Chapter 111
ရွှယ်ကျွင်းလျန်က ခဏအကြာတွင်ပြောလာသည်။
"ထန့်ရှန်လည်းထိုင်ပါ...မတ်တပ်ရပ်မနေနဲ့"
မသိလျှင် ရွှယ်ကျွင်းလျန်က နယ်စားမင်းထန့်နန်အိမ်တော်၏အရှင်သခင်ကဲ့သို့ပင်။ သူက ပြုံးကာ ထန့်ယွင်၏အခြေအနေ၊ သူကြိုက်သည့်အစားအသောက်များ၊ သူပို့လိုက်သည့် ဟင်းလျာများဖြည့်စွက်စာများနှင့် သူလွှတ်လိုက်သည့်တော်ဝင်သမားတော်ကို သဘောကျမကျစသည်တို့ကို မေးမြန်းလေသည်။
ထန့်ယွင် ရေရေလည်လည်ပြန်ဖြေလိုက်သော်လား သူ့နှလုံးသားကမူ စိုးရိမ်လွန်း၍ ခုန်ထွက်မတတ်ပင်။ ရွှယ်ဝမ် ရုတ်တရက် အမှားရှာတွေ့မှာစိုးပြီး သူတစ်ခုခုမှားပြောမိသလားကိုလည်း သူမသိပါချေ။
ထန့်ရှန် သူတို့နှစ်ယောက်ကြားက အပြန်အလှန်ဆက်ဆံမှုကိုမြင်နေရသည်။ သူက သူ့ခံစားချက်များကို ရွှယ်ဟုန်ယန်နှင့် ဖွင့်ဟဝန်ခံပြီးလေပြီ။ သဘာဝအတိုင်း သူကဤကိစ္စမျိုးကို ပိုပြီးသိနားလည်၏။ ရွှယ်ဝမ်၏ စကားလုံးများနှင့် အပြုအမူများက သူ့ကို အနည်းငယ် သံသယဝင်စေသော်လည်း ထန့်ယွင်က ဘာတစ်ခုမှ သတိမထားမိမှန်းသိသာလေသည်။
ထန့်ရှန် ထန့်ယွင်ကိုပြောပြရန်ရည်ရွှယ်ချက်မရှိပေ။ အဆုံးမတော့ ရွှယ်ကျွင်းလျန်၏စိတ်က ခဏတာစိတ်ကစားသည်လား သို့မဟုတ် လုံးလုံးလျားလျား ကျီစားနေသည်လားကို သူမသိနိုင်ပေ။ အခုတော့ ကြည့်ကောင်းသည်ပင်။
ရွှယ်ကျွင်းလျန်၏ပူပန်မှုက ထန့်ယွင်ဆီကနေအနိုင်ပိုင်းခံလိုက်ရ၏။ ပုံမှန်အတိုင်းဆို ရွှယ်ကျွင်းလျန် ဒေါသထွက်သင့်ပါသော်လည်း ယခုမူ သူအင်အားမဲ့သလိုသာခံစားရသည်။ တကယ်တမ်းကျတော့ သူ၏စိတ်ရင်းနှင့် စေတနာအတုအယောင်များက တစ်ဖက်လူမျက်လုံးထဲမှာ အတူတူဖြစ်လုနီးပါဖြစ်နေသည်ပင်...
ရွှယ်ကျွင်းလျန်ဝင်လာစဥ်က အမှန်တော့ လက်ဖက်ရည်စားပွဲပေါ်ရှိ ဘရိုကိတ်ဘူးကို မြင်ပြီးလေပြီ။ ထန့်ယွင်က တမင်တကာ ဘရိုကိတ်ဘူးကို ကာလိုက်သော်လည်း ယင်းက ရွှယ်ကျွင်းလျန်၏ အာရုံကို ပို၍ပင်ဆွဲဆောင်မိသေး၏။ သင့်တင့်လျောက်ပတ်သော စကားအနည်းငယ်ပြောပြီးနောက် နောက်ဆုံးတွင် သူ့အကြည့်များကို ထိုဟာထက်သို့ အခြေချကာ ပြုံးပြုံးရွှင်ရွှင်ဆိုလိုက်သည်။
"ဒါ ဘာလဲ"
သူက ထိုသို့ပြောရင်း ဘရိုကိတ်ဘူးကိုဖွင့်ကာ စကားလုံးများပါသည့် စာရွက်ကိုထိပ်မှာတင်လိုက်သည်။ ထန့်ယွင်၏နှလုံးသားက "ဒိတ်"ခနဲအသံထွက်လာသော်လည်း သူ ရှာမတွေ့လောက်ဘူးထင်မိ၏။ အဆုံးမတော့ စာကြောင်းနှစ်ကြောင်းပါသည့် ကဗျာတစ်ပုဒ်တင်ဖြစ်လေသည်။
ရွှယ်ကျွင်းလျန် ထိုစာရွက်ကိုကောက်ယူကာ ပြုံးရင်းဖတ်လိုက်၏။
"မြူအတိကောင်းကင်ထိ ပျံသန်းရွေ့...တိမ်တွေဆီကို ပျံကာဝဲ...ဖီးနစ်တစ်ကောင်လို မြင့်တက်ပါ"
ထို့နောက် သူကထန့်ရှန့်ကို တစ်ချက်ကြည့်လိုက်သည်။ တစ်ဖက်လူက အလွန်တည်ငြိမ်အေးဆေးနေပြီး စိတ်ပူသည့်လက္ခဏာမရှိပေ။
"ဒါက လူကြီးမင်းထန့်ရေးထားတာလား...ဟုန်ယန်က မောင်မင်းရဲ့အရည်အချင်းနဲ့သညာကို ကုဆီမှာ အမြဲချီးမွမ်းနေတာ... မောင်မင်းရဲ့လက်ရေးလှပညာကလည်း
အင်မန်ကောင်းတာပဲ"
ထို့သို့ပြောပြီးနောက် သူ ခဏရပ်လိုက်ပြီး ၎င်းနောက် စာလုံးနှစ်လုံးကို ထိုးပြကာပြော၏။
"ယွင်ဖုန့်...ဒါက ယွင်ဖုန့်နန်ဆောင်ရဲ့နာမည်မဟုတ်ဘူးလား"
(E/T– 云凤~~ ထန့်ယွင်၏ယွင်မှ凤နှင့် ဖီးနစ်၏ဖုန့်မှ '凤' )
ယွင်ဖုန့်နန်းဆောင်ကို ထည့်ပြောသောအခါ သူကစောင်းပြောနေသည်ဟု ထန့်ယွင် ထင်မိသဖြင့် ဘာမှပြန်မပြောလိုက်ပေ။
သူ့အနေဖြင့် တစ်ဆင့်ပြီးမှတစ်ဆင် ဆက်သွားရမည်မှန်းရွှယ်ကျွင်းလျန်သိသဖြင့် ကြာကြာ မနေတော့ပါချေ။ သူက"အပြည့်အဝပြန်ကောင်းသွားရင် မနက်ခင်းညီလာခဲ့ကိုလာခဲ့...ဒီရက်ပိုင်းမှာ ထန့်ယင်းကို မမြင်ရတော့ တကယ်စိတ်ပူမိတယ်...မင်းနဲ့ဆွေးနွေးဖို့စောင့်နေတဲ့ အရေးကြကိစ္စတွေအများကြီးရှိသေးတယ်"ဟုသာပြောလိုက်သည်။
"အရှင့်ရဲ့ကရုဏာတော်အတွက် ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး"
ထန့်ယွင် ကျေးဇူးတင်ရန် ဒူးထောက်လိုက်သော်လည်း
ရွှယ်ကျွင်းလျန်က သူ့ကိုတားလာပြီး ပြော၏။
"ဒူးမထောက်နဲ့တော့...ကုက နန်းတော်ကို အခုပြန်တော့မှာ...စကားဆက်ပြောပြီး အတိတ်အကြောင်းတွေကို အောက်မေ့သတိရလို့ရပါတယ်"
ရွှယ်ကျွင်းလျန်က ရည်ရွှယ်ချက်ရှိရှိ လုပ်လိုက်ခြင်းဟုတ်မဟုတ် မသိပေမဲ့ "အောက်မေ့သတိရ"ဟူသောစကားလုံးကိုပြောလိုက်ချိန်တွင် အနည်းငယ်ရပ်နားခဲ့ပြီး ယင်းက ထန့်ယွင်ကို ရုတ်ချည်း စိတ်ထင့်လာစေသည်။ သို့ရာတွင်ဒုတိအတွေးတွင်ကား ထန့်ရှန်နှင့်ထန့်ယင်းတို့ဟာ မိတ်ဆွေဟောင်းတွေဟုပြော၍ရပေသည်။ အတိတ်အကြောင်းတွေကို ပြောဆိုစားမြုံ့ပြန်နေသည်မှာ ဘာမှမှားယွင်းနေခြင်းမရှိပေ။
ရွှယ်ဟုန်ယန်က သူ့ကိုအပြင်ဘက်မှာစောင့်နေကြောင်း ထန့်ရှန်သိသွားဖြင့် သူလည်း ထရပ်ကာ ထန့်ယွင်ကို အနားယူရန်ပြောပြီး ထွက်လာခဲ့သည်။
နှစ်ရက်အကြာတွင် ထန့်ယွင် အပြည့်အဝ အနားယူပြီးပြီဖြစ်သည့်အတွက် မနက်ခင်းညီလာခံကို တက်ရောက်ရန်သွားခဲ့၏။
ယခုတွင် ဖုန့်တိုင်းပြည်က ငြိမ်းချမ်းရေး ကမ်းလှမ်းလာပြီဖြစ်ကာ ကျန်းဟုန်၏တပ်များဟာလည်း လုံးလုံးလျားလျား ထပ်ပြီးရှုံးနိမ့်သွားခဲ့သည်။ ဖြေရှင်းစရာ ကိစ္စကြီးကြီးမားမား မရှိသဖြင့် ဝန်မင်းများသည်
ရွှယ်ဝမ်၏မောင်းမဆောင်အကြောင်း တဖန် စတင်ပူပန်လာကြပြန်၏။
ဧကရီဆုံးပါးသွားမှုကြောင့် တော်ဝင်မောင်းမဆောင်၏ ဖီးနစ်တံဆိပ်ပြားဟာ ဟွမ်ကွေ့ဖေး၏လက်တွင်းသို့ သက်ဆင်းသင့်လေသည်။ သို့ပေမဲ့ ရွှယ်ဝမ့်မှာ ဟွမ်ကွေ့ဖေးမရှိပေ။ ရှိနေသည့် ဟွမ်ကွေ့ဖေးကလည်း အမျိုးသားတစ်ယောက်ဖြစ်နေသေး၏။ ထို့အပြင် သူက ကြင်ယာတော်ခန့်အပ်ပွဲအခမ်းအနား ပြီးဆုံးခြင်းမရှိပါဘဲ
တပ်ဖွဲ့ကို ကွပ်ကဲရန် စစ်ထဲဝင်သွားခဲ့သည်။ ထူးခြားသည့် အဆင့်အတန်းရှိသော တော်ဝင်ကိုယ်လုပ်တော်ကလည်း နှစ်ပါးတည်းရှိလေ၏။
ထန့်ချမ်ယီက အအေးနန်းဆောင်ထဲ ဝင်သွားသည်မှာ ကြာလှပြီဖြစ်ကာ တာ့ဖေးကလည်း သူမအစ်ကိုကြောင့်
ငြိစွန်းသွားလေပြီ။ သူမက သူမအစ်ကို၏ သစ္စာဖောက်
မှုကို မသိပါဘဲနေ့နေ့ညည ငိုကြွေးနေပြီး ဤတစ်ကြိမ် ရွှယ်ဝမ်က သူမကိုချမ်းသာပေးလိမ်မည်ဟု မျှော်လင့်နေခဲ့သည်။ စိတ်မကောင်းစရာကား ထိုအချိန်တုန်းက ရွှယ်ကျွင်းလျန်က ဒေါသပြင်းပြင်းထန်ထန်ထွက်နေခဲ့ပြီး သူမအပေါ် ဘာသနားညှာတာမှုမှ မပြသခဲ့ပေ။ သူမကို သူမ၏တော်ဝင်ကိုယ်လုပ်တော်ရာထူးကနေဖယ်ရှားပြီး နန်းတော် အပြင် ထုတ်ခဲ့၏။
ထို့သို့ဖြစ်ရာ ယခုတွင် ဖီးနစ်တံဆိပ်ပြားကို တာဝန်ယူမည်သူ တစ်ယောက်မှ မရှိသလို မောင်းမဆောင်ကလည်း သခင်မ ရှိမည့်ပုံမရပေ။ ရွှယ်ဝမ်မှာ ကလေးထပ်ယူရန် စိတ်ကူးမရှိသော်ငြား သူ့အနေဖြင့် မောင်းမဆောင်ကို လက်ရှိအခြေအနေအတိုင်းပဲ ထား၍မဖြစ်ပါချေ။
ရွှယ်ကျွင်းလျန်က ပြောသည်။
"ကု ဧကရီကိုလွမ်းဆွတ်နေတုန်းပဲ...စိတ်တင်းပြီး နောက်ထပ်ဧကရီတစ်ပါးတင်မြောက်ဖို့ရာ မစွမ်းသာဘူးမောင်မင်းတို့ "
ရွှယ်ဝမ်ပြောသည်က အမှန်ဟုတ်မဟုတ် မသိသော်လည်း ဧကရီအသက်ရှင်လျက်ရှိစဥ်က သူမဟာ တကယ်ကို လူထောင်ပေါင်းများစွာ၏ ချစ်ခင်နှစ်သက်ခြင်းကိုခံခဲ့ရပြီး ရွှယ်ကလည်း သူမကို အလိုလိုက်ကာ ချစ်မြတ်နိုးခဲ့သသည့်အတွက် ရုံးတော်ဝန်မင်းများအနေဖြင့် ဘာမှမပြောနိုင်တော့ပေ။
ရွှယ်ကျွင်းလျန် ခဏလောက်ငြိမ်သက်နေပြီးမှ ပြောလိုက်၏။
"ဒါပေမဲ့ ကု ဖီးနစ်တံဆိပ်ပြားကို တာဝန်ယူပေးမဲ့လူတစ်ယောက် တကယ်လိုအပ်တယ်"
111.2
အောက်မှာ မတ်တပ်ရပ်နေသည့် ထန့်ယွင်ဟာ ထိုစကားများကိုကြားသောအခါ မထိန်းနိုင်ဘဲ သရော်မိ တော့သည်။ ခုနလေးကမှ သူ့ဇနီးကို လွမ်းဆွတ်နေတုန်းဖြစ်ပေမဲ့ အခုကျတော့ သူတော်ကောင်းယောင်ဆောင်ကာ ရာထူးအတွက်တစ်စုံတစ်ယောက်လိုသည်ဟုပြောနေ၏။
ထန့်ယွင် သူ့အတွေးများကိုသတိပြုမိသောအခါ ရုတ်ချည်းထိတ်လန့်သွားခဲ့သည်။ နောက်ထပ် ကွေ့ဖေးယူယူ ဧကရီယူယူသူနဲ့ဘာဆိုင်လို့လဲ...သူက ဘာလို့မတရားသလိုခံစားနေစရာလိုမှာလဲ...သူ ဧကရီဖြစ်ခဲ့ဖူးလို့နေဖြစ်မှာပါလေ...
ထိုအတွေးအရောက်တွင် ထန့်ယွင်မျက်နှာက ရုတ်ချည်း နီရဲလာသည်။ သူဘာတွေ လျှောက်တွေးနေမိမှန်း တကယ်ကို မသိတော့ပါချေ။
ထိုအချိန်၌ ရွှယ်ကျွင်းလျန်က ပြောလာခဲ့၏။
"တကယ်တော့ ကုမှာဟွမ်ကွေ့ဖေးတစ်ပါးရှိတယ်လေ...လူတိုင်း အိုက်ချင်းကိုမေ့သွားကြပြီလား"
ထန့်ယွင်က သူ့ကိုယ်ပိုင်အတွေးများထဲတွင် နစ်မြုပ်နေဆဲဖြစ်ပြီး သူသတိထားမိသောအခါတွင် လူတိုင်းက သူ့ကိုကြည့်နေလေသည်။ မော့ကြည့်လိုက်ချိန်၌ ရွှယ်ကျွင်းလျန်ကလည်း သူ့ကိုစိုက်ကြည့်နေ၏။
ရွှယ်ကျွင်းလျန်က ပြောသည်။ "အရင်တစ်ခါ ကု သူ့ကိုကွေ့ဖေးအဖြစ်လက်ထပ်ယူချိန်တုန်းက အခမ်းအနားပြီးမြောက်အောင် မလုပ်နိုင်ခင်မှာဘဲ ထန့်ယင်းက တိုက်ပွဲကိုဦးဆောင်ဖို့ထွက်ခွာခဲ့ရတယ်...အခုသူက အောင်ပွဲရပြီး ပြန်ရောက်လာခဲ့ပြီ...နောက်တစ်နေ့ ပွဲလေးလုပ်ကြစို့"
ထန့်ယွင် ခေါင်းမော့ကာ ရွှယ်ကျွင်းလျန်ကို ကြည့်လိုက်ပေမဲ့ အဆုံးတွင် ဘာမှမပြောခဲ့ချေ။
ဝန်မင်များမှာ ကန့်ကွက်လိုမှုတချို့ရှိသော်ငြား ထန့်ယွင်ရှိနေခြင်းကြောင့် ဘယ်သူမှထမပြောကြပေ။ မနက်ခင်းညီလာခံဖြုတ်ပြီးနောက် အချိုသော ဝန်မင်းများက ရွှယ်ကျွင်းလျန်ကို လာတွေ့ခွင့်တောင်းကြသည်။ အများဆုံးပြောကြသည်ကား ဖီးနစ်တံဆိပ်ပြားအား ယောကျာ်း တစ်ယောက်ကို ပေး၍မဖြစ်ကြောင်းကိုပင်။
ရွှယ်ကျွင်းလျန်ဟာ လျောက်လွှာ အများအပြား တစ်ခုပြီးတစ်ခု ရခဲ့ပြီး အကုန်လုံးက ဖီးနစ်တံဆိပ်ပြားကို ယောကျာ်းတစ်ယောက်အားမပေးရန် အကြံပြုထားကြ၏။ လျှောက်လွှာတွေကို ကြည့်ပြီး ရွှယ်ကျွင်းလျန်သက်ပြင်းချလိုက်သည်။ သူ တကယ်ကို ထန့်ယွင်ကို ခက်ခဲအောင်လုပ်ရန် ရည်ရွယ်ခြင်း မဟုတ်ရပါ။ သူသာ အမှန်တကယ် ထန့်ယွင်ကိုတော်ကောက်လိုက်ပါက ထန့်ယွင်အား ဖီးနစ်တံဆိပ်ပြားကို တာဝန်ယူခိုင်းရမှာ အတိအကျပင်။ ဤသည်က ထန့်ယွင်ကို လှိုင်းလုံးထိပ်တွန်းပို့ပြီး လူထု၏ဝေဖန်မှု ပစ်မှန်ဖြစ်လာစေသည့် သဘောသက်ရောက်လေသည်။
ရွှယ်ကျွင်းလျန် အကြာကြီး စဥ်းစားခဲ့ပြီးနောက် ထန့်ယွင်ကို မောင်းမဆောင်ထဲထားမည်ဆိုပါက အရည်အချင်းရှိလွန်းနေမည်ဟု ခံစားရ၏။ နောင်တွင် သူ ဖုန့်တိုင်းပြည်ကို သိမ်းယူပါက သူဟာ သေချာပေါက် ထန့်ယွင်ကို တိုက်ပွဲကို စေလွှတ်ရမှာဖြစ်လေသည်။
ထန့်ယွင် စစ်မြေပြင်ကိုသွားရမည့်အကြောင်း တွေးမိရင်း သူအတော်လေး စိတ်မချမ်းမသာဖြစ်လာ၏။ သူ ထပြီး အပြင်မှာ လမ်းလျှောက်ရန်ဆုံးဖြတ်လိုက်သည်။ သူ့ခြေထောက်တွေ ဘယ်ကိုဦးတည်နေမိသည်ကို သတိမထားမိပါပဲ ယွင်ဖုန့်နန်းဆောင်၏ တံခါးဝသို့ရောက်လာခဲ့ကာ ကမ္ဗည်းပြားကိုမော့ကြည့်ပြီးနောက်တွင်တော့ မနေနိုင်ဘဲရယ်မောမိတော့သည်။'တိမ်တွေထဲမှာပျံ့ဝဲခြင်း၊ဖီးနစ်ကဲ့သို့မြင့်တက်ခြင်း'က ထန့်ယွင်အကြောင်းကို ပြောနေခြင်းပင်။
သူဝင်သွားခဲ့ပြီး ပင်မဆောင်နံဘေးက လက်ဖက်ရည်ဆောင်ထဲတွင် မြေပုံတစ်ခုရှိ၏။ ရွှယ်ကျွင်းလျန် ဧကရီကိုလွမ်းနေကြောင်း ကျန်းယွီသိသဖြင့် အလုပ်သမားများကို ပြန်ဆောက်ခိုင်းထားခြင်းဖြစ်သည်။ ပြန်လည်တည်ဆောက်ပြီးနောက် အခင်းအကျင်းကို မူလအခြေအနေအတိုင်း ပြန်လည်မွမ်းမံခဲ့၏။ စာအုပ်စင်ပေါ်က စာအုပ်တွေကပင် ခြားနားမှုစိုးစဥ်းမှ ရှိမနေပါချေ။
ရွှယ်ကျွင်းလျန် မြေပုံကိုကြည့်ရင်း သက်ပြင်းချလိုက်သည်။ ကျန်းယွီက တိုးတိုးလေး ဆိုလာ၏။
"အရှင်မင်းကြီး ဧကရီကိုလွမ်းနေပြန်ပြီလား"
သူက မျက်စိမှိတ်ခေါင်းညိတ်လျှင်ပင် ရွှယ်ကျွင်းလျန်ကဘာမှပြန်မဖြေဘဲ ပြီးမှသာ ရုတ်တရက် ထပြောလေသည်။
"ကျန်းယွီ တခြားလူတွေကို ကုက သူ့အပေါ်တကယ်ကောင်းပေးချင်တာလို့ ခံစားရအောင် ကုဘယ်လိုလုပ်ရမလဲ"
ထိုစကားကို ကြားပြီးနောက် ကျန်းယွီစိတ်လှုပ်ရှားလာပြီး
သူ့စိတ်က ချက်ချင်းပြောင်းပြန်ဖြစ်သွား၏။ ရွှယ်ဘုရင်က ဒီလိုပြဿနာမျိုးအား စိတ်ပူနေ သည်ကို သူ ပထမဆုံးအကြိမ် ကြားဖူးခြင်းပင်။
ကျန်းယွီ ပြုံးကာလျှောက်တင်လိုက်သည်။
"ဒီမေးခွန်း...ဒီကျွန်အိုကြီးက တုံးအပါတယ်... ဒါပေမဲ့ အရှင်မင်းကြီး နယ်စားမင်းဝမ်နျန်ကို နန်းတော်ထဲဝင်ခိုင်းလို့ရပါတယ်...ဒီကျွန်အိုကြီးသိသလောက်ကတော့ နယ်စားမင်းဝမ်နျန်နဲ့လူကြီးမင်းထန့်တို့ကြားက ဆက်ဆံရေးက အမြဲတမ်း သိပ်ပြီးမခိုင်မာခဲ့ပေမဲ့ အခုအချိန်မှာတော့ သူတို့က ဆက်ဆံရေးအရမ်းကောင်းပုံရတယ်"
ရွှယ်ကျွင်းလျန် ချောင်းဟန့်ပြီး အေးစက်စွာ ပြောလိုက်၏။
"ကုက ဒီလိုခံစားချက်မျိုးလို့ပြောလို့လား...မောင်မင်းတစ်နေကုန် ဘာတွေတွေးနေတာလဲ...ကုက အမျိုးသားရေးကိစ္စတွေကို စဥ်းစားနေတာ"
ကျန်းယွီ သူက မှန်ရာကိုပြောပြီး တကယ်ကို မျက်နှာလိုမျက်နှာလုပ်နေမိသည်ဟု ထင်မိသဖြင့် ဒူးထောက်ဝပ်တွားကာ ဆိုလိုက်သည်။
"ဒီကျွန်အိုကြီးက သေသင့်ပါတယ်...ဒီကျွန်အိုကြီး သူအမှားလုပ်မိမှန်းသိပါတယ်..."
ရွှယ်ကျွင်းလျန်၏ ချောင်းထပ်ဟန့်ကာဆိုလိုက်၏။
"မောင်မင်းကို မောင်မင်းမှားနေမှန်းသိမှတော့ နယ်စားမင်းဝမ်နျန်ကို နန်းတော်ထဲသွားခေါ်ချေ"
သူက ဖြည့်ပြောလိုက်သည်။
"ကု သူနဲ့စစ်ရေးအစီအစဥ်တွေဆွေးနွေးစရာရှိတယ်"
ကျန်းယွီ သူမျက်နှာမလုပ်မိဘဲ ထိုအစား ချက်ကောင်းကိုထိမိသွားကြောင်း သတိပြုမိသဖြင့် ဘာမှထပ်မပြောရဲတော့ဘဲ နယ်စားမင်းဝမ်နျန်၏နေအိမ်တော်ဆီ သတင်းပို့သမားတစ်ယောက် စေလွှတ်လိုက်၏။
ရွှယ်ဝမ်က သူ့ကိုဘာလို့ရှာနေမှန်း ရွှယ်ဟုန်ယန် မသိပေ။ သတင်းပို့သမားကပြောသည်။
"ဘဏ္ဍာစိုးကျန်းရဲ့စကားအရတော့ စစ်ရေးအစီအစဥ်တွေအတွက်ပါတဲ့ အရှင်နယ်စားမင်း "
ဖုန့်ဘုရင်က လှည့်စားမှုတစ်ခုခုလုပ်နေ၍ဖြစ်လောက်မည်ဟု ရွှယ်ဟုန်ယန်ထင်သွား၏။ အဆုံးမတော့ ရွှယ်နှင့်ဖုန့် နှစ်နိုင်ငံဟာ ယာယီစစ်ပြေငြိမ်းထားခြင်းဖြစ်ကြောင်း လူတိုင်းသိကြသည်ပင်။
သူ၏ ရုံးတော်ဝတ်ရုံကို ဝတ်ဆင်ကာ နန်းတော်ထဲ အပြေးသွားလိုက်သည်။
သူရောက်သွားချိန်တွင် ဥယျာဥ်တော်ထဲ၌ အေးအေးလူလူ ထိုင်ပြ လက်ဖက်ရည်သောက်နေသည့် ရွှယ်ကျွင်းလျန်ကို တွေ့လိုက်ရ၏။
ရွှယ်ကျွင်းလျန်က ပြောသည်။
"ကျန်းယွီ... ကုအတွက်ပြောလိုက်"
ကျန်းယွီ တွေးမိလိုက်၏။
ငါက ဘာကိုပြောရမှာလဲ...
ငါဘာမှမသိဘူးလေ...
xxxxxxx