Chapter 104
ရွှယ်ဟုန်ယန် သူငိုသည်ကို တစ်ခါမှမမြင်ဖူးခဲ့ပေ။ ထန့်ရှန်က အရပ်ဘက်ဝန်မင်းအဖြစ်ရှိနေသည် နှစ်ပေါင်းများစွာကြာ ပြီဖြစ်သော်လည်း သူ၏သိုင်းပညာက အားမနည်းကြောင်း သူ(ဟုန်)သိပါ၏။ ရုံးတော်ထဲတွင် နှစ်တွေအများကြီးနေခဲ့ခြင်းက သူ့ကို ကျောက်တုံးနှလုံးသား"ဖြစ်လာစေသည်မှာ ကြာလှပြီပင်။ပျော်ရွှင်မှု၊ဝမ်းနည်းမှုသို့မဟုတ်ဒေါသထွက်မှုတို့ကို ဘယ်သောအခါမှ သူ့မျက်နှာထက်တွင် မဖော်ပြခဲ့။ သို့ပေမဲ့ ယခုမူ.....
ရွှယ်ကျွင်းလျန် ထန့်ရှန်ကို တစ်ချက်ကြည့်ပြီးနောက် ချက်ချင်း အရာအားလုံးကို နားလည်သွားခဲ့သည်။ ကျန်ရှိသော စမ်းသပ်မှုများက အသုံးမဲ့သက်သက်ပင်(ဆက်လက်စမ်းသပ်ရန် မလိုတော့ပေ)။လက်ရှိ ထန့်ရှန်၏ တုံ့ပြန်မှုက အရာရာတိုင်းကို ရှင်းပြပြီးလေပြီ။ တစ်ချိန်က သူကိုယ်တိုင် နှလုံးသားထဲကို မြှားတစ်စင်း ထိုးစိုက်ဖူးခဲ့သော ဆူးငြောင့်ခလုတ်တစ်ခု ၊ သူ့နှလုံးသားကို လှုပ်ရှားစေသည့် တစ်ဦးတည်းသော အမျိုးသမီး နှင့် သူ နက်နက်ရှိုင်းရှိုင်းအရသာခံဖူးခဲ့သော အမတ်မင်းထန့်နန်တို့ဟာ အကုန်လုံး တစ်ဦးတည်းပင်.......
ရွှယ်ကျွင်းလျန် ကျောက်စားပွဲကို လက်နှင့်ထောက်ကာဖြင့် အချိန်အတော်ကြာသည့်တိုင် စကားမပြောနိုင်ခဲ့ပေ။
ထိုစဥ်တုန်းက သူတို့ရန်သူတွေဖြစ်နေကြသေးချိန်မှာ စစ်မြေပြင်ရှိ ထန့်ယွင်၏ဟန်အမူအရာကို သူမြင်ဖူးခဲ့သည်။ ယင်းအချိန်များတုန်းက ထန့်ယွင်ဟာ တကယ့်ကို သံမဏိဗိုလ်ချုပ်ကြီးတစ်ဦးပဲဟု ရွှယ်ကျွင်းလျန်တွေးခဲ့၏။
တစ်စုံတစ်ယောက်က ထန့်ယွင်ကို စစ်မြေပြင်ထက်က သွေးစွန်းအသူရာဟုပြောသည်မှာ အံ့ဩစရာမရှိပါချေ။ "အမောဆို့၍သေဆုံးသွား"ဟူသော စကားလုံးများက သူ့စိတ်ထဲမှာ တဝဲလည်လည်နှင့် လှည့်ပတ်နေကြသည်။ အနှီစကားလုံးများက မည်သည်ကို ကိုယ်စားပြုမှန်းရွှယ်ကျွင်းလျန် စိတ်ကူး၍ပင်မရပါချေ ။ သူစိတ်ထဲတွင်ကား သွေးများဖုံးလွှမ်းနေသည့် ထန့်ယွင်ဖြင့်ပြည့်နှက်နေခဲ့၏။
ကျန်းယွီ ရွှယ်ဝမ်၏စိတ်အခြေအနေပုံမှန်မဟုတ်သည်ကို ခံစားမိပြီး တိုးတိုးလေး ခေါ်လိုက်သည်။
"အရှင်မင်းကြီး... အရှင်မင်းကြီး... တော်ဝင်ခန္ဓာကိုယ်ကို ဂရုစိုက်တော်မူပါ"
ရွှယ်ကျွင်းလျန်က လက်မြှောက်ကာ သူအကူအညီမလိုကြောင်းပြ၏။ ထို့နောက် သူ့လက်ကိုဆန့်ကာဖြင့် တစ်စုံတစ်ခုကို ချုပ်တည်းနေသလိုမျိုး မျက်လုံးများကိုး
ဖုံးအုပ်လိုက်လေသည်။ စက္ကန့်ဝက်အကြာတွင် သူက ဖြည်းဖြည်းချင်း မေးလာ၏။
"ခန္ဓာကိုယ်က ဘယ်မှာလဲ "
"ခုထိ မတွေ့သေးပါဘူး"ဟု ကျောက်လုက ပြန်ဖြေသည်။
"မတွေ့သေးဘူး..."
ရွှယ်ကျွင်းလျန် ရုတ်ချည်း အမျက်ပြင်းပြင်းထွက်လာဟန်ပင်။ သူက ကျောက်စားပွဲထက်ရှိ ဝိုင်အိုးကိုလက်ဖြင့်
ကြမ်းပြင်ပေါ် ပစ်ခွဲကာဆိုလေ၏။
"ရှာ...မကြာခင် ရှာမတွေ့ဘူးဆိုရင် ကျန်းဟုန်ရဲ့တပ်သား200,000ကို ကုရဲ့ဗိုလ်ချုပ်နေရာမှာ အရှင်လတ်လတ် သဂြိုလ်ပစ်..."
ရွှယ်ဝမ်၏လက်ရှိလုပ်ရပ်က ကျောက်လုကို အံအားသင့်သွားစေရုံသာမက ရွှယ်ဟုန်ယန်နှင့်ထန့်ရှန်တို့ကိုပင် ခဏတာ ကြောင်အသွားစေဟန်ပင်။ ရွှယ်ကျွင်းလျန်၏လုပ်ရပ်က ဟန်ဆောင်နေရုံသက်သက်ဟုသူတို့ ထင်ကောင်းထင်နိုင်သည်။ အဆုံးမတော့ ဗိုလ်ချုပ်ကျဆုံးသွားသော်လည်း မင်မြစ်က သတင်းက တကယ့်ကို သတင်းကောင်းဖြစ်၏။ ကျန်းဟုန်က ခေါင်းဖြတ်ခံလိုက်ရပြီး အသက်ရှင်ရက်ကျန်ရှိသော တပ်သား 200,000က
သုံ့ပန်းများဖြစ်သွားကာ ဖုန့်တိုင်းပြည်က ငြိမ်းချမ်းရေးယူရန် အခွင့်အရေးယူခဲ့သည်။
ရွှယ်ကျွင်းလျန် ကိုယ်တိုင်ပင်လျှင် သူဒေါသထွက်နေသလား ဝမ်းနည်းနေသလားဆိုသည်ကို မသိပါချေ။ ခံပြင်းမှုလှိုင်းလုံးကြီးက သူ့နှလုံးသားကို မြစ်ရေကြီးသလိုမျိုးရိုက်ခက်လာခဲ့သည်။ သူ လေးစားတန်ဖိုးထားသော ပုဂ္ဂိုလ်က သူ့နှလုံးသားကို ပေးအပ်ချင်သည့် သူဖြစ်ကြောင်း သင်ယူပြီးခါစရှိသေး သော်လည်း အနှီအရာတွေအားလုံးက ချက်ချင်း အဆုံးသတ်သွားခဲ့၏။ ချက်ကောင်းကို အထိခံရလိုက်သကဲ့သို နာကျင်လွန်း၍ ရွှယ်ကျွင်းလျန် စက္ကန့်ပိုင်းလောက် ပြိုလဲကျလုမတတ်.......
——
ဝန်မင်းတချို့က အကျဥ်းသားကို တန်းသတ်သင့်ကြောင်း မဟုတ်ပါက အတောမသတ်နိုင်သော ဘေးအန္တရာယ်တွေကျရောက်လာမှာဖြစ်ကြောင်း အကြံပြုကြသည်။ ဤလူက ယွီချန်၏လက်ရွေးစင်တပ်သားများကို တစ်ယောက်တည်းဟန့်တားနိုင်၏။ သူ့ကို လျော့တွက်၍ မဖြစ်ပေ။ သူသတိရလာပြီး အညံ့ခံလျှင်ပင် ပျက်ကိန်းဆိုက်လာပါစေလိမ့်မည်။
ဖုန့်မင် အချိန်တစ်ခုမျှ အာရုံမစိုက်နိုင်အောင်ဖြစ်သွား၏။
အဆုံးတွင် ဤလူ၏စစ်မြေပြင်ရှိ နည်းဗျူဟာနှင့် ရဲစွမ်းသတ္တိဟာ မင်မြစ်တစ်ဘက်ကမ်းကလူတွေကိုတောင် ရှင်းရှင်းလင်းလင်း မြင်စေခဲ့သည်။ ဖုန့်မင်သာ လောကကြီးကို အောင်နိုင်ချင်ပါက သူ့ဘေးမှာ ဤကဲ့သို့သော အရည်အချင်းရှိသူမျိူး ရှိရမည်ပင်။
ရွှယ်တိုင်းပြည်မှာရှိစဥ်က နယ်စားမင်းထန့်နန်၏ နေအိမ်တော်ထဲမှာ အပိတ်ခံခဲ့ရဖူးသည့် လုရှစ်ချန်အနေဖြင့် အနှီပုဂ္ဂိုလ်က သစ္စာရှိပြီး ရိုးသားသူဖြစ်ကြောင်းသိလေ၏။ လက်ရှိတွင် နယ်စားမင်းထန့်နန်ဟာ ဤနေရာမှာ သုံ့ပန်းတစ်ယောက်ဖြစ်နေပြီး လုရှစ်ချန် ကျွေးသောလက်ကို ပြန်မကိုက်ရက်ပါလေ။
ဖုန့်မင်က လုရှစ်ချန်အား သုံ့ပန်းကို အိမ်ပြန်ခေါ်သွားပြီး အသက်ကို အရင်ကယ်ရန် အမိန့်ပေးလိုက်သည်။
တော်ဝင်သမားတော်ဟာ အကြိမ်ပေါင်းများစွာ ရောက်လာခဲ့ပြီး ဝန်မင်းလုကို ထန့်ယွင်က အဆင်ပြေသော်လည်း နှလုံးရောဂါကို ခံစားနေရသဖြင့် အလုပ်အလွန်အကျွံမလုပ်သင့်ကြောင်းပြော၏။ ထန့်ယွင်၏ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာများစွာရှိပေငြား ၎င်းတို့က အလွန်အမင်းနက်ရှိုင်းခြင်းမရှိချေ။ အရိုးထိရောက်သည့် ဒဏ်ရာမရှိသဖြင့် ကောင်းကောင်း ပြန်လည်ကျန်းမာလာမှာဖြစ်လေသည်။ လုရှစ်ချန် နောက်ဆုံးတွင် သူ၏စိတ်ပူပန်မှုများကို လျော့ချနိုင်သွားပြီး ၎င်းနောက် အရည်အချင်းရှိသည့် အစေခံများစွာကို ထန့်ယွင်အား ပြုစုရန် စေလွှတ်လိုက်၏။
သူဘယ်လောက်ကြာကြာ အိပ်ပျော်နေမှန်း ထန့်ယွင်မသိပေ။ သူအိပ်မက်များမှာ မှောင်မည်းနေခဲ့ပြီး ရန်သူ ဒီရေလှိုင်းလုံးကြီးကလည်း အဆုံးမရှိခဲ့။ ထန့်ယွင် မောပန်းနေပြီဖြစ်ကာ မြန်မြန် နိုးထချင်မိခဲ့သည်။ သူအိပ်မက်မက်နေမှန်း သူသိပါသော်လည်း ယင်းအိပ်မက်ဆိုးထဲမှ သူရုန်းမထွက်နိုင်ခဲ့ပေ။
သူခွန်အားမသုံးနိုင်တော့သည်အချိန်မှာပင် အေးစက်စက်မြှားတစ်စင်း ပစ်ခွင်းလာပြီး ရုတ်တရက် သူ့နှလုံးသားကို ထိုးစိုက်လာခဲ့၏။ ထန့်ယွင် နာကျင်မှုကို မခံစားရသော်လည်း သူ့နှလုံးသားကဟာဖြင့် ဝမ်းနည်းသောခံစားချက်တစ်ခု ရုတ်ချည်း တလိမ့်လိမ့်တက်လာခဲ့သည်။ အနက်ရောင် နဂါးဝတ်ရုံနှင့် ယောကျာ်းတစ်ယောက် အမှောင်ထဲကနေ ထွက်ပေါ်လာပြီး လက်ထဲမှာ နဂါးကြေးခွံလေးရှည်ကြီးကို ကိုင်ထားရင်း သူ့ကို ပြုံးပြကာဆိုလေ၏။
"ဗိုလ်ချုပ်ယွင်...အကြာကြီးရှိနေပြီ"
ထန့်ယွင်နိုးလာချိန်တွင် သူ့ရှေ့၌ အသွင်သဏ္ဍာန်များစွာကိုမြင်လိုက်ရပြီး အလုပ်ရှုပ်နေပုံပေါ်သည်။ များစွာသော အမျိုးသမီးအစေခံများက ပွင့်သွားသည့် ဒဏ်ရာတချို့နှင့် သူတို့မည်သို့ သမားတော်ကို လာရောက်ရန် တောင်းဆိုခဲ့သည့်အကြောင်းကို ပြောဆိုနေကြ၏။
လုရှစ်ချန်က ဒဏ်ရာကို ပြန်လည်ပတ်တီးစီးပေးမည့် သမားတော်နှင့်အတူရောက်လာသည်။ ထိုကာလအတွင်းမှာ ထန့်ယွင်က မျက်လုံးဖွင့်ထားပြီး ကုတင်ထိပ်ကိုပဲကြည့်နေကာ စကားတစ်ခွန်းမှမပြောသလို မည်သူတစ်ဦးတစ်ယောက်ကိုမျှလည်းကြည့်မနေပေ။
104.2
သမားတော်ထွက်သွားသည်နှင့် လုရှစ်ချန်က အခြေအနေကို လာကြည့်လေ၏။ သို့ပေမဲ့ ထန့်ယွင်၏မျက်လုံးများနီရဲနေသည်ကိုတွေ့လျှင် တန်းပြီး ပျာယာခတ်သွားပြီး ပြောလာသည်။
"ဒီ ဒီ.....ဒီဗိုလ်ချုပ်ထန့် အသင့်ရဲ့ဒဏ်ရာကအများကြီးနာနေတာလား...ကျွန်ုပ် တော်ဝင်သမားတော်ကို နာကျင်မှုအတွက် ဆေးညွှန်းခိုင်းဖို့ ခေါ်ပေးရမလား... "
သူထိုသို့ပြောသည်ကို ကြားသောအခါ ထန့်ယွင် သူ့နားထင်တွေစိုစွတ်နေကြောင်းတွေ့သွားသည့်အတွက် အံ့အားသင့်သွား၏။ သူ အခုလေးတင် မသိလိုက်ဘာသာနဲ့ ငိုခဲ့တာလား...
ထန့်ယွင် ခပ်ဟဟရယ်ပြီး ပြောလိုက်သည်။
"ရုံးတော်ဝန်မင်းလု...ကျွန်တော် ခင်ဗျားနဲ့ပြန်ဆုံရလိမ့်မယ်လို့ မထင်ခဲ့မိဘူး...အခြေအနေက အခုတော့ပြောင်းပြန်ဖြစ်သွားပုံပဲ"
သူ ရယ်နေနိုင်သေးသည်ကိုတွေ့လျှင် ကြီးကြီးမားမားကိစ္စမရှိကြောင်း သိသွားပုံရပြီး လုရှစ်ချန်ကပြောလာ၏။
"အသင့်ရဲ့ ခန္ဓာကိုယ်ကို အရင်ဆုံးဂရုစိုက်သင့်တယ်"
ခဏရပ်နေပြီးနောက် သူကထပ်ဖြည့်ပြောလိုက်သည်။
"ကျန်းဟုန်နဲ့ယွီချန် သေသွားပြီ"
ထန့်ယွင်က ထပ်ပြုံးလိုက်ပြန်ကာ ခေါင်းညိတ်ပြီး ဘာမှပြောမလာတော့ပေ။
လုရှစ်ချန် သူ့ကို ယခုအချိန်မှာ အညံ့ခံရန်မစည်းရုံးရက်နိုင်သဖြင့် နောက်ပြန်ဆုတ်ကာ သူ့ကိုအနားယူခိုင်းလိုက်၏။
ဖုန့်မင်က ရွှယ်တိုင်းပြည်ဆီသို့ ကျန်းဟုန်နှင့်ယွီချန်တို့၏ခေါင်းများကို သယ်ဆောင်လျက် သံတမန်တစ်ဦးကို စေလွှတ်ခဲ့သော်လည်း ရွှယ်ဝမ်က အမျက်ထွက်နေခဲ့သည်။ အသက်ရှင်ရန်အလို့ငှာ ယွီချန်၏လူတစ်ဦးက တစ်စုံတစ်ယောက်က ယွီချန်ဆီကိုလာ၍ ရွှယ်ဝမ်ကသူ့ကို သတ်ပစ်ချင်နေသည်ဟု ဆွပေး ခဲ့ပြီး ယင်းကြောင့်ပင်ယွီချန်က မြို့တော် ပြန်ရမည်ကို ကြောက်သည့်အတွက် ကျန်းဟုန်ဆီထွက်ပြေးသွားခဲ့သည်ဟု ဝန်ခံလာ၏။ ယွီချန်ကို ဆွပေးခဲ့သည့်သူမှာ အမှန်တွင် ဖုန့်တိုင်းပြည်မှလူဖြစ်လေသည်။ ထို့ကြောင့်ပင် ရွှယ်ဝမ်က ဖုန့်တိုင်းပြည်၏ငြိမ်းချမ်းရေးကမ်းလှမ်းချက်ကို လက်မခံပါဘဲ ဖုန့်တိုင်းပြည်ကိုပါငြိစွန်းစေလိုခြင်းဖြစ်၏။
သတင်းရရှိသောအခါ ဖုန့်မင်ဒေါသပြင်းပြင်းထန်ထန်ထွက်သွားသည်။ အချို့သောရုံးတော်အရာရှိများက နယ်စားမင်းထန့်နန်ကို သတ်ပြီး ရွှယ်တိုင်းပြည်နှင့် တရားဝင်စစ်ပွဲတစ်ခုစတင်သည်က ပိုကောင်းလိမ့်မည်ဟုဆိုကြ၏။ တခြားသူများကတော့ နယ်စားမင်းထန့်နန်ကို သတ်၍မဖြစ်ဟုဆိုကြသည်။ ရွှယ်ဝမ်က နယ်စားမင်းထန့်နန်သေသွားပြီဟု ထင်သည့်အတွက် အမျက်ခြောင်းခြောင်းထွက်နေပြီး ကျန်းဟုန်၏တပ်သား 200,000ကို အရှင်လတ်လတ် သဂြိုလ်မည်ဟုကြိမ်းဝါးထား၏။ ဖုန့်တိုင်းပြည်ကသာ နယ်စားမင်းထန့်နန်ကို တကယ်သတ်လိုက်ပါက သေသည်အထိတိုက်ခိုက်ရမည်ပင်။
နယ်စားမင်း ထန့်နန်က သတ်၍မဖြစ်သလို ထား၍လည်းမရပေ။ လုရှစ်ချန်က လျှောက်တင်လေသည်။
"မင်းကြီး နယ်စားမင်းထန့်နန်ကို ရွှယ်တိုင်းပြည်နဲ့ငြိမ်းချမ်းရေး စကားဆိုဖို့အတွက် အပေးအယူလက်မှတ်လိုမျိုးလည်း သုံးလို့ရပါတယ်"
ချီဇီကျဲလည်း လုရှစ်ချန်၏အကြံပြုချက်ကို သဘောတူပြီး လျှောက်တင်လိုက်၏။
"နယ်စားမင်းထန့်နန်က ဖုန့်တိုင်းပြည်မှာ နေလို့မရပါဘူး...ထန့်ယင်းက ရှားရှားပါးပါး အရည်အချင်းရှိသူဖြစ်ပေမဲ့လည်း ရွှယ်ဝမ်သိသွားရင် မင်းကြီးကို အပြစ်တင်မှာအသေအချာပါပဲ...ပြီးရင် မလိုလားအပ်တဲ့ပြဿနာတွေဖြစ်လာပါလိမ့်မယ်...မင်းကြီးက နယ်စားမင်းကို ရွှယ်တိုင်းပြည်ဆီ စောစောစီးစီး ပြန်ပို့ပြီး ငြိမ်းချမ်းရေးယူဖို့သာ ကမ်းလှမ်းလိုက်မယ်ဆိုရင် ရွှယ်ဝမ်က သူ့ရဲ့သတိထားမှုကို လျော့ချပါလိမ့်မယ်"
ဖုန့်မင် နားထောင်ပြီးနောက် ခဏမျှငြိမ်သက်သွားပြီး ကြည့်ရသည်မှာ တစ်စုံတစ်ခုကို စဥ်းစားနေပုံရလေသည်။ သူက ပြုံးပြီး ခေါင်းညိတ်၍သာ ဆို၏။
"အကြံကောင်းပဲ...ရွှယ်ဝမ်က နယ်စားမင်းထန့်နန်ကို အရမ်းတန်ဖိုးထားမှတော့ သူသဘောမတူဘဲမနေဘူးလို့ ငါထင်တယ်"
ရွှယ်ကျွင်းလျန် တစ်နေ့လုံး နေ၍မကောင်းသဖြင့် နောက်တစ်နေ့ မနက်ခင်းညီလာခံကို မတက်ပေ။ သူ ညီလာခံကို နောက်တစ်ကြိမ် ထပ်ရောက်သွားသည့်အခါ၌ သူ၏စိတ်အခြေအနေကို သေသေချာချာ အကဲမခတ်တတ်သော ဝန်မင်းအချို့က တန်း၍ မင်မြစ်နှင့်ပတ်သတ်သည့် သတင်းကောင်းကို လျှောက်တင်လာသည်။
သူတို့ ရွှယ်ဝမ့်ဆီမှ ချက်ချင်းရာထူးဖြုတ်ခံလိုက်ရ၏။ ထိုမှသာ နယ်စားမင်းထန့်နန်က တိုက်ပွဲမှာသေဆုံးသွားကြောင်း သူတို့သတိရသွားကြသည်။ ရွှယ်ဝမ်မပျော်မရွှင်ဖြစ်နေသည်မှာ မဆန်းတော့ပေ။
ရွှယ်ကျွင်းလျန် လူတွေကို မက်မွန်ပွင့်ကန်ဆီ စေလွှတ်၍ အလောင်းကို ရှာဖွေခိုင်းသော်လည်း မတွေ့နိုင်ဆဲပင်။ ကျားတောင်ပံဓားကိုသာ ပြန်ယူလာခဲ့ကြ၏။ ကျားတောင်ပံဓားနှင့်နဂါးစွယ်ဓားတို့က ယခုတွင် ရွှယ်ဝမ်၏ စက်တော်ရာခန်းမဆောင်ထဲတွင် ဘေးချင်းယှဥ်၍ချိတ်ဆွဲခံထားရထားလေသည်။ ရွှယ်ကျွင်းလျန် တစ်ခါတလေ ထန့်ယွင်ကို အိပ်မက်မက်လေ့ရှိပြီး ချွေးများရွှဲနစ်နေသည့် အဝတ်အစားများဖြင့်နိုးလာတတ်၏။ ထို့နောက်သူဟာ ဓားနှစ်လက်ရှိရာသို့ လျှောက်သွားမှာဖြစ်ပြီး ၎င်းတို့ကို ဆက်တိုက်ဆိုသလို အကြာကြီးငေးကြည့်နေပေလိမ့်မည်။ သူဘာတွေးနေသလဲဆိုသည်ကတော့ မသိနိုင်ပေ။
ကျန်းယွီအနေဖြင့် အကြောင်းပြချက်အမှန်ကို မသိသည့်အတွက် စိတ်ထဲကနေသာ စိုးရိမ်နေရသည်။
xxxxxx