အပိုင်း ၁၂၀
Viewers 13k

Chapter 120


ထန့်ယွင်၏ စိတ်နေစိတ်ထားက မြင့်မြတ်လှပြီး စာသင်သားတစ်ယောက်လိုအသွင်အပြင်နှင့်အတူ စစ်သူကြီးတစ်ယောက်၏အော်ရာကိုလည်း တစ်ချိန်တည်းတွင် ထုတ်လွှတ်နေသည်။ လွေ့ရွှယ်က ထန့်ယွင်၏ဆံပင်များကို ချည်နှောင်ပေးလိုက်ပြီး နောက်ကျောဘက်တွင် ပြေလျော့လျော့လေးချပေးထားကာ သစ်သားခေါင်းဖြီးဖြင့် ညင်ညင်သာသာဖြီးသင်ပေးလိုက်သည်။ 


သူမ သူ့ဆံပင်ကိုစည်းနှောင်ပေးပြီးသည်နှင့် အခန်းအပြင်မှ ဆူညံသံများကိုကြားလိုက်ရသည်။ လွေ့ရွှယ် သစ်သားခေါင်းဖြီးကိုအောက်ချကာ အပြင်ထွက်၍ ဘာဖြစ်နေသလဲ မေးရန်ကြံရွယ်လိုက်သည်။ ထိုအချိန်တွင် အတွင်းအခန်း၏တံခါးက တွန်းဖွင့်ခြင့်းခံလိုက်ရသည်။ အထဲသို့ဝင်လာသည့်လူမှာ ရွှယ်ကျွင်းလျန်ဖြစ်နေသည်။


လွေ့ရွှယ်က ရွှယ်ကျွင်းလျန်ကိုမြင်လိုက်ရ၍ အံ့ဩသွားပြီး ခပ်မြန်မြန်ဒူးထောက်ချကာ "အရှင်မင်းကြီး..."ဟု ဂါရဝပြုလေသည်။


ရွှယ်ကျွင်းလျန်ကိုမြင်လိုက်သည်နှင့် ထန့်ယွင်လည်း ဒူးထောက်ရန် ကြိုးပမ်းလိုက်သည်။ သို့သော် ရွှယ်ကျွင်းလျန်က သူ့လက်ကိုကိုင်ရင်းပြောလိုက်သည်။

"ထပါ... အရမ်းကြီး ယဉ်ကျေးမနေပါနဲ့..."


လွေ့ရွှယ်လည်း မတ်တတ်ရပ်လိုက်သည်။

"အရှင်မင်းကြီး ဒီထဲကိုဝင်လာလို့မရပါဘူး... အရှင်မင်းကြီးက မနက်ဖြန်အထိ သခင့်ကိုတွေ့လို့မရတာပါ..."


ရွှယ်ကျွင်းလျန်က ထိုအယူကိုဂရုပင်မစိုက်ပဲပြောလိုက်သည်။


"ကိုယ်တော်အရင်ကတည်းက သူ့ကိုမြင်ခဲ့ပြီးသားပဲ... နည်းနည်းလောက်စောပြီး လာတွေ့တာ ဘာမှဖြစ်မသွားဘူး..."


ထိုစကားက လွေ့ရွှယ်ကိုရယ်ချင်သွားစေသော်လည်း ဧကရာဇ်ရှေ့တွင်မရယ်ရဲ၍ မနည်းအောင့်ထားလိုက်ရသည်။ ဧကရာဇ်ရွှယ်ကိုယ်တိုင်က သူ့ကိုစောစောလာတွေ့၍ဘာမှမဖြစ်ဟုဆိုပြီး တစ်ညပင်မစောင့်နိုင်ဘဲ အလောတကြီးလာတွေ့ခဲ့သည်။


လွေ့ရွှယ်က ဉာဏ်ကောင်းစွာပြောလိုက်သည်။


"အရှင်မင်းကြီးမှာ သခင်နဲ့အတူ အရေးကြီးတဲ့ စစ်ရေးစစ်ရာကိစ္စတွေကို ဆွေးနွေးဖို့ရှိတာကြောင့် ဒီအစေခံက အရင် သွားနှင့်ပါတော့မယ်...."


ရွှယ်ကျွင်းလျန်က လွေ့ရွှယ်ကိုအသိအမှတ်ပြုသော အပြုံးလေးတစ်ချက်ပေးလိုက်သည်။


လွေ့ရွှယ် အရိုအသေပေးလိုက်ပြီး အခြားသော နန်းတွင်းအစေခံများနှင့်အတူ အခန်းတွင်းမှ ထွက်သွားလိုက်လေသည်။


ကျန်းယွီသည်လည်း နားလည်သဘောပေါက်သွားပြီး အပြင်ထွက်ပေးလိုက်သည်။ တံခါးပိတ်ဖို့လည်း မမေ့ခဲ့ဘဲ အခန်းအပြင်တွင်ရပ်နေသော နန်းတွင်းအစောင့်များကိုလည်း အခန်းနှင့် ခပ်ဝေးဝေးတွင်နေပြီး လမ်းပိတ်မထားရန် အမိန့်ပေးလိုက်သည်။ 


ရွှယ်ကျွင်းလျန်က ချောင်းဟန့်ပြီးပြောလိုက်သည်။

"ထိုင်ပါ... အရမ်းကြီး ထိန်းချုပ်နေဖို့မလိုပါဘူး..."


ထန့်ယွင်က သူ့ကိုကျေးဇူးတင်စကားပြောပြီး ထိုင်နေလိုက်သည်။


ရွှယ်ကျွင်းလျန်က ထိုင်ရမည့်အစား ခေါင်းငုံ့ကာ ထန့်ယွင်ကိုကြည့်လေသည်။ ထန့်ယွင်က ရဲဆွေးနေသည့် ဝတ်ရုံကိုဝတ်ထားပြီး မီးရောင်ဖျော့ဖျော့အောက်တွင် ရှိနေသည်မှာ အစစ်အမှန်မဟုတ်ဟုပင် ထင်ရလေသည်။ ရွှယ်ကျွင်းလျန် ခဏမျှကြောင်ငေးငေးလေးဖြစ်သွားရသည်။


ထန့်ယွင်က ရွှယ်ကျွင်းလျန်စကားပြောလာမည်ကို ငြိမ်သက်စွာစောင့်ဆိုင်းနေလေသည်။


ရွှယ်ကျွင်းလျန်က သူ၏တုန့်ပြန်မှုကြောင့် အနည်းငယ်ရှက်သွားပြီး ခပ်ပြုံးပြုံးလေးပြောလိုက်သည်။

"ဒီဝတ်ရုံက ထန့်ယွင်နဲ့ သိပ်လိုက်တာပဲ..."


"ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး..."


ရွှယ်ကျွင်းလျန် သူ့နားရောက်လာပြီး လက်ဆန့်ကာ ထန့်ယွင်၏ဆံပင်လေးများကို ညင်သာစွာထိတွေ့လိုက်သည်။ သူ့ဆံပင်များက သူ့လက်များကိုအနည်းငယ် အေးမြသွားစေပြီး ရွှယ်ကျွင်းလျန်ကို ခဏမျှမလှုပ်မယှက်ဖြစ်သွားစေသည်။


ထို့နောက်တွင် သစ်သားခေါင်းဖြီးကိုယူကာ ပြုံးရင်းပြောလိုက်သည်။

"ကိုယ်မင်းဆံပင်ကိုပြင်ပေးမယ်..."


ထန့်ယွင်အံ့ဩသွားသည်။ သူက ဧကရာဇ်ရွှယ် သူ့အတွက် ပြင်ဆင်ပေးလာမည်ဟု မထင်မိ၍ ပြောလိုက်သည်။

"ကျွန်တော်မျိုး အရှင့်ကို အနှောင့်အယှက်မပေးရဲပါဘူး...."


ရွှယ်ကျွင်းလျန်က သူ့ပခုံးကိုဖိလိုက်ကာ ပြန်ထိုင်ခိုင်းလိုက်သည်။ ထို့နောက်တွင် သူ့နားနားသို့ ငုံ့ကိုင်းရင်းပြောလိုက်သည်။

"ကိုယ် မင်းဆံပင်ကိုစည်းနှောင်ပေးချင်တယ်... လုပ်ပေးခွင့်ရှိမလား..."


ထန့်ယွင်၏ခန္ဓာကိုယ်က အနည်းငယ်တုန်ယင်သွားပြီး မငြင်းဆန်နိုင်တော့ပါပဲ သူထိုင်ချလိုက်သည်။ သူ၏လက်များကို ဝတ်ရုံအောက်တွင်ဖုံးထားကာ လက်သီးလေးများပင် ဆုပ်နေမိသည်။ သူ့နှလုံးခုန်သံက ရုတ်တရက်ကြီး မြန်ဆန်လာကာ သူ့နားရွက်နှင့် ပခုံးတို့မှ မီးတောက်နေသလိုခံစားချက်ကို ရနေသည်။


ရွှယ်ကျွင်းလျန်က ထန့်ယွင်ဆံပင်များကို လက်တစ်ဖက်ဖြင့်ကိုင်ကာ နောက်လက်တစ်ဖက်တွင် သစ်သားခေါင်းဖြီးကိုကိုင်ထားသည်။ အမှန်အတိုင်းပြောရလျှင် လွေ့ရွှယ်က ထန့်ယွင်၏ဆံပင်များကို ဖြီးသင်ပေးပြီးပြီဖြစ်ပြီး စည်းနှောင်ခါနီးတွင် ရွှယ်ကျွင်းလျန်ရောက်လာခြင်းဖြစ်သည်။ သို့သော် ရွှယ်ကျွင်းလျန်က ထိုခံစားချက်ကို ပျော်ရွှင်နေလေသည်။


နှစ်ယောက်လုံးစကားမပြောကြချေ။


ထန့်ယွင်က ဘာပြောရမလဲမသိနေချေ။ သူပါးစပ်ဖွင့်လိုက်သည်နှင့် သူ့အသံများတုန်ယင်နေမည်ကို ကြောက်နေမိသည်။


ရွှယ်ကျွင်းလျန်ကလည်း စကားမပြောချင်ပေ။ သူ့ပါးစပ်ဖွင့်လိုက်သည်နှင့် သူ၏အလျော့မပေးတတ်သသော စိတ်ထားက သူ့စိတ်ကိုဖုံးလွှမ်းသွားပြီး ကောင်းမွန်လှသည့် အခြေအနေလေးကို ဖျက်ဆီးမိမည်ကို စိုးရိမ်နေမိသည်။


အမှန်တကယ်တွင် ရွှယ်ကျွင်းလျန်က ထန့်ယွင်၏ဆံပင်ကို မည်ကဲ့သို့စည်းနှောင်ပေးရမလဲမသိပေ။ ပုံမှန်ဆိုလျှင် သူ့ဆံပင်ကို နန်းတွင်းအစေခံများက ပြင်ပေးခြင်းဖြစ်၍ ထိုကိစ္စနှင့်ပတ်သတ်၍ စိတ်ပူရန်မလိုအပ်ပေ။ ယခုတွင် သူကထန့်ယွင်၏ဆံပင်နှင့် ကစားနေခြင်းသာဖြစ်သည်။ သူ့ဆံပင်ကို အမှန်တကယ်စည်းပေးချင်သော်လည်း မည်သို့စည်းပေးရမလဲ သိမနေချေ။


နောက်ဆုံးတွင် ရွှယ်ကျွင်းလျန် ပြုံးရင်းပြောလိုက်သည်။

"ဒီဝတ်စုံကထန့်ယွင်နဲ့ အရမ်းလိုက်တာပဲ... အတော်လေး ကျက်သရေရှိလှတယ်..."


ထန့်ယွင်က ဤသို့သာပြန်ပြောသည်။

"အရှင်မင်းကြီး... မြှောက်ပင့်လွန်းနေပါပြီ...."


ရွှယ်ကျွင်းလျန်က တစ်ဖက်လူ၏စကားကိုကြားပြီး အနည်းငယ်မသေချာမရေရာဖြစ်သွားရသည်။ သူ့ဘေးနားသွားထိုင်ကာ ပြောလိုက်သည်။

"ထန့်ယွင်ရဲ့အသံက ဘာဖြစ်ရတာလဲ... နေထိုင်များမကောင်းတာလား... ကိုယ် တော်ဝင်သမားတော်ခေါ်ပြီး တစ်ချက်ကြည့်ခိုင်းလိုက်မယ်..."


ထန့်ယွင်က ချက်ချင်းလက်ခါရမ်း၍ငြင်းသည်။

"မလိုအပ်ပါဘူး... မလိုအပ်ပါဘူး..."


ရွှယ်ကျွင်းလျန်က ရုတ်တရက် ထန့်ယွင်၏ခါးကိုကိုင်လိုက်ပြီး ဖက်လိုက်ကာ သက်ပြင်းချလေသည်။


"တကယ်တော့... မင်းယုံလောက်မယ်မထင်ဘူး... ကိုယ်မနက်ဖြန် ထန့်ယွင်ကိုမြင်ခွင့်ရမယ်ဆိုတာသိပေမဲ့ မင်းသက်တောင့်သက်သာရှိပါ့မလား... နန်းတွင်းအစေခံတွေက မင်းကိုလျစ်လျူရှုထားကြမလားလို့တွေးရင် မနေနိုင်ဘဲ လာကြည့်မိတာ..."


သူထိုသို့ပြောပြီးနောက်တွင် ပြုံးလိုက်သည်။

"မင်းဒီစကားတွေကို မယုံလောက်ပါဘူး...."

120.2


ထန့်ယွင်က မျက်မှောင်ကြုတ်၍ပြောလိုက်သည်။

"ဒီငယ်သားမယုံပါဘူး... ဘာကြောင့်လဲဆိုတော့ အရှင်မင်းကြီး ဒါကိုဘာလို့လုပ်ချင်နေလဲ မသိလို့ပါ...."


ရွှယ်ကျွင်းလျန် ခဏမျှလန့်သွားသည်။ သူက ထန့်ယွင်တစ်ယောက် ဤသို့မာမာထန်ထန်ပြောလာမည်ဟု မထင်ခဲ့ပေ။


ထို့နောက်တွင် သူရယ်မောလိုက်ကာ ထန့်ယွင်၏လက်ကိုကိုင်မြှောက်လိုက်သည်။ တစ်ချိန်တည်းတွင် ခေါင်းငုံ့ကာ ထန့်ယွင်၏လက်ချောင်းလေးများကို သူ၏နှုတ်ခမ်းအစုံဖြင့် နမ်းရှိုက်လိုက်သည်။


ထန့်ယွင်၏လက်များတုန်ယင်လာပြီး ရွှယ်ကျွင်းလျန်ကိုမျက်လုံးအပြူးသားဖြင့် ကြည့်လေသည်။


ရွှယ်ကျွင်းလျန်၏နှုတ်ခမ်းများက သူ၏လက်များမှဖယ်ခွာမသွားပေ။ ထိုနှုတ်ခမ်းတို့က ထန့်ယွင်၏အရေပြားကို ပွတ်တိုက်နေပြီး တစ်ဖက်လူကပြောလာသည်။

"ဒါ့ကြောင့်ပါ..."


ထန့်ယွင် မတုန်ယင်ဘဲမနေနိုင်တော့ပေ။ ရွှယ်ကျွင်းလျန်၏နှုတ်ခမ်းအစုံက သူ၏အရေပြားကိုထိတွေ့နေ၍ နှလုံးပင်ဆောင့်ခုန်လာရသည်။ ရုတ်တရက်သူ့လက်သူပြန်ဆွဲယူကာ ချောင်းဟန့်လိုက်သည်။


"ခွင့်လွှတ်ပေးပါ... ကျွန်တော်တုံးအနေမိခဲ့တဲ့အတွက် ခွင့်လွှတ်ပေးပါ... ကျွန်တော်က တကယ့်ကို...."


"ရပါတယ်..."


ရွှယ်ကျွင်းလျန်က ချက်ချင်းမတ်တတ်ထရပ်ကာ ထန့်ယွင်၏စကားကို ဖြတ်ပြောသည်။


"နောက်ကျသွားရုံပါ... ထန့်ယွင်ကောင်းကောင်းအနားယူပါ... မနက်ဖြန်မနက်ကြရင် အတော​ေလေးအလုပ်ရှုပ်ရလိမ့်မယ်လေ... စကားမစပ် ကိုယ်အဓိကအချက်ကိုပြောဖို့မေ့ခဲ့တယ်... မင်း မနက်ဖြန်ရဲ့ စားသောက်ပွဲမှာ ထွက်လာခဲ့သင့်တယ်... မမေ့ပါနဲ့..."


ထန့်ယွင်က ကြောင်ငေးနေဆဲဖြစ်ကာ ဒူးထောက်ရန်ပင်မေ့သွားသည်။


ရွှယ်ကျွင်းလျန်က အတွင်းအခန်းတံခါးကိုဖွင့်ကာ ထွက်သွားလေသည်။


အရှင်မင်းကြီး ယနေ့ညတွင် ဤနေရာ၌ တစ်ညတာကုန်ဆုံးမည်ဟု လွေ့ရွှယ်နှင့် ကျန်းယွီတို့နှစ်ယောက်လုံးက ထင်ကြသည်။ မထင်မှတ်ထားစွာဖြင့် အရှင်မင်းကြီးက အချိန်ခဏသာနေပြီး နန်းတွင်းအစေခံများနှင့် လွေ့ရွှယ်ကို ယနေ့ည ယွင်ဖုန့်နန်းတော်ထဲတွင် အိပ်ပြီး ထန့်ယွင်လိုအပ်သမျှကို ထမ်းဆောင်ပေးရန် အမိန့်ပေးလိုက်သည်။


လွေ့ရွှယ်က ဧကရာဇ်ရွှယ်ကို လိုက်ပါပို့ဆောင်ပေးပြီး သူမ၏သခင်ကိုအသေအချာပြုစုပေးမည်ဟု ကတိကဝတ်ပြုပြီး ဧကရာဇ်အရှင်ကို မစိုးရိမ်ပါ ရန်ပြောလိုက်သည်။ သူမအတွင်းခန်းသို့ဝင်လိုက်ချိန်တွင် ထန့်ယွင်၏ထိတ်လန့် အံ့ဩနေသောမျက်နှာကိုမြင်လိုက်ရသည်။ အလင်းရောင်က မှိန်ဖျော့နေပါသော်လည်း ထန့်ယွင်၏မျက်နှာက အလွန်နီရဲနေပြီး သူ၏နားရွက်များနှင့် လည်ပင်းတစ်ခုလုံးပင် ရဲရဲနီနေကြောင်း မြင်နိုင်သေးပေသည်။


ထန့်ယွင်က တစ်ညလုံးမအိပ်ခဲ့ပေ။ သူက ရွှယ်ကျွင်းလျန်ပြောသည့်စကား၏အဓိပ္ပါယ်ကို နားမလည်သလို ဘာကြောင့်သူ့လက်ကို နမ်းသလဲကိုလည်း နားမလည်ပေ။ ၎င်းက ဧကရာဇ်ရွှယ် သူ၏ မောင်းမမိဿဿံများကို ချစ်စကားပြောရာတွင် အကျင့်ပါသွား၍လည်းဖြစ်နိုင်သည်။ သူဧကရီဖြစ်စဉ်ကလည်း ဧကရာဇ်ရွှယ်က သူ့ကိုအလွန်နူးညံ့ပြီး ထောက်ထားညှာတာစွာ ဆက်ဆံပေးခဲ့သည်။


ထန့်ယွင် မရယ်ဘဲမနေနိုင်တော့ချေ။ သူ့ခေါင်းသူ စောင်ဖြင့်ဖုံးကာ အိပ်ပျော်စေရန် မျက်စိမှိတ်လိုက်သည်။


နောက်တစ်နေ့ မနက်စောစောတွင် လွေ့ရွှယ်က ထနှင့်ပြီဖြစ်ပြီး စတင်၍အလုပ်များနေလေပြီ။ သူမက ထန့်ယွင်နားတွင် ဟိုဟိုသည်သည်အလုပ်ရှုပ်နေပြီး ထန့်ယွင်လည်း သူမ၏အလုပ်ရှုပ်နေပုံကိုကြည့်ကာ မူးဝေလာလေသည်။


ထန့်ယွင်က အိပ်ရာထဲတွင် ရှိနေဆဲဖြစ်ကာ ပျင်းတွဲတွဲလှဲလျောင်းရင်း မနက်စောစောထမနေပေ။ 


ကျန်းယွီက တစ်ကြိမ်သွားပြီး ထန့်ယွင်နိုးပြီလားဟု မေးသွားသည်


လွေ့ရွှယ်က မနိုးသေးဟု ပြန်ဖြေလေသည်။


ကျန်းယွီက ဧကရာဇ်အရှင်က သူမကို နယ်စားထန့်နန်က ပုံမန်ဆိုလျှင် မနက်ခင်း ညီလာခံသို့သွားရ၍ ယခုကဲ့သို့အနားရသည့်နေ့မှာရှားပါးလွန်း၍ စောစောမနှိုးရန် မိန့်လေသည်။


အမှန်တကယ်တွင် ထန့်ယွင်က နိုးနေတာကြာပြီဖြစ်သည်။ သူ့တွင် အိပ်ရာထဲတွင် ပျင်းရိစွာလှဲလျောင်းတတ်သည့် အကျင့်မရှိပေ။ သို့သော် အပြင်ဘက်ရှိ အသံများကိုကြားချိန်တွင် သူ့မျက်နှာသူထပ်ကာထားမိသည်။ ရွှယ်ကျွင်းလျန် ဘာလုပ်ချင်နေလဲ သူမသိတော့ပေ။ ယောက်ျားတစ်ယောက်ကို အလွန်အမင်းနူးညံ့စွာ ဆက်ဆံရန် လုံးဝမလိုအပ်ပါချေ။


နေထွက်ချိန်တွင် ယွင်ဖုန့်နန်းတော်ရှေ့၌ စားသောက်ပဲစတင် တည်ခင်းတော့သည်။ ရွှယ်ကျွင်းလျန်ကိုယ်တိုင်က ထန့်ယွင်ကိုသွားရောက် ခေါ်ဆောင်လေသည်။


ထန့်ယွင်က မင်္ဂလာဝတ်ရုံကိုဝတ်ထားသည်။ ရွှယ်ကျွင်းလျန်က အင်အားနှင့် ရာထူးကိုကိုယ်စားပြုသည့် အနက်ရောင်စပါးအုံးဝတ်ရုံထဲတွင်ရှိဆဲဖြစ်သော်လည်း ၎င်းက သူ၏ပုံမှန် တော်ဝင်ဝတ်ရုံများထက် ပို၍သမာရိုးကျဖြစ်နေသည်။


သူက ထန့်ယွင်၏လက်ကိုကိုင်ကာ ပြုံးပြုံးလေးပြောလိုက်သည်။

"ထန့်ယင်း အဆင်သင့်ဖြစ်ပြီလား..."


ထန့်ယွင်က ပြန်မဖြေပေ။


နှစ်ယောက်သား စတင်ထွက်ခွာချိန်တွင် မှူးကြီးမတ်ရာတိုင်းကာ မြေပြင်ပေါ်ဒူးထောက်ချကာ "အရှင်မင်းကြီး သက်တော်ရာကျော်ရှည်ပါစေ.."ဟု အော်ဟစ်ကြလေသည်။ သူတို့မော့ကြည့်ချိန်တွင် ဧကရာဇ်ရွှယ်သာမက နယ်စားမင်းထန့်နန်ကပါ အနီရောင်မင်္ဂလာဝတ်ရုံကိုဆင်မြန်း၍ ဧကရာဇ်အရှင်ဘေးတွင်ရပ်နေကြောင်း တအံ့တဩတွေ့သွားကြသည်။


သူတို့အားလုံးက ယခင်မင်္ဂလာပွဲများကဲ့သို့ နယ်စားမင်းထန့်နန်က ဝံ့ဝါလှသော မင်္ဂလာဝတ်ရုံကိုဝတ်ပြီး ဇာမဏီသရဖူကိုဆင်မြန်းလျက် ခန်းမထဲတွင် ထိုင်ကာ ဧကရာဇ်ရွှယ်ကို စောင့်ဆိုင်းနေရမည်ဟု ထင်ခဲ့ကြသည်။ သူတို့က တစ်ဖက်လူက အမျိုးသားဝတ်မင်္ဂလာဝတ်ရုံကို ဝတ်ဆင်ရလိမ့်မည်ဟု လုံးဝမထင်ခဲ့ကြပေ။ သူ့မျက်နှာကို မည်သည့်ပုဝါစနှင့်မျှ အုပ်မထားပေ။ ဆံပင်ကိုစည်းနှောင်ကာ ရိုးရိုးသရဖူတစ်ခုကိုဆင်မြန်းထားပြီး မျက်နှာချေများပင် လိမ်းကျံမထားချေ။ ဖီလာအားဖြင့် သူက အလွန်ချောမောက ကျက်သရေရှိပြီး လူတိုင်းကိုငေးမောသွားစေသည်။


အချို့သော ဝန်မင်းများက ဧကရာဇ်ရွှယ်ရှေ့ ဒူးထောက်လျက် "ဧကရီအရှင်..."ဟူ၍မြှောက်ပင့်နေကြသော်လည်း ကောင်းကောင်းနားလည်နိုင်သော မျက်စိစူးရှသူများလည်းရှိနေသေးသည်။ ယခုတွင် ဟွမ်ကွေ့ဖေးအသစ်က ယခုကဲ့သို့ဝတ်ဆင်ထားသည်။ အကယ်၍ သူတို့သာ သူ့ကို"ဧကရီအရှင်..."ဟူ၍ မိုက်မိုက်ကန်းကန်းခေါ်ဝေါ်နေပါလျှင် ဧကရာဇ်ရွှယ်၏မျက်နှာကို ဖြတ်ရိုက်ခြင်းမည်လိမ့်မည် မဟုတ်ပါလော။


ရွှယ်ကျွင်းလျန်က ပြုံးရင်းမိန့်သည်။

"ဒီကနေ့ ငါကိုယ်တော်သိပ်ကိုပျော်ရွှင်နေလို့ မောင်မင်းတို့ အရမ်းကြီးရိုကျိုးနေစရာမလိုအပ်ပါဘူး... ငါကိုယ်တော်က နယ်စားမင်းထန့်နန်ကို နန်းတော်တွင်းဝင်စေချင်ပေမဲ့ သူ့ကို မမျှမတဆက်ဆံလို့မရချေဘူးလို့ တွေးမိတယ်... ဘာလိုပဲဖြစ်ဖြစ် နယ်စားမင်းထန့်နန်ရဲ့ အောင်မြင်မှုတွေက ငါကိုယ်တော်ကတောင် လေးစားရတယ်မဟုတ်လား.. ဒါ့ကြောင့်ပဲ ငါကိုယ်တော်က ထန့်ယင်းကို ဒီနေ့အတွက် ဒီနေရာကိုလာဖို့ အထူးဖိတ်ကြားလိုက်တယ်..."


လူအုပ်ကြီးက နောက်တစ်ကြိမ်ဒူးထောက်၍အရိုအသေပြုပြန်သည်။


"အမြော်အမြင်ရှိလှကြောင်းပါ.... အရှင်မင်းကြီး...." 


xxxxxxx