Chapter 242
ယွမ်ရှက တမင်တကာလုပ်လိုက်သော်လည်း စုန့်ထင်ရှန်းက သူမကို ဖမ်းလိုက်သည့်အခါ နှလုံးခုန်သံများ မြန်ဆန်သွားသည်။ သူတို့နှစ်ယောက် ဤမျှနီးကပ်ဖူးသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။ သူတို့ အလွန်နီးကပ်နေသဖြင့် သူ့မျက်လုံးထဲတွင် သူမ၏ပုံရိပ် ရောင်ပြန်ဟပ်နေသည်ကိုပါ မြင်နိုင်သည်။
စုန့်ထင်ရှန်းက ယွမ်ရှကို ဂရုတစိုက်ဖြင့် အောက်ပြန်ချပေးလိုက်ပြီး ဆံပင်များသပ်တင်ကာ ပြောလိုက်သည်။
" ရှရှရေ ဖြည်းဖြည်းလုပ်ပါ ... ချော်လဲကျသွားရင် ဘယ်လိုလုပ်မလဲ ... ဒေါက်ဖိနပ်စီးထားတာကို ..."
ထို့နောက် စုန့်ထင်ရှန်းက ချင်ယွီဘက်သို့လှည့်ကာ ပြုံးပြလိုက်သည်။
" သူက အရမ်း မဆင်မခြင်လုပ်တတ်ပြီး တစ်ခါတစ်လေ ပြဿနာရှာတတ်လို့ အထင်မလွဲပါနဲ့ ... အလုပ်နဲ့ ပက်သတ်ရင် အရမ်းဂရုစိုက်ပါတယ် ..."
ယွမ်ရှက ထိုအခါမှသာ ချင်ယွီကို မြင်သကဲ့သို့ ဟန်ဆောင်လိုက်သည်။ သူမ အလွန်ရှက်သွားသည့်ပုံစံဖြင့် ချင်ယွီကို လေသံတိုးတိုးဖြင့် ပြောလိုက်သည်။
" စီအီးအိုချင် မင်္ဂလာပါ ..."
ချင်ယွီ၏ အပြုအမူများက ညင်သာနေဆဲဖြစ်သည်။ သူ့ကိုကြည့်လိုက်လျှင် လူကြီးလူကောင်းတစ်ယောက်ကဲ့သို့ အပြုံးဖျော့ဖျော့တစ်ခုဖြင့် အမြဲပြုံးပြနေသည်။ ဤကဲ့သို့အချိန်မျိုးတွင်လည်း တုံ့ပြန်သည့်သဘောဖြင့် ပြုံးရုံသာ ပြုံးပြတတ်သည်။
" ဝန်ထမ်းတွေရဲ့ နွေးထွေးတဲ့မိသားစုအခြေအနေက ကုမ္ပဏီရဲ့ တိုးတက်မှူအတွက် ကောင်းကျိုးတစ်ခုပါပဲ ... မင်းနဲ့ မင်းရဲ့ခင်ပွန်းက အရမ်းချစ်ကြတယ်ဆိုတာ ငါနားလည်ပေးနိုင်ပါတယ် ..."
ရှက်သွားသည့်ယွမ်ရှက စုန့်ထင်ရှန်းဘက်သို့ တိုးသွားသည်။
ချင်ယွီက အံ့ဩစရာကောင်းလှသည်။ သူ ပြန်လည်မွေးဖွားလာသည်ဟု ယွမ်ရှ ဆုံးဖြတ်ထားပြီးဖြစ်သည်။ သူက မူလပိုင်ရှင်ကို အလွန်ချစ်မြတ်နိုးသည့်ပုံစံ ပြသရမည့်အစား ထိုနေရာတွင်ပင် ရပ်နေပြီး သူ့ရှေ့တွင် အခြားယောက်ျားတစ်ယောက်နှင့် တရင်းတနှီးဖြင့် ချစ်ခင်ကြည်နူးစွာနေနေသည်ကို မသိကျိုးကျွန်ပြုနေသည်။ ရှု့ထောင့်တစ်ခုမှ ကြည့်မည်ဆိုပါက ဤလူမှာ အလွန်ကြောက်စရာကောင်းလှသည်။
ကံကောင်းသည်မှာ သူမက အလုပ်ထွက်တော့မည်ဖြစ်ပြီး ၊ စုန့်ထင်ရှန်းကလည်း မသေခဲ့သည်အပြင် ၊ သူမကိုယ်တိုင်က ချင်ယွီကို သဘောကျသည့် မူလပိုင်ရှင်မဟုတ်ခဲ့ပေ။
ချင်ယွီက ယွမ်ရှကို ကြည့်လိုက်သည်။ သူက အေးအေးလူလူပင် ဟန်ဆောင်ပန်ဆောင်နှင့် မေးလိုက်သည်။
" HRဆီက ဒီနေ့ကြားခဲ့တယ် ... မင်း အလုပ်ထွက်ချင်တယ်ဆို ..."
ယွမ်ရှ ပြန်မဖြေမီမှာပင် စုန့်ထင်ရှန်းက ဦးအောင်ပြောလိုက်သည်။
" ကျွန်တော်က သူ့ကို ထွက်ခိုင်းတာပါ ..."
သူ ခဏရပ်ပြီး ချင်ယွီကို ကြည့်လိုက်သည်။
" ကျွန်တော်တို့သားလေးက သူငယ်တန်းရောက်ပြီး ဂရုစိုက်ပေမယ့် ကလေးထိန်းလည်းရှိတယ်ဆိုပေမယ့် ကျွန်တော် အလုပ်က ပြန်လာရင် ကျွန်တော့်ဇနီးကိုပဲ အရင်ဆုံး မြင်ချင်လို့ပါ ...ပြီးတော့ ..."
စုန့်ထင်ရှန်းက ယွမ်ရှပခုံးကိုဖက်လိုက်သည်။
" ကျွန်တော်တို့ ဒုတိယမြောက်ကလေးယူဖို့ ဆုံးဖြတ်လိုက်ပြီ ... ဆရာဝန်ကလည်း ကိုယ်ဝန်အတွက် ကြိုပြင်ဆင်ခိုင်းထားတယ် ... အဲ့ဒါကြောင့် သူမကို အိမ်မှာပဲ အနားယူစေချင်တာပါ ... စီအီးအိုချင် ကျွန်တော့်ဇနီးကို ဒီအတောအတွင်း ဂရုစိုက်ပေးခဲ့တာ ကျေးဇူးတင်ပါတယ် ..."
ယွမ်ရှ လုံးလုံးလျားလျားပင် ဆွံ့အသွားမိသည်။
သူနှင့် စုန့်ထင်ရှန်းက ဤကိစ္စကို ကြိုတင် မတိုင်ပင်ထားခဲ့ကြပေ။ သို့သော်လည်း သူမနှင့်အတူ ဒုတိယမြောက်ကလေးယူမည်ဟုသည့် အပြည့်စုံဆုံးဆင်ခြေကို ပေးနိုင်ခဲ့သည်။
ကြည့်ရတာ သူတို့နှစ်ယောက်က လှိုင်းအလျားတွေ တူတဲ့ပုံပဲ ...
ချင်ယွီ၏ အမူအယာက မပြောင်းလဲပေ။
" ဒုတိယမြောက်ကလေးလား ... ဒါ အရမ်းကောင်းတာပေါ့ ... ကလေးနှစ်ယောက်ရှိတဲ့ မိသားစုက ပိုပြီး အသက်ဝင်ပျော်ရွှင်နေရမှာပဲ ... ဒီအချိန် ဒုတိယကလေးယူတာအတော်ပဲ ... ဝမ်လေးကလည်း လေးနှစ်ပြည့်ပြီးပြီဆိုတော့ နောက်ထပ်ကလေးလေးတစ်ယောက် မွေးလာပြီဆို သူ့အသက် ၅နှစ် ၆နှစ်လောက်ရှိပြီပဲ ... သူ့ရဲ့ ညီလေး ညီမလေးနဲ့ အတူတူဆော့ပေးနိုင်တဲ့ အရွယ်ရောက်ပြီ ..."
" အမ် ကျွန်တော်တို့လည်း အဲ့လိုတွေးနေတာ ... ဝမ်လေးကလည်း ညီလေးညီမလေး လိုချင်တယ်လို့ ပူဆာနေတာကြာပြီလေ ..."
စုန့်ထင်ရှန်း သူ့လက်မှ နာရီကိုကြည့်လိုက်သည်။
" စီအီးအိုချင် ... နောက်ကျနေပြီပဲ ကျွန်တော်တို့ အချိန်မဆွဲတော့ပါဘူး... ကျွန်တော်တို့ လင်မယားနှစ်ယောက် အရင်သွားနှင့်မယ်နော် ..."
ချင်ယွီ ခေါင်းငြိမ့်ပြလိုက်သည်။
" ကောင်းပါပြီ ..."
စုန့်ထင်ရှန်းက ယွမ်ရှလက်ကိုကိုင်ပြီး ကားထဲဝင်သွားသည်။ သူတို့ကား ပါကင်မှ ထွက်သွားသည်အထိ ချင်ယွီက ထိုနေရာတွင် ရပ်နေဆဲဖြစ်သည်။
သူတို့၏ကားကို မမြင်နိုင်သည့်အခါမှ သူ့မျက်နှာတွင် အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။ ရွှေကိုင်းမျက်မှန်၏နောက်မှ မျက်ဝန်းများက လှိုင်းဂယက်များမရှိသော ရေပြင်တစ်ခုနှင့်ပင် တူနေသည်။
xxxxxx