(14)
ခယ့်ယန်တစ်ယောက် ကျောင်းသားသစ်ကြိုဆိုပွဲအတွင့် မိန့်ခွန်းပြီးချိန်တွင် သူ၏ အခန်းဖော်များနှင့် တွေ့ဆုံခဲ့သည်။
ကျိယွမ်ရှီးကတော့ ခယ့်ယန်ဆီကို မြှောက်လုံးပင့်လုံး သက်တံရောင်လေများကို အလွန်အကျွံမှုတ်ထုတ်နေခဲ့ပြီး အဆုံးတွင် ခယ့်ယန်တစ်ယောက် အလွန်မူးဝေသွားခဲ့ကာ အိပ်ခန်းဆီသို့ ပြန်ရန်အတွက်တောင် လမ်းစရှာ၍ မရလုနီးပါးဖြစ်သွားရရှာသည်။
ခယ့်ယန် နှင့် ဆက်ဆံရေး အကျဲပါးဆုံးအခြေအနေရှိသည့် ရှန်ကျစ်ရှောင်းပင်လျှင် ဤအချိန်၌ချီးကျူးစကားဆိုဖို့အတွက် မတွန့်ဆုတ်ခဲ့ပါချေ။
“ဟုတ်တယ် ရှုန်းတိ၊ မင်းရဲ့ တိုင်ဖွန်းလိုစကားတွေက မင်းရဲ့ ပွဲဦးထွက်ပွဲစဥ်အတွက် လုံလောက်အောင် တည်ငြိမ်လွန်းတယ်”
ခယ့်ယန်၏ ပါးပြင်များက စိတ်လှုပ်ရှားမှုများဖြင့် နီမြန်းလာခဲ့ရသည်။
“ဒါဆို ငါ လူတိုင်းကို ညစာစားဖို့ ဖိတ်လို့ရမလား”
သူက ကျင်းရန်၏ဘေးမှ ရန်ချင်းလင်ကိုတွေ့ဆုံခဲ့ပြီး ရန်ချင်းလင်ကိုပါ လမ်းကြုံဖိတ်ခေါ်ခဲ့သည်။
ဤသို့ဖြင့် လူတစ်စုက ကျောင်းအပြင်ဘက်တွင်ရှိသည့် ဘာဘီကျူးအသားကင်ဆိုင်သို့ ရောက်လာခဲ့ကြပြီး အသားကင်တံနှစ်ရာကျော်နှင့် ဘီယာပုလင်းအချို့ကို မှာယူခဲ့ကြသည်။
ဆိုင်ရှင်က သူတို့ကို အစပ်အနည်းငယ်လား၊ အလယ်အလတ်အစပ်လား သို့မဟုတ် အစပ်လွန်လားဟု မေးလာခဲ့သည်။
ရှန်ကျစ်ရှောင်း: “ကျင်းရန်က အစပ်မစားနိုင်ဘူး”
ရန်ချင်းလင် : “ဒါဆို အစပ်မထည့်နဲ့”
ကျိယွမ်ရှီး: “အစပ်မပါတဲ့ဘာဘီကျူးက စိတ်ဝိဥာဥ်မရှိဘူး၊ အစပ်နည်းနည်းလောက်ပဲဆိုရင် ထိန်းထားနိုင်လား”
ကျင်းရန်လည်း အစပ်အနည်းငယ်သာရှိသည့် အသားကင်က သိပ်ပြီးမစပ်လှဘူးလို့ထင်ခဲ့ပြီး ခေါင်းညိတ်လိုက်သည်။
“ရတယ်”
ရှန်ကျစ်ရှောင်းက တစ်ခါသုံး ပန်းကန်လုံးများနှင့် တူများကို ခွဲထုတ်ပြီး လှမ်းပြောလာချေသည်။
“ဟေး ၊ မင်း အကင်တွေကို ရေနွေးပန်းကန်ထဲမှာ စိမ်ပြီး စားချင်လား”
ကျင်းရန်: “မင်း အာမခံရောင်းနေတာလား၊ ဘာလို့ ဒီလောက်တောင် စကားတွေပြောနေတာလဲ”
အကင်တံကျင်များ ရောက်လာသည့်နောက်တွင် ကျိယွမ်ရှီးက တစ်ကိုက်စားလိုက်ပြီး အစပ်၏ အရသာကို လုံးဝမခံစားမိခဲ့ကြောင်းပြောလာသည်။
သို့နှင့် ကျင်းရန်လည်း စိတ်လျှော့လိုက်ပြီး ဘဲအူတစ်ချောင်းကို ကောက်ယူကာ မြည်းစမ်းကြည့်လိုက်သည်။
“…”
ကျိယွမ်ရှီးကတော့ သူ့ကို မျှော်လင့်တကြီးကြည့်၍ မေးလာခဲ့ပါ၏။
“ဒါက လုံးဝ မစပ်ဘူးနော်၊ ဟုတ်တယ်မလား?”
ကျင်းရန် ဘဲအူကို အေးဆေးတည်ငြိမ်စွာ ပြန်ချလိုက်ကာ သူ့လက်ကို မြှောက်လိုက်ပြီး ဆိုင်ရှင်ကို အချက်ပြလိုက်သည်။
“ ရေနွေးပန်းကန်လုံးနှစ်လုံးပေးပါဦး၊ ကျေးဇူးတင်ပါတယ်”
ထို့နောက်တွင် ကျင်းရန်မှာ သူစားမည့် အသားကင်တိုင်းကို ရေနွေးပန်းကန်လုံးထဲသို့ နှစ်ကြိမ်တိုင်တိုင် နှစ်၍ဆေးထားရသော်လည်း ချွေးထွက်များကာ နှုတ်ခမ်းများသည်လည်း နီမြန်းနေသေးခဲ့သည်။
ခယ့်ယန်: “ကျင်းကော၊ မင်း တကယ် ဒီလိုမျိုး အရသာကို မစားနိုင်ဘူးမလား၊ ငါ အစပ်မပါတဲ့ စားစရာ မှာလိုက်မယ်လေ”
ကျင်းရန်: “ငါ့အတွက် စိတ်မပူစမ်းပါနဲ့၊ ငါ အခု စပ်တယ်လို့ လုံးဝ မခံစားရဘူး... မင်းဆီမှာ ဘီယာရှိသေးလား? မင်းရဲ့ပါးအတွက် ဖြည့်ပေးစမ်းပါ”
ရန်ချင်းလင်က သူ့၏ဘေးနားတွင် ထိုင်နေခဲ့ပြီး ဤရွှယ်ကျန်း၏ လက်ရှိပုံစံမှာ ချစ်စရာကောင်းသလို သနားစရာလည်းကောင်းသည်ဟုသာ တွေးနေမိခဲ့သည်။
သူက ကျင်းရန်အတွက် ဘီယာနဲ့ ဖြည့်ပေးလိုက်တော့ ကျင်းရန်က ဖန်ခွက်ကို ဆွဲယူလိုက်ပြီး သူ့ပါးစပ်ထဲသို့ လောင်းထည့်လိုက်သည်။
ထိုသူက အလွန် လောဘတကြီး သောက်ခဲ့သည့်အတွက် ဘီယာတချို့က သူ့ပါးစပ်ထောင့်ကနေ လျှံကျလာပြီး လည်စလုပ်လေးဆီကို လျှောစီးကျသွားခဲ့သည်။
ရန်ချင်းလင် သူ့ကို တစ်ရှူးတစ်ရွက် ပေးရင်း ပြောလိုက်သည်။
“ရွှယ်ကျန်းက တကယ်အစပ်မစားနိုင်ဘူးပဲ”
ရှန်ကျစ်ရှောင်း : “သူတို့လို ကွမ်တုံးက လူတွေအားလုံးက ဒီလိုတွေချည်းပဲ”
ကျင်းရန်က တစ်ရှူးကိုယူကာ ပါးစပ်ကို သုတ်လိုက်သည်။
“မင်းမေတဲ့မှ! မြေပုံထောက်ပြီးသေနတ်ပစ်တာလျှော့စမ်းပါ! ငါတစ်ယောက်တည်းက ကွမ်တုံးလူမျိုးအားလုံးကို ကိုယ်စားမပြုဘူး”
ရန်ချင်းလင် သူ့ကို အကြံပေးခဲ့သည်။
“ရွှယ်ကျန်း တခြားစားစရာတစ်ခုခု မှာသင့်တယ်”
ကျင်းရန်က စိတ်မရှည်စွာနဲ့ ပြန်ပြောခဲ့ပြန်သည်။
“ငါမလိုဘူးလို့ ပြောနေတယ်မဟုတ်ဘူးလား”
ခယ့်ရန်က သာမန်မိသားစုမှ လာသည့် ကောင်လေးတစ်ယောက်ဖြစ်ကာ ယခုကဲ့သို့ သူတို့အား ညစာတစ်နပ်ဝယ်ကျွေးရန်အတွက်ပင် ရာနှင့်ချီ၍ ကုန်ကျနေလိမ့်မည်။ သူ့၏ကိုယ်ပိုင်အရသာခံစားမှုအတွက် အပိုသုံးစွဲနေပါက အဆင်ပြေလိမ့်မည် မဟုတ်ပါချေ။
ရန်ချင်းလင်က ကျင်းရန်၏ နီဆွေးနေပြီဖြစ်သော နှုတ်ခမ်းများကို စိုက်ကြည့်ပြီး မည်သည့်စကားကိုမျှ မပြောလာတော့ပေ။
ဘာဘီကျူးတံကျင်များကို ကုန်စင်အောင် စားပြီးသည့်နောက်တွင် ရန်ချင်းလင်က လူတိုင်းကို နို့လက်ဖက်ရည်ဝယ်တိုက်မည်ဖြစ်ကြောင်း ပြောလာခဲ့သည်။
ကျင်းရန်က မက်မွန်သီးအရသာ နို့လက်ဖက်ရည်ကို မှာထားသော်လည်း သူရလာသည်က ပျားရည် စပျစ်သီးနို့လက်ဖက်ရည်သာဖြစ်နေခဲ့သည်။
ကျင်းရန်:???
ရန်ချင်းလင်: “ကျွန်တော်ရဲ့ မှတ်ဉာဏ်တွေက မှားပြီး မှတ်မိသွားပုံရတယ်၊ ဒါဆို ရွှယ်ကျန်း ဒါကိုပဲ သောက်လိုက်လို့ ရမလား”
ကျင်းရန်: “... မင်းမေ!”
မကြာခင်အချိန်အတွင်းကစပြီး ဆောင်းဦးရာသီ၏ ရာသီဥတုက မနက်ပိုင်းနဲ့ ညနေပိုင်းတွေမှာ အနည်းငယ် အေးစက်လာခဲ့ပြီ။
လေများတိုက်ခတ်လာသောကြောင့် ကျင်းရန်၏ မျက်နှာပေါ်ရှိ အပူများက လျော့ပါးကျသွားခဲ့သည်။ သူက နို့လက်ဖက်ရည်ဘူးထဲမှ ပိုက်ကိုကိုက်ပြီး သူ့၏သူငယ်ချင်းများနဲ့ ကျောင်းဝင်းထဲတွင် သက်တောင့်သက်သာဖြင့် လမ်းလျှောက်လာခဲ့သည်။
စာကြည့်တိုက်အနီးသို့ ဖြတ်သွားသောအချိန်တွင် သူတို့အဖွဲ့မှာ စာကြည့်တိုက်ဆီသို့ လာပုံရသည့် ထန်ထန်နှင့် ဝင်တိုးတော့သည်။
ထန်ထန်က ကျင်းရန်ဆီကို ပွင့်လင်းစွာနှုတ်ဆက်လာခဲ့ပြီး သူမ၏ ပုံစံက တခြားလူတစ်ယောက်အဖြစ် ပြောင်းလဲသွားပုံရသည်။
ရှန်ကျစ်ရှောင်းက သူ့၏လောင်းကြေးကို သတိရပြီး မေးလာခဲ့သည်။
“ ကျင်းရန်၊ ထန်ထန် မင်းကို ဝန်ခံခဲ့သေးလား”
ကျိယွမ်ရှီး: “ သူ ဝန်ခံခဲ့တယ်လေ၊ ဒါပေမယ့် ကျင်းရန်က သူ့ကို ငြင်းပယ်ခဲ့တယ်”
ကျိယွမ်ရှီးက မိန်းကလေးများနှင့် မြေအောက်အဆက်အသွယ်များရှိနေကြောင်းကို သိထားသောကြောင့် ကျင်းရန်အနေဖြင့် သူ သိရှိနေသည်ကို ထူးဆန်းသည်ဟု မခံစားရခဲ့ပေ။
“သေချာတာပေါ့၊ မင်းအပြစ်ရှိသလို ခံစားနေစရာမလိုဘူး၊ ထန်ထန်က အခု နောက်တစ်ယောက်နှင့် တွဲနေပြီ၊ သူမ အခု ရွှယ်ကျန်းတစ်ယောက်နှင့် တွဲနေတာလို့ ငါကြားတယ်”
ရန်ချင်းလင် အပြုံးတစ်ခုနှင့် ပြောလာသည်။
“ဒါဆို သူမက တော်တော်မြန်တာပဲ”
“မဟုတ်ရင်ရော၊ မင်းက သူတို့တွေ တစ်ချိန်ချိန်မှာ သူတို့ဘက်ကို လှည့်ကြည့်လာမလားဆိုပြီး စောင့်နေလိမ့်မယ်လို့ ထင်နေသေးတာလား”
ကျိယွမ်ရှီး ဆက်ပြောလာသည်။
“အခုက 9012 ကိုရောက်နေပြီ၊ ဘယ်သူက လျှာနှင့်လျက်တဲ့ခွေးလို လုပ်နေဦးမှာလဲ”
စစ်ရေးလေ့ကျင့်မှုပြီးဆုံးသည်နှင့်တပြိုင်နက် မေဂျာလှုပ်ရှားမှုများ ရှိလာခဲ့ပြီး ကလပ်များကလည်း လူသစ်စုဆောင်းရမည့်အချိန်ကို ရောက်လာခဲ့ပြန်သည်။
ကျင်းရန်အနေနဲ့ ပထမနှစ်တုန်းက ပျင်းရိပြီး e-sports ကလပ် တစ်ခုမှာ စာရင်းသွင်းခဲ့ပြီး ကလပ်၏လှုပ်ရှားမှုများမှာ ဟက်ကာဂိမ်းများကစားရန်အတွက် အင်တာနက်ကဖေးများသို့သွားခြင်းသာ ဖြစ်ချေသည်။
သူက ထိုနေရာကို မကြာခဏရောက်ဖူးခဲ့ပြီးနောက် စိတ်မဝင်စားကြောင်းကို ရှာတွေ့ခဲ့သည်။
ထို့နောက်မှာတော့ သူက အသင်း၏ လှုပ်ရှားမှုများတွင် သိပ်ပြီး မပါဝင်ခဲ့တော့ပါချေ။ တစ်စုံတစ်ခုကို ဟတ်ဖို့အတွက် ရှာဖွေချိန်များတွင် သူက WeChat အဖွဲ့ထဲကိုသာ ဝင်ပြီး အများနှင့်အတူ ကျွေးကြော်အော်ဟစ်တတ်သည်။
ရှန်ကျစ်ရှောင်းကတော့ ကလပ်အသင်းအတွက် လူသစ်စုဆောင်းရန် အလွန်စိတ်ဝင်စားနေခဲ့သည်။ အတိအကျပြောရလျှင် သူသည်ကား animation ကလပ်ထဲသို့ ဝင်ရောက်လာမည့် cosplayer ညီမလေးများကို စိတ်ဝင်စားနေခြင်း ဖြစ်ပေသည်။
ဤသို့ဖြင့် သူက ကျင်းရန်အား ကျောင်းသားရင်ပြင်သို့ ဆွဲခေါ်သွားခဲ့တော့သည်။ ရင်ပြင်တွင် အဓိကအသင်းအဖွဲ့များ၏ ဆိုင်ခန်းများကို သပ်သပ်ရပ်ရပ်ပြသထားပြီး စစ်ရေးလေ့ကျင့်မှုအတွင်း အစားအသောက်ကျွေးမွေးများကထက် လူပိုများပြားနေခဲ့သည်။
ကလပ်အသင်းများ၏ရှေ့တွင် ကျောင်းသားသစ်လူငယ်များ၊ စီနီယာကျောင်းသားများဖြင့် ဝိုင်းအုံလျှက်ရှိနေသည်။ လူကြိုက်များသော ကလပ်များ၏ရှေ့တွင်တော့ ကျောင်းသားများက တန်းစီနေခဲ့ကြပြီး စစ်ဆေးမှုဖြေဆိုရန်အတွက် ဖောင်တစ်ခုကို ဖြည့်ပေးရသေးသည်။
ရှန်ကျစ်ရှောင်းက အမျိုးသမီးငယ်လေးများဝိုင်းအုံနေသည့်နေရာသို့ သွားရောက်ကြည့်ရှုခဲ့ပြီး ကျင်းရန်ကတော့ e-sports ကလပ်မှ သူငယ်ချင်းအချို့က စကားပြောဆိုရန် ဖိတ်ခေါ်ခံခဲ့ရသည်။
ဆက်ဆံရေးအလွန်ပြေပြစ်သည့်သူငယ်ချင်းတစ်ယောက်က ရုတ်တရက် ခေါင်းစဉ်ပြောင်း၍ မေးလာသည်။
“ဟေး၊ ကျင်းရန်၊ အဲဒါ မင်းတို့မေဂျာက လူသစ် ရန်ချင်းလင်မလား?”
ကျင်းရန်တစ်ယောက် ကလပ်မှအပေါင်းအသင်း၏ အကြည့်ဦးတည်ရာဆီသို့ လိုက်ကြည့်ရာ ရန်ချင်းလင်တစ်ယောက် ဟန်ဖူ ၀တ်ဆင်ထားသော စီနီယာအစ်မအနည်းငယ်ဆီမှာ ဝိုင်းရံခံထားသည်ကိုတွေ့လိုက်ရပြီး သူ့၏မျက်ခုံးကြားတွင်တော့ စိတ်မရှည်မှုများကို ဖိနှပ်ထားဟန်တို့ ရှိနေခဲ့သည်။
ကျင်းရန် ခပ်တိုးတိုးနှာမှုတ်လိုက်သည်။
“ငတုံးကောင်ပဲ”
ပိတ်မိနေတဲ့အချိန်မှာတောင် ထွက်ပြေးဖို့အတွက် ဘယ်လို ဆင်ခြေမျိုး ပေးရမလဲဆိုတာ မသိဘူးလား။
“သူ ဂိမ်းကစားနိုင်မလားမသိဘူး”
ကလပ်အသင်းဝင်တစ်ဦးက ပြောလာခဲ့သည်။
“သူသာ ကလပ်ထဲကိုဝင်နိုင်ရင် အရမ်းကောင်းမှာပဲ၊ မနှစ်ကလိုမျိုး မိန်းကလေးအုပ်စုကို ဆွဲဆောင်နိုင်လိမ့်မယ်”
ရန်ချင်းလင်: “ငါ သူ့ကိုမေးလိုက်မယ်”
ကျင်းရန် လှမ်းခေါ်လိုက်သည်။
“ရန်ချင်းလင်”
ရန်ချင်းလင်တစ်ယောက် ကျန်းရန်ကို မြင်တွေ့လိုက်ရပြီးချိန်တွင် သူ့၏စိတ်ထဲတွင်ရှိသည့် မကျေနပ်မှုများက ချက်ချင်းဆိုသလို ပျောက်ကွယ်သွားခဲ့သည်။
“တောင်းပန်ပါတယ် ရွှယ်ကျဲ၊ တစ်ယောက်ယောက် ခေါ်နေလို့ သွားလိုက်ပါဦးမယ်”
“ဒါဆို ဝီချက်မှာ အရင်ပေါင်းထည့်ကြည့်ရအောင်၊ ငါတို့တွေ ဝီချက်ထဲမှာ ကလပ်ရဲ့အကြောင်း အသေးစိတ်အချက်အလက်တွေကို ပြောပြမယ်လေ”
ကျင်းရန် ထပ်ခေါ်လိုက်သည်။
“မင်း နားမကြားဘူးလား၊ ဘာလို့ အဲဒီမှာ ငတုံးတစ်ယောက်လိုမျိုး ရပ်နေတာလဲ”
ရန်ချင်းလင် ပြုံးပြီး ပြောလိုက်သည်။
“ကျွန်တော် သွားတော့မယ်၊ မဟုတ်ရင် ကျွန်တော့်ရွှယ်ကျန်းက စိတ်ဆိုးနေလိမ့်မယ်”
ရန်ချင်းလင် လူအုပ်ကြီးကို ဖြတ်ကျော်လာခဲ့ပြီး ကျင်းရန်ဆီသို့ လျှောက်လာခဲ့သည်။
“ကျွန်တော့်ကို ကယ်တင်ခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ် ရွှယ်ကျန်း၊ “
ကျင်းရန်က ရန်ချင်းလင်ကို လူအသွားအလာနည်းပါးသည့် နေရာကို ခေါ်သွားခဲ့ပြီး အတွေ့အကြုံများကို သင်ပြပေးခဲ့သည်။
“မင်း သူတို့ကို ငြင်းဆန်တဲ့အချိန်တွေမှာ သူတို့ကို အားနာမနေနဲ့၊ မင်း အခု ဘယ်ကလပ်ကို လျှောက်ထားချင်လဲ”
ရန်ချင်းလင် : “ကွမ်တုံးဘာသာစကား ကလပ်ရှိလား?”
ကျင်းရန် ခေတ္တရပ်တန့်သွားသည်။
“မင်းကွမ်တုံးဘာသာစကား သင်ယူချင်တာလား”
“အမ်”
ကျင်းရန် သိချင်စွာ မေးလိုက်သည်။
“ဘာလို့လဲ၊ မင်းက နောက်ပိုင်းမှာလည်း ပေကျင်းမှာပဲ ဆက်နေဖြစ်မှာ သေချာပေါက်ပဲလေ၊ ဒါတွေက သင်နေစရာ မလိုအပ်ပါဘူး”
ရန်ချင်းလင် : “ကျွန်တော်က စိတ်ဝင်စားစရာကောင်းတယ်လိာ့ ထင်လို့ သင်ယူချင်တာပါ”
“ဒါဆို TVB ဒရာမာတွေကို ကြည့်ပြီးလေ့လာလို့ရတယ်”
“ကျွန်တော် ကြည့်တယ်၊ အခုအခြေခံအသုံးအနှုန်းအချို့ကို သင်ယူပြီးပြီ”
ကျင်းရန် စိတ်ဝင်စားသွားရသည်။
“ဘာတွေ ပြောတတ်နေပြီလဲ”
“ဟယ်လို၊ ကျေးဇူးတင်ပါတယ်”
ရန်ချင်းလင် ခေတ္တရပ်တန့်ပြီး ကျင်းရန်၏နှုတ်ခမ်းများကို ငုံ့ကြည့်ကာ တီးတိုးပြောလိုက်တယ်။
“နောက်ပြီး.. ကိုယ် မင်းကို ကြိုက်တယ်”