အပိုင်း ၁၀၅
Viewers 13k

Chapter 105


ဖုန့်တိုင်းပြည်က သံတမန်တွေတစ်ယောက်ပြီးတစ်ယောက် စေလွတ်နေပြီး သူတို့အားလုံးဟာ ငြိမ်းချမ်းရေးကမ်းလှမ်းရန်အတွက် ရောက်လာကြခြင်းဖြစ်၏။ ဤတစ်ကြိမ်တော့ ရွှယ်ကျွင်းလျန် စိတ်မရှည်တော့သည်ဖြစ်ရာ ဖုန့်တိုင်းပြည်က သံတမန်နောက်ထပ်တစ်ယောက် ရွှယ်တိုင်းပြည်ထဲ​ ခြေလှမ်းချသည်နှင့် သူတို့လက်တွေခြေတွေကို သေချာပေါက် ဖြတ်ပစ်မည်ဟုမိန့်လိုက်တော့သည်။


ယနေ့တွင် တခြားသံတမန်တစ်ယောက်ရောက်လာ၏။ ရွှယ်ကျွင်းလျန် သရော်လိုက်ပြီး တစ်ယောက်ယောက်ကိုသူ့အား ဖမ်းဆီးပြီး ခြေတွေလက်တွေဖြတ်ပစ်ရန် အမိန့်ပေးလိုက်၏။ သံတမန်က ရွှယ်ဝမ်သာ သူကို ဖြတ်ပစ်ပါက သေချာပေါက် ကိုယ့်ကိုကိုယ်(ရွှယ်) အပြစ်တင်တင်မိလိမ့်မည်ဟုဆိုလေသည်။


ရွှယ်ကျွင်းလျန် တစ်စုံတစ်ယောက်အား သံတမန်ကို ခေါ်လာခိုင်းလိုက်၏။ ချွေးစေများပြန်သည်အထိ ထိတ်လန့်နေသောသံတမန်က တုန်တုန်ရီရီဖြင့် ရွှယ်ဝမ်ဆီ အမှာစကားကို ဆက်သလာသည်။


ရွှယ်ကျွင်းလျန် သိပ်ပြီးစိတ်မဝင်စားပေ။ သူက ၎င်းကို တစ်ချက်သာကြည့်လိုက်ပြီး နောက် ရုတ်ချည်း ထရပ်ပြီး စားပွဲဘေးက မှင်တံဘူးကို တဒေါက်ဒေါက် ခေါက်၏။


အခစားဝင်သူများအနေဖြင့် ရွှယ်ဝမ် အဘယ်ကြောင့် ဒေါသပြေသွားသည်ကို မသိကြသော်လည်း ရွှယ်ဝမ်က သံတမန်ဆီကို လျှောက်သွားကာ စိုက်ကြည့်ပြီး အေးစက်စက် အသံနှင့် မေးလေသည်။


"နယ်စားမင်းထန့်နန်အသက်ရှင်နေသေးတယ်ဆိုတာ အမှန်ပဲလား"


သံတမန်က လျှောက်တင်၏။

"အမှန်ပါပဲ... ဒီတိုင်းတပါးဝန်မင်းက ရွှယ်ဝမ့်ကို လှည့်စားဝံ့မှာမဟုတ်ပါဘူး"


ရွှယ်ကျွင်းလျန် သူ့နှလုံးသားထဲက ပျော်ရွှင်မှုကို မဖိနှိပ်ထားနိုင်တော့ပေ။ ထိုနေရာမှာ အလောင်းက ရှာမတွေ့ပါလျှင် ခပ်ရေးရေး မျှော်လင့်ချက်လေးရှိသေးသည်ဟု သူတစ်ခါတွေးခဲ့ဖူးသည်။ သို့ပေမဲ့ အနှီမျှော်လင့်ချက်က ပါးလျှလွန်းလှ၏။ စစ်မြေပြင်မှာ ကျဆုံးကြသည့် တပ်သားတွေအများကြီးရှိကာ သူတို့၏အလောင်းများရှာမတွေ့ကြသော်လည်း သူတို့ဟာ ဘယ်သောအခါမှ ပြန်မလာကြတော့ပေ။


ရွှယ်ကျွင်းလျန် မျှော်လင့်ချက် ကြီးကြီးမားမား မထားရဲခဲ့သော်ငြား ထိုမျှ စိတ်ကူး၍မဖြစ်နိုင်သော မျှော်လင့်ချက်တစ်ခုဟာ တစ်နေ့ ကောင်းကင်းပေါ်ကနေ တကယ်ပြုတ်ကျလာလိမ့်မည်ဟု သူမထင်မှတ်ထားခဲ့ပေ။ ထိုသည်က ရာဇပုလ္လင်ပေါ်ပထမဆုံးအကြိမ် တတ်ရသကဲ့သို့နီးနီးပင်။ လူအများကြီးရှိမနေပါက သူ တကယ် ပျော်ရွှင်စွာ အော်ဟစ်ရယ်မောမိပေလိမ့်မည်။


စိတ်ထဲမှာ ဝမ်းသာပျော်မြူးပြီးနောက် ရွှယ်ကျွင်းလျန် ထိုင်ချကာ ပို့လိုက်သည့် စာချွန်တော်ကို ထပ်မံကြည့်လိုက်၏။ သူ ရုတ်တရက် နှာထမှုတ်ကာ စာချွန်တော်ကို ကျောက်လုအား ကမ်းပေးလိုက်သည်။ ညီလာခံထဲတွင်နယ်စားမင်းဝမ်နျန်ရှိနေချိန်မှာ အဘယ်ကြောင့် သူ့ကို စာချွန်တော် ပေးဖတ်ခိုင်းသနည်းဆိုသည်ကို ကျောက်လု ပဟေဠိဖြစ်နေ၏။


သို့ပေမဲ့ ဖတ်ကြည့်သည့်အခါမှာတော့ သူနားလည်သွားသည်။ စာချွန်တော်ထဲတွင် ဖုန့်ဘုရင်က သူ့တပ်သားတွေကို စစ်ကူလွှတ်သည့်အချိန်မှာ စစ်ဗိုလ်ချုပ်တစ်ယောက်ကို ကယ်ထားခဲ့ပြီး ကယ်ထားသောသူက အမှန်တွင် ရွှယ်စစ်တပ်၏စစ်သူကြီး ထန့်ယင်းဖြစ်နေ၏။ ယခု သူတို့က ထန့်ယင်းကို  ပြန်ပို့၍ ငြိမ်းချမ်းရေး ကမ်းလှမ်း ချင်သော်လည်း အပြန်အလှန်အားဖြင့် သစ္စာဖောက်ကျောက်လုကို ဖုန့်တိုင်းပြည်သို့ပြန်ပို့ရမည်ဟူသော အ​ခြေအနေတစ်ခုရှိကြောင်းကို ရှင်းရှင်းလင်းလင်းဖော်ပြထားသည်။

 

ကျောက်လု ခဏမျှ ခါးခါးသီးသီး ပြုံးမိသွားပြီး ၎င်းနောက် ပြောလိုက်၏။


"ဒါပေမဲ့ အဲ့ဒါက......အရှင်မင်းကြီးရဲ့ဆုံးဖြတ်ချက်ပါ"


သံတမန်က မကြာမီ ဖုန့်တိုင်းပြည်ကို ပြန်သွားပြီး ရွှယ်ဝမ်က ဤအလဲအလှယ်ကို သဘောမတူကြောင်းပြောပြလိုက်သည်။ ဖုန့်တိုင်းပြည်က ရိုးရိုးသားသားနှင့် ငြိမ်းချမ်းရေး ကမ်းလှမ်းလိုပါက နယ်စားမင်းထန့်နန်ကို ပြန်ပို့ပေးလိမ့်မည်။ ကျောက်လုဟာ ရွှယ်တိုင်းပြည်က လူတစ်ယောက်ဖြစ်ပြီး သူ၏ပြိုင်ဘက်ကင်းစွမ်းရည်များကို ဖုန့်တိုင်းပြည်အား လက်လွှဲမပေးနိုင်ပေ။


ဖုန့်မင်က ပြုံး၍သာ ထန့်ယွင်ကိုပြော၏။


"တွေ့လား...မင်းက ရွှယ်ကျွင်းလျန်ရဲ့မျက်လုံးထဲမှာ ဒီထက်မပိုဘူး...သူက မင်းအတွက် တပ်သား200,000ကို သဂြိုလ်ပစ်ဖို့ တုံ့ဆိုင်းနေမှာမဟုတ်ဘူးလို့ပြောခဲ့တယ်...ဒါပေမဲ့ ကျောက်လုပဲရှိသေးတာကို သူက အလဲအလှယ်လုပ်ဖို့ သဘောမတူဘူး"


ထန့်ယွင်က တန်းပြီးပြန်မဖြေပေ။ သူက ခဏတာ ငြိမ်သက်နေပြီးမှ ဖြည်းဖြည်းချင်း ပါးစပ်ကိုဖွင့်ဟလာသည်။ 

သူ့ကိုကြည့်ရသည်မှာ အနည်းငယ် အားနည်းနေပုံရပြီး အပြုံးတစ်ခုနှင့် ဆိုလေ၏။


"ကျွန်တော်သာ ရွှယ်ဝမ်ဆိုရင်လည်း လဲမှာမဟုတ်ဘူး"


ဖုန့်မင်က ပြုံးပြုံးရွှင်ရွှင်ပြောလိုက်သည်။

"ရွှယ်ဝမ်က မင်းကို သူ့ရဲ့တော်ဝင်ကိုယ်လုပ်တော်အဖြစ် သိမ်းယူချင်တယ်လို့ ငါကြားခဲ့တယ်...ကြည့်ရတာ မင်းတို့က ဆက်ဆံရေးကောင်းပုံရတယ်...ဒီအထိရောက်နေတာတောင် သူကသွေးအေးနေတုန်းပဲ...မင်းသူ့ကို အပြစ်မတင်ဘူးလား"


ထန့်ယွင်ကပြောသည်။

"မတင်ပါဘူး.....ဖုန့်ဘုရင်လည်း စဥ်းစားကြည့်လို့ရပါတယ်...အရှင်သာဆိုရင်ရော ညီလာခံရဲ့အရေးပါတဲ့ ဝန်မင်းကို ဗိုလ်ချုပ်ကျောက်လုနဲ့ လဲဖို့ ဆန္ဒရှိမှာလား"


ဖုန့်မင် ကြက်သေသေသွားပြီး နှာမှုတ်လိုက်၏။


"ကျောက်လုက ရုံးတော်ရဲ့အရေးပါတဲ့ဝန်မင်းနဲ့ လဲရလောက်သည်အထိ ငါ့အတွက်အရေးပါတဲ့လူမလို့လား"

 

ထန့်ယွင်က ပေါ့ပေါ့ပါးပါးသာ ဆို၏။

"ကျောက်လုက ရွှယ်ဝမ်ရဲ့လက်အောက်က အရေးပါတဲ့ဝန်မင်းတစ်ယောက်ပါ...အရှင်သာ ဝန်မင်းနဲ့ဝန်မင်း အလဲအလှယ်လုပ်ရင် ပြည်သူတွေရဲ့စိတ်နှလုံးကို ဆုံးရှုံးရမှာမဟုတ်ဘူးလား...ရွှယ်ဝမ် အလဲအလှယ်ကိုငြင်းဆန်တာက ဘာမှမှားယွင်းနေခြင်းမရှိပါဘူး"


ဖုန့်မင်က အလေးအနက်မထားပါဘဲ ပြုံးကာဖြင့်

"နယ်စားမင်းထန့်နန်က တကယ်ကို အရမ်းကြင်နာတတ်တဲ့လူပဲ...ကိုယ်တော် အရင်တုန်းကဘာလို့မသိခဲ့ပါလိမ့်"


ထန့်ယွင် အပြောရပ်လိုက်၏။


မျက်နှာထက်တွင် ဘာအမူအရာမှမရှိသော်လည်း ဖုန့်မင် ပြောလာသည့်စကားသည်ကား

"နယ်စားမင်းထန့်နန်ရဲ့ မျက်နှာပေါ်မှာ ဘယ်လိုလုပ် ဒီအမာရွတ်တွေရောက်လာတာလဲ...မင်း ငါ့ကိုထပ်ထည့်ဖို့ကူညီပေးစေချင်လား"


 ထန့်ယွင်က ပြုံးရုံပြုံးကာ နှုတ်ဆိတ်လျက်ပင်။


သူ၏တည်ငြိမ်ပြီး လျစ်လျူရှူထားသည့် အမူအရာ ကြောင့် ဖုန့်မင် အတော်လေး ဒေါသထွက်သွားသော်လည်း အရှုံးကိုဝန်ခံရန် ခေါင်းမာမာနှင့်  ငြင်းဆိုနေဆဲဖြစ်ကာ ပြောလိုက်သည်။


"ငါကိုယ်တော်က မောင်မင်းကို ညဥ်းပန်းမနှိပ်စက်ဝံ့ဘူးလို ထင်နေတာလား... ရွှယ်ဝမ်က မောင်မင်းကို သိပ်အထင်ကြီးတယ်လို့ တကယ်ထင်နေတယ်ပေါ့"


ဖုန့်မင်က ခဏရပ်ကာ ဆက်ပြော၏။

"မောင်မင်းမျက်နှာထက်က အမာရွတ်တွေကိုကြည့်လိုက်...ရွှယ်ဝမ်က မောင်မင်းကို နှစ်သက်လွန်းလို့ မောင်မင်းရဲ့ အကျည်းတန်တဲ့မျက်နှာကို ဂရုမစိုက်ဘူးလို့ တကယ်ကြီးထင်နေတာလား...သူက မောင်မင်းကို နည်းနည်းလေးတောင် ကြည့်ချင်တာမဟုတ်ဘူး...သူကမောင်မင်းကို ကိုယ်လုပ်တော်ကောက်တယ်အမည်ခံပြီး မောင်မင်းရဲ့ စွမ်းအားအစစ်အမှန်ကို ဖယ်ရှားချင်နေတာ"


ထန့်ယွင်က မျက်တောင်ပင်မခတ်ပါဘဲ ဖြည်းဖြည်းချင်းဆိုလေသည်။

"ကျွန်တော် ဂရုမစိုက်ဘူး "


"အိုး..."


ဖုန့်မင်က ပြုံးပြုံးလေးဆိုလိုက်၏။

"ကြည့်ရတာ မောင်မင်းကလက်မလျော့သေးဘူးပဲ"


"လက်မလျော့တာမဟုတ်ဘူး"


ထန်ယွင်က ပြောလာခဲ့ပြီး အမူအရာကား တည်ငြိမ်နေဆဲပင်။


"ကျွန်တော်က ဘာကိုမှမမျှော်လင့်ထားတာပါ...ရွှယ်ဝမ်ဘာလုပ်ချင်တယ်ဆိုတာက ရွှယ်ဝမ့်ကိစ္စပါ...အရှင်မေ့သွားပြီလား...ကျွန်တော့်ရဲ့ မျိုးရိုးနာမည်က ထန့်ပါ...ရွှယ်မဟုတ်ဘူး...ကျွန်တော်လုပ်ချင်တဲ့အရာကို လုပ်ဖို့အတွက် လုံလောက်ပါတယ်"

105.2


ဖုန့်မင်က သူ့ကိုစိုက်ကြည့်ကာ ၎င်းနောက် အစောင့်တစ်ယောက်အား ထန်ယွင်ကို ဆွဲချပြီးနှိပ်စက်ရန် အမိန့်ပေးလိုက်၏။ 


လုရှစ်ချန် အလျင်အမြန် ဒူးထောက်လိုက်သည်။


"နှစ်ခါပြန်စဥ်းစားတော်မှုပါ အရှင်မင်းကြီး... နှစ်ခါပြန် စဥ်းစားတော်မူပါ...ထန့်ယင်းက ရွှယ်တိုင်းပြည်ရဲ့နယ်စားမင်းထန့်နန်ပါ...သူ့မှာ အရေးပါတဲ့ရာထူးရှိပါတယ်...သူသာ အနှိပ်စက်ခံရရင် ရွှယ်ဝမ်က ဒါကို လုံလောက်တဲ့အကြောင်းပြချက်အဖြစ်သုံးပြီး စစ်သည်တွေစေလွှတ်လိုက်ပါလိမ့်မယ်...ဒါ့အပြင် ထန့်ယင်းကလည်း ဉာဏ်ပညာကြီးမားတဲ့လူတစ်ယောက်လို့ သတ်မှတ်ရပါတယ်...သူသာ ဒီလိုမျိုး သူကောင်းပြုခံဖို့ရာ ငြင်းဆန်ခြင်းကို စွဲချက်တင်ပြီး အနှိပ်စက်ခံရရင် ဘယ်သူမှအရှင်မင်းကြီးကို ထပ်ပြီး မနာခံတော့မှာကို ကျွန်တော်မျိုးစိုးမိပါတယ်"

.

ဖုန့်မင် အကြာကြီး နှုတ်ဆိတ်နေ၏။ နောက်ဆုံးတွင် သူက ဝတ်ရုံလက်ကို ဝှေ့ယမ်းကာဖြင့် အစောင့်တွေအား ထန့်ယွင့်ကို ခေါ်သွားရန် အမိန့်ပေးလိုက်သည်။ 


——— 


ရွှယ်ကျွင်းလျန်က ထန့်ယွင်နှင့် လဲရန်အတွက် ကျောက်လုကို ဖုန့်တိုင်းပြည်ဆီပို့မပေးသဖြင့် ဖုန့်တိုင်းပြည်ကလည်း ထန့်ယွင်ကိုလွှတ်ပေးမှာမဟုတ်ပေ။ နှစ်ဘက်လုံးက ခပ်တန်းတန်းဖြစ်နေကြ၏။


ရွှယ်ကျွင်းလျန်က လန့်ကျင်းကို နယ်စပ်ကနေပြန်လာရန်အမိန့်ပေးထားသည့် တော်ဝင်အမိန့်တော်ကို ထုတ်ပြန်ခဲ့သည်။


လန့်ကျင်း မြို့တော်ကိုဝင်လာ၏။ သို့ပေမဲ့ သူ​ နေအိမ်​တော်သို့ပြန်၍ ရွှယ်ယွီကိုသွားမတွေ့ရသေးခင်တွင် တစ်စုံတစ်ယောက်က သူ့ကို နန်းတော်ထဲခေါ်သွားလေသည်။ သူနန်းတော် ဂိတ်တခါးထဲသို့ ဝင်လိုက်စဥ်မှာပင် ချန်ယီကို တွေ့လိုက်ရ၏။ 


အချိန်အကြာကြီးရှိနေပြီးနောက် ချန်ယီသူနှင့် သီးသန့်တွေ့ဆုံသည်မှာ ပထမဆုံးအကြိမ်ဖြစ်ပြီး ပြုံးပြုံးရွှင်ရွှင်ဆိုလာသည်။

"လန့်ကျင်း...ငါတို့ တစ်ယောက်နဲ့တစ်ယောက် မတွေ့ရတာ ခုနစ်နှစ်ရှစ်နှစ်လောက်ရှိပြီ"


လန့်ကျင်းက နှုတ်ဆိတ်နေ၏။ 


ချန်ယီ:"ဘုရင်မင်းမြတ်က ဘာလို့ မင်းကိုရှာနေလဲဆိုတာသိလား"


လန့်ကျင်း ပါးစပ်ဟကာ ဖြေလိုက်သည်။

"နယ်စားမင်းထန့်နန်ဘာဖြစ်ခဲ့သလဲဆိုတာကလွဲလို့ တခြားဘာဖြစ်မှာလဲ"


"မင်း ရှင်းရှင်းလင်းလင်း နားလည်မှပဲ....."


ချန်ယီက ခဏရပ်ကာ သက်ပြင်းချလေ၏။

"ဆယ်နှစ်အကြာ ဆည်းပူးပြီး ကြိုးစားခဲ့တဲ့နောက် ...မင်းက ငါတို့ညီအစ်ကိုတွေထဲမှာ အရည်အချင်းအရှိဆုံးပဲ...ငါက မင်းထက်ညံ့တယ်လို့ ငါထင်တယ်...မင်းလည်း ရွှယ်ဝမ်ရဲ့ အောင်မြင်မှုတွေအရည်အချင်းတွေကို မြင်ပြီးပြီမလား...ဘာလို့ နယ်စားမင်းကျန့်ကျန်းကို ကူညီနေရဦးမှာလဲ...နှစ်တွေအများကြီး စာအုပ်တွေဖတ်ထားတာ ဒီအမှန်တရားကိုတောင်မင်းနားမလည်ဘူးလား"


လန့်ကျင်း သူ့ကိုစိုက်ကြည့်လိုက်၏။ 

 

သူက ချန်ယီ၏ဆံပင်ကို အမူအရာမဲ့နေသော မျက်နှာဖြင့် စိုက်ကြည့်ပြီးနောက် ပြောလေသည်။

"ကျွန်တော် မြို့တော်ထဲဝင်ခါရှိသေး တန်းပြီးနန်းတော်ထဲဝင်ခိုင်းလာတယ်...ရွှယ်ဝမ်က ကျွန်တော်နန်းတော်ထဲရောက်နေပြီဆိုတာကို သိပြီးပြီထင်တယ်...အခု ခင်ဗျားက ကျွန်တော့်ကို ဒီနေရာမှာ အမှတ်တမဲ့တွေ့တယ်...ဒါက တိုက်ဆိုင်မှုတစ်ခုလို့ ကျွန်တော်နည်းနည်းမှမထင်ဘူး...ကျွန်တော့်ကို ရွှယ်ဝမ့်ဆီမှာအညံ့ခံအောင် ဖြောင့်ဖြဖို့ ခင်ဗျားဒီနေရာကိုရောက်နေတာလား"


ချန်ယီ သူ့ဆီကနေ ထွင်းဖောက်အမြင်ခံလိုက်ရသဖြင့် အနည်းငယ် ရှက်ရွံ့သွားကာ ချောင်းဟန့်ပြီး ပြောလိုက်၏။

"ဆိုတော့ ငါက မင်းထက်ညံ့တာပေါ့...ငါမင်းကို အမြဲတမ်းလေးစားမိတယ်"


သူဝန်ခံလိုက်သော်ငြားပင် လန့်ကျင်းကပြောလာပြန်သည်။


"နယ်စားမင်းကျန့်ကျန်းက ဥပဒေအရာ လက်အောက်ခံဖြစ်ပြီးတော့ ဒီလန့်ကလည်း ရွှယ်ဝမ်ရဲ့ငယ်သားတစ်ယောက်ပါ...ကျွန်တော်မပြောရင်တောင် ရွှယ်ဝမ်နဲ့ယှဥ်ရင် နယ်စားမင်းကျန့်ကျန်းက အဝေးကြီးမှာ နောက်ကျန်နေတုန်းပါပဲ"


ထိုသို့ပြောပြိးနောက် လန့်ကျင်း ခန်းမဆောင်ဆီသို့ ဦးတည် ခြေလှမ်းလိုက်၏။


ချန်ယီ ခေါင်းသာယမ်းမိသည်။ လန့်ကျင်းက တကယ့်ကိုနွားဆယ်ကောင်နှင့်ပင် ပြန်ဆွဲ၍မရသော နွားသိုးစိတ်နှင့်လူဖြစ်ပေမဲ့ သူလည်းမှန်ပေ၏။ နယ်စားမင်းကျန့်ကျန်းက ဥပဒေအရ လက်အောက်ငယ်သားတစ်ယောက်ဖြစ်သဖြင့် လန့်ကျင်းကလည်း လက်အောက်ငယ်သားပင်ဖြစ်သည်။ ရွှယ်ယွီက ယင်းကိုဆန့်ကျင်တွန်းလှန်မည့်ဟန်ရှိပြီး သွားစရာလမ်းအရှည်ကြီး ရှိသေး၏။ 


လန့်ကျင်း စာကြည့်ဆောင်ထဲက အနွေးမဏ္ဍပ်ထဲဝင်လိုက်ချိန်တွင် ရွှယ်ကျွင်းလျန်က စာအုပ်တစ်အုပ်ကိုဖတ်နေသည်။ လက်ထဲမှာ စာအုပ်ကိုကိုင်ထားသော်လည်း သူ့မျက်လုံးများကမူ မှေးစင်းနေပြီး တွေဝေငေးမောနေဟန်ပင်။


အသံကြားလိုက်သောအခါ ရွှယ်ကျွင်းလျန် ချက်ချင်း အသိပြန်ဝင်လာပေမဲ့ လန့်ကျင်းကို မထခိုင်းပေ။ သူက ပြောလိုက်၏။

"လန့်ကျင်း... ကုက မောင်မင်းကို ဘာလို့ မင်မြစ်ကို ပို့မှန်း မောင်မင်း သိလား"


"စစ်ပွဲအတွက်ပါ အရှင်မင်းကြီး "


"ဒါပေါ့..."

ရွှယ်ကျွင်းလျန်က ပြောလေသည်။

"ဒါပေမဲ့ ဗိုလ်ချုပ်ကြီးတစ်ဦးကို ကုဆုံးရှုံးခဲ့ရတယ်...ဒါက မောင်မင်းရဲ့အမှားတွေကို ပြင်ဆင်တဲ့နည်းလမ်းလား"


လန့်ကျင်းက ပြော၏။

"နိမ့်ကျတဲ့ငယ်သားမှာ ဖုန့်တိုင်းပြည်က နယ်စားမင်းထန့်နန်ကိုပြန်လွှတ် ဖို့အတွက် ကိုယ်ပိုင်နည်းလမ်းရှိပါတယ်"


ရွှယ်ကျွင်းလျန်က နှာမှုတ်ကာ ဆိုလိုက်သည်။


"ဘယ်ဟာကမှ မောင်မင်းကို အနိုင်မယူနိုင်မှန်းကုသိတာပေါ့...လုပ်စမ်းပါ... သုံးရက်အတွင်း ဖုန့်တိုင်းပြည်က ကုဗိုလ်ချုပ်ကို ပြန်လွှတ်ပေးမှာကို ကုမြင်ချင်တယ်...မဟုတ်လို့ကတော့ မောင်မင်းကို အကျဥ်းတိုက်ထဲ ပစ်ထည့်ဖို့ ကု နယ်စားမင်းကျန့်ကျန်းကိုခိုင်းရလိမ့်မယ်"


လန့်ကျင်း၏ အမူအရာကား မပြောင်းမလဲမူသေပင်။ သူက မျက်ခုံးတောင်မတွန့်ချေ။ ရွှယ်ကျွင်းလျန်ကို ထွက်ခွာခွင့်တောင်းပြီး ဝပ်တွားဦးချကာ ခန်းမဆောင်ထဲမှထွက်သွားလေသည်။


သုံးရက်က တကယ့်ကို တိုတောင်းလှသည့်အချိန်ဖြစ်သော်ငြား ဖုန့်တိုင်းပြည်ကို အတင်းအဖျင်းတွေဖြန့်ရန်အတွက် မဖြစ်နိုင်သည်မဟုတ်ပေ။


——— 


xxxxx