အပိုင်း ၁၂၉
Viewers 17k

Chapter 129


ထန့်ယွင်နှင့် သူ့အဖွဲ့ အိမ်တော်သို့ ရောက်သောအခါ တစ်ရက်တာ အနားယူလိုက်ကြသည်။ နောက်တစ်နေ့တွင် ရွှယ်ချန်ကျင်းက ထန့်ယွင်နှင့် ထန့်ရှန့်တို့အတွက် စားသောက်ပွဲကြီး ကျင်းပရန်  အစွမ်းကုန် ပြင်ဆင်ထားလေသည်။


ဟယ့်ညီနောင်သုံးဖော်မှာ သူတို့နှင့်အတူ ပွဲတက်သင့်သော်လည်း ဟယ့်ကျုံးက ငြင်းပယ်လိုက်၏။


“ငါတို့လို လူကြမ်းတွေက မင်းတို့ရဲ့ အတုအယောင်မြှောက်ပင့်မှုတွေနဲ့ အသားမကျဘူး…”


ရွှယ်ချန်ကျင်းက ယခုအခါ အမတ်မင်း ဖြစ်လာသောကြောင့် သဘာဝအားဖြင့် အလွန်ပင် သင့်တော်လှပေသည်။


ယမန်နေ့ညက အမတ်မင်းထံ၌ တောင်းဆိုစရာ ရှိပါက မည်ကဲ့သို့ တောင်းဆိုရမည် ဖြစ်ကြောင်း ထန့်ယင်းက သူတို့ကို ပြောပြထား၏။ ထို့ပြင် ဟယ့်ကျုံးကလည်း ထပ်မံ ဖြည့်စွက်၍ ပြောသည်။


“တကယ်လို့ အမတ်မင်းသာ စိတ်မဝင်စားဘူးဆိုရင် စစ်သူကြီးတွေက စစ်စခန်းကို သွားပြီး စောင့်ကြည့်ပါ့မလား…”


ရွှယ်ချန်ကျင်းကလည်း ထောက်ခံလိုက်သည်။ မည်သို့ပင်ဆိုစေကာမူ ဟယ့်ညီနောင်သုံးဖော်မှာ တုတ်ခိုင် သန်စွမ်းလှပြီး အလွန် မျက်စိကျလောက်သည့် ပုံစံမျိုး မဟုတ်ပေ။


ထို့ကြောင့် ရွှယ်ချန်ကျင်းက သူ့နောက်လိုက် တစ်ယောက်ကို သူ့တံဆိပ်တုံးအား ယူဆောင်၍ ဟယ့်ညီနောင် သုံးဖော်ကို  စစ်တန်းလျားသို့ ပြန်ပို့ပေးရန် စေခိုင်းလိုက်ပြီး သူက ထန့်ယွင်နှင့် အဖွဲ့ကို ပွဲတော်ကို ခေါ်ဆောင်သွားလေသည်။


ပွဲတော်ကြီးမှာ ကြီးကျယ်ခမ်းနားလွန်းလှသော်လည်း ရွှယ်ချန်ကျင်းက ပြင်ဆင်မှုတွင် မပါဝင်ခဲ့ပေ။ အစောပိုင်းတည်းက အမတ်မင်းကျန်းအန်၏ အခြားသားများက ပြင်ဆင်ထားပြီး ဖြစ်သည်။ သို့ရာတွင် ရွှယ်ချန်ကျင်းမှာ အကြီးဆုံးသား ဖြစ်သည့်အပြင် တရားဝင်သား ဖြစ်သောကြောင့်  အမတ်ကြီးရာထူးကို သဘာဝအတိုင်း အမွေဆက်ခံနိုင်ခဲ့သည်။ အစပိုင်းတွင် သူက ထန့်ယွင်ကို အမြင့်ဆုံးသော ထိုင်ခုံတွင် ထိုင်ခိုင်းသော်လည်း ထန့်ယွင်က ငြင်းဆန်ခဲ့သောကြောင့် ရွှယ်ချန်ကျင်းက ထိုနေရာ၌ ဝင်ထိုင်လိုက်သည်။


အခြားသော ညီအစ်ကိုများ၏ စစ်ရေးအင်အားဝေစုမှာ ရွှယ်ချန်ကျင်းထက် ပို၍ ကြီးမားပေသည်။ သို့သော် သူတို့နာမည်များမှာ မကျော်ကြားသောကြောင့် အဓိကထိုင်ခုံများတွင် မထိုင်နိုင်ကြပေ။ ထိုကြောင့် ထုံးစံအတိုင်း သူတို့အားလုံး မကျေမနပ် ဖြစ်နေကြသည်။


ထန့်ယွင်ကား ထင်ရှားသည့် အမတ်ကြီး ထန့်နန်နှင့် ဧကရာဇ်ရွှယ်၏ တော်ဝင်ကြင်ယာတော် အသစ် ဖြစ်ကြောင်း ဤလူများက ကြားဖူးထားကြလေသည်။ ရွှယ်ချန်ကျင်း၏ လိင်တူဆက်ဆံမှုအကြောင်း သူတို့ စဉ်းစားမိသောအခါ တစ်စုံတစ်ခုကို အလိုလို တွေးတောမိကြပေလိမ့်မည်။ ထို့ပြင် ထန့်ယွင်ကို ကြည့်နေသည့် သူတို့၏ အကြည့်များ၌ အဓိပ္ပာယ်အမျိုးမျိုး ပြည့်နှက်နေသည်။


ထန့်ယွင်က ထို့အကြည့်များ၏ အဓိပ္ပာယ်ကို သိသော်လည်း မမြင်ချင်ယောင် ဆောင်ပြီး ပြုံးရွှင်စွာ ပြောလိုက်သည်။


“ကျွန်တော် မြို့တော်မှာ ရှိတဲ့အချိန်တုန်းက အမတ်ကြီးကျန်းအန်ဟာ စစ်တပ်ကို စည်းနဲ့ကမ်းနဲ့ အုပ်ချုပ်ပြီး လုံ့လဝီရိယ ရှိတဲ့အပြင် ချွေတာတတ်တယ်လို့ မကြာခဏ ကြားဖူးပါတယ်… ဧကရာဇ်ရွှယ်က အမတ်ကြီးကျန်းအန်ကို စံနမူနာအဖြစ် ပြသပြီးတော့ အရာရှိအားလုံး သူ့ကို အတုယူဖို့ ပြောလေ့ရှိတယ်…”


ရွှယ်ချန်ကျင်းက ထန့်ယွင်မှာ ယဉ်ကျေးပြီး စကားပြောရာတွင်လည်း ကျိုးနွံစွာ ပြောဆိုတတ်သည်ဟု တွေးတောနေသည်။ သို့သော် သူ့မိန့်ခွန်းကို နားထောင်နေကြသည့် အခြားလူများမှာမူ အနည်းငယ် မျက်နှာ ပျက်နေကြသည်။ အကြောင်းမှာ ထန့်ယွင်က သူတို့၏ ကြီးကျယ်ခမ်းနားသော ပွဲတော် အပြင်အဆင်များကို ပြက်ရယ်ပြုနေသည်မှာ အလွန် ထင်ရှားသောကြောင့်ပင်။


ထန့်ယွင်က ပြောသည်။


“ဧကရာဇ်ရွှယ်က ညီနောင်ချစ်ကြည်မှုကို အမြဲတမ်း အလေးအနက် ထားပါတယ်… ကျွန်တော် ထွက်ခွာလာတဲ့ အချိန်တုန်းက ဧကရာဇ်ဟာ ကျွန်တော့်ကို ခေါ်ပြီးတော့ ညီအစ်ကိုတွေ လှောင်ပြောင်ခြင်း မခံရအောင် အချင်းချင်း စည်းလုံးညီညွှတ်စွာ နေကြဖို့ သတင်းစကား ပါးလိုက်ပါတယ်…”


လူပေါင်းများစွာက လျင်မြန်စွာ ခေါင်းငြိမ့်လိုက်ကြသည်။ သို့သော် သူတို့အားလုံး၏ စိတ်ထဲ၌ မည်သူမှ အမြင် မကြည်နေကြပေ။


သူတို့ နှစ်ခွက်ခန့် သောက်ပြီးသောအချိန်၌ ရွှယ်ချန်ကျင်း၏ အစေခံတစ်ယောက် ကမန်းကတမ်း ပြေးဝင်လာသည်။ ထိုလူ၏ မဆင်မခြင် အမူအရာကို မြင်သောအခါ ရွှယ်ချန်ကျင်းက အော်ဟစ်လိုက်၏။


“အမတ်ကြီးတွေအားလုံး စုဝေးနေတဲ့ နေရာကို မင်းက မဆင်မခြင် ဝင်လာရဲတယ်ပေါ့… ခေါင်းပြတ်ချင်နေပြီလား…”


ထိုအစေခံက ဒူးထောက်ကာ ဦးညွှတ်လိုက်လေသည်။ သူ့ကို ကြည့်ရသည်မှာ အလွန် စိုးရိမ်နေပုံ ရ၏။ ထို့နောက် သူက ရွှယ်ချန်ကျင်း၏ နားနားသို့ ကပ်၍ စကားအချို့ ပြောလိုက်သောအခါ သူ့အမူအရာမှာလည်း ပြောင်းလဲသွားလေသည်။


ထို့နောက် သူက လက်ကာပြလိုက်ပြီး ပြုံးရွှင်စွာ ပြောလိုက်သည်။


“အားနာပါတယ်… အိမ်မှာ တစ်ခုခု ဖြစ်နေတဲ့ပုံပဲ… ခင်ဗျားတို့အားလုံး အရင်သောက်ထားကြပါ… ကျုပ် သွားပြီး စစ်ဆေးကြည့်လိုက်မယ်…”


ထိုသို့ ပြောလိုက်ပြီးနောက် သူ့အစေခံနှင့် အတူ ကတိုက်ကရိုက် ထွက်သွားလေသည်။


“ဘာ မင်းသမီးလဲ… အမှန်အတိုင်းပြောရရင် ငါ့အစ်ကိုက သူ့အိမ်တော်ထဲမှာ သူကြိုက်တဲ့ ယောက်ျားသားတွေကို ပျိုးထောင်ပေးထားပြီးတော့ လူကြီးကိစ္စတွေကို လုပ်နေတာ… တစ်နေ့တာလုံး ငါ့အစ်ကိုရဲ့ မျက်နှာသာ ပေးမှုအပေါ်မှာပဲ မှီခိုနေရတဲ့ ဥပဒေမဲ့လူတွေလည်း အများကြီးရှိတော့ အမတ်ကြီးရဲ့ အိမ်တော်မှာ ရှုပ်ထွေးနေတာပဲ… အခု မင်းသမီးကို လက်ထပ်ထားသေးတယ် ဟမ့် သူမတော့ သိက္ခာကျမှာ သေချာတယ်…”


သို့သော် သူ့စိတ်ထဲတွင် ရွှယ်ချန်ကျင်းက ဤကိစ္စများကြောင့် အမြန် ပြန်သွားရမည် ဖြစ်ကြောင်း သိနေခဲ့သည်။


ဝိုင်သုံးကြိမ် သောက်ပြီးသည့်တိုင်အောင် ရွှယ်ချန်ကျင်းမှာ ပြန်မလာသေးပေ။ သူတို့အားလုံး စားသောက်ရင်း ဝိုင်များ အလွန်အကြူး သောက်ထားကြသဖြင့် လူစုခွဲရန်ပင် အဆင့်သင့် ဖြစ်နေကြသည်။ ထိုစဉ် ထန့်ယွင်က ပြော၏။


“အခုထိ အစောကြီးပဲ ရှိပါသေးတယ်… စစ်စခန်းကို သွားပြီးတော့ အမတ်ကြီး ကျန်းအန်ရဲ့ လမ်းစဉ်တွေကို သွားကြည့်ကြတာ ကောင်းမယ်ထင်တယ်…”


ထန့်ယွင်က ဤကဲ့သို့ ပြောလိုက်သည့်အခါ သူတို့အားလုံး မငြင်းဆန်ဝံ့ကြသဖြင့် ထန့်ယွင်နှင့် ထန့်ရှန့်ကို စစ်တန်းလျားဆီ ခေါ်ဆောင်သွားကြလေသည်။


သူတို့အဖွဲ့ စစ်တန်းလျားဆီသို့ ရောက်သောအခါ ဂိတ်စောင့်စစ်သား နှစ်ယောက်ကိုသာ တွေ့လိုက်ရသည်။ ထန့်ယွင်နှင့် သူ့အဖွဲ့ကို မြင်သောအခါ စစ်သားမှာ အနည်းငယ် ထိတ်လန့်သွားလေသည်။


ထန့်ယွင်က ပြုံးရွှင်စွာ ပြောလိုက်သည်။


“အထဲမှာ အရမ်းကို တက်ကြွနေကြတာပဲ…”


ထိုစစ်သားက ပြန်ဖြေလိုက်လေသည်။


“အခုလေးတင်ပဲ မြို့တော်က သံတမန်တစ်ယောက် စခန်းကို ရောက်လာတဲ့အတွက် စစ်သားတွေအားလုံး သံတမန်နဲ့ ပြိုင်ချင်နေကြတယ်… သူတို့အားလုံး အထဲမှာ ရှိနေပါတယ်…”


သူတို့တစ်ဖွဲ့လုံး အထဲသို့ ဝင်လိုက်ကြသည်။ ဤအခိုက်တွင် လေ့ကျင့်ရေးကွင်း၌ လူအများအပြား ရှိနေကြသည်။ အလယ်မှ စင်မြင့်ထက်တွင် အရပ်ရှည်ရှည် လူတစ်ယောက် ရှိနေပြီး ထိုလူမှာ ဟယ့်ကျုံး ဖြစ်ကြောင်း သိသာထင်ရှားပေသည်။ ဟယ့်ကျုံးက စစ်သားတစ်ဦး၏ တိုက်ခိုက်မှုကို ရှောင်ရှားလိုက်ပြီး ထိုလူကို လက်တစ်ဖက်တည်းဖြင့် ကိုင်မြှောက်ကာ စင်ပေါ်မှ ပစ်ချလိုက်လေသည်။ ထိုစဉ် အောက်မှ ပွဲကြည့်နေသော လူများ၏ သက်ပြင်းချသံနှင့် ချီးကျူးသံများပါ ထွက်ပေါ်လာသည်။


ဟယ့်ကျုံးကား တိုက်ခိုက်ရေး လေ့ကျင့်ခန်းများ မလုပ်ရသည်မှာ ကြာပြီ ဖြစ်သောကြောင့် ယခုအခါ စစ်သားများနှင့် ကစားနေရသည့်အတွက် အလွန် ပျော်ရွှင်နေသည်။ ထို့နောက် သူက ချွေးများကို သုတ်လိုက်၏။ သူ လှမ်းကြည့်လိုက်သောအခါ စင်မြင့်အောက်၌ ထန့်ယွင်နှင့် ထန့်ရှန်တို့ကို တွေ့လိုက်ရလေသည်။

129.2


ထန့်ယွင်က ဦးဆောင်၍ သူ့ဆီသို့ လျှောက်လာပြီး ပြုံးပြလိုက်၏။ 


“ကြည့်ရတာ မင်းနဲ့ ဒီစစ်သားတွေ တော်တော်လေး ရင်းနှီးလာတဲ့ပုံပဲ…”


ဟယ့်ကျုံးက စစ်စခန်းအောက်ခြေသို့ ရောက်လာသည်။ ယခုအခါ ထန့်ယွင် ရောက်လာသဖြင့် စခန်းတစ်ခုလုံးအား ကြည့်ရှုရန် တစ်စုံတစ်ယောက်က ထန့်ယွင်ကို ခေါ်ဆောင်သွားလေသည်။ 


ဤစစ်စခန်းတွင် စစ်သည်တော်များ များများစားစား မရှိသော်လည်း စည်းစနစ်တကျနှင့် စားနပ်ရိက္ခာများ လုံလောက်မှု ရှိကြောင်း ထန့်ယွင် စိတ်ထဲမှ မှတ်ချက်ချလိုက်မိသည်။


ပြန်သွားပြီးနောက် ထန့်ရှန်က ပြော၏။


“စစ်တပ်အာဏာကို ပြန်ယူဖို့ဆိုတာ မလွယ်ကူမှန်း ငါလည်း သိပါတယ်… ဒါပေမဲ့ အမတ်ကြီးကျန်းအန်တို့ ညီအစ်ကိုတွေကြားက သဘောထားကွဲလွဲမှုတွေနဲ့ စတင်ရမှာပဲ…”


ထန့်ယွင်ကလည်း ခေါင်းငြိမ့်ကာ ထောက်ခံလိုက်သည်။


“ငါလည်း ဒီလိုပဲ ထင်တယ်…”


စကားပြောနေကြစဉ် တစ်စုံတစ်ယောက် ရောက်လာသည်။ ထိုလူမှာ ထန့်ယွင် စေလွှတ်ထားသော သူလျှိုတစ်ယောက်ပင်။ ထိုလူက အမတ်ကြီးကျန်းအန် ပွဲတော်မှ အိမ်သို့ အမြန် ပြန်သွားရသည့် အကြောင်းအရင်းမှာ အမှန်တကယ်ပင် မင်းသမီးကြောင့် ဖြစ်ကြောင်း အစီရင်ခံလိုက်သည်။


ရွှယ်ချန်ကျင်း၏ အိမ်တော်တွင် သူကြိုက်နှစ်သက်သော အမျိုးသား အနည်းငယ် ရှိသည်။ ထိုလူများမှာ ဂုဏ်သတင်း ကျော်ကြားခြင်း မရှိသည့်အပြင် အများအားဖြင့် ဆင်ခြင်တုံတရား ကင်းမဲ့ကြပြီး အရေအတွက်မှာလည်း များလှပေသည်။ အိုမင်းနေပြီ ဖြစ်သော အမတ်ကြီးမှာ ပြင်းထန်စွာ နာမကျန်း ဖြစ်နေကြသောကြောင့် သူတို့အားလုံး ပို၍ ဥပဒေ မဲ့လာကြ၏။ နောက်ပိုင်းတွင် ရွှယ်ချန်ကျင်းက သူ့ဘွဲ့ကို လက်ခံရယူရန် မြို့တော်သို့  သွားခဲ့သည်။ ထို့နောက် အကြီးဆုံးသားဖြစ်သူက မြို့တော်ရှိ မင်းသမီးနှင့် လက်ထပ်ခဲ့ပြီ ဖြစ်ကြောင်း ကြားလိုက်ရသောအခါ သူတို့အားလုံး မကျေမနပ် ဖြစ်နေကြသည်။


အမတ်ကြီး၏ အိမ်တော်သို့ မင်းသမီး ပထမဆုံးအကြိမ် ရောက်ရှိလာသောအခါ ရွှယ်ချန်ကျင်းမှာ သံတမန်များကို ဧည့်ခံရန် အလွန်အလုပ်များနေသောကြောင့် မင်းသမီးအား ဂရုတစိုက် ဆက်ဆံရန်အတွက် သူ့လူများကို မှာကြားရန် မေ့လျော့သွားခဲ့သည်။


အမတ်ကြီးက မင်းသမီးကို လုံးဝ ဂရုမစိုက်ဟု ထိုလူများက ထင်နေကြသည့်ပြင် ဖုန့်နိုင်ငံမှာ အလွန် ဝေးလွန်းသည့်အတွက် မင်းသမီး၏ ပတ်ပတ်လည်တွင် အစေအပါး နှစ်ယောက် သုံးယောက်ခန့်သာ ရှိပေသည်။ အားကိုးစရာ လူမရှိပေ။ ထို့ကြောင့် သူတို့က အတင့်ရဲလာကြပြီး တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ မင်းသမီးကို မလွှဲမရှောင်သာအောင် ဒုက္ခပေးနေကြသည်။


ဖုန့်တိုင်းပြည်တွင် နေစဉ်က မင်းသမီးမှာ အလိုလိုက်ခံခဲ့ရသည်။ နဝမမြောက် အမတ်ကြီးက စစ်တပ်၏ အင်အားကို ချုပ်ကိုင်ထားသောကြောင့် မည်သူ တစ်ဦးတစ်ယောက်မှ ထိုအမတ်ကြီး၏ သမီးကို မစော်ကားဝံ့ကြပေ။


ယခုအခါ မင်းသမီးမှာ အနိုင်ကျင့်ခံရနေရသဖြင့် ချက်ချင်းပင် ဒေါသထွက်လာ၏။ သူမခင်ပွန်း၏ ယခင်က လုပ်ရပ်များကိုလည်း သူမ ကြားသိခဲ့ရသည်။ ဤကဲ့သို့ စော်ကားမှုမျိုးကို သူမ မည်ကဲ့သို့ ခံနိုင်ရည် ရှိပါမည်နည်း။ ထို့ကြောင့် သူမက ဒေါသတကြီးဖြင့် သူမ၏ အိမ်အကူနှင့် အတူ တိတ်တဆိတ် ထွက်ပြေးသွားလေသည်။


ရွှယ်ချန်ကျင်းက မင်းသမီးကို ရှာရန် အိမ်တော်သို့ ပြန်လာခဲ့ရသည်။ သို့သော် သူမကို ပွင့်လင်းမြင်သာစွာ ရှာဖွေ၍ မရပေ။ အကယ်၍ ဤကိစ္စကို ထန့်ယွင် သိသွားပြီး ရွှယ်ကျွင်းလျန်ကို သတင်းပေးလိုက်ပါက ရာဇဝတ်မှုမှာ ပို၍ ကြီးမားသွားမည် ဖြစ်ပြီး ကြီးလေးသော အပြစ်ဒဏ် ချမှတ်ခံရပေလိမ့်မည်။


သူလျှို၏ စကားကို ကြားလိုက်ရသောအခါ ထန့်ယွင်နှင့် ထန့်ရှန်တို့ အချင်းချင်း တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။ အခြေအနေကား ကောင်းမွန်နေပုံ မရပေ။


စစ်တပ်များကို စေလွှတ်နိုင်သည့် အကြောင်းပြချက် ရရှိရန် မင်းသမီး အနားတွင် အစောင့်အကြပ်များ ထားရမည် ဖြစ်သောကြောင့် ဖုန့်မင်က မင်းသမီးနှင့် လက်ထပ်သင့်ပေသည်။ ထို့ကြောင့် စစ်သည်များ စေလွှတ်ခြင်းမှာ တရားမျှတမှု ရှိ၏။ သို့သော် မင်းသမီးက သည်းမခံနိုင်ဘဲ လက်ထပ်ပြီးသည်နှင့် ချက်ချင်း ထွက်ပြေးလိမ့်မည်ဟု မည်သူမှ မမျှော်လင့်ထားပေ။ 


သတင်းကြားပြီးနောက် ထန့်ယွင်မှာ ထိုင်မနေနိုင်တော့ဘဲ မြို့တော်သို့ ပြန်သွား၍ သတင်းပေးပို့ချင်သော်လည်း အမတ်ကြီးကျန်းအန်ထံမှ စစ်တပ်အင်အားကို ပြန်လည် ရယူရန် လိုအပ်ပေသည်။ ဖုန့်တိုင်းပြည်မှာ ကြီးမားသော နိုင်ငံကြီး တစ်ခု ဖြစ်၏။ စစ်ပွဲသာ ဖြစ်ပွားခဲ့ပါက ပို၍ များပြားသော စစ်သည်တော်များကို သေချာပေါက် လိုအပ်ပေည်။ အမတ်ကြီးကျန်းအန်၏ တပ်ဖွဲ့များကိုသာ ပြန်လည် မရယူနိုင်ခဲ့ပါက ပြည်တွင်း ပဋိပက္ခကြောင့် အကောင်းဆုံး လုပ်ဆောင်ရန် ခက်ခဲပေလိမ့်မည်။


ထန့်ယွင် ဂနာမငြိမ် ဖြစ်နေသည်ကို မြင်သောအခါ ထန့်ရှန်က ခေါင်းကိုသာ တွင်တွင် ခါယမ်းလိုက်သည်။ ရွှယ်ကျွင်းလျန်ကား ထက်မြက်သော အရည်အချင်းရှိကြောင်း တွေးရင်း သက်ပြင်းချလိုက်လေ၏။ ထို့နောက် သူက ပြောသည်။


“တပ်ဖွဲ့တွေကို လက်ခံဖို့ပဲ ကျန်တော့တာဆိုရင်တော့ ကိစ္စမရှိပါဘူး… ဒီနှစ်ရက်အတွင်း ရွှယ်ချန်ကျင်းဆီမှာ လုပ်ပိုင်ခွင့်ရော ဂုဏ်သိက္ခာပါ မရှိတာ မင်းလည်း တွေ့တာပဲ မဟုတ်လား…”


ထန့်ယွင်က စကားတစ်ခွန်းမှ မပြောချေ။ ထန့်ရှန်းက ခေတ္တရပ်လိုက်ပြီး ဆက်ပြော၏။


“ဧကရာဇ်ရွှယ်က မင်းကို မင်မြစ်ဆီ စေလွှတ်မယ်ဆိုရင် ထန့်ရှင်းကို ရှေ့တန်းတပ်အဖြစ်နဲ့ စေလွှတ်ဖို့ မင်း အကြံပေးလို့ ရတာပဲ… ထန့်ရှင်း အဖမ်းခံလိုက်ရတဲ့အချိန်တည်းက မြို့တော်ရဲ့ ဆင်ခြေဖုံးအပြင်ဘက်မှာ နေအိမ်အကျယ်ချုပ်ကျနေခဲ့တာ… သူက ရည်မှန်းချက် ကြီးတဲ့လူတစ်ယောက်ပဲ… သူ့ကို အရေးကြီးတဲ့ တာဝန် တစ်ခု ပေးအပ်လိုက်ပြီဆိုတာနဲ့ သူ ကြိုးစားပြီး လုပ်ဆောင်မှာပါ…”


ထန့်ယွင်က ခေါင်းငြိမ့်လိုက်သည်။


“ဒီတာဝန်ကို ငါ့ဦးရီးတော်ဆီပဲ အပ်နှံမှာပါ…”


xxxxxxx