အပိုင်း ၁၁၅
Viewers 13k

Chapter 115


ထန့်ယွင်၊ ရွှယ်ဟုန်ယန်နှင့်ဝန်မင်းများဟာ ရွှယ်ချန်ကျင်း၏ လိင်ပိုင်းဆိုင်ရာ နှစ်သက်မှုများကိုသိနေသည်မှာ ကြာလှလေပြီ။ ရွှယ်ကျွင်းလျန်က ထိုသို့ပြောလိုက်သည်ကို ကြားသောအခါ  ပြပွဲကောင်းတစ်ခုဖြစ်တော့မည်ဖြစ်ကြောင်း သူတို့သိကြသည်။


ရွှယ်ကျွင်းလျန်က လူတိုင်း၏မျှော်မှန်းချက်များအတိုင်း တကယ်လုပ်ဆောင်ခဲ့လေ၏။


 သူက နားလည်ရခက်သော အပြုံးတစ်ခုဖြင့်ဆိုလိုက်၏။ 


"လွန်ခဲ့တဲ့ ရက်အနည်းငယ်က  ဖုန့်ဘုရင်က ကုနဲ့လက်ထပ်မဟာမိတ်ပြုဖို့ ပြောလာတယ်...ကုစဥ်းစားရမျှကတော့ ဟုန်ယန်က လက်ဆက်ပေးလို့ရတဲ့ တစ်ဦးတည်းသာ နယ်စားမင်းပဲ...ဒါပေမဲ့ ဖုန့်တိုင်းပြည်က နယ်စားမင်းကိုးယောက်ရဲ့ သမီးတော်တွေက ရွှေကိုင်းရွှေခက် ကျောက်စိမ်းသစ်ရွှက်တွေလေ...ဟုန်ယန်ရဲ့စရိုက်က ကြမ်းတမ်းလွန်းတယ်...ပြီးတော့ သူက အလေးမထားမှာလည်းစိုးရိမ်ရတယ်...ချန်ကျင်းကတစ်ခါမှ လက်မထပ်ရသေးဘူးလို့ ကုမထင်ထားခဲ့ဘူး...ဒါပေမဲ့ အခုတော့ အကောင်းဆုံးဖြစ်သွားပုံပဲ...ကုမောင်မင်းရဲ့ အိမ်ထောင်ရေးကို ကိုယ်တိုင်မြန်းပေးမယ်"


ရွှယ်ချန်ကျင်း ချွေးစေးများပြန်နေ၏။ နယ်စားမင်းကိုးယောက်၏ သမီးကမည်သို့ မဆိုးသွမ်းဘဲနေပါမည်လဲ။ခင်ပွန်းသည်က သူမကို မထိမတွေ့ပါက ခင်ပွန်းသည်ကို မထီမဲ့မြင်ပြုပြီး ဖုန့်တိုင်းပြည်ကို တိုင်ကြားကာ နှစ်နိုင်ငံစစ်ဖြစ်အောင် လှုံ့ဆော်နိုင်သည်မဟုတ်ပါလော။


ရွှယ်ချန်ကျင်း ဘာတစ်ခုမှမပြောနိုင်သေးခင်တွင် ရွှယ်ဟုန်ယန်က ထရပ်ကာ ​အပြုံးတစ်ခုနှင့်ဆိုသည်။

"ချန်တိလည်း ဒါကတကယ့်ကို အကြံကောင်းတစ်ခုလိုထင်ပါတယ်...ချန်တိက စစ်မြေပြင်မှာပဲနေနေကျဆိုတော့ ဇနီးသည်ကို လျစ်လျူရှုမိမှာစိုးရိမ်ပါတယ်"


ရွှယ်ကျွင်းလျန်:"မှန်တာပေါ့...သိပ်ကောင်းတယ် ချန်ကျင်း...မောင်မင်းမှာကန့်ကွက်စရာမရှိရင် အတည်ဖြစ်သွားပြီနော်"


ရွှယ်ချန်ကျင်း ပြန်လည်ချေပချင်ပါသော်လည်း ရွှယ်ကျွင်းလျန်၏ ပြုံးနေသော အမူအရာကိုကြည့်ပြီး ပြီးခဲ့သော ကြိမ်ဒဏ်အပြစ်ပေးမှုကို ပြန်တွေးမိကာ သူ့တစ်ကိုယ်လုံး  နာကျင်သွားပြန်သည်။ အဆုံးတွင် သူ ကြောက်လွန်း၍ စကားမပြောရဲတော့ပေ။


ရွှယ်ကျွင်းလျန် ခေါင်းညိတ်လိုက်၏။

"အတည်ဖြစ်သွားပြီဆိုတော့... အခု ကုမှာပြောစရာ တခြားတစ်ခုရှိတယ်"


သူက ခဏရပ်ပြီးမှ ပြုံးပြုံးရွှင်ရွှင်ဆိုလိုက်သည်။

"သူပုန်ကျန်းဟုန် မင်မြစ်ကိုမကျူးကျော်ခင်က ထန့်ယင်းကို ဟွမ်ကွေ့ဖေးအဖြစ် ထုတ်ပြန်ကြေငြာရမှာ...ဒါပေမဲ့ တိုက်ပွဲမှာဦးဆောင်ရမှာဖြစ်တဲ့အတွက် မလုပ်လိုက်ရဘူးလေ...အခု ကျန်းဟုန်က အသတ်ခံလိုက်ရပြီ...သူပုန်တွေအကုန်လုံးကိုလည်း ဖမ်းပြီးသွားပြီဆိုတော့ ထန့်ယင်းကို ချီးမြောက်ရမှာပေါ့ "


ထန့်ယွင် သူ့နာမည်ကို ထည့်အပြောခံလိုက်ရသဖြင့် ခြေလှမ်းဝက်ရှေ့တိုးပြီး ဦးညွတ်ကာဖြင့်


"ဒီနိမ့်ကျတဲ့ငယ်သားက အရှင်မင်းကြီးရဲ့ကြင်နာမှုနဲ့မထိုက်တန်မှာစိုးမိပါတယ်"


ရွှယ်ကျွင်းလျန်က ပြုံးကာပင်ဆို၏။

"နိမ့်ချမနေပါနဲ့...ထန့်ယင်းက အောင်ပွဲနဲ့ပြန်လာပြီဆိုတော့ အရင်ကဆုံးဖြတ်ခဲ့တဲ့အရာကို ဘေးချိတ်ထားလို့မရဘူးလေ...တော်ဝင်ဆရာချန်ပြောတာမှန်တယ်...ထန့်ယင်းရဲ့ကံကြမ္မာက ဒီဧကရာဇ်ကိုကူညီပေးဖို့ပဲ...ချန်ကျင်းရဲ့ ဖုန့်နဲ့ လက်ထပ်မဟာမိတ်ကို အခွင့်ကောင်းယူပြီး ထန့်ယင်းကို တပြိုင်တည်းနန်းတော်ထဲသွင်းတာ ပိုကောင်းတယ်"


ထိုအခိုက်အတန့်တွင် ထန့်ယွင် ကြက်သေသေသွားတော့သည်။ မျက်လုံးများပြူးကာဖြင့် ရွှယ်ကျွင်းလျန်ကိုမော့ကြည့်လိုက်၏။


ရွှယ်ကျွင်းလျန်၏အမူအရာက ဟာသလုပ်နေသည့်ပုံမပေါ်ချေ။ သို့ရာတွင် တကယ်တမ်းကျ သူက ယောကျာ်းတစ်ယောက်ဖြစ်ပြီး လူတိုင်း၏ရှေ့မှာ တော်ကောက်မည့်အကြောင်းကိုပြောသည့်အခါ ထန့်ယွင်အနေဖြင့် အဆင်မပြေဖြစ်နေသေးပုံပင်။ 


ရွှယ်ချန်ကျင်း ချက်ချင်းဉာဏ်အလင်းပွင့်သွားသောအကြည့်တစ်ချက်ကြည့်လိုက်ပြီး  သူဘာလို့ ကြိမ်ဒဏ်နှင့် အပြစ်ပေးခံရသည်ကို တန်းပြီးနားလည်သွား၏။ လတ်စသတ်တော့  သူ ဤလူ့ကို မထိပါးသင့်သည်မှာ နယ်စားမင်းတစ်ယောက်ဖြစ်၍မဟုတ်ပါဘဲ သူကဧကရာဇ် နှစ်သက်ရသည့်အမျိုးသားဖြစ်နေ၍ပင်။


ထန့်ယွင် သဘာဝအတိုင်း  ရွှယ်ချန်ကျင်း၏အကြည့်ကို သတိထားမိပေသည်။ ထိုမျက်လုံးများထဲတွင် ရှင်းလင်းသွားမှုနှင့် လှောင်ပြောင်မှုများရှိနေ၍ သူ အလိုအလျောက်လက်သီးဆုပ်မိသွားတော့၏။


ထန့်ယွင်က ငြိမ်သက်နေမြဲပင်။


 ရွှယ်ချန်ကျင်း ထန့်ယွင်ကို ကြည့်သည့်အကြည့်ကို  မြင်ချိန်တွင် ရွှယ်ကျွင်းလျန် မျက်လုံးများ ကျဥ်းမြောင်းလိုက်သည်။ ယခုတွင် သူ ထန့်ယွင်၏ခံစားချက်များကို အာရုံမစိုက်ဘဲ မနေနိုင်ပေ။ ဤတစ်ကြိမ် ထန့်ယွင် သိသိသာသာကို အဆင်မပြေဖြစ်နေသည်ကို မြင်ရခြင်းက သူ့နှလုံးသားကိုပါမသက်မသာဖြစ်လာ၏။


သို့ပေမဲ့ သူ့ပါးစပ်ကတော့ အနည်းငယ်သစ္စာဖောက်နေပုံရသည်။

သူက ပြောလိုက်၏။


"ကုဒါကိုလုပ်ရခြင်းရဲ့ရည်ရွယ်ချက်က ​ကောင်းကင်ဘုံရဲ့အလိုတော်ကိုလိုက်နာဖို့ဖြစ်တယ်...တကယ်တမ်းကျ ဒီကိစ္စကို ကုနဲ့တစ်ယောက်မကပြောပြီးပြီ...တစ်ယောက်ယောက်မှာ အိုက်ချင်းကို ကန့်ကွက်စရာရှိရင် အခုထရပ်လို့ရတယ်...ကုကအပြောင်းအလဲမြန်တဲ့သူမဟုတ်ဘူးမလား...အမှန်တော့ ကု စိတ်နည်းနည်းပြောင်းသွားတယ်...ထန့်ယင်းရဲ့အောင်မြင်မှုတွေနဲ့ ပံ့ပိုးမှုတွေက အားလုံးအတွက်လည်း ထင်ရှားနေတာပဲလေ...ထန့်ယင်းကို တော်ဝင်ကိုယ်လုပ်တော်တစ်ယောက်လေးအနေနဲ့တင် တော်ကောက်လိုက်မယ်ဆိုရင် ကုသူ့ကို မှားယွင်းအဆုံးသတ်ပေးမိလိမ့်မယ်...ဒီလုပ်ကြရအောင်...ထန့်ယင်းက အရည်အချင်းရှိပြီး အကျင့်သီလနဲ့ပြည့်စုံတဲ့အပြင် စစ်ရေးအောင်မြင်မှုတွေ အဖုံဖုံရထားတဲ့အတွက် သူ့ကို *အနောက်နန်းဆောင်ရဲ့အရှင်သခင်လုပ်ခိုင်းကြတာပေါ့ ...မောင်မင်းတို့ဘယ်လိုထင်လဲ"

(E/N–အနောက်နန်းဆောင်=တောင်ဝင်မောင်းမဆောင်။တော်ဝင်မောင်းမဆောင်ရဲ့ အရှင်သခင်/သခင်မဆိုတာ ဧကရီကိုပြောတာပါ)

115.2


ရွှယ်ကျွင်းလျန်၏စကားများ ထွက်လာသည်နှင့် လူတိုင်း အံအားသင့်ပြီး တစ်ယောက်ပြီးတစ်ယောက် ဘေးပတ်ပတ်လည်ကို ကြည့်ကုန်ကြသည်။ ကြည့်ရသည်မှာ ဘယ်သူက ဤဆုံးဖြတ်ချက်ကို အရင်ဆုံးထပြီးကန့်ကွက်မည်ကို ကြည့်နေကြသည့်ပုံပင်။ သို့ပေမဲ့ အချိန်အတော်ကြာသည့်တိုင် ဘယ်သူမှရှေ့တက်မလာပေ၊ အများဆုံး သူတို့အချင်းချင်း တီးတိုးသဖန်းပိုးထိုးနေကြရုံသာရှိကြ၏။ 


ထန့်ယွင် မျက်မှောင်ကြုတ်လိုက်သည်။ ရွှယ်ဝမ်ဘာတွေးနေမှန်းသူနားမလည်နိုင်ပေ။ ရွှယ်ကျွင်းလျန် သူ၏အာဏာကိုချုပ်ကိုင်လိုပါက သူ့ကိုကွေ့ဖေးမြှောက်လိုက်ရုံနှင့် နိုင်ငံရေးမှာပါဝင်နိုင်စွမ်းမရှိတော့သဖြင့် လုံလောက်ပေသည်၊ ဤကား သိက္ခာရှိသော ချဥ်းကပ်ဖြစ်သည်ပင်။ နှစ်တစ်သန်းကြာလျှင်ပင် ရွှယ်ကျွင်းလျန်၏အာသွက်လျှာသွက်ပါးစပ်က သူ့ကို ဧကရီခန့်လိမ့်မည်ဟု သူ တစ်ခါမှ စိတ်ကူးကြည့်၍မရပေ။ 


ရွှယ်ချန်ကျင်းက ထန့်ယွင်ကိုပဲ ဆက်တိုက်စိုက်ကြည့်နေ၏။ သူ့ကြည့်ရသည်မှာ ဘယ်အရာကထန့်ယွင်ကို ကွဲပြားစေသလဲ သို့မဟုတ် ဘာကြောင့် ရွှယ်ဝမ်က သူ့ကိုစွဲလမ်းနေသလဲဆိုသည်ကို အဖြေရှာချင်နေပုံရသည်။ သူမျက်နှာလောက် မရိုးရှင်းဘူဆိုသည်ကို သူသေချာသိလေ၏။ မျက်နှာထက်တွင် အမာရွတ်များမရှိပါက ရသလောက်နှင့် လုပ်မည့်ဟန်ပင်။


နောက်ဆုံးတွင် ချန်ယီက ထရပ်ကာလျှောက်တင်လာ၏။


"နယ်စားမင်းထန့်နန်က ကိုယ်ကျင့်သိလနဲ့အရည်အချင်း နှစ်ခုတစ်လုံးရှိပါတယ်...သူက တကယ့်ကို ဧကရီနေရာအတွက် အကောင်းဆုံး ရွေးကောက်ခံဖြစ်ပါတယ်...နယ်စားမင်းရဲ့ အရည်အချင်းအရ စစ်မြေပြင်မှာတောင် အနိုင်မခံအရှုံးမပေးတတ်တဲ့အတွက် အနောက်နန်းဆောင်ကိုဆို ထည့်ပြောစရာကိုမလိုဘူးလို့ ဒီနိမ့်ကျတဲ့ငယ်သား ယုံကြည်ပါတယ်...ဒီအရေးက ဝန်ကျယ်လွန်းတဲ့အတွက် ညတွင်းချင်းပြီးနိုင်မှာမဟုတ်ရုံတင်ပါ...အရှင်မင်းကြီးအနေနဲ့ နယ်စားမင်းကျန်းအန်းရဲ့မင်းသားကို အရှင့်ကိုပြန်ကြားနိုင်ဖို့အတွက် ပုံတူတစ်ခုအရင်ဆုံးရွေးခိုင်းလို့ရပါတယ်"


ချန်ယီက အချိန်ဆွဲခြင်း နည်းဗျူဟာကို လုပ်ဆောင်နေကြောင်း  သိပေမဲ့ ရွှယ်ကျွင်းလျန်ဂရုမစိုက်ပေ။ အမှန်တွင် သူထန့်ယွင်ကို ဧကရီခန့်အပ်မည့်အကြောင်း ဝန်မင်းများကို ပြောပြီးချိန်၌ ရွှယ်ကျွင်းလျန် တိတ်တိတ်လေးစိတ်လှုပ်ရှားနေခဲ့သည်။ သူရှေ့ရှိလူက သူစိတ်ဝင်စားနေသည့်သူဖြစ်သော်ငြား ယခင်က သူသတ်ချင်ခဲ့သည့်သူလည်းဖြစ်လေ၏။ သူ့အနေဖြင့် သူ့နှလုံးသားထဲရှိထန့်ယွင်၏နေရာ ကိုလျော့တွက်မိသလို တချိန်တည်းမှာပင် သူ၏တည်ငြိမ်မှုကို ပိုတွက်မိခဲ့သည်။ 


ရွှယ်ကျွင်းလျန် ခေါင်းညိတ်ကာပြောလိုက်သည်။

.

"တော်ဝင်ဆရာချန်ပြောတာက အတော်လေး အကျိုးအကြောင်းသင့်တယ်...ဒီကိစ္စကို ခဏလောက်ထားလိုက်ကြစို့...နောက်ကျ နယ်စားမင်းကျန်းအန်းရဲ့မင်းသားက ပုံတူတစ်ခုရွေးလိမ့်မယ်...ပြီးရင် ဖုန့်နိုင်ငံရဲ့မင်းသမီးနဲ့လက်ဆက်ဖို့ နေ့ကောင်းရက်သားရွေးကြမယ်"


မနက်ခင်းညီလာခံပြီးဆုံးသွားပြီးနောက် ရွှယ်ကျွင်းလျန်က ထန့်ယွင်ကို နောက်ချန်နေရစ်စေချင်သော်လည်း ဘာပြောရမှန်း သူမသိပေ။ သူ ရုတ်ချည်း ထန့်ယွင်ကို စကားပြောရမှာရှက်နေမိသည်။ ထိုအစား ရွှယ်ဟုန်ယန်က နေရစ်ခဲ့ပြီး ရွှယ်ဝမ်ကို စကားပြောခွင့်တောင်းလာ၏။


ရွှယ်ဟုန်ယန်: "ဒီကိစ္စက ချန်တိပြောသင့်တဲ့ဟာမဟုတ်မှန်း ချန်တိသိပါတယ်... ချန်တိ အရှင်မင်းကြီးကို အရှက်မရစေ ချင်ပေမဲ့ ချန်တိမေးချင်တယ်...ဘာလို့ အရှင်မင်းကြီးက နယ်စားမင်းထန့်နန်ကို ရုတ်တရက်ကြီး ဧကရီခန့်အပ်ချင်ရတာလဲ"


ရွှယ်ကျွင်းလျန် သက်ပြင်းတစ်ချက်ချကာ ပြန်ပေးလိုက်သည်။

"ဒါဆို မင်းကရောဘာလို ထပ်အိမ်ထောင်မပြု တော့တာလဲ"


"ဒီ..."


ရွှယ်ဟုန်ယန် စိတ်မသက်မသာဖြင့် မျက်နှာကိုကုတ်ကာပြောလိုက်၏။


"ချန်တိက လူကြီးမင်းထန့်အပေါ် စိတ်ရင်းမှန်နဲ့ ဆိုတော့...ချန်တိ ထပ်ပြီးလက်မထပ်နိုင်သလို လပ်ထပ်မှာလည်းမဟုတ်ပါဘူး"


"မင်း ထပ်ပြီးလက်ထပ်လိုက်ရင် ထန့်ရှန်တစ်ခုခုဖြစ်မယ်လို့ထင်တာလား"


"အမှန်တော့ ဒါကနာကျည်းစရာကိစ္စမဟုတ်ဘူးလို့ ချန်တိထင်ပါတယ်...တကယ်တမ်းကျ လူကြီးမင်းထန့်က ယောကျာ်းတစ်ယောက်လေ...သူကတစ်ခါတလေ ချန်တိထက်တောင် ပိုသန်မာပါသေးတယ်...ဒါပေမဲ့လည်း ချန်တိက....တစ်​​ယောက်ကို တစ်​ယောက် အမှန်တကယ် စိတ်ရင်းနဲ့ဆက်ဆံပေးချင်ရင်...ဘယ်လိုလုပ် တခြားသူတွေကို ထည့်ပြီးစဥ်းစားနိုင်ဦးမှာလဲလို့ပဲ ခံစားရပါတယ် "


ရွှယ်ကျွင်းလျန်က တစ်ဖက်လူပြောစကားကို ငြိမ်သက်စွာနားထောင်နေခဲ့သည်။ သူဟာ ရှေ့တည့်တည့်ကို ငေးစိုက်ကြည့်နေပြီး သူဘာကိုကြည့်နေသလဲမသိရပေ။ ရွှယ်ဟုန်ယန် သူသတိလွတ်နေသလားဟုတောင် ထင်မိသွား၏။ 


ရွှယ်ကျွင်းလျန်က သူ့အကြည့်ကို ရုတ်သိမ်းလိုက်ပြီး အပြုံးတစ်ခုနှင့်ဆိုသည်။

"မင်းစကားတွေကို နားထောင်ရတာက ဆယ်နှစ်စာဖတ်တာထက်ပိုကောင်းတယ်"


"အရှင်မင်းကြီး... ချန်တိကို ပြက်ရယ်ပြုတော်မမူပါနဲ့"


"ငါမင်းကို ပြက်ရယ်ပြုနေတာမဟုတ်ပါဘူး ဟုန်ယန်"ဟု ရွှယ်ကျွင်းလျန်က ပြောလိုက်၏။


"ငါလည်း အဲဒီအကြောင်းကိုသေသေချာချာစဥ်းစားပြီးပါပြီ... နယ်စားမင်းထန့်နန်ကို ဟွမ်ကွေ့ဖေးအဖြစ်တော်ကောက်လိုက်ပြီး ဧကရီနေရာက ကွက်လပ်ဖြစ်နေရင် ...ဘယ်လိုလုပ်ငါက တ​ခြား တစ်ယောက်ကို ဧကရီထပ်ဖြစ်စေချင်မှာလဲ"


"အရှင်မင်းကြီး..."


ရွှယ်ဟုန်ယန် အံဩတကြီး တစ်ပိုင်းတစ်စပြောလိုက်ပေမဲ့ သူဆက်ပြောသင့်သည်ဟုမထင်သကဲ့သို့ ရုတ်ချည်း ရပ်တန့်သွားသည်။

 .

ရွှယ်ကျွင်းလျန်က ခေါင်းညိတ်ပြလာပြီး ရွှယ်ဟုန်ယန်မပြောလိုက်သည့်စကားကို အတည်ပြုပေးလိုက်ပုံရ၏။


ရွှယ်ဟုန်ယန် ပို၍ပင်ထိတ်လန့်အံဩသွားပြီး သူစိတ်ဟာ မနက်ခင်းညီလာခံကအရှုပ်အထွေးတွေထက်တောင် ပို၍ဖရိုဖရဲဖြစ်လာလေသည်။ သူ ခန်းမဆောင်ထဲကထွက်ကာ စစ်မက်ရေးရာဌာနက ထွက်လာနေသည် ထန့်ယွင်ဆီပြေးသွားလိုက်၏။ ထိုအခိုက်အတန့်တွင် သူအနည်းငယ် ပျာယာခက်နေခဲ့ပြီး ထန့်ယွင်ကိုနှုတ်ဆက်သည့်အခါ သူ့လက်များကကိုးရိုးကားယားဖြစ်နေခဲ့သည်။ 


ထန့်ယွင် ရွှယ်ဟုန်ယန်၏အမူအရာကြောင့် ခေါင်းရှုပ်သွား၏။ သူတို့ နန်းတော်အပြင်သို့ တစ်လမ်းတည်းအတူတူထွက်လာခဲ့ကြသည်။ ထို့နောက် ရွှယ်ဟုန်ယန်က သူမှာဦးဆုံးလုပ်ရမည့် အရေးကြီးကိစ္စတချို့ရှိသည်ဟုပြောကာဖြင့် ထန့်ယွင်ကို အရင်သွားနှင့်ခိုင်းလိုက်၏။


ထန့်ယွင်၏နောက်ကျောကို ကြည့်ပြီး ရွှယ်ဟုန်ယန် ရင်တထိတ်ထိတ်နှင့် သက်ပြင်းမှုတ်ထုတ်လိုက်ပြီး ပိုပိုပြီးရယ်စရာကောင်းသလိုခံစားလာရသည်။ တကယ်တမ်းကျ ၎င်းက သူ့ကိစ္စမှမဟုတ်သည်ပင်။ စိတ်ပူသင့်သည့်သူများက ထန့်ယွင်နှင့်ရွှယ်ကျွင်းလန်တို့ဖြစ်ကြပြီး သူမဟုတ်ပါချေ။


ရွှယ်ဟုန်ယန် နန်တော်ထဲမှာ ခဏမျှဟိုယောင်ယောင် သည်ယောင်ယောင်လုပ်နေခဲ့သည်။ ထန့်ယွင် အဝေးကြီးရောက်လောက်ပြီထင်ခါမှ နန်းတော်ထဲကနေ ထွက်ပြီး နေအိမ်တော်ကို တန်းတန်းမတ်မတ် ပြန်တော့၏။ သူစိတ်ထဲတွင် အကြောင်းအရာတွေအများကြီးရှိနေပြီး တစ်ယောက်ယောက်နှင့် စကားပြောရန်လိုအပ်လေသည်။ မှန်ပေ၏၊  ယင်းတစ်ယောက်ယောက်က ထန့်ရှန်ဖြစ်ကိုဖြစ်ရမည်ပင်။


ရွှယ်ဟုန်ယန် နေအိမ်တော်ကို ဒုန်းဆိုင်းပြန်၍ မြင်းပေါ်ကနေဆင်းကာ အစေခံများအား သူ့မြင်းကို ခေါ်သွားခိုင်းပြီး တခြားအစေခံတစ်ယောက်ဆီသို့ သူ့အပေါ်ဝတ်ရုံပစ်ပေးရင်း သာမန်ကာလျှံကာမေးလိုက်၏။


"လူကြီးမင်းထန့်ဘယ်မှာလဲ"


"အရှင်ထန့်က နောက်ဖေးမှာ....."


xxxxxx