အပိုင်း ၁၁၉
Viewers 14k

Chapter 119


နယ်စားမင်းကျန်းအန်း၏ မင်းသားနှင့် ဖုန့်တိုင်းပြည်မှ ဖုန့်မင်းသမီးတို့၏လက်ထပ်ပွဲကို အခွင့်အရေးယူပြီး ဖုန့်တိုင်းပြည်က တပ်ရင်းကြီးတစ်ခုကိုစေလွှတ်ကာ မင်မြစ်တစ်လျောက် ဖုန့်တိုင်းပြည်၏နယ်စပ်တွင် အကာအကွယ်ချထားသည်။


ရွှယ်ကျွင်းလျန်က ထိုသတင်းကိုကြားပြီး လူတိုင်း၏အထင်အမြင်ကိုမေးလေသည်။ ခုံရုံးမှ ဝန်မင်းများက ယခုအချိန်တွင် ရွှယ်များအတွက် စစ်ပွဲအထဲဝင်ရောက်ရန် မသင့်လျော်ဟုခံစားကြရသည်။ အဆုံးတွင် ရွှယ်တိုင်းပြည်၏ နယ်မြေမှာ ကျယ်ပြောလှပြီး စစ်တပ်အင်အားက ပြည့်တင်းခြင်းမရှိသေးချေ။ အကယ်၍ ရွှယ်များသာ ယခုအချိန်စစ်ပွဲထဲတွင်ပါဝင်ခဲ့ပါက စားနပ်ရိက္ခာများ၊ မြင်းများနှင့် စစ်သားများကို ပြင်ဆင်ကြရပေလိမ့်မည်။ ၎င်းက တစ်လနှစ်လအတွင်း အဆင်သင့်ဖြစ်နိုင်မည့်အရာမျိုး မဟုတ်ပါချေ။


ထန့်ယွင်လည်းပဲ ရွှယ်များက အရင်ဆုံးပြင်ဆင်သင့်သည်ဟု ခံစားနေရသည်။ ဤတစ်ကြိမ်တွင် ထန့်ယွင်က လူဖြည့်ချင်ယောင်ဆောင်ပြီး အခြေအနေကိုကြည့်ရန် စစ်တပ်တစ်တပ်ကို တိတ်တဆိတ် ပျိုးထောင်ထားပြီးဖြစ်သည်။ 


"ဒီငယ်သားက မြစ်ကြောင်းရဲ့ တိမ်ကောတဲ့နေရာအနားရဲ့ မက်မွန်ပွင့်ကန်နားမှာ တောင်တစ်လုံးရှိတယ်လို့ ကြားခဲ့ဖူးပါတယ်... မြေပြင်အနေအထားက အရမ်းကိုအန္တရာယ်ရှိပါတယ်... တောင်ထိပ်ကနေဆိုရင် အောက်ဘက်က မြေပြင်ကို အတော်လေးကြည့်လို့ရပါတယ်... အရှင်မင်းကြီးက တောင်ထိပ်ကို တပ်ရင်းတစ်ခုကိုပို့လို့ရပါတယ်....အကယ်၍ ဖန့်စစ်တပ်သာ တကယ်ပဲ ခိုးဝင်တိုက်ခိုက်မယ်ဆိုရင် အဲ့ဒီ့နေရာကိုဖြတ်ကျော်ပြီးမှ မြစ်ဖျားနေရာကို ဖြတ်ကျော်ရမှာပါ... ဒါကြောင့် သူတို့ကို တိုက်ခိုက်ဖို့ဆိုရင် အဲ့ဒီ့နေရာက အကောင်းဆုံးပါပဲ.. ကျွန်တော်မျိုးတို့ရဲ့ အစောင့်စစ်သားတွေက တောင်ထိပ်မှာနေရင်း အခြေအနေအရပ်ရပ်ကို အစီအရင်ခံနိုင်ပါတယ်...."


ထိုသည်ကိုကြားပြီးနောက်တွင် ရွှယ်ကျွင်းလျန်က ခေါင်းငြိမ့်ပြီး ကျောက်လုကို စစ်တပ်ကို ဦးဆောင်ရန် အမိန့်ပေးလိုက်သည်။


ကျောက်လု အံ့ဩသွားရသည်။ ဤတစ်ကြိမ်တွင် ဧကရာဇ်ရွှယ်က သူ့ကို စစ်တပ်ကိုဦးဆောင်ခိုင်းမည်ဟု မထင်ခဲ့ပေ။ အဆုံးတွင် ရွှယ်ကျွင်းလျန်က အတိတ်ကသူနှင့် ဖုန့်ဘုရင်၏အကြောင်းကို အကောင်းဆုံး သိသည့်လူဖြစ်နေသည်။ ခဏမျှတွေးကြည့်ပြီးနောက်တွင် ဘာကြောင့်လဲဆိုသည်ကို နားလည်သွားလေသည်။ အကယ်၍ ဖုန့်မင်သာ ရည်မှန်းချက်မကြီးဘဲ ရေအနက်ကိုသာစမ်းသပ်လိုသည်ဆိုပါက တစ်ဖက်လူကိုရင်ဆိုင်ရန် ကျောက်လုကိုရွေးချယ်​ခြင်း က အကောင်းဆုံးဖြစ်သည်။ အကယ်၍ သူဤအရှုပ်အထွေးကိုသေချာရှင်းလင်းနိုင်ပါက အောင်ပွဲရမည့်ကိစ္စရပ်ဖြစ်လာပေမည်။


ထန့်ယွင်က ကျောက်လု ညီလာခံမှထွက်သွားသည်ကိုမြင်ပြီး အတွေးနက်သွားပုံပင်။ ထန့်ယွင် ဖုန့်တိုင်းပြည်တွင် အကျဉ်းကျစဉ်က ဖုန့်မင်နှင့် ကျောက်လုတို့၏ဆက်ဆံရေးကို အနည်းငယ်ကြားခဲ့ဖူးသည်။ သူက ကျောက်လုမဟုတ်သလို သူ၏စိတ်နေသဘောထားကလည်း ကျောက်လုလိုမဟုတ်၍ ထန့်ယွင်က ကျောက်လု၏အတွေးများကို နားမလည်ချေ။ ဖုန့်မင်က အမြဲတမ်းအေးစက်က လူမဆန်သလိုဟန်ဆောင်နေပါသော်လည်း သူမပြောလျှင်ပင် သူ၏ရင်ထဲ၌ ကျောက်လုကိုမည်သူမှ မမှီချေ။ 


ထန့်ယွင် သက်ပြင်းချလိုက်ပြီး မတွေးပဲမနေနိုင်တော့ချေ။ တစ်ချိန်တုန်းက သူကိုယ်တိုင်လည်း ရွှယ်စစ်တပ်နှင့် ရင်ဆိုင်တိုက်ခိုက်ရာတွင် ဧကရာဇ်ရွှယ်ကို ခဏခဏခေါင်းကိုက်စေခဲ့ဖူးသည်။ သူလည်းပဲ သူ့တိုင်းပြည်အတွက်စိတ်နှစ်ထားခဲ့ခြင်းဖြစ်သည်။ ကံဆိုးစွာဖြင့် သူ့တိုင်းပြည်က ပျက်သုဉ်းသွားပြီး သူ့ကိုလည်း အဆက်မပြတ်တိုက်ခိုက်ခြင်းခံရပြီး ထန့်တိုင်းပြည်၏ ခုံရုံးနှင့် ၎င်း၏လူများထံမှ လွှဲအပ်ပေးခြင်းခံခဲ့ရသည်။ ထန့်ယွင်က ဘုရင်ထန့်ကလည်း ဘုရင်တစ်ပါးဖြစ်သော်လည်း ရွှယ်ကျွင်းလျန်လို တစ်လေသံတည်းမပြောဆိုနိုင် ပြောနိုင်ပေသည်။


ရွှယ်ကျွင်းလျန်က ထန့်ယွင်ကို စကားလုံးအနည်းငယ်ဖြင့် မြှောက်ပင့်သော်လည်း ထန့်ယွင်က ပြန်မဖြေပေ။ ရွှယ်ကျွင်းလျန် သူ့ကိုနှစ်ကြိမ်နှစ်ခါခေါ်သော်လည်း ပြန်လည်ဖြေကြားလာခြင်းမရှိသေးချေ။


——–


ကျောက်လုက သူ့အိမ်တော်ကိုပြန်ကာ ပစ္စည်းများကိုထုတ်ပိုးပြီး လက်ရွေးစင်တပ်သားအချို့ကိုရွေးချယ်ကာ ရက်အနည်းငယ်အတွင်းထွက်သွားခဲ့သည်။


လက်ထပ်သွားပြီဖြစ်သော နယ်စားမင်းကျန်းအန်း၏ မင်းသား ရွှယ်ချန်ကျင်းက လာရောက်ဂါရဝပြုပြီး ဧကရာဇ်ရွှယ်ကို ထိပ်တိုက်မတွေ့ပါဟုလာပြောခဲသည်။ ရွှယ်ကျွင်းလျန်လည်း ထန့်ယွင်ကို နန်းတော်တွင်းစော‌စောခေါ်နိုင်ခဲ့၍ ပျော်ရွှင်သွားသည်။ 


ဤတစ်ကြိမ်က ယွင်ဖုန့်နန်းတော်ရှေ့တွင် စားသောက်ပွဲထပ်မံ ကျင်းပပြန်သည်။ ရွှယ်ကျွင်းလျန်၏ စိတ်ထဲတွင် ထန့်ယွင်မှလွဲ၍ မည်သူကမှ ယွင်ဖုန့်နန်းတော်ထဲတွင် နေခွင့်မရှိပေ။ ဧကရီအဖြစ် မတင်မြှောက်ရသေးသော်လည်း သူ့လူက နန်းတော်တွင်းပြန်ရောက်လာသည်ကိုပင် အတော်လေးပျော်နေလေပြီ။


ထန့်ယွင်က နန်းတော်ထဲသို့ တစ်ရက်စော၍ ရောက်ရှိလာခဲ့သည်။ ထိုနေ့တွင် သူက မနက်ခင်းခင်းညီလာခံကို မတက်ရောက်ခဲ့ပေ။ ထို့ကြောင့် ရွှယ်ကျွင်းလျန်က အမတ်များအားလုံးအပေါ် သည်းခံနိုင်စိတ်ကုန်ဆုံးနေကြောင်း မကြုံတွေ့ခဲ့ရပေ။


အဘယ်ကြောင့်ဆိုသော် လူတိုင်းက ဧကရာဇ်ရွှယ်က ထန့်ယွင်ကို ဧကရီအဖြစ်တင်မြှောက်မည့် ရည်ရွယ်ချက်ကို ပြောင်းလဲလိုက်သည်ကို မြင်လိုက်ရ၍ဖြစ်သည်။ သူတို့အားလုံးက အကယ်၍ ထန့်ယွင်သာဟွမ်ကွေ့ဖေး အဖြစ် တင်မြှောက်ခံရလျှင် ဇာမဏီစည်းတံဆိပ်က ထန့်ယွင်လက်ထဲသို့ ယာယီရောက်သွားမည်ဟု ဆိုလိုခြင်းဖြစ်သည် မဟုတ်ပါလော။ အကယ်၍ အမျိုးသားတစ်ယောက်သာ ဇာမဏီစည်းတံဆိပ်ကို တာဝန်ယူဦးဆောင်ရပါလျှင်... 


ရွှယ်ကျွင်းလျန်က အေးစက်စွာလှောင်ပြောင်လိုက်သည်။


"မောင်မင်းတို့က ဒီဧကရာဇ်ကို တွန်းအားပေးဖို့ ကြိုးစားနေကြတာလား... ဒီဧကရာဇ်က အရင်ဆုံးသူ့ကိုတော်ကောက်မယ်လို့မိန့်တော့ မောင်မင်းတို့က သတ်မှတ်ချက်နဲ့မညီဘူးဆိုပြီး ပြောကြတယ်... အခု မောင်မင်းတို့က ဒီဧကရာဇ်ကို နောက်ကိုသုံးလေးလှမ်းဆုတ်စေပြန်ပြီး တွန်းအားပေးကြပြန်တယ်.. ဒါဒီဧကရာဇ်ရဲ့ထိမ်းမြားလက်ထပ်ပွဲလား မောင်မင်းတို့တွေရဲ့ထိမ်းမြားလက်ထပ်ပွဲလား...."


ရွှယ်ကျွင်းလျန်၏ အေးစက်စက်လေသံထွက်ပေါ်လာသည်နှင့် မည်သူမှ စကားမပြောရဲကြတော့ချေ။ ဆန့်ကျင်ကန့်ကွက်နေကြပါသော ဝန်မင်းများအားလုံးက လန်ကျင်းကို ကြည့်နေကြသည်။ အဆုံးတွင် ဧကရာဇ်အရှင်ကို စိတ်ပြောင်းတော်မူပါရန် တိုက်တွန်းမေသူမှာ လန့်ကျင်းသာဖြစ်ပေသည်။ ယခုတွင် သူတို့အားလုံး လန့်ကျင်းကိုသာ မှီခိုလိုက်ကြသည်။


သို့သော် လန့်ကျင်းက ရုတ်တရက် ရှေ့သို့ထွက်ကာ ဦးညွတ်လိုက်သည်။


"ဧကရာဇ်အရှင် ဉာဏ်ပညာကြီးမားလှပါပေတယ်... ဒီငယ်သားက နယ်စားမင်းထန့်နန်က ပါရမီဉာဏ်ရင့်သန့်လှပြီး သူတော်ကောင်းတရားနဲ့ ပြည့်စုံလှပြီး ဧကရာဇ်အရှင်ရဲ့ လူနေမှုပုံစံနဲ့ ကိုက်ညီလှတယ်လို့ ထင်မြင်မိပါတယ်... သူက ဇာမဏီစည်းတံဆိပ်ကို လက်ခံယူလို့ တာဝန်ကျေပွန်လိမ့်မယ်ဆိုတာ သေချာလှပါတယ်...."


ရလဒ်အနေဖြင့် လူတိုင်းအံ့ဩသွားကြကာ စကားပင်မပြောရဲကြတော့ချေ။ ရွှယ်ကျွင်းလျန်က ၎င်းကိုနားထောင်ပြီး အတော်ကြီးစိတ်ကျေနပ်သွား၍ အနည်းငယ်လျော့ပေါ့ပေးလိုက်သည်။


ရွှယ်ကျွင်းလျန် ခန်းမထဲမှထွက်သွားချိန်တွင် ဝန်မင်းများက လန့်ကျင်းကိုဧကရာဇ်အရှင်အား မြှောက်ပင့်လိုက်၍ အထွန့်တက်ကြ လေသည်။

119.2


.


လန့်ကျင်းက နှာခေါင်းရှုံ့ကာ

"ကျုပ်သာမြှောက်ပင့်နေတယ်လို့ထင်ရင် ဘာလို့ ကျုပ်ကိုမတားခဲ့ကြတာလဲ... ဧကရာဇ်အရှင်ရဲ့ နှလုံးသားထဲမှာ နယ်စားမင်းထန့်နန်က ရှိနေခဲ့ပြီးပြီ... ခင်ဗျားတို့လို အရွယ်ရောက်ပြီးသားလူတွေက မမြင်နိုင်ကြဘူးလား...."


ထန့်ယွင် ယွင်ဖုန့်နန်းတော်ကို ရောက်ချိန်တွင် သူ့ကို ခစားရန်စောင့်နေသူမှာ ကျောင်းရွှေ့မဟုတ်ချေ။ နန်းတော်အစေခံများ ပြောနေကြသည်မှာ ကျောင်းရွှေ့က သူမ၏လုပ်နိုင်စွမ်းထက်ပို၍ အထက်ကိုတက်ရန် ကြိုးစားခဲ့၍ ရွှယ်ကျွင်းလျန်က သူ့ကို အအေးနန်းဆောင်ကိုပို့ကာ ထန့်ချမ်းယီကို ခစားခိုင်းစေခဲ့လေသည်။


ယခုတွင် သူ့ကိုခစားမည့်လူမှာ လွေ့ရွှယ်ဖြစ်သည်။


ကျောက်လုက လွေ့ရွှယ်၏သခင်ဖြစ်ပြီး လက်ရှိတွင် တစ်ဖက်လူက စစ်ပွဲအတွင်းသွားနေ၍ သူမကသူ့နောက် မလိုက်ခဲ့ပေ။ လွေ့ရွှယ်က စစ်ရေးအတတ်များကို လေ့လျင့်ရင်း ကြီးပြင်းလာသူဖြစ်သော်လည်း သူမ၏ စိတ်နေသဘောထားက နူးညံ့လှ၍ အရာရှိရာထူးဖြင့်ကိုက်ညီမှုမရှိပေ။ 


ရွှယ်ကျွင်းလျန်က ၎င်းကိုသိ၍ သူမကို စစ်တပ်အတွင်း ထပ်မံခိုင်းစေခြင်းမရှိတော့ပေ။ တစ်ချိန်တည်းတွင် သူမ၏သခင်ကကျောက်လုဖြစ်နေပြီး သူမကိုယ်သူမအကောင်းဆုံးကြိုးစားနေသူဖြစ်၍ သူက လွေ့ရွှယ်ကို ယွင်ဖုန့်နန်းတော်ကိုစေလွှတ်ကာ ထန့်ယွင်ကို ခစားရန်စေလွှတ်လိုက်သည်။


လွေ့ရွှယ်က ထန့်ယွင်၏မင်္ဂလာဝတ်ရုံကိုယူကာ အခန်းထဲသို့ဝင်လိုက်ချိန်တွင် ထန့်ယွင်က ပြတင်းပေါက်အနားတွင် မတ်တတ်ရပ်နေကြောင်း မြင်လိုက်ရသည်။ အခန်းထဲတွင် အလင်းရောင်မရှိ၍ ပြတင်းပေါက်မှလာသောအလင်းဖြင့် ထန့်ယွင်၏နောက်ကျောကို မြင်ရုံဆိုသည်သာမြင်နိုင်နေလေသည်။


လွေ့ရွှယ်က ပြုံးရင်းပြောလိုက်သည်။

"သခင်.... သခင့်ရဲ့ မင်္ဂလာဝတ်ရုံကိုလာကြည့်လှည့်ပါဦး.. အရမ်းကိုလှတာပဲ...."


ထန့်ယွင် လှည့်မကြည့်ပေ။ ခေါင်းသာခါပြလိုက်သည်။ သူရုတ်တရက်သက်ပြင်းချပြီးမေးလိုက်သည်။

"လွေ့ရွှယ်..... မင်းငါ့ကို ဘုရင်ဖုန့်နဲ့ ကျောက်လုအကြောင်း ပြောပြနိုင်မလား...."


လွေ့ရွှယ် ခဏမျှအံ့အားသင့်သွားသည်။ သူမ၏လက်များက တုန်ရီလာကာ အဝတ်အစားများထည့်ထားသော သစ်သားလင်ပန်းကိုအောက်ပြုတ်ကျသွားစေသည်။ သူမ ချက်ချင်းဒူးထောက်ချလိုက်ပြီး မြေနှင့်ခေါင်းနှင့်တိုက်ကာ တောင်းပန်ပြီးမှ မင်္ဂလာဝတ်ရုံကိုပြန်ကောက်နေလိုက်သည်။


ထန့်ယွင်လှည့်ကြည့်လိုက်ပြီး သူမကိုအပစ်မတင်လိုက်ပေ။ သူမြေပြင်ပေါ်တွင် ကျဲပြန့်နေသော မင်္ဂလာဝတ်ရုံကိုကြည့်လိုက်မိသည်။ ၎င်းက ဇာမဏီသရဖူနှင့် ဝတ်ရုံမဟုတ်ပေ။ အမျိုးသားဝတ် အနီရောင် မင်္ဂလာဝတ်ရုံဖြစ်နေသည်။


ထန့်ယွင် အဝတ်အစားများကို တွေတွေကြီးငေးကြည့်နေမိသည်။ သူတွေးကြည့်လေလေ ရွှယ်ကျွင်းလျန်၏ ရည်ရွယ်ချက်များကို နားမလည်နိုင်လေလေဖြစ်နေသည်။ သူက ရွှယ်ကျွင်းလျန်တစ်ယောက် အရင်တစ်ခေါက်ကလို မိန်းမဝတ်မင်္ဂလာဝတ်ရုံကိုပေးကာ သူ့ကိုအရှက်ခွဲမည်ဟု ထင်ခဲ့သော်လည်း ဤတစ်ကြိမ်တွင် ရလဒ်က မမျှော်လင့်ထားသည့်အရာဖြစ်နေသည်။


ထန့်ယွင်က လွေ့ရွှယ်ကို ထခိုင်းလိုက်သည်။

"ငါဘာကိုမှမဆိုလိုပါဘူး.... မင်းပြောပြချင်ပြောပြ မပြောပြချင်ရင် ငါမမေးခဲ့သလို သဘောထားလို့ရပါတယ်..."


အချိန်အတော်ကြာပြီးနောက်တွင် လွေ့ရွှယ်က ပြန်ဖြေလိုက်သည်။

"မဟုတ်ပါဘူး သခင်... ဒါ... ဒါကျွန်မ မဖြေနိုင်တဲ့အရာမျိုးမဟုတ်ပါဘူး... ဒီအတိုင်း ဒီအစေခံက အရှင်က ဘုရင်ဖုန့်တို့အကြောင်းကို စိတ်ဝင်စားမယ်လို့ မထင်ခဲ့မိလို့ပါ...."


ထန့်ယွင်ကပြောလိုက်သည်။

"မင်းက ကျောက်လုအနားမှာ အချိန်အတော်ကြာရှိနေခဲ့တဲ့လူမလား... ငါက ကျောက်လုဘာတွေးလဲပဲသိချင်တာပါ... သူ့မှာဘုရင်ဖုန့်အတွက် ခံစားချက်ရှိလား.... ဆန့်ကျင်ရမယ့်ရန်သူတစ်ယောက်ဆိုတဲ့ခံစားချက်ထက် ပိုတာမျိုးလေ...."


လွေ့ရွှယ်က ပြုံးလိုက်သည်။

"အမှန်အတိုင်းပြောရရင်တော့ရှိပါတယ်... ဒီအစေခံအမှန်တိုင်းပြောရရင်တော့ ရှိတယ်လို့ပဲဆိုရပါလိမ့်မယ်..."


လွေ့ရွှယ်က "အဲ့လိုသာမရှိရင် ဒီတစ်ကြိမ်မှာ မင်မြစ်ကိုသွားပြီး ဘုရင်ခံကို သွားကယ်လို့ အပြစ်ပေးခံရမယ့် ဖြစ်နိုင်ချေရှိတာတောင်မှ သွားရမှာလဲ...." ဟုပြောလိုက်ချင်သည်။ သို့သော် လွေ့ရွှယ် ထိုကဲ့သို့စကားမျိုးကို မပြောနိုင်ပေ။


ထန့်ယွင်ခေါင်းငြိမ့်လိုက်သည်။

"စစ်သူကြီးကျောက်လုရဲ့ ဖုန့်နိုင်ငံအပေါ်ထားတဲ့ ခံစားချက်ကိုငါနားလည်ပါတယ်... ဘာလို့ဆို ငါလည်းအဲ့လိုပဲလေ...."


လွေ့ရွှယ် ပြုံးရင်းပြောလိုက်သည်။

"ဒါပေမဲ့ ကိစ္စတွေအများကြီးဖြစ်ပျက်ပြီးတဲ့နောက်မှာ သခင်က အများကြီးတွေးဖို့မလိုပါဘူး.... အခု ဧကရာဇ်ရွှယ်က သခင့်အပေါ် တကယ်ကောင်းပါတယ်...."


"ငါ့အပေါ်ကောင်းတယ်...."


လွေ့ရွှယ်ပြုံးလိုက်သည်။

" ဒီအစေခံက ရွှယ်တိုင်းပြည်နဲ့ အတော်ကြာဝေးကွာနေခဲ့ရပေမဲ့ ဧကရာဇ်ရဲ့ စိတ်နေသဘောထားကို သိနေပါသေးတယ်... ဧကရာဇ်က ပြည့်ရှင်မင်းတစ်ပါးအဖြစ် တာဝန်ယူခဲ့ရတာကြာတော့ သူတွေးတဲ့အရာကို မထုတ်ပြတာများတယ်.... ဒါပေမဲ့ဒီနေ့မှာတော့ ဧကရာဇ်က ဒီအစေခံကို လေးငါးကြိမ်ခေါ်ပြီး သခင့်ရဲ့အခြေအနေကိုမေးမြန်းပါတယ်... ပြီးတော့ သူမေးတာတွေက သခင်ကောင်းကောင်းစားရဲ့လား... သက်တောင့်သက်သာရှိရဲ့လား... ဘာတွေလိုသေးလဲ... ဘာတွေကိုမကြိုက်လဲ.. သခင့်ကို ပြုစုပေးမယ့်အစေခံတွေလုံလောက်ရဲ့လား... နယ်စားမင်းထန့်နန်ပျော်နေသလား မပျော်နေသလား... ဒါတွေချည်းပါပဲ..."


လွေ့ရွှယ် ခဏမျှရပ်သွားပြီး ထန့်ယွင်၏ အံ့ဩနေသောအမူအရာကိုကြည့်၍ ဆက်ပြောလိုက်သည်။


"ဒီအစေခံ အရဲစွန့်ပြီးပြောရရင် ဧကရာဇ်သာ ယောက်ျားတစ်ယောက်ကိုတော်ကောက်ချင်ရင် ဒီလိုတွေလုပ်ဖို့မှမလိုအပ်ပဲလေ... ဟုတ်တယ်မလား...."


ထန့်ယွင်က သူကြားလိုက်သည့်အရာများကို ခဏလေးနှင့် လက်မခံနိုင်သေးပေ။ သူ့စိတ်ထဲတွင် အနည်းငယ်လန့်သွားပြီး ခပ်နှေးနှေးရင်ခုန်သံများက လွေ့ရွှယ်၏စကားများနှင့်အတူ ပိုမိုမြန်ဆန်လာသော်လည်း ဘာကြောင့်လည်းသူမသိနေပေ။ 


"ဖြစ်နိုင်တာ... ဖြစ်နိုင်တာက..."


လွေ့ရွယ်ပြောလိုက်သည်။


"သခင် အဝတ်တွေစမ်းဝတ်ကြည့်လှည့်ပါဦး... ဒါလေးတွေက အရမ်းကိုလှနေတယ်... အဝတ်ဝတ်ပြီးရင် ဒီအစေခံက သခင်ကြည့်ရအောင် ဆံပင်ပြင်ပေးပါ့မယ်... သခင်မကြိုက်တာရှိရင် ဒီအစေခံကို ကူညီပြီးပြောပြပေးပါ... ဒါဆိုရင် မနက်ဖြန်မနက်ကြရင် အလုပ်ရှုပ်သက်သာစေပါလိမ့်မယ်..."


လွေ့ရွှယ်၏ စိတ်လှုပ်ရှားနေသည့် အမူအရာကြောင့် ထန့်ယွင်က မငြင်းတော့ဘဲ ခေါင်းသာငြိမ့်လိုက်သည်။


လွေ့ရွှယ်က သူ့ကို အပြင်အင်္ကျီချွတ်ရန် ကူညီပေးပြီး နီဆွေးနေသည့် မင်္ဂလာဝတ်ရုံကိုဝတ်ပေးကာ ကော်လာကိုသေချာစည်းနှောင်ပေးပြီး သူ့ခါးတွင် နီဆွေးဆွေးခါးပတ်တစ်ခုကို ဆင်မြန်းပေးလိုက်သည်။


လွေ့ရွှယ်က ပြုံးရင်းပြောလိုက်သည်။

"အဝတ်တွေက အတော်အဆင်ပြေပြီး သခင်နဲ့ကွက်တိကျနေပါတယ်...."


ထန့်ယွင်က ကြေးဝါမှန်ထဲရှိ သူ၏ရောင်ပြန်ပုံရိပ်ကို ကြည့်လိုက်သည်။ မင်္ဂလာဝတ်ရုံက သူနှင့် လုံးဝကွက်တိကျနေသည်။ သူမှန်ရှေ့တွင် ထိုင်လိုက်ပြန်သည်။ ရွဲ့ရွှယ်က သစ်သားခေါင်းဖြီးကိုယူကာ သူ၏ဆံနွယ်များကို ကျောက်စိမ်းသရဖူတစ်ခုဖြင့် စည်းနှောင်ပေးလိုက်သည်။


xxxxxx