Chapter 127
ထန့်ယွင်က သူ့ရှေ့ရှိမြင်ကွင်းကိုကြည့်ပြီး ထန့်ချမ်းယီ မင်္ဂလာပွဲအတွက် နန်းတော်သို့လာရောက်စဉ်အချိန်ကိုတွေးလိုက်မိသည်။ အဆုံးတွင် အမြင်ရှိသည့်မည်သူမဆို တိုင်းပြည်နှစ်ခုက ရွှယ်ကျွင်းလျန်နှင့် ဖန်းမင်အပေါ် အတော်လေးအကြွေးတင်နေကြောင်း သိကြလေသည်။
ရွှယ်ကျွင်းလျန်က ပုံမှန်ဝတ်နေကြထက် ပိုသားနားသော ဝတ်ရုံကိုဝတ်ထားသည်။ သတို့သမီးက နန်းတော်ထဲရောက်နေပြီဖြစ်ပြီး တိတ်တဆိတ်စောင့်ဆိုင်းနေကာ ရွှယ်ကျွင်းလျန်က အပြင်ဘက်တွင် အဆက်မပြတ်မြှောက်ပင့်ခြင်းခံယူနေရသည်။
ရွှယ်ကျွင်းလျန်က ရွှယ်ချန်ကျင်းတစ်ယောက် အသောက်လွန်ပြီး ကောင်းကောင်းပင်မတ်တတ်မရပ်နိုင်ကြောင်းမြင်လိုက်ရ၍ ခပ်ပြုံးပြုံးပြောလိုက်သည်။
"ချန်ကျင်း... မင်းက ကိုယ်တော့်ထက် ငယ်တယ်... ကိုယ်တော်က မင်းကိုအမြဲတမ်းညီအစ်ကိုအရင်းတစ်ယောက်လို ဆက်ဆံခဲ့တာ... အခု မင်းမှာမိသားစုရှိလာပြီ... ကိုယ်တော်အတော်လေးစိတ်ချလက်ချဖြစ်သွားခဲ့ပြီ... မင်းပြန်သွားရင် ဦးရီးတော်ဘွဲ့ကို ဆက်ခံရတော့မှာပဲ..."
ရွှယ်ချန်ကျင်း နန်းမြို့တော်ကိုလာရသည့် ရည်ရွယ်ချက်က ဦးရီးတော်ဘွဲ့ကိုခံယူရန်ဖြစ်သည်။ ထိုစကားကိုကြားလိုက်ပြီးသောအခါတွင် အလွန်ပျော်သွားပြီး အသိပင်လွတ်သွားရသည်။ နောက်ဆုံးတော့ သူကအကြီးဆုံးမင်းသားမှသည် နယ်စားမင်းတစ်ယောက်ဖြစ်လာခဲ့ချေပြီ။
ရွှယ်ကျွင်းလျန်က အနည်းငယ်စိတ်ပူနေသောအမူအရာဖြင့်ပြောလိုက်သည်။
"နယ်စားမင်းကျန်းအန်းက အမြဲတမ်းနယ်စပ်မှာရှိနေတယ်ဆိုပေမဲ့ ကိုယ်တော်နဲ့ အရမ်းကိုနီးစပ်ကြပါတယ်.... အခု သူက ကွယ်လွန်သွားခဲ့ပြီဆိုတော့ ကိုယ်တော် အတော်လေးဝမ်းနည်းရပြီး သူ့အတွက်တစ်ခုခုလုပ်ပေးသင့်တယ်လို့ ခံစားမိတယ်... ချန်ကျင်းရဲ့ လက်ဆက်ပွဲက တစ်ခုခုလုပ်ပေးတယ်လို့ထည့်တွက်လို့ရပေမဲ့ ကိုယ်တော့်မှာ တခြားအကြံရှိနေသေးတယ်..."
သူပြုံးပြုံးလေးပြောလိုက်သည်။
"ဒုတိယအနေနဲ့ ကိုယ်တော် နယ်စားမင်းကျန်းအန်းအတွက်လုပ်ပေးနိုင်တာ သူ့သားသမီးတွေကို စောင့်ရှောင့်ပေးဖို့ပဲ... ချန်းကျင်း မင်းမှာညီအစ်ကိုဘယ်လောက်ရှိလဲ..."
ချန်ကျင်းက ရွှယ်ကျွင်းလျန် ဘာကိုဆိုလိုသလဲနားမလည်၍ ရူးမိုက်စွာပြန်ဖြေလေသည်။
"အရှင်မင်းကြီးကို ပြန်ဖြေရရင် ညီငယ်လေးယောက်ရှိပါတယ်...."
"အိုး... ကောင်းပြီလေ..."
ရွှယ်ကျွင်းလျန် ခေါင်းငြိမ့်လိုက်သည်။
"ချန်ကျင်းက ဦးရီးတော်ဘွဲ့ကို ခံယူရတော့မယ်ဆိုတော့ ကိုယ်တော်က တခြားလူတွေကိုလည်း ဂရုစိုက်ပေးရမှာပေါ့... ဒီလိုဆိုရင်ကော... ကိုယ်တော် နယ်စားမင်းကျန်းအန်းရဲ့ စစ်သားတွေကိုငါးပုံပုံပြီး မင်းတို့ညီအစ်ကိုငါးယောက်ကိုပေးမယ်လေ... ဘယ်လိုထင်လဲ..."
ရွှယ်ချန်ကျင်းက အာရုံစိုက်မနေပဲ ဝိုင်အလွန်အကျွံသောက်ထား၍ မူးရစ်နေလေပြီ။ ပထမက ရယ်မောနေသော်လည်း ရုတ်တရက် မျက်နှာပျက်သွားကာ ရွှယ်ကျွင်းလျန်ကို မယုံနိုင်သလိုမျက်လုံးပြူးကြည့်ပြီး ပြောလေသည်။
"အရှင်မင်းကြီး.. ဒါ... ဒါက...."
"ဘာများလဲ... ချန်ကျင်းက တစ်ခုခုမှားနေတယ်လို့များတွေးမိလို့လား...."
ရွှယ်ကျွင်းလျန်က အပြုံးမမည်သောအပြုံးဖြင့်ပြောလိုက်သည်။
"ကိုယ်တော်တို့ ရွှယ်တိုင်းပြည်က တရားမျှတဖြောင့်မတ်ခြင်း၊ စေတနာသဒါတရားထက်သန်ခြင်း၊ သားသမီးကျင့်ဝတ်ကို ဖြည့်စွမ်းခြင်းတို့ကို ဦးစားပေးတဲ့နိုင်ငံပဲ... ကိုယ်တော်တို့ ဘိုးဘေးတွက မိသားစုထဲက အချင်းချင်းကိုမသတ်ဖြတ်ရဘူးဆိုတဲ့ ဥပဒေကိုပြဌာန်းထားတယ်... ကိုယ်တော်တို့လို မျိုးဆက်သစ်တွေက ဘိုးဘေးတွေရဲ့အဆုံးအမကို လိုက်နာပြီး ညီတော်တွေနဲ့မျှဝေပေးရမှာပေါ့... ဟုတ်တယ်မလား..."
ထန့်ယွင်က ရွှယ်ကျွင်းလျန်၏ ရွှယ်ချန်ကျင်းကို မြေခွေးအိုတစ်ကောင်နှယ်လှည့်စားနေသည်ကို ကြည့်နေလိုက်သည်။ သူမရယ်ဘဲ မနေနိုင်တော့ချေ။ မီးစာပင်ထပ်ထည့်ပေးလိုက်သေးသည်။
"ကျွန်တော်မျိုးတော့ နယ်စားမင်းအရမ်းပျော်ရွှင်သွားမယ် ထင်မိတယ်..."
ရွှယ်ကျွင်းလျန်က ခေါင်းငြိမ့်ရင်းပြောသည်။
"ဒီနေ့က နေ့ကောင်းရက်သာတစ်ခုပဲလေ... စစ်တပ်အာဏာဆိုတာက အရမ်းကို ပြင်းထန်လွန်းတယ်... ချန်ကျင်း အများကြီးမသောက်နဲ့... ချန်ကျင်း အများကြီးမသောက်ပါနဲ့... ဒါရှားပါးတဲ့ညလေ... မင်းသမီးဆီသွားလိုက်ပါဦး... မင်းရဲ့ သတို့သမီးက ဖန်းတိုင်းပြည်ကလေ... သူ့ကိုလျစ်လျူမရှုရဘူး..."
ရွှယ်ချန်ကျင်း ထိုစကားများကိုကြားကြီး တစ်ခေါင်းလုံးချွေးအေးတို့ထွက်လာသည်။ သူ၏ စစ်တပ်အာဏာကိုဖြန့်ဝေပေးရတော့မယ့်အပြင် မင်းသမီးတစ်ပါးကိုလျစ်လျူရှုရဲသည်ဟု ပြောနေပေသည်။ အကယ်၍ ဖုန့်တိုင်းပြည်သာ စစ်ပွဲတစ်ခုကိုစခဲ့ပါလျှင် သူ့အပေါ်တာဝန်ကျပေတော့မညိ။
သူတို့ ဝိုင်အများကြီးမသောက်ဖြစ်ကြဘဲ ရွှယ်ကျွင်းလျန်က ရွှယ်ချန်ကျင်းကို မင်္ဂလာအိပ်ခန်းဆီ စေလွှတ်လိုက်တော့သည်။ မင်္ဂလာ အိပ်ခန်းအပြင်တွင် ပွဲတော်သီချင်းသီကြူးနေကြသောလူများရှိပြီး နယ်စားမင်းနှင့် မင်းသမီးတို့ မင်္ဂလာ သေရည်သောက်ကြရန် စောင့်ဆိုင်းပေးနေသည့် အစေခံများရှိနေသည်။
ရွှယ်ကျွင်းလျန်က တော်ဝင်အမိန့်ပြန်တမ်းရေးသားရန် တစ်စုံတစ်ယောက်ကိုစေလွှတ်ပြီးဖြစ်သည်။ သူရွှယ်ချန်ကျင်းကို စစ်တပ်အာဏာခွဲဝေမည်ဟုပြောပြီးကတည်းက နယ်စပ်သို့တော်ဝင်အမိန့်ပြန်တမ်းကို ပို့သပြီးဖြစ်သည်။ ရွှယ်ချန်ကျင်း နယ်စပ်သို့ပြန်မရောက်သေးမီ သူကစစ်တပ်အာဏာကိုခွဲဝေပြီးဖြစ်လောက်ပေမည်။ အမှန်အတိုင်းပြောရလျှင် ရွှယ်ချန်ကျင်းက နာမည်သာရှိပြီး အာဏာမရှိသည့် နယ်စားမင်းတစ်ယောက်ဖြစ်ပေသည်။
ရွှယ်ကျွင်းလျန်က ညတွင်းချင်း တော်ဝင်အမိန့်ပြန်တမ်းကို ထုတ်ပြန်ခဲ့သည်။ ဤကိစ္စက အချိန်နှင့်အမျှအသားကျသွားမည်ဖြစ်သည်။ သူဝိုင်သောက်ရင်း ဥယျာဉ်ထဲ၌ ညခင်းလေပြေတို့ကို ခံစားနေသည်။ မနီးမဝေးမှ ပွဲကြည့်စင်ကိုကြည့်ပြီး ရုတ်တရက် ထိုစားသောက်ပွဲကိုတွေးမိသွားခဲ့သည်။ ထန့်ယွင်က ထိုနန်းဆောင်တွင်အိပ်ခဲ့ပြီး သူက မူးနေဟန်ဆောင်ကာ ထန့်ယွင်အပေါ်အခွင့်အရေးယူခဲ့ဖူးသည်။
ထိုအချိန်ကရွှယ်ကျွင်းလျန်မှာ ဤထန့်ယင်းက သူနှင့် အမှန်တကယ်ဆက်ဆံရေးရှိသည့် ထန့်ယွင်ဖြစ်နေမှန်းမသိခဲ့ပေ။ ထိုအချိန်က ဤအရည်အချင်းရှိသည့် မျက်စိစပါးမွှေးစူးစရာလူကို ရှင်းလင်းရန်သာဖြစ်ပြီး အများကြီးတွေးခဲ့ခြင်းမရှိပေ။ ယခုတွင် ထိုအကြောင်းတွေးမိလိုက်ချိန်၌ သူ့ကိုယ်သူ ထက်မြက်သည်ဟုခံစားရသလို စိတ်လည်း ရှုပ်ထွေးနေမိသည်။
ထန့်ယွင်က ရွှယ်ကျွင်းလျန် တော်ဝင်အမိန့်ပြန်တမ်းကိုဆက်သရန်အတွက် လူတစ်ယောက်ကိုပို့ပြီးချိန်တွင် ယွင်ဖုန့်နန်းဆောင်ကိုပြန်ခဲ့သည်။ သို့သော် ဝိုင်သောက်ပြီး၍ အနည်းငယ်ပူသလိုခံစားရလေသည်။ ထို့ကြောင့် ဥယျာဉ်ထဲသွားကာ လေညင်းခံလိုက်သည်။ လွေ့ရွှယ်က သူ့နောက်မှလိုက်လာပြီး ပြုံးရင်းပြောလိုက်သည်။
"သခင်... အဲ့ဒါအရှင်မင်းကြီးမဟုတ်လား.. အရှင်မင်းကြီးက သခင့်ကိုအလေးပေးဆက်ဆံနေတာ မထူးဆန်းတော့ပါဘူး.. သခင်တို့နှစ်ယောက်က စိတ်နှလုံးသားချင်းချိတ်ဆက်နေကြတာပဲ...."
ထန့်ယွင်က သူမကို အဓိပ္ပာယ်မရှိတာပြောသည်ဟု ဆူပူရန်ပြင်လိုက်သော်လည်း သူမော့ကြည့်လိုက်ချိန်တွင် ရွှယ်ကျွင်းလျန်က ပွဲကြည့်စင်အသေးလေးတွင်ရပ်နေပြီး တစ်စုံတစ်ရာကိုစဉ်းစားနေဟန် ငေးမောနေကြောင်းတွေ့လိုက်ရသည်။
ဘာကြောင့်လဲမသိသော်လည်း ထိုနေ့ညက မြင်ကွင်းဖြစ်သော ရွှယ်ကျွင်းလျန်က သူ့ကို ပွဲကြည့်စင်လေး၏ ကျောက်သားကြမ်းပြင်ပေါ်တွန်းချပြီး ဖိချခဲ့သော မြင်ကွင်းက သူ့ခေါင်းထဲ ရုတ်တရက်ထွက်ပေါ်လာသည်။
127.2
ဝိုင်က သူ့သွေးများကိုပိုမိုဆူပွက်စေပုံရပြီး ထန့်ယွင်ကိုမူးရစ်စေသည်။ လွေ့ရွှယ်ကပြောလိုက်သည်။
"သခင် မသွားတော့ဘူးလား...."
ထန့်ယွင်ခေါင်းခါလိုက်သည်။
"ဧကရာဇ်ရွှယ် စဉ်းစားစရာတစ်ခုခုရှိနေပုံပဲ... သူ့ကိုမနှောင့်ယှက်ပဲနေကြရအောင်..."
ထိုသို့ပြောပြီး ပြန်ထွက်သွားသည်။ ဤနေရာက သူ့ကို ရှက်ဖွယ်လိလိကိစ္စများကိုသာ ပြန်လည်မှတ်မိနေစေလေသည်။
သို့သော် မထင်မှတ်ထားစွာဖြင့် ရွှယ်ကျွင်းလျန်က သူနှင့်အမှန်တကယ် စိတ်နှလုံးချင်းချိတ်ဆက်ထားဟန်ပေါ်လေသည်။ သူပြန်ရန်ပြင်ရုံရှိသေး အနောက်မှ မေးမြန်းသံထွက်ပေါ်လာသည်။
"ထန့်ယင်းက အနားယူဖို့ပြန်မသွားသေးဘူးလား..."
ထန့်ယွင်ခြေလှမ်းလှမ်းလိုက်သော်လည်း ရွှယ်ကျွင်းလျန်က ထိုစကားကိုသာ နောက်ထပ်တစ်ကြိမ် ပြုံးပြုံးလေးပြောလိုက်သည်။
"ပြန်ပြီးအနားမယူသေးဘူးလား...."
ထန်ယွင်ကပြန်ဖြေသည်။
"ပြန်တော့မှာပါ...."
"ကိုယ်တော်တော့ ထန့်ယင်းအနားယူနေတာကို နှောင့်ယှက်မိတယ်လို့ခံစားလိုက်ရတယ်...."
ဖြစ်နိုင်သည်မှာ ထန်ယွင်က အရက်အလွန်အကျွံသောက်ခဲ့၍ အံ့ဩဖို့ကောင်းစွာဖြင့် သူပြုမူနေကိဖြစ်သော ယဉ်ကျေးသည့်အမူအရာကို မလိုက်နာနိုင်တော့သည့် ပုံပင်။ အမြဲပြောနေကြဖြစ်သည့် "ကျွန်တော်မျိုး မလုပ်ဝံ့ပါဘူး" ဆိုသည်ကိုပင် မပြောတော့ချေ။
ရွှယ်ကျွင်းလျန်က သူ့၏လက်ကိုလက်ရန်းပေါ်တင်လိုက်ရင်း ပြောလိုက်သည်။
"သေရည်နည်းနည်းလောက်သောက်ပြီး လေညှင်းခံဖို့အချိန်ကောင်းပဲ....."
ထို့နောက် တစ်ဖက်လူကို လှည့်ကြည့်လိုက်ပြီး မေးလိုက်သည်။
"အေးနေသေးလား....လွေ့ရွှယ်ကို မင်းအတွက်ဝတ်ရုံယူဖို့ခိုင်းလိုက်ရမလား...."
ထန့်ယွင်ကခေါင်းယမ်းလိုက်ပြီး ပြောသည်။
"မလိုပါဘူး... ကျွန်တော်မျိုးက အဲ့လောက်မပျော့ညံ့ပါဘူး..."
ရွှယ်ကျင်းလျန်က ခဏတာမျှ ကြောင်အသွားပြီး ထန့်ယွင်၏ မျက်နှာကိုကြည့်လိုက်သည်။ သူ့ကြည့်ရသည်မှာ အနည်းငယ်စိတ်ရှုပ်နေသည့် ပုံပင်။ လက်ကိုမြှောက်လိုက်ပြီး ထန့်ယွင်၏ပါးကို ညင်သာစွာပွတ်သပ်ပေးဖို့ရာလည်း မလုပ်ဆောင်နိုင်ချေ။ ထို့ကြောင့် သူက ပြုံး၍သာပြောလိုက်သည်။
"ထန့်ယင်းက စစ်သူကြီးတစ်ယောက်ဖြစ်ခဲ့ပြီး မင်မြစ်မှာတုန်းက စစ်တပ်ကို ဦးဆောင်ခဲ့ဖူးတာကို ကိုယ်တော်မေ့သွားတယ်...."
ထန့်ယွင် မတ်တပ်ရပ်နေရင်း သူ့ပါးကို လက်နှင့်ထိကိုင်လိုက်သည်။ သူ့စိတ်ကအနည်းငယ်ရှုပ်ထွေးနေပြီး ခေါင်းကလည်း အရက်ကြောင့်မူးဝေနေသည်။ ရွှယ်ကျွင်းလျန်၏ လက်ဖဝါးက အနည်းငယ်ပူနွေးနေပြီး သူ့လက်ကထန့်ယွင်၏ ပါးပြင်နားတွင် ရစ်ဝဲနေသော်လည်း သူ မလှုပ်ရှားရဲပေ။
လွေ့ရွှယ်က ထက်မြက်စွာဖြင့် အနောက်ပြန်လှည့်လာလိုက်ပြီး နားခိုဆောင်အပြင်ဘက်တွင် ရပ်စောင့်နေလိုက်သည်။
ရွှယ်ကျွင်းလျန်၏ လက်က ဘာကိုမှမလုပ်ခဲ့ပဲ သူ့လက်ကိုအောက်ချပြီး ရုတ်တရတ်ပြောလိုက်သည်။
"ဒီနေ့ပြီးရင် ရွှယ်ချန်ကျင်းက မြို့တော်မှာနေဖို့အကြောင်းအရင်းမရှိတော့ဘူး.... စစ်တပ်အာဏာရယူဖို့ ကိုယ်တော်တစ်ယောက်ယောက်ကိုစေလွှတ်ချင်တယ်.... ဒါပေမဲ့ ရွှယ်ယွီကိုတစ်ယောက်တည်း လွှတ်ဖို့ကိုလည်း စိတ်မချနိုင်ဘူး...."
ပြောပြီးသည့်နောက် ထန့်ယွင်ကိုတစ်ချက်ကြည့်လိုက်သည်။ ထို့နောက်ပြုံးပြုံးလေးဆက်ပြောသည်။
"ဘယ်လိုပဲဖြစ်နေပါစေ ကိုယ်တော့်နှလုံးသားက မင်းမြို့တော်ကနေ နောက်တစ်ခါထွက်သွားတာမျိုးကို ခံနိုင်ရည်မရှိဘူး...."
ထန့်ယွင် ခေါင်းကိုလှည့်လာပြီး နားခိုဆောင်အပြင်ဘက်ကိုသာ ထပ်ကြည့်နေသော်လည်း သူ့၏မျက်လုံးများက အာရုံစူးစိုက်မှုမရှိတော့ပေ။ ရွှယ်ကျွင်းလျန် ဤကဲ့သို့စကားပြောခြင်းကို သူမကြိုက်ပေ။
ရွှယ်ကျွင်းလျန်က ပြောသည်။
"ကိုယ်တော်အခုတလော တိုင်းပြည်အရေးနဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေကိုပဲ အာရုံစိုက်နေနိုင်တယ်... မင်းအမြန်သွားပြီး မကြာခင်ပြန်လာနိုင်လိမ့်မယ်လို့ ကိုယ်တော်မျှော်လင့်ပါတယ်...."
"စိတ်မပူပါနဲ့ အရှင်မင်းကြီး...."
ထန့်ယွင်ကပြောလိုက်သည်။
"ကျွန်တော်က စစ်တပ်ကိုလက်ခံဖို့ပဲသွားရမှာပါ.... စစ်ပွဲသွားဆင်နွှဲမှာမဟုတ်ပါဘူး....'
ရွှယ်ကျွင်းလျန် ခေါင်းညိမ့်ပြီး ပြောသည်။
"ထန့်ရှန်ကို မင်းနဲ့အတူ လိုက်ခိုင်းလိုက်မယ်.... အဲ့ဒီမှာတစ်ခုခုဖြစ်ခဲ့ရင် မင်းမှာဆွေးနွေးနိုင်ဖို့တစ်ယောက်ယောက်ရှိအောင်လို့ပေါ့.....မင်း ထန့်ရှန်ကိုယုံကြည်မှန်း ကိုယ်တော်သိပါတယ်... သူက ရုံးတော်အရာရှိတစ်ယောက်ဖြစ်ဖို့ ငြင်းဆန်ခဲ့ပေမဲ့ မင်းကိုတော့ သူကျိန်းသေကူညီမှာပါ...."
ထန့်ယွင်က ခေါင်းညိမ့်ပြလိုက်ပြီးနောက် သူတို့နှစ်ဦးကြား ပြောစရာစကားမရှိတော့ပေ။
..............
နောက်တစ်နေ့ မနက်ခင်းနိုးထလာချိန်တွင် ထန့်ယွင်ပထမဆုံးမြင်မိသည့်အရာက ရွှေဝါရောင်တောက်ပနေသည့်ခုတင်ဖြစ်သည်။ စိတ်ထဲတွင် "ခုတင်က ဘယ်လိုဖြစ်ပြီးအရောင်ပြောင်းသွားတာလဲ" ဟု ရေရွတ်လိုက်မိသည်။ တစ်ချိန်တည်းတွင် ခေါင်းကိုလှည့်ကြည့်လိုက်သည့် အခါ၌ လက်နှင့်နီးကပ်နေသည့်နေရာတွင် မျက်နှာတစ်ခုကိုတွေ့လိုက်ရသည်။
ထန့်ယွင် ရုတ်တရက် အိမ်မက်မှ နိုးထလာသလိုပင် ခံစားလိုက်ရသည်။ ယမန်နေ့ညက နားခိုဆောင်လေးတစ်ခုတွင် ရွှယ်ကျွင်းလျန်နှင့် စကားပြောနေခဲ့ပြီး နောက်ပိုင်းတွင် ဧကရာဇ်ရွှယ်၏ အခန်းထဲ တစ်ညတာကုန်ဆုံးခဲ့သည်ပင်။ သူ ယမန်နေ့က အရက်မူးပြီးအိပ်ပျော်သွားခဲ့၍ နောက်ပိုင်းဘာဆက်ဖြစ်ခဲ့ကြောင်း မမှတ်မိပေ။
ရွှယ်ကျွင်းလျန် မျက်လုံးဖွင့်လိုက်သည်နှင့် ထန့်ယွင်၏ နီရဲပြီးကြောင်အနေသောမျက်နှာကိုတွေ့လိုက်ရသည်။ သူရယ်မောလိုက်ပြီး ပြောလိုက်သည်။
"ထန့်ယွင်း တစ်ခုခုလွဲနေပြီလို့ ထင်နေတာလား...."
ထန့်ယွင်၏ အတွေးကိုသိပြီးနောက် အမြန်ထလိုက်ပြီးအင်္ကျီပြန်ဝတ်လိုက်သည်။ သူ့ ခန္ဓာကိုယ်ပေါ် တွင် သက်သောင့်သက်သာမရှိသည့်ပုံရိပ်မမြင်ရပေ ။
ရွှယ်ကျွင်းလျန်ရယ်မောလိုက်ရင်း ပြောသည်။
"စိတ်မပူပါနဲ့ .... ကိုယ်တော်ကဧကရာဇ်တစ်ပါးပါ... လူတစ်ယောက် သောက်ထားတဲ့အချိန် ကိုယ်တော်ဘာမှမလုပ်ပါဘူး....."
xxxxxx