အပိုင်း (၂၄၃)
Viewers 31k

Chapter 243 


သူတို့ကားထဲသို့ ရောက်သည့်အချိန်မှာပင် စုန့်ထင်ရှန်းက အမောတကောဖြင့် ရှင်းပြလိုက်သည်။


" မင်း အလုပ်ထွက်ချင်တယ်ဆိုတော့ ကုမ္ပဏီက ဆွဲထားမှာစိုးလို့ ဒုတိယမြောက်ကလေးယူချင်လို့ ထွက်မယ်လို့ ပြောလိုက်တာပါ ...အဲ့ဒါက အကောင်းဆုံးဆင်ခြေပဲ ... စိတ်မပူပါနဲ့ အဲ့ကိစ္စနဲ့ ပတ်သက်ပြီး ကိုယ် ဘာအတွေးမှ မရှိပါဘူး ..."


ယွမ်ရှက သူ၏ အလောတကြီးဖြစ်နေသောလေသံကြောင့် ပြုံးမိသွားသည်။


" ကျွန်မ နားလည်ပါတယ် ... ဒီနေ့ မန်နေဂျာကို အလုပ်ထွက်ချင်တယ်ပြောတော့လည်း အဲ့ဒီဆင်ခြေကိုပဲ ကျွန်မသုံးခဲ့တာ ..."


သူမ စကားကို ကြားသည့်အခါမှ စုန့်ထင်ရှန်းက စိတ်အေးလက်အေးနှင့် သက်ပြင်းချနိုင်တော့သည်။ သူတို့နှစ်ယောက်ဆက်ဆံရေးတွင် ဒုတိယကလေးယူရန်မဆိုထားနှင့် မည်သည့်တိုးတက်မှုမျှပင် မရှိသေးသည့်အတွက် စိုးရိမ်စရာဖြစ်နေသည်။ 


သူ့အတွေးထဲတွင် ချင်ယွီက သူ့ဇနီးကို မျက်စိကျနေသည်ဟု တွေးလိုက်မိသည့်အခါ စိတ်အခြေအနေက ပိုမိုဆိုးရွားလာသည်။ သူ‌တစ်ဖက်သို့လှည့်ပြီး ယွမ်ရှကို ကြည့်လိုက်သည်။ ထို့နောက် အေးအေးဆေးဆေးဟန်ဆောင်ပြီး မေးလိုက်သည်။


" မင်းရဲ့ စီအီးအိုက လူကောင်းပဲ ... ကိုယ်တို့တွေ့တဲ့အချိန်တိုင်း ပြုံးနေတာပဲ ..."


" အမှန်ပဲ ..."

ယွမ်ရှက သဘောတူဟန်ဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။


ချင်ယွီက ဝတ္ထုထဲတွင် သစ္စာရှိ ခွေးတစ်ကောင်ဖြစ်ခဲ့သည်မှာ မငြင်းဆိုနိုင်သော အချက်တစ်ချက်ဖြစ်သည်။ မူလပိုင်ရှင်တွင် ကလေးတစ်ယောက်ရှိခဲ့ကြောင်းသိစဉ်က အနည်းငယ် ဝမ်းနည်းသွားခဲ့သော်လည်း လက်ခံပေးနိုင်ခဲ့သည်။ မူလပိုင်ရှင်က သူ့ကိုမချစ်သော်လည်း သူမကို အလိုလိုက်ကာ တန်ဖိုးထားခဲ့သည်။ ချင်ယွီက အမျိုးသားဇာတ်လိုက်မဟုတ်သော်လည်း သူ၏ဇာတ်ကောင်ပုံစံကြောင့် ဝတ္ထုထဲတွင် အလွန် နာမည်ကြီးလှသည်။


စုန့်ထင်ရှန်း "....."


သူ၏ တိုက်ခိုက်ချင်စိတ်များ မြင့်တက်လာပြီး ထပ်ပြောလိုက်သည်။

" ကိုယ်ကြားတာ သူ့ဇနီးက ဆုံးသွားပြီတဲ့ ... သူက ငယ်သေးတာပဲ နောက်အိမ်ထောင်ပြုဖို့ ဖြစ်နိုင်ချေရှိသေးတယ် ..."


စုန့်ထင်ရှန်း ထိုစကားများကို ပြောလိုက်ပြီးမှ နောင်တရသွားသည်။


သူ့စိတ်ထဲ မည်သည့်အရများ တွေးနေသည်ကို သူကိုယ်တိုင်ပင် သေချာမသိတော့ပေ။ 

သူ ဘာလို့ ယွမ်ရှကို ဒီလိုစမ်းသပ်ချင်နေရပါလိမ့် ... ယွမ်ရှက အလုပ်ထွက်မယ်လို့ပြောတည်းက သူမနဲ့ ချင်ယွီကြားမှာ ဘာမှမရှိဘူးဆိုတာ သူသိသင့်တယ်လေ ...


သံသယဝင်ခြင်းကြောင့် ခံစားချက် အစစ်အမှန်များကို လွင့်ပြယ်သွားစေနိုင်သည်။

သူဘာလို့ အဲ့လိုအတွေးတွေ ရှိနေရတာပါလိမ့် ...


" ဘာလို့ သူများအကြောင်း အတင်းအဖျင်းတွေ ပြောနေရတာလဲ ... ရှင်နဲ့ မတူလိုက်တာ ..."

ယွမ်ရှက သူ့ကို သင်္ကာမကင်းဖြင့် ကြည့်လိုက်သည်။


စုန့်ထင်ရှန်းက တစ်ခုခုလွဲနေတယ်ဆိုတာ သတိထားမိသွားတာတော့ မဟုတ်ဘူးမလား ... လွန်ခဲ့တဲ့ ရက်အနည်းငယ်က သူမရဲ့ အပြုအမူတွေကို ပြန်တွေးကြည့်လိုက်ရင် နည်းနည်းတော့ တစ်မျိုးဖြစ်နေခဲ့တာပဲ ... ဒါပေမဲ့ စုန့်ထင်ရှန်းက အဲ့ကိစ္စကို ချင်ယွီနဲ့ သက်ဆိုင်နေတယ်ဆိုပြီး ထင်မှာ မဟုတ်ပါဘူး ...


ယွမ်ရှက သူ့ကို အရာအားလုံးပြောပြလိုသော်လည်း သူမ မည်သည့်အရာကို ပြောရမည်ကို မသိသကဲ့သို့ မည်သည့်နေရာမှ စပြောရမည်လည်း မသိပေ။ သူမ ဤကိစ္စကို လျှို့ဝှက်ထားခြင်းက ဉာဏ်ရှိသော ဆုံးဖြတ်ချက်ဖြစ်သည်ဟု သူမ၏စိတ် တစ်ထောင့်တစ်နေရာက ပြောနေမိသည်။ ကိစ္စများက အဆိုးဆုံးအခြေအနေအထိ ရောက်မသွားသရွေ့ စုန့်ထင်ရှန်းကို ပြောရန်မလိုအပ်ပဲ သူမပြဿနာကို သူမကိုယ်တိုင်ဖြေရှင်းမည်ဟုသာ တွေးထားလိုက်သည်။


စုန့်ထင်ရှန်းက နေရခက်စွာဖြင့် ရယ်လိုက်သည်။ သူက စကားလမ်းကြောင်းပြောင်းလိုက်သည်။


" အလုပ်ထွက်လာတာလည်း ကောင်းပါတယ် ... တခြားအလုပ်တစ်ခုရှာဖို့ အစီအစဉ်ရှိသေးလား ..."


ယွမ်ရှခေါင်းခါလိုက်သည်။

" ကျွန်မလည်း မသိဘူး ..."


ယွမ်ရှက သူမအတွက် အကောင်းဆုံးအလုပ်တစ်ခု ရှာတွေ့ခဲ့သည်ဟု ထင်လိုက်သော်လည်း သူဌေးဖြစ်သူက ချင်ယွီဖြစ်နေခဲ့သဖြင့် သူ့ထံမှ ရှောင်ရှားရန်လည်း မတုံ့ဆိုင်းခဲ့ပေ။


သူမသူဌေးက ချင်ယွီဖြစ်မနေခဲ့လျှင် အလွန်ကောင်းလိမ့်မည်။ 


ယွမ်ရှ၏ မျက်နှာပေါ်မှ နောင်တရနေသောအကြည့်ကိုမြင်၍ စုန့်ထင်ရှန်းက သူမအတွေးကို သိသွားသောကြောင့် ချော့မော့လိုက်သည်။


" တကယ်လို့ အလုပ်လုပ်ချင်တယ်ဆိုရင်လည်း စုန့်ကော်ပိုရေးရှင်းမှာ လာလုပ်လို့ရပါတယ် ... ကြိုက်တဲ့လစာနဲ့ အဆင်ပြေတဲ့အလုပ်ချိန်ကို တောင်းဆိုလို့ရတယ်လေ ..."


ယွမ်ရှ မတွေးတောပဲနှင့် ငြင်းဆိုလိုက်သည်။

" ဘယ်အရာမှ အလကားရတယ်ဆိုတာ မရှိပါဘူး ...ရှင့်ဆီက ပိုက်ဆံရနေမယ်ဆိုရင် ကျွန်မစိတ်ထဲ အောင်မြင်တယ်လို့ မခံစားရဘူး ..."


စုန့်ထင်ရှန်း မရယ်ပဲ မနေနိုင်တော့ပေ။

" ဟုတ်ပါတယ် သူဌေးကတော်ရဲ့စကားတွေက မှန်ပါတယ် ..."


သူဌေးကတော်ဟု အခေါ်ခံလိုက်ရရုံဖြင့် ယွမ်ရှကို ချော့ရန် လုံလောက်သွားပြီဖြစ်သည်။


xxxxxx