အပိုင်း ၁၂၃
Viewers 17k

Chapter 123


ရွှယ်ကျွင်းလျန်က ခေါင်းငုံ့ကာ သူ့၏နားသံသီးလေးများကို နမ်းရှိုက်လာပြီး သူ့နားရွက်များကို အပူဓာတ်တို့သွန်းလောင်းလေသည်။ ထန့်ယွင်က မီးငြိမ်းသွား၍ တော်သေးသည်ဟုတွေးလိုက်သည်။ မဟုတ်ပါက သူသေချာပေါက် အိပ်ချင်ယောင်ဆောင်နိုင်မည်မဟုတ်ပေ။


ထန့်ယွင်၏နားရွက်များက အဖျားတက်သွားသလိုခံစားလိုက် သည်။ သူ့အဝတ်အစားများမချွတ်ရသေးဘဲ ဘရိုကိတ်ဝတ်ရုံများဖြင့် သူ့ခန္ဓာကိုယ်ကို လွှမ်းခြုံထားသေးကြောင်း သတိရသွားခဲ့သည်။ သူ့တစ်ကိုယ်လုံး ပူပြင်းလာပြီး ချွေးအလွှာပါးပါးလေးတစ်ခုပင်ထွက်ပေါ်လာသည်။


ထိုလူ၏နှုတ်ခမ်းများက သူ့နားရွက်များမှသည့် သူ့နှုတ်ခမ်းထောင့်ဆီသို့ရွေ့လျားလာသည်။


ထန့်ယွင် နှလုံးခုန်မြန်သည်ထက်မြန်လာပြီး မထိန်းနိုင်တော့ပေ။ သူနိုးလာသလိုဟန်ဆောင်ရန် တွေးလိုက်သည်။


ရွှယ်ကျွင်းလျန်က ခေါင်းငုံ့ကာ သူ့နှုတ်ခမ်းများကို ခပ်ဖွဖွနမ်းလိုက်သည်။ ၎င်းက ခပ်ဖွဖွအနမ်းလေးသာဖြစ်ပြီး ချက်ချင်းဖယ်ခွာသွားခဲ့၍ ထန့်ယွင်ကို စိတ်သက်သာရာရသွားစေသည်။


ထန့်ယွင် မျက်လုံးပင်မဖွင့်ရဲတော့ချေ။


ရွှယ်ကျွင်းလျန်က သက်ပြင်းချလိုက်ဟန်ပေါ်ပြီး အသံတိုးတိုးဖြင့် သူ့ကိုယ်သူပြန်ပြောနေဟန်ပြောလိုက်သည်။

"ထန့်ယွင်... မင်းအခုနားလည်ပြီလား..."


ထိုစကားကိုကြားပြီးနောက်တွင် ထန့်ယွင်က သူမကျေမနပ်ဖြစ်နေကြောင်း အမူအရာပင်မလုပ်ရဲတော့ပေ။ တစ်ဖက်လူက သူ့ကိုထန့်ယွင်ဖြစ်ကြောင်း သိနေသည်မှာသေချာပေါက်ပင်။ စောင်အောက်ရှိသူ့လက်များက သူ့အင်္ကျီစကို တင်းတင်းဆုပ်မိသွားသည်။


ရွှယ်ကျွင်းလျန်၏လက်များက သူ၏ပါးပြင်မှသည်လည်ပင်းဆီသို့ ဖြေးဖြေးချင်းလျောဆင်းသွားသည်။


"မင်းနားလည်သေးရင်တော့လည်း ဒါကကိုယ့်အတွက် အပြစ်ဒဏ်ပဲဖြစ်ရင် ဖြစ်လောက်မှာပေါ့လေ... အဲ့ဒီ့တုန်းက ကိုယ်မင်းကိုမုန်းလွန်းလို့သတ်ချင်ခဲ့တယ်... နောက်တော့ မင်းကကိုယ် ဂရုစိုက်တဲ့ တစ်ဦးတည်းသူဖြစ်ကြောင်း သိလာခဲ့ရတယ်... ယွင်ဖုန့်နန်းတော်က အရာတိုင်းကိုပြန်တည်ဆောက်နိုင်ခဲ့တယ်... စာဖတ်ခန်းထဲက စာအုပ်တွေကိုတောင် တစ်ထပ်တည်းပြန်ထားခဲ့တယ်... ဒါပေမဲ့ ဉာဏ်ကောင်းပြတ်သားတဲ့ မင်းဆိုတဲ့ စစ်သူကြီးကတော့မရှိတော့ဘူး... ဒါအရမ်းကိုဆိုးဝါးတဲ့ ပြစ်ဒဏ်တစ်ခုပဲ..."


ထန့်ယွင်ပိုမိုထိတ်လန့်လာရသည်။ ရွှယ်ကျွင်းလျန် ယွင်ဖုန့်နန်းတော့ပြန်လည်တည်ဆောက်ခဲ့သည့်အကြောင်းကိုကြားချိန်က သူ့နှလုံးသားက ဗုံတစ်လုံးလို တဒုံးဒုံးခုန်လှုက်နေရာ တစ်ဖက်လူကြားသွားမည်ကိုပင် ကြောက်နေခဲ့ရသည်။ ရွှယ်ကျွင်းလျန်က တိုက်ရိုက်ကြီးမပြောခဲ့သော်လည်း ထန့်ယွင်လိုဉာဏ်ကောင်းသောလူတစ်ယောက်က သူအကုန်လုံးသိနေကြောင်း နားလည်လေသည်။ သူက တစ်ချိန်က ယွင်ဖုန့်နန်းဆောင်တွင်နေခဲ့သည့် အကျည်းတန်ဧကရီက မည်သူမှန်းသိပြီးဖြစ်လေသည်။


ရွှယ်ကျွင်းလျန်က ထိုအကြောင်းများပြောပြီးနောက်တွင် တိတ်ကျသွားသည်။ ခဏအကြာတွင် သက်ပြင်းချပြီး ခေါင်းငုံ့ကာ သူ့မျက်ခုံးများကိုနမ်းရှိုက်ပြီး ပြန်လှဲလိုက်လေသည်။


ထန့်ယွင်က ရွှယ်ကျွင်းလျန်၏ တည်ငြိမ်သောအသက်ရှုသံကို ကြားပြီးမှ နောက်ဆုံးတွင် စိတ်သက်သာရာရသွားခဲ့ရသည်။ သူ့တစ်ကိုယ်လုံးက အိပ်ရာပေါ်အင်အားမဲ့စွာကျသွားသလိုပင်။ သူ့နောက်ကျောတစ်ခုလုံးချွေးများရွှဲနေပြီး ဘာလုပ်ရမလဲ ဘာတွေးရမလဲပင်မသိတော့ပေ။


ရွှယ်ကျွင်းလျန်က အရင့်အရင်ကတည်းက သိပြီးသားဖြစ်ပြီး ယခုလေးတင်ပြောလိုက်သည့်အရာများမှာ သူ့ကိုယ်သူနှစ်သိမ့်ရန်ပြောခြင်းသာဖြစ်သည်။ ထန့်ယွင်က ရုတ်တရက်ကြီး ဧကရာဇ်ရွှယ်သူ့ကို နန်းတော်တွင်း ခေါ်သွင်းရန် ဆုံးဖြတ်ချခဲ့သည့်အကြောင်းတွေးလိုက်မိသည်။ ၎င်းက သူ့ကိုအရှက်ခွဲရန်မဟုတ်ဘဲ......


ထန့်ယွင် ရွှယ်ကျွင်းလျန်ကိုနောက်ကျောပေးထားလိုက်သည်။ သူ့နှုတ်ခမ်းသူဖြေးဖြေးချင်းထိကြည့်ကာ အလွန်ပူပြင်းလှသာအပူရှိန်က သူ့လက်ကိုပင် လောင်ကျွမ်းစေသည်ဟု ခံစားလိုက်ရသည်။ ထန့်ယွင်၏ အသက်ရှူသံများကလည်း ပူပြင်းလာသည်။


သူတစ်ညလုံးအိပ်မပျော်ခဲ့ပေ။


နောက်တစ်နေ့တွင် ရွှယ်ကျွင်းလျန်က ဘာမှမဖြစ်သည့်အလား မနက်အစောနိုးလာသညခ။ သူပြုံးလိုက်ပြီး ထန့်ယွင်၏နှာခေါင်းလေးကိုပွတ်သပ်ကျီစယ်လိုက်သည်။


"အိပ်ရာထဲမှာပျင်းမနေနဲ့... မြန်မြန်ထ.. ကိုယ်တို့မနက်ခင်းညီလာခံတက်ရဦးမှာလေ... ကိုယ်တို့သာနောက်ကျရင် အမတ်တွေက စည်တီးပြီး ဧကရာဇ်ကို တိုင်တန်းလိမ့်မယ်..."


ထန့်ယွင်က တစ်ညလုံးမအိပ်ခဲ့သလို မင်္ဂလာဆောင်ပြီးနောက်နေ့၌ အိပ်နေရန်လည်း အစီအစဉ်မရှိပေ။ သူ့စိတ်က အနည်းငယ်ရီဝေဝေဖြစ်နေကာ ရေရွတ်လိုက်သည်။

"ကျွန်တော် မနက်ခင်းညီလာခံကိုတက်သင့်တာလား...."


"ဒါပေါ့... နယ်စားမင်းထန့်နန်က ပျင်းနေချင်လို့လား...."


ရွှယ်ကျွင်းလျန်က ထန့်ယွင်၏ ဖရိုဖရဲဖြစ်နေသော အဝတ်အစားများနှင့် ရှုပ်ပွနသော ဆံပင်များကိုကြည့်ကြီး မပြုံးပဲမနေနိုင်တော့ပေ။ ထို့နောက်တွင် သူ့နှုတ်ခမ်းကို ဖျက်ခနဲနမ်းလိုက်ပြီးပြောလိုက်သည်။


"ထတော့နော်... ညီလာခံပြီးမှ တစ်ရေးပြန်အိပ်..."


ထန့်ယွင် မျက်လုံးပြူးသွားကာလုံးဝနိုးသွားလေသည်။ သူချက်ချင်းထလာပြီးပြောသည်။


"ကျွန်တော်မျိုးသိပါပြီ... ကျွန်တော်မျိုးက ညီလာခံသွားရမယ်လို့ မထင်ခဲ့လို့ပါ... တကယ်တော့....."


ရွှယ်ကျွင်းလျန်က သူဘာပြောချင်လဲသိ၍ ပြုံးရုံသာပြုံးလိုက်သည်။


"ကိုယ့်ဘေးမှာမင်းကိုရှိစေချင်လို့... မင်းကိုထောင်ဖမ်းခဲ့ရုံတင်မကဘူး မင်းကိုကြည့်နေမှာမလို့ မင်းရဲ့ရည်မှန်းချက်ကိုပြလေ... ဒါကမှတကယ့်ထန့်ယင်းလေ ဟုတ်တယ်မလား...."


.......


ကျောက်လုက လက်နက်နှင့်ရိက္ခာများကိုစုဆောင်းပြီးသည်နှင့် စစ်တပ်ကိုဦးဆောင်၍ မင်မြစ်၏ အောက်ပိုင်းကိုစုန်ဆင်းလေသည်။ သူမက်မွန်ပွင့်ရေကန်ကိုဖြတ်သန်းချိန်တွင် ချုံ့ခိုတိုက်ခိုက်ခံရခဲ့သည်။ 


သို့သော်တစ်ဖက်မှစစ်တပ်က မသန်မာသလို လူအနည်းငယ်သာရှိသည်။ သူတို့က ကြမ်းတမ်းလှသော မြေမျက်နှာသွင်ပြင်ကိုအခွင့်အကောင်းယူကာ ခြုံခိုတိုက်ခိုက်ပြီး တစ်ဖက်လူကို ထိတ်လန့်သွားအောင်လုပ်ချင်သော်လည်း ကျောက်လုက လန့်ရုံသာလန့်လေသည်။


ကျောက်လုက လက်နက်နှင့်ရိက္ခာများကို အသေအချာစောင့်ရှောက်ကြရန် အမိန့်ပေးလေပြီး လူများစွာကိုအရှင်ဖမ်းလေသည်။ အထပ်ထပ်မေးမြန်းပြီးနောက်တွင်သူတို့က မက်မွန်ပွင့်ရေကန်ကိုထွက်ပြေးလာကြသည့် ကျန်းဟုန်၏လက်ကျန်လူများဖြစ်မှန်းသိလိုက်ရသည်။


မက်မွန်ပွင့်ရေကန်ပတ်ပတ်လည်ဒေသက အနက်ရောင်ကျူပင်များဖြင့်ဖုံးလွှမ်းနေသည်။ အနက်ရောင်ကျူပင်များချည်းသာဆိုလျှင် အဆိပ်မရှိသော်လည်း နေရောင်ဖြင့်ထိတွေ့သွားလျှင် အဆိပ်ရှိလာလေသည်။ အနီးအနားတွင်ရွာများလည်းမရှိကြ၍ ဓားပြတိုက်ရန်လူရှာမရလေရာ ကျန်းဟုန်စစ်တပ်မှအကြွင်းအကျန်လူများက စားစရာလည်းမရနိုင်ပေ။ ထို့အပြင် သူတို့၏ရန်သူများက သူတို့ကိုတွေ့သွားမည်ကိုလည်း ကြောက်နေကြသေူသည်။ ထို့ကြောင့်ပဲ ရိက္ခာများအပြည့်ပါသည့် လူတစ်အုပ်ကိုမြင်ချိန်တွင် လာရောက်တိုက်ခိုက်ကြခြင်းဖြစ်သည်။

123.2


ကျောက်လု၏ ဦးစားပေးက ရိက္ခာနှင့်လက်နက်များကို ကာကွယ်ရန်ဖြစ်သဖြင့် လူအနည်းငယ်က မင်မြစ်ကိုဖြတ်သန်းသွားပြီး လွတ်မြောက်သွားလေသည်။


ကံဆိုးစွာဖြင့် မင်မြစ်ကိုဖြတ်သန်း၍ ထွက်ပြေးသွားကြသောလူများက ဖုန့်စစ်တပ်ထံမှအဖမ်းခံလိုက်ရပြီးသူတို့၏အသက်လေးများကို ကာကွယ်ချင်သဖြင့် ရွှယ်တိုင်းပြည်စစ်တပ်၏ လှုပ်ရှားမှုနှင့် ကျိုးလု၏တပ်ရင်းက မက်မွန်ပွင့်ရေကန်နား၌ လှုပ်ရှားနေကြောင်း ဖုန့်မင်က်ုပြောပြလိုက်ကြသည်။


ဖုန့်မင်ကိုယ်၌တွင် တိုက်ပွဲအသိရှိ၍ ထိုလူများကိုလွှတ်မပေးခဲ့ပေ။ ကျန်းဟုန်ကိုယ်တိုင်က ရက်စက်ကာ တရားမျှတမှုမရှိသူဖြစ်၍ သူ၏ကျန်ရှိသည့်အပေါင်းအပါများကလည်း ထိုသို့သာဖြစ်ရချေမည်။ ဤလူများကိုသာ အသက်ရှင်ခွင့်ပေးလိုက်လျှင် အခွင့်အရေးရှိသည်နှင့် ဖုန့်တိုင်းပြည်ကို သစ္စာဖောက်မည်သာဖြစ်သည်။


ဖုန့်မင် မြေပုံကိုကြည့်လိုက်သည်။ မင်မွန်ပွင့်ရေကန်နှင့် သိပ်မဝေးသည့်နေရာတွင် တောင်ကုန်းလေးတစ်ခုရှိသည်။ သိပ်မမြင့်သော် လည်း ပတ်ပတ်လည်တွင် မြင့်မားသည့်နေရာမရှိလေရာ ထိုတောင်ထိပ်မှနေ၍ အောက်ရှိမြင်ကွင်းအကုန်ကို မြင်နိုင်ပေသည်။ အကယ်၍ ကျောက်လု၏တပ်ခွဲက မက်မွန်ပွင့်ရေကန်တွင် လှုပ်ရှားမည်ဆိုပါက ထိုနေရာကိုတပ်စွဲထားမည်မှာသေချာပေါက်ပင်။ ထိုမှသာ အနာဂတ်တွင် မည်သည့်လှုပ်ရှားမှုရှိပါစေ သူ့ဘက်ကရှင်းရှင်းလင်းလင်းမြင်နိုင်မည်ဖြစ်သည်။


ဖုန့်မင်က ဧကရာဇ်ရွှယ်၏ သံသယလွန်ကဲသည့် သဘောသဘာဝကိုသိလေပြီး နှစ်နိုင်ငံအကြားတွင် မိတ်ဖက်ခြင်းရှိသော်လည်း ငြိမ်းချမ်းရေးကို လွယ်လွယ်ကူကူတည်ဆောက်နိုင်မည်ဟုမဆိုလိုပါချေ။ သူ့ဘက်က သူ၏နယ်စပ်တွင် အင်အားဖြည့်ချိန်၌ ရွှယ်ကျွင်းလျန်ကလည်း တပ်ခွဲတစ်ခုကိုပို့ခဲ့သည်။


ရွှယ်ကျွင်းလျန်တွင် ခြုံခြိုတိုက်ခိုက်မှုရှိလာပါက မက်မွန်ပွင့်ရေကန်က အကောင်းဆုံးခုခံရာနေရာဟူသော အတွေးက သေချာပေါက်ရှိပေလိမ့်မည်။


ဖုန့်မင် မျက်လုံးမှိတ်ကာ နှာမှုတ်လိုက်သည်။ ရွှယ်ကျွင်းလျန်က ညဏ်ကောင်းလှသော်လည်း  အလွန်အမင်းဉာဏ်ကောင်းနေသည်က...

 သူက အခြားလူများ၏ အမှားများကို တွက်ချက်ရာတွင် အမြဲတစေမှားယွင်းတွက်ချက်မိတတ်သည်။ ရွှယ်ကျွင်းလျန်က ကျောက်လုကို မက်မွန်ပွင့်ရေကန်ကိုစေလွှတ်လိုက်သည်နှင့် ဖန်းမင်က သူ၏အချစ်ဟောင်း၏မျက်နှာကြောင့် မဆင်မခြင်ပြုတော့မည်မဟုတ်ဟု ထင်သည်လား။


"သနားစရာပဲ..."


ဖုန့်မင် သူ့ဘာသာသူရေရွတ်ပြီး သက်ပြင်းချလိုက်သည်။ ကျောက်လုက သေချာပေါက်ကို စစ်သူကြီးကောင်းတစ်ယောက်ဖြစ်ပေသည်။ သို့သော် ရွှယ်ကျွင်းလျန်က ဖုန့်မင်ကို နားလည်မှုလွဲနေသည်။ ဖုန့်မင်နှင့် ကျောက်လုတို့က ဆယ်နှစ်နီးပါးအတူရှိခဲ့ကြသူများဖြစ်ကြသည်။ သူက ကျောက်လု၏စိတ်နေစိတ်ထားကို နားမလည်ဘဲ နေလိမ့်မည်တဲ့လား။ သူ၏ပုံမှန် စစ်ချီသည့်ပုံစံနှင့် စစ်ပွဲအတွင်း တပ်ဖွဲ့ကိုအသုံးချပုံက ရှင်းလင်းပေသည်။ အကယ်၍ စစ်ပွဲသာစတင်ခဲ့ပါလျှင် ၎င်းက ကံဆိုးမှုထဲမှ ကံကောင်းမှုဟုပင် ပြောရမည်။


ကျောက်လုက သူ့လူများကို တောင်များထဲတွင် စခန်းချခိုင်းကာ စောင့်ကြည့်စဉ်များဆောက်ခိုင်းလိုက်သည်။ တစ်လအတွင်း ကျောက်လု၏စစ်တပ်စခန်းနှင့် မနီးမဝေး မင်မြစ်ပတ်ဝန်းကျင်တွင် စခန်းတစ်ခုအခြေကျသွားပြီး မိုင်နှစ်ဆယ်အကွာရှိနေရာတိုင်းတွင်လည်း စောင့်ကြည့်စဉ်များကို ဆောက်ပြီးခဲ့လေပြီ။ 


သူလျှိုများမှာမင်မြစ်ကိုဖြတ်ရင်း သတင်းပေးရသည်မှာ ခက်ခဲလှ၍ ကျောက်လု၏သူလျှိုထံမှသတင်းရလာရန် တစ်လခွဲကြာခဲ့ပေသည်။


"ဖုန့်စစ်တပ်ရဲ့စစ်သူကြီးရဲ့ မျိုးရိုးနာမည်ကလုပါ... သူက ကလောင်တံကိုင်တဲ့ စာပေပညာရှင်တစ်ယောက်ပါ..."


ကျောက်လုထိတ်လန့်သွားရသည်။ မမျှော်လင့်ထားစွာဖြင့် ၎င်းက လုရှစ်ချန်ဖြစ်နေခဲသည်။


——— 


ရွှယ်ကျွင်းလျန် နဂါးပလ္လင်ထိုင်လိုက်ပြီး ပြုံးရင်းပြောလိုက်သည်။

"ဝန်မင်းတို့ဘယ်လိုများတွေးကြလဲ..."


အချို့သောဝန်ကြီးများက လုရှစ်ချန်က စာသင်သားတစ်ယောက်သာဖြစ်သည်ဟု ပြောကြသည်။ ဖုန့်မင်က နယ်စပ်ကိုတည်ငြိမ်စေရန် စာသင်သားတစ်ယောက်ကိုလွှတ်ခဲ့သည်။ တစ်ချက်ကြည့်ရုံဖြင့် ဖုန့်မင်၏ကံတရားက ယုတ်လျော့နေပုံပေါ်နေသည်။


ရွှယ်ကျွင်းလျန်က ဤတစ်ကြိမ်တွင် အေးစက်စက်ပြုံးပြီးပြောလိုက်သည်။

.

"အိုး... ငါကိုယ်တော်မှတ်မိပါသေးတယ်... အရင်ကလည်း ငါကိုယ်တော်က စာပေပညာရှင်လန့်ကျင်းကို မင်မြစ်ဆီပို့လွှတ်ဖူးပါတယ်... မောင်မင်းရဲ့စကားအရဆို ငါကိုယ်တော်ရဲ့ကံတရားကလည်း ယုတ်လျော့နေပြီပေါ့..."


သူ့စကားထွက်ပေါ်လာသည်နှင့် ကြောက်ရွံ့သွားသော အမတ်မင်းများက ချက်ချင်းဒူးထောက်ချကာ အရိုအသေးပေးပြီး ဘာမှမပြောရဲကြတော့ချေ။


ထန့်ယွင်က ပြောလိုက်သည်။

"လုရှစ်ချန်က စာသင်သားတစ်ယောက်ဆိုပေမဲ့လူအနည်းငယ်လောက်ကပဲ သူ့လိုဉာဏ်နီဉာဏ်နက်များနိုင်ကြတယ်.. စစ်ပွဲထဲမှာ ရန်သူကို နားလည်မှုလွဲရင် ဆိုးဆိုးရွားရွားရှုံးဖို့ပဲရှိတယ်..." 


ရွှယ်ကျွင်းလျန်ခေါင်းငြိမ့်ပြီးဆက်ပြောလိုက်သည်။

"ထန့်ယင်းပြောတာ ငါကိုယ်တော်တွေးတာနဲ့တစ်ထပ်တည်းပဲ..."


ထန့်ယွင်က တစ်ဖက်လူ၏အပြုံးကိုကြည့်ပြီး ရှက်ရွံ့ကာ မျက်နှာများနီလာတော့သည်။ သူချက်ချင်းခေါင်းငုံ့ချလိုက်သည်။ ယွင်ဖုန့်နန်းဆောင်တွင် မင်္ဂလာဦးညကိုဖြတ်သန်းပြီးကတည်က ထန့်ယွင်က ညီလာခံကို မြို့စားမင်းထန့်နန်အနေဖြင့် တက်ခွင့်ရသေးသော်လည်း ရွှယ်ကျွင်းလျန်၏သူ့အပေါ်အကြည့်များက ကွဲပြားခြားနားနေသည်။ တစ်ခါတစ်ရံတွင်နူးညံ့သောအကြည့်များဖြစ်ပြီး တစ်ခါတစ်ရံတွင် စိုးရိမ်ပူပန်နေသောအကြည့်များဖြစ်သည်။ ထို့ကြောင့် ထန့်ယွင်က တစ်ဖက်လူ သူ့စိတ်ထဲရှိစကားများကိုပြောချိန်က သူအိပ်နေသည်ဟု ထင်နေခဲ့မည်ဟု တွေးမိစေသည်။


ထန့်ယွင်က ရွှယ်ကျွင်းလျန်တစ်ယောက် သူအိပ်မပျော်သေးမှန်းသိ၍ ထိုစကားများကိုပြောခဲ့ခြင်းဖြစ်ပြီး ထန့်ယွင်အိပ်နေ၍ပြောခဲ့သလို ဟန်ဆောင်နေကြောင်းကိုတော့ မသိပါချေ။ ဤနည်းဖြင့် ထန့်ယွင်ကို အလွန်အမင်းတွန်းအားမပေးမိသလို ထန့်ယွင်၏ကွယ်ဝှက်ထားသော ရည်ရွယ်ချက်များကိုပွင့်ပွင့်လင်းလင်းသိနိုင်မည့် လမ်းကြောင်းအသေးစားလေးတစ်ခုကို ဖောက်နိုင်ပေလိမ့်မည်။


ရွှယ်ကျွင်းလျန်က ထန့်ယွင်၏တုန့်ပြန်မှုကိုကြည့်လိုက်ပြီး တစ်ဖက်လူ၏နားရွက်လေးများက တဖြေးဖြေးနီရဲလာပြီး ညီလာခံဝတ်ရုံအောက်တွင်ကွယ်ဝှက်ထားသည့် လည်ပင်းတစ်ခုလုံးကလည်း ရဲရဲနီနေကြောင်း မြင်လိုက်ရသည်။ သူဂုဏ်မယူဘဲမနေနိုင်တော့ချေ။ ၎င်းက လွန်ကျူးနေခြင်းမရှိချေ။ သူအကြည့်ပြန်ရုတ်ကာ လန့်ကျင်းကိုမေးလိုက်သည်။

"လန့်ကျင်း... မောင်မင်းရဲ့အတွေးကရော...."


လန့်ကျင်းကပြောသည်။

"အရှင်မင်းကြီးပြောခဲ့သလိုပါပဲ... လုရှစ်ချန်ကိုကြောက်စရာမလိုအပ်ပါဘူး...."


"အိုး... ဒီတော့လန့်ကျင်း... မောင်မင်းက သေချာပေါက်နိုင်မယ်လို့တွက်ဆထားပြီးပြီပေါ့..."


လန့်ကျင်း၏မျက်နှာအမူအရာက မပြောင်းမလဲရှိနေဆဲဖြစ်ပြီး ပြန်ဖြေလိုက်သည်။

"စစ်ပွဲကမစတင်သေးသလို ဖုန့်တိုင်းပြည်သာ ရက်စက်ကြမ်းကြုတ်တဲ့ ရည်ရွယ်ချက်နဲ့ စစ်ပွဲစဖို့ကြိုးစားခဲ့ရင် လုရှစ်ချန်တစ်ယောက်တည်းကိုကြောက်နေဖို့က မလုံလောက်ပါဘူး..." 


ရွှယ်ကျွင်းလျန်က သူ့ခေါင်းသူလက်တစ်ဖက်ဖြင့်ကိုင်ကာ ပြုံးလိုက်သည်။

"ကိုယ်တော့်ကို ဖြေးဖြေးချင်းပြောပြ..."


xxxxxxx