စီချထားလိုက်ပြီး တဖန် ထရပ်ကာ စာအုပ်စင်စီမှ ဧကရီ၏လက်ရေးလှကို ယူ၍ ၎င်းတို့အားလုံးကို ဘေးချင်းယှဥ်ထားလိုက်၏။
ရွှယ်ဟုန်ယန်၏ မျက်လုံးအိမ်များ ချက်ချင်း ပြူးကျယ်လာကာ ပြောသည်။
"ဒီ...ဒီ....ထန့်ယင်းနဲ့ဧကရီက အမြဲတမ်းအကျင့်တွေတူနေတယ်လို့ထင်ရတာ မဆန်းတော့ဘူး...အဲဒီအချိန်တုန်းက ချန်တိ...ချန်တိလည်း ယွင်ဖုန့်နန်းဆောင်ကို မီးရှို့တဲ့အတွက် အရှင်မင်းကြီး သူ့ကို အပြစ်တင်မှာကြောက်ပြီး ထန့်ယင်းက ရည်ရွှယ်ချက်ရှိရှိနဲ့ ဧကရီကိုအတုခိုးဖို့ကြိုးစားခဲ့တယ်လို့ထင်ခဲ့တာ"
ရွှယ်ကျွင်းလျန် မျက်လုံးများကို မှေးကျဥ်းပြီး ပြောလိုက်၏။
"ထန့်ရှန်မှာ တုံ့ပြန်မှုတစ်ခုခုရှိလား"
ရွှယ်ဟုန်ယန်က ဖြေသည်။
"ဒီရက်ပိုင်းမှာ ထန့်ရှန်က အမြဲတမ်း မင်မြစ်ကစစ်ပွဲအကြောင်းကို မေးမြန်းနေပါတယ်"
ရွှယ်ကျွင်းလျန် ပြောလိုက်၏။
"ထန့်ယွင် သေပြီးတဲ့နောက်မှာ ဧကရီနဲ့ထန့်ရှန်က အရမ်းရင်းနှီးလာတယ်...ထန့်ရှန်က မင်းရဲ့စာရွက်စာတမ်းတွေကို မြင်ပြီးတော့ ထန့်ယင်းရဲ့အခြေအနေကို စမေးတယ်...အမှန်တရားကို ဖော်ထုတ်ချင်ရင် မင်းရဲ့ဝန်မင်းထန့်ကနေစရမှာပဲ"
ရွှယ်ဟုန်ယန်မှာ အကြပ်ရိုက်နေသော အမူအရာရှိနေသည်ကိုမြင်ရာတွင် သူကဆက်ပြောလိုက်သည်။
"မပူပါနဲ့... ငါ ထန့်ရှန်ကို အရှက်ခွဲမှာမဟုတ်သလို ခက်ခဲအောင်လည်းမလုပ်ပါဘူး...မင်းလည်း ပြန်ရောက်ပြီဆိုတော့ ငါ ထန့်ရှန်ကို မင်းပြန်ရောက်တဲ့ အခမ်းအနားလုပ်ဖို့အတွက် ဆိုပြီး နန်းတော်ထဲဝင်ခိုင်းလိုက်မယ်...ငါ ...ဒီတိုင်း သာမန်မေးခွန်းတချို့ကိုပဲမေးမှာပါ...ဘယ်လိုပဲဖြစ်ဖြစ် အဲ့ဒါက ငါ့ဇနီးအကြောင်းပဲမဟုတ်ဘူးလား"
ရွှယ်ဟုန်ယန်လည်း ဤကိစ္စက ထူးဆန်းလွန်းသည်ဟု ခံစားရသဖြင့် အလွန်အမင်း နက်နက်နဲနဲတွေ ထပ်ပြီးမတွေးရဲတော့ပေ။ရှင်းလင်းချက်ကို တိုက်ရိုက် တောင်းခံသည်က ကောင်းသည့်အတွက် သူ ခေါင်းညိတ်ပြလိုက်သည်။
ရွှယ်ကျွင်းလျန် ကျန်းယွီကို နယ်စားမင်းအိမ်တော်သို့သွား၍ ထန့်ရှန်ကို သွားရောက်ခေါ်ယူရန်နှင့် ထန့်ရှန်က ဘာအကြောင်းလဲဟုမေးလာပါက ရွှယ်ဝမ်က နယ်စားမင်းဝမ်နျန်၏ပြန်လည်ရောက်ရှိလာမှုအတွက် ကြိုဆိုပွဲအခမ်းအနားချီးမြင့်ရန်ကြံရွှယ်နေကြောင်း ပြောရန် မိန့်လိုက်၏။
ကြိုဆိုပွဲအခမ်းအနားက ယွင်ဖုန့်နန်ဆောင်၏အပြင်ဘက်နားတင်ဖြစ်လေသည်။ ရောက်လာသည်နှင့် ထန့်ရှန် သူ့ထိုင်ခုံမှာဝင်ထိုင်လိုက်၏။ ရွှယ်ကျွင်းလျန်က အရင်ဆုံး သူတို့နှစ်ဦး၏လတ်တလော အခြေအနေအကြောင်းမေးမြန်းကာ သက်ပြင်းချလေသည်။
"ဒိရက်ပိုင်း ကုအမြဲတမ်းလိုလို အိပ်မက်ဆိုးတွေမက်နေတာ... နေ့တိုင်း ချွေးစေးတွေပြန်ပြီးနိုးလာရတယ်...ကု အဲ့ဒီတုန်းကလောက် မကောင်းတော့ဘူးဆိုတာ သတိထားမိလာတယ်...ကု ငယ်ရွှယ်တက်ကြွချိန်တုန်းက
စက္ကန့်မဆိုင်းမစဥ်းစားဘဲ ကိစ္စတွေအများကြီးလုပ်ခဲ့တယ်...အခု ပြန်တွေးကြည့်လိုက်တော့ ကု အရမ်းနောင်တရတယ်...ဥပမာအားဖြင့်....."
သူက ထိုသို့ပြောပြီး ထန့်ရှန်ကိုတစ်ချက်ကြည့်ကာ ဆက်ပြော၏။
"ဥပမာအားဖြင့် ဗိုလ်ချုပ်ထန့်ယွင်ရဲ့ကိစ္စပေါ့"
သူစကားကိုကြားရချိန်တွင် ထန့်ရှန် မနေနိုင်ဘဲ ရွှယ်ကျွင်းလျန်ကို စိုက်ကြည့်မိသွားပြီး ၎င်းနောက် မျက်လုံးပြန်လွှဲလိုက်သည်။ သူ့အမူအရာနှင့်ပတ်သတ်ပြီး
သဲလွန်စတွေထုတ်ပြမိသလား သူမသိပေ။
သို့ပေမဲ့ ရွှယ်ကျွင်းလျန်ကဆက်ပြောလာ၏။
"ဗိုလ်ချုပ်ယွင်နဲ့မောင်မင်းက အမြဲတမ်း နီးကပ်တဲ့ဆက်ဆံရေးရှိတယ်လို့ ကုကြားမိတယ်...မောင်မင်းကုကို အခဲမကျေဖြစ်နေမယ်ဆိုတာ ကုသိပါတယ်...ကံမကောင်းစွာနဲ့ ဒီအမှားကြီးက လုပ်ပြီးသွားပြီလေ...အခုတော့ ကုမှာ တစ်ယောက်တည်း...အတိတ်က အဖြစ်အပျက်တွေအကုန်လုံးကို ပြန်သတိရတိုင်း ကုတကယ်နောင်တရမိတယ်...ကံကောင်းစွာနဲ့ပဲ အခု ကုဘေးမှာ မောင်မင်းရှိနေတယ်"
ထန့်ရှန်က စကားလည်းမပြောသလို မျက်တောင်ပင်မခတ်ချေ။ သူ့စိတ်ထဲတွင် ဘာတွေဖြစ်နေမှန်း ရွှယ်ကျွင်းလျန် မမှန်းဆနိုင်ပေ။
——–
ကျောက်လု သူ့ကို လမ်းပိတ်နေသော အစေခံအား အလျင်စလို ဘေးသို့တွန်းထုတ်ကာ ကပျာကယာပြေးဝင်ပြီး ဦးညွှတ်ဝါရဝပြုလိုက်သည်။
"အရှင်မင်းကြီး... မင်မြစ်ကနေ လူတစ်ယောက်ကို အရေးကြီးသတင်းပို့ခိုင်းလိုက်ပါတယ်...ရွှယ်စစ်တပ်ဟာ ကျန်းဟုန်ကို သုံးကြိမ်တိုင်တိုင် အနိုင်ရခဲ့ပေမဲ့ သစ္စာဖောက် ယွီချန်က ထွက်ပြေးပြီး ရန်သူစခန်းမှာခိုလှုံသွားပါတယ်...တပ်ဖွဲ့ဟာ တကွဲတပြားဖြစ်သွားပြီး စခန်းကို ဆုံးရှုံးလိုက်ရပါတယ်...လက်ထောက်ဗိုလ်ချုပ် လန့်ကျင်းနဲ့ မော်ကွန်းထိန်းအရာရှိကျန်းမော့တို့က စစ်ကူတွေပို့ပေးဖို့ အရေးပေါ်တောင်းဆိုလာပါတယ်"
သူက ခဏရပ်လိုက်ပြီး ၎င်းနောက် ဆက်ပြော၏။
"ဖုန့်တိုင်းပြည်ရဲ့ ချီဇီကျဲက သူတပ်ဖွဲ့နဲ့အတူ ရောက်လာခဲ့ပါတယ်...သုံးလမ်းတပ်တော်က ကျန်းဟုန်ရဲ့စစ်တပ်ကို ပြန်လည် တွန်းလှန်တိုက်ခိုက်ခဲ့ပါတယ်...ဖုန့်တိုင်းပြည်က ကျန်းဟုန်နဲ့ယွီချန်တို့ရဲ့ခေါင်းကို ငြိမ်းချမ်းရေ ကမ်းလှမ်းချက်အဖြစ် ကမ်းလှမ်းလာပါတယ်"
နားထောင်းရင်း ထန့်ရှန်၏ကျောပြင်ဟာ တောင့်တင်းလာခဲ့ပြီး ဖြတ်ပြောလိုက်သည်။
"ထန့်...ထန့်ယင်းကရော..."
ကျောက်လု ခဏမျှ ငြိမ်သက်သွားသည်။ လူတိုင်း စိုးရိမ်စိတ်ဖြင့် သူတို့၏နှလုံးသားများ ခုန်ပေါက်လာသည်ကို ခံစားမိကြရ၏။ သူတို့ ခံစားချက်မကောင်းကြပေ။ သူတို့အနေဖြင့် "ရန်သူ့သုံ့ပန်းများဆီက သတင်းအရ ဗိုလ်ချုပ်ထန့်ယင်းက သစ္စာဖောက်ယွီချန်ရဲ့ ချုံခိုတိုက်ခိုက်မှုနဲ့ ထိပ်တိုက်တွေ့ဆုံခဲ့ပြီးတော့ ရွှယ်စစ်တပ်ကို သူတို့ လိုက်လံဖမ်းဆီးခြင်းကနေ တားဆီးဖို့အတွက် နောက်ချန်နေခဲ့ပါတယ်...သူပုန်တွေကို ဖြေရှင်းနေရင်း... သူအမောဆို့ပြီး သေဆုံးသွားပါတယ်"ဟုသော ကျောက်လု၏စကားကိုသာ ကြားလိုက်ကြရလေသည်။
"အရှင်..."
ရွှယ်ဟုန်ယန်၏ နှလုံးသားကား စိတ်ပျက်မှုများထဲတွင် နှစ်မြုပ် သွားခဲ့သည်။ ရုတ်တရက် ထန့်ရှန် ဝုန်းခနဲ ထရပ်လိုက်ပြီး သူတစ်ကိုယ်လုံး တုန်ရီနေကာ လဲကျလုမတတ်ဖြစ်နေ၏။ ရွှယ်ဟုန်ယန် အလျင်အမြန် ရှေ့တိုးကာ သူ့ကို ကိုင်ထားပေးလိုက်သော်ငြား ထန့်ရှန်၏မျက်ရည်များက အပ်ချည်မျှင်တန်းလို အဆက်မပြတ် စီးကျလာခဲ့လေသည်။
xxxxxx