အပိုင်း ၁၀၇
Viewers 13k

Chapter 107


ရွှယ်ဝမ်က ထန့်ယွင်ကို တော်ဝင်နန်းတော်ထဲသို့ တိုက်ရိုက် ခေါ်ဆောင်ခဲ့သော်လည်း သူ့အား အနောက်နန်းဆောင်ကို သွားရန်အတွက် စီစဥ်မပေးခဲ့ပေ။


ကျန်းယွီက ထန့်ယွင်ကို မည်သည့်ဘေးဆောင်မှာထားမလဲဆိုသည်ကို ရွှယ်ကျွင်းလျန်အားမေးလိုက်သည်။ 


ရွှယ်ကျွင်းလျန်က စကားနှစ်လုံးကိုသာ ခပ်တိုတိုးဆိုလာ၏။

"ပင်မဆောင်"


ကျန်းယွီက  ထန့်ယွင်၊သွားလေသူဧကရီနှင့် ထန့်ယင်းတို့ကြားက ဆက်စပ်မှုကိုမသိသောကြောင့် ရွှယ်ကျွင်းလျန်က ရုတ်တရက်ကြီး နယ်စားမင်းအပေါ် အဘယ်ကြောင့် အင်မတန်  အာရုံစိုက်လာသည်ကို သူနားမလည်သော်လည်း ဧကရာဇ်၏မျက်နှာထက်ရှိ စိုးရိမ်မှုများကို သူမြင်နေရသဖြင့် စကားအများကြီးပြောမနေဆဲပင်။ ဧကရာဇ် အမိန့်ပေးသည့်အတိုင်းသာ သူလုပ်လိုက်သည်။


ရွှယ်ကျွင်းလျန် တော်ဝင်ကုသရေးရုံမှ ဝါရင့်တော်ဝင်သမားတော်အများအပြားကို ခေါ်လိုက်၏။ အနှီကျွမ်းကျင် တော်ဝင်သမားတော်များ၏မျက်လုံးထဲတွင် 

မြှားဒဏ်ရာက ကိစ္စကြီးကြီးမားမားမဟုတ်ဟန်ပင်။ သူတို့အနေဖြင့် သူ့မှာ နှလုံးရောဂါရှိသည့်အတွက် ထန့်ယွင်၏ခန္ဓာကိုယ်ကိုသာ ဂရုစိုက်ရန်လိုလေသည်။ သူ့ဟာ အလွန်အမင်း ပျော်ရွှင်ရန်၊ အလွန်အမင်း စိုးရိမ်ရန်နှင့် အလွန်အမင်းဒေါသထွက်ရန် မသင့်တော်ပေ။ နှလုံးရောဂါပျောက်ကင်း သွားပါက သူ့ခန္ဓာကိုယ်က ထိန်းနိုင်စွမ်းရှိသွားပေမည်။


ရွှယ်ကျွင်းလျန် သူတို့ပြောစကားများကို နားထောင်ပြီးနောက် သူ အနည်းငယ် *အလုံးကြီးကျသွားသလိုခံစားလိုက်ရ၏။ သူက တော်ဝင်သမားတော်ကို ထန့်ယွင်၏ခန္ဓာကိုယ် ပြန်လည်ပြုပြင်ရန်နှင့် ကျန်းမာရေး ပြန်ကောင်းစေရန်အတွက် ဆေးညွှန်းရေးခိုင်းလိုက်သည်။ သူအနေဖြင့် မျက်နှာထက်မှာ အမာရွတ်များနှင့်ထန့်ယွင်အား ကြည့်ရသည်မှာ ကျင့်သားရနေလေပြီ။

(T/N–စိတ်အေးသွား)


တော်ဝင်သမားတော်က ရုတ်တရက် မေးလာ၏။

"အရှင်မင်းကြီး... နယ်စားမင်းရဲ့မျက်နှာပေါ်က အမာရွတ်တွေက ကုစရာလိုလားမလိုလားမသိဘူး"


သူ ခဏလောက် ကြက်သေ​သေ သွားမိပြီး ၎င်းနောက် ရုတ်ချည်း မျက်မှောင်ကြုတ်ကာ  အေးစက်စွာ ပြောလိုက်သည်။

"ကုသဖို့လိုအပ်တာပေါ့"


သူကထိုသို့ပြောလိုက်သည့်အခါ တော်ဝင်သမားတော်ကြောင်အသွားပြီး ပြောလေ၏။

"အရှင်မင်းကြီး... ဒီနိမ့်ကျတဲ့ငယ်သားကို ကျေးဇူးပြုပြီး ခွင့်လွတ်တော်မူပါ...နယ်စားမင်းရဲ့မျက်နှာပေါ်က အမာရွတ်တွေက ရှိနေတာကြာပါပြီ...ကုသလို့ရပေမဲ့လည်း...အပြည့်အဝ မဖယ်ရှားနိုင်မှာကို ကျွန်တော်မျိုးစိုးရိမ်ပါတယ်"


သူ့စကားဆုံးသွားသောအခါ ရွှယ်ကျွင်းလျန် ထပ်ပြီး မျက်နှာပျက်သွားပြန်သည်။ သို့ပေမဲ့ အမာရွတ်တွေ အပြည့်အဝမပျောက်ကင်းနိုင်သည့်အကြောင်းပြချက်က တကယ်တော့ သူ့မှာတာဝန်ရှိကြောင်း ရွှယ်ကျွင်းလျန်သိပါ၏။ ထိုအချိန်က သူ ထန့်ယွင်ကို မသက်သာစေချင်ခဲ့သော်ငြား ယခုအချိန်တွင်မူ ထန့်ယွင်၏သရုပ်မှန်က ပြောင်းလဲသွားပြီဖြစ်ရာ ရွှယ်ကျွင်းလျန်၏စိတ်သည်လည်း ပြောင်းလဲသွားခဲ့သည်။


ရွှယ်ကျွင်းလျန် အကြာကြီးရပ်တန့်နေပြီးမှ ပြောလိုက်၏။

"သူကို ကုသဖို့ အစွမ်းကုန်ကြိုးစားပါ"


"ဟုတ်ကဲ့ပါ အရှင်မင်းကြီး... "

တော်ဝင်သမားတော်က အလျင်အမြန် ဒူးထောက်ကာ ဝပ်တွားလိုက်ရင်း

"ဒီသမားအိုကြီးက အစွမ်းကုန်ကြိုးစားမှာဖြစ်ပြီး လျစ်လျူမရှူဝံ့ပါဘူးဘုရား...စိတ်ချက်လက်ချနေတော်မူပါ"


တော်ဝင်သမားတော်ထွက်သွားသောအခါ ရွှယ်ကျွင်းလျန်၏ အိပ်ရာဘေးမှာ ရပ်နေရင်း စကားတစ်ခွန်းမှမပြောပါဘဲ ထန့်ယွင်ကိုသာ ငေးကြည့်နေမိသည်။


ကျန်းယွီက မနီးမဝေးမှာ မတ်တပ်ရပ်နေ၏။ ဧကရာဇ်စိုက်ကြည့်နေသူက သူမဟုတ်သော်လည်း သူ့တစ်ကိုယ်လုံး ကြက်သီးထလာပြီး စကားမပြောဝံ့ပေ။ ရွှယ်ဝမ်၏စိတ်က အခုတလော အနည်းငယ်ပြောရခက်လာသလိုပင်။


ကောင်းကင်က တဖြည်းဖြည်း မှောင်လာသော်လည်း ရွှယ်ကျွင်းလျန်က ထန့်ယွင်၏ခုတင်ဘေးမှာရှိနေဆဲဖြစ်လေသည်။ ကျန်းယွီ ချောင်းဟန့်ကာ ပြောလိုက်ရ၏။

"အရှင်မင်းကြီး... ဒီမှာ စားတော်ပွဲတည်လိုပါသလား"


ထင်မှတ်မထားစွာဖြင့် ယင်းအသံကထန့်ယွင်ကို နိုးသွားစေသည်။ ထန့်ယွင် ခေါင်းတစ်ခုလုံးလေးလံနေပြီး နားတွေတဝီဝီဖြစ်နေသလို ခံစားရ၏။ သူမျက်လုံးဖွင့်ရန် ကြိုးစားရုန်းကန်လိုက်ရင်း သူ့လက်ကို အနည်းငယ်ရွေ့ကြည့်သော်လည်း ခံစား၍မရပေ။


သူမြှားအမှန်ခံလိုက်ရပြီး သတိမေ့သွားကြောင်း ထန့်ယွင် အမှတ်ရသွားသည်။ သူ့လက်မောင်းက မသန်မစွမ်းဖြစ်သွားပြီဟုတွေးပြီး သူ့နှလုံးသားက  ရုတ်ချည်း အေးစက်လာကာ ထရန် ရုန်းကန်လိုက်၏။


ထန့်ယွင်၏ ညာလက်က အားမသုံးနိုင်ပေ။ ရုန်းကန်နေရင်း သူ့ခန္ဓာကိုယ်က စောင်းသွားပြီး ပြုတ်ကျတော့မလိုဖြစ်သွားသည်။ ရွှယ်ကျွင်းလျန် သူနိုးလာသည်ကို ကြည့်နေရင်း ငေးကြည့်နေခြင်းကို လူမိသွားသဖြင့် ရုတ်တရက် ရှက်ရွံ့လာမိသည့်အတွက် မျက်လုံးမှိတ်ကာ မမြင်ချင်ယောင်ဆောင်ထား၏။ သို့ပေမဲ့ ထိုအချိန်မှာ 

ထန့်ယွင်ပြုတ်ကျတော့မည်ကို မြင်လိုက်ပြီး များများစားစား မစဥ်းစားနိုင်ဘဲ အလျင်အမြန် လက်လှမ်းကာ ထန့်ယွင်၏ခန္ဓာကိုယ်ကို ပြုတ်မကျအောင်ထိန်းပေးလိုက်သည်။


သူ၏ ဖျတ်ခနဲလှုပ်ရှားမှာကြောင့် ထန့်ယွင် မူးဝေသွား၏။ မျက်လုံးများကို မှိတ်ကာ ခေါင်းရှင်းပြီးနောက် တစ်ယောက်ယောက်က သူ့ကို ကိုင်ထားပေးမှန်းသတိထားမိသွားပြီး မျက်လုံးပြန်ဖွင့်လိုက်ရာတွင် ရွှယ်ကျွင်းလျန်ဖြစ်ကြောင်း တွေ့ရလေသည်။ သူ့စိတ်က အချိန်အတော်ကြာသည့်တိုင် မည်သို့မျှ တုံ့ပြန်မလာပါဘဲ သူ့လက်ကိုသာ ထပ်ကြည့်လိုက်၏။ 


ရွှယ်ကျွင်းလျန် ထန့်ယွင်လက်က ဘာခံစားမှုမှမရှိမှန်းသိသဖြင့် ပြောလိုက်သည်။ "မင်းလက်က အဆင်ပြေပါတယ်...မင်းရဲ့ခန္ဓာကိုယ်ထဲက အဆိပ်တွေရှင်းထုတ်ပြီးသွားလို့ ရက်အနည်းအတွင်းမှာ ရောင်ရမ်းမှုသက်သာသွားရင် လုံးဝကောင်းသွားမှာပါ"


သူ ရွှယ်ကျွင်းလျန်ကို မှီထားမိကြောင်း ထန့်ယွင် သတိထားမိလိုက်၏။ သူ အလျင်အမြန် ထ၍ အိပ်ရာထဲမှ ထွက်ကာ ဒူးထောက်ပြီး ဆိုလိုက်သည်။

"ကျေးဇူးတင်ပါတယ်..... "


သို့ပေမဲ့ သူစကားဆုံးအောင်မပြောရသေးခင်တွင် ရွှယ်ကျွင်းလျန်က လက်ဝှေ့ယမ်းပြလာပြီး ဂရုမစိုက်ချင်ယောင်ဆောင်ကာဖြင့်

"ထန့်ယင်းက ဒီတစ်ခါ ကြီးကြီးမားမား ဆောင်ရွက်ထားတာပဲ...ကျေးဇူးတင်စရာမလိုပါဘူး"


ထို့နောက် သူက ထန့်ယွင်ကို ဆွဲထူပြီး ကုတင်ပေါ်ပြန်တင်ပေးကာ ပြောလေ၏။

"ဒူးထောက်စရာမလိုပါဘူး...လှဲပဲနေပါ"

107.2


ရွှယ်ကျွင်းလျန်က ဘာလို့ ဗြုန်းစားကြီး  အလွန်"ဖော်ရွေ"လာမှန်း ထန့်ယွင်မသိပေ။ သူက သတိရခါစဖြစ်ပြီး အမှန်တကယ် ကောင်းကောင်းမနိုးသေး၍ ဖြစ်မည်ထင်။ သူ့အတွေးများက အကုန်လုံး မျက်နှာထက်တွင် မြင်နေရလေသည်။ ရွှယ်ကျွင်းလျန် ရုတ်တရတ် ကူကယ်ရာမဲ့သလို ခံစားရ၏။ သူ့မှာ သံသယတွေရှိနေလျှင်ပင် ဤကဲ့သို့  သိသိသာသာကြီးတော့မပြသင့်ပပါချေ။


ကျန်းယွီက နားလည်လွယ်သူဖြစ်သည်။ ကိုးရိုးကားယားမြင်ကွင်းကို မြင်ရာတွင် ရှေ့တိုးလာပြီး ထန့်ယွင်ကို လဲလျောင်းရန် ကူညီပေးလိုက်၏။


ရွှယ်ကျွင်းလျန်ကပြောလိုက်ပြန်သည်။


"မင်း အရင်အနားယူနှင့်လေ...ခဏစောင့် ကိုယ်တစ်ယောက်ယောက်ကို မင်းရဲ့ခန္ဓာကိုယ်ကို အားပြန်ဖြည့်ဖို့ ဆေးဝါးဓာတ်စာတချို့လုပ်ခိုင်းလိုက်မယ်"


​ နောက်ဆုံး  စာကြောင်းတစ်ဝက်က သူ့အတွက်ဖြစ်ကြောင်း သိသဖြင့် ကျန်းယွီ အလျင်စလို အပြင်ထွက်ကာ ဆေးဝါးဓာတ်စာတွေပြင်ဆင်ရန် အမိန့်ပေးလိုက်၏။ 

 

ထန့်ယွင် အနည်းငယ် အံ့အားသင့်သွားသော်လည်း ဤတစ်ခါ သူ၏အောင်မြင်မှုများကို တွေးမိသောအခါ ရွှယ်

ကျွင်းလျန်က ၎င်းကြောင့် ယခုလိုပြုမူနေခြင်းဖြစ်မည်ထင်ရသည်ပင်။ သူ အားမရှိသလို ခံစားနေရပြီး အိပ်ရာမှာ ထပ်ပြီးအိပ်ပျော်သွားပြန်သဖြင့် ဘေးပတ်ပတ်လည်ကို ကြည့်ရန်မေ့သွားလေသည်။ ဤကား သိသိသာသာကို ရွှယ်ကျွင်းလျန်၏ အိပ်ခန်းပင်။

.

ထန့်ယွင်ပြန်နိုးလာချိန်၌ ညရောက်နေပြီဖြစ်ကာ ခန်းမဆောင်ထဲတွင် မီးအိမ်တစ်ခု ထွန်းညှိထား၏။


ရွှယ်ကျွင်းလျန်က မနီးမဝေးရှိ စားပွဲနောက်တွင်ထိုင်နေရင်း စာအုပ်တစ်အုပ်ဖတ်နေသည်။ ထန့်ယွင်နိုးလာချိန်တွင် သူသိပါသော်လည်း သူသာချက်ချင်း တုံ့ပြန်ပြီး တစ်ဖက်လူနိုးနေသည်ကို သတိထားမိကြောင်းပြသလိုက်ပါက ဧကရာဇ်တစ်ပါး၏ အသွင်အပြင်ကို ဆုံးရှုံးသွားမည် မဟုတ်ပါလော။


ထို့ကြောင့် အကြာကြီးစောင့်နေပြီးမှ သူ ထန့်ယွင်နိုးလာသည်ကို "အမှတ်မထင်"တွေ့သွားဟန်ပြု လိုက်၏။ မတ်တပ်ထရပ်ကာ အိပ်ရာဆီသို့ အေးအေးလူလူလျှောက်သွားပြီး ပြောလိုက်သည်။

"ထန့်ယင်းနိုးလာပြီးလား...ဘယ်လိုခံစားရလဲ... စားနိုင်လား...အခုစားချင်လား..."


သူစကားပြောပြီးသည့်နောက် ထန့်ယွင်၏ကြောင်အနေသောအမူအရာကို မြင်လိုက်ရ၏။ သူ့အမူအရာကြောင့် ရွှယ်ကျွင်းလျန် အံဩသွားပြီး ထိုမှသာ သူတစ်ခါတည်းနှင့်မေးခွန်းတွေ ဘယ်လောက်များများမေးပစ်လိုက် သလဲဆိုသည်ကို သတိပြုမိသွားသည်။ တစ်ဖက်လူဟာ တစ်ခါတုန်းက သူ့ဧကရီဖြစ်ဖူးသည်ဆိုသော်ငြားပင် သူတို့ဟာ တစ်ချိန်က သူသေကိုယ်သေတိုက်မည့် ရန်သူတွေဖြစ်ခဲ့ကြသည့်အတွက် သူအလွန်အမင်း ဂရုစိုက်မပေးသင့်ပေ။


ထန့်ယွင်က ခဏရပ်တန့်နေပြီးနောက် အလျင်အမြန် အိပ်ရာထဲမှထွက်ကာ ပြောလိုက်၏။

"ဒီအညတရငယ်သားက အများကြီးသက်သာနေပါပြီ"


"ဟမ်း...ကောင်းပြီ "


ရွှယ်ကျွင်းလျန် ပြန်လှည့်ပြီး ထိုင်လိုက်ကာ

"ကျန်းယွီ... ထန့်ယင်းအတွက် ဆေးဝါဓာတ်စာတွေယူလာခဲ့"


ကျန်းယွီက ပြန်တုံ့ပြန်ကာ ထွက်သွားပြီး အပူချိန်နိမ့်နိမ့်ဖြင့် အပူပေးထားသည့် ဆေးဝါးဓာတ်စာကို အထဲယူလာလေသည်။ ဆေးဝါးဓာတ်စာပင်ဖြစ်သော်ငြား ရွှယ်ကျွင်းလျန်က ပေါ့ပေါ့ပါးပါးအစားအစာတချို့ကို ပြင်ဆင်ခိုင်းထား၏။ ထန့်ယွင် နိုးလာပြီးချိန်မှာ သူခန္ဓာကိုယ်ကအဆိပ်အတောက်ကြောင့် ဖျားမှာ သူစိုးရိမ်သည်။


ထန့်ယွင် ရွှယ်ကျွင်းလျန်၏အပြုအမူကြောင့် အနည်းငယ်ပဟေဠိဖြစ်သွား၏။ ပထမတုန်းက သူကောင်းကောင်း မနိုးသေးပေ။ ယခု သူလုံလုံလောက်လောက်အိပ်ထားပြီး အပြည့်အဝနိုးလာပြီဖြစ်သဖြင့် ရွှယ်ကျွင်းလျန်၏အပြုအမူက တကယ်ကို ထူးဆန်းကြောင်း ခံစားမိသည်။ 


ထန့်ယွင်၏ တုနှိုင်းမဲ့စွမ်းရည်များနှင့် အရည်အချင်းများအားလုံးအရ ရွှယ်ကျွင်းလျန်က သူ၏သရုပ်မှန်ကို သိသွားပြီဟုသောအတွေးက သူ့စိတ်ထဲကို ဝင်ရောက်မလာခဲ့။ သူခဏမျှ ဆက်စဥ်းစားနေပြီး ကိစ္စတွေကို စေ့စေ့စပ်စပ်တွေးခေါ်ရင်း ထူးဆန်းလွန်းစွာဖြင့် ရွှယ်ကျွင်းလျန်က အဘယ်ကြောင့် သူ့ကိုစိတ်ပူနေသလဲဆိုသည့် အကြောင်းပြချက်ကို ရှာဖွေနေ၏။ ရွှယ်ကျွင်းလျန်က သူ့ကို ခက်ခဲအောင်လုပ်ရန်သို့မဟုတ် အရှက်ခွဲရန်အတွက် တခြားနည်းလမ်း


စဥ်စားထား၍ဖြစ်လောက်မည်။ ဤကောက်ချက်ချမှုအပြီးမှာတော့ ထန့်ယွင် ကျိတ်၍သာသက်ပြင်းချလိုက်သည်။


ကျန်းယွီက ထန့်ယွင်ကို ကိုယ်တိုင်ခွံ့ကျွေးလေ၏။ သူ့ရှေ့က စားတော်ပွဲကိုကြည့်ပြီး ထန့်ယွင်ပို၍ တရိုတသေဖြစ်လာပြီး သူဘာတွေးနေသလဲဆိုသည်ကို  အရိပ်အယောင်မပြလိုသလို  ချေးလည်းမများချင်ပေ။ တိုင်းပြည်၏ဧကရာဇ်က လျှောက်လွှာအုပ်ငယ်တချို့ကို အတည်ပြု နေချိန်မှာ သူကဲ့သို့ မင်းမှုထမ်းတစ်ယောက်အနေဖြင့် အဘယ်မှာစားသောက်နိုင်ပါမည်နည်း။  ထို့ကြောင့် သူ ဆေးဝါးဓါတ်စာဟင်းရည်ကို တစ်ငုံစာသောက်ဟန်သာပြုပြီး ထပ်မံ မလှုပ်ရှားတော့ပေ။


ရွှယ်ကျွင်းလျန်က လျှောက်လွှာ များကို တငေးတမောကြည့်ကာ ဆိုလာသည်။

"မင်းအကြိုက်နဲ့ မကိုက်ညီဘူးလား"


"မဟုတ်...မဟုတ်ပါဘူး အဲ့လိုမဟုတ်ပါဘူးဘုရား"

ထန့်ယွင် ချက်ချင်း ဒူးထောက်ကာ ပြောလိုက်၏။

"ဒီအညတရတစ်ယောက်က အဲ့ဒါနဲ့မထိုက်တန်လို့ပါ"


သူ၏ကြင်နာမူက တစ်ဖက်လူဆီကနေ လှည့်ကွက်တစ်ခုဟု သတ်မှတ်ခြင်းခံလိုက်ရကြောင်း ရွှယ်ကျွင်းလျန်နားလည်သွားခဲ့သည်။ သူ စိတ်ဆိုးချင်ပါသော်းလည်း စိတ်ဆိုး၍မရပေ။ ထန့်ယွင်ကပဲ သတိကြီးလွန်းနေသည်လား သို့မဟုတ် သူ၏ဂုဏ်သတင်းကပဲ ဆိုးရွားလွန်းနေသည်လား သူမသိပါချေ။

(ကိုယ့်လုပ်ရပ်တွေ ကိုယ်ပြန်စဥ်းစားကြည့်တော်မူပါ)


ရွှယ်ကျွင်းလျန် သက်ပြင်းချကာ ပြောလိုက်၏။


"ထပါ...ဒီညက နောက်ကျနေပြီ...တော်ဝင်နန်းတော်ရဲ့ ဂိတ်တံခါးက ပိတ်သွားပြီ...မင်း အခုတော့ ယွင်ဖုန့်နန်ဆောင်မှာနေလိုက်ဦး...မနက်ဖြန်မှပြန်...မင်းက ကြီးကြီးမားမား ပံ့ပိုးမှုတွေလုပ်ထားတာ...မင်းကိုယ်မင်း ကောင်းကောင်းဂရုစိုက်နိုင်တယ်"


ထန့်ယွင်က ကြမ်းပြင်ပေါ်မှာ ဒူးထောက်နေဆဲဖြစ်ကာရွှယ်ဝမ်၏ကရုဏာတော်အတွက် ကျေးဇူးတင်ပြီးမှ ထရပ်လေသည်။


ထန့်ယွင်က သူ့ကိုသတိထားနေမှန်း ရွှယ်ကျွင်းလျန် သိသည့်အတွက် ကျန်းယွီအား ထန့်ယွင်ကို ယနေ့ ညအတွက် ယွင်ဖုန့်နန်းဆောင်ဆီသို့ ဦးဆောင်ခေါ်သွားခိုင်းလိုက်၏။


xxxxxx