အပိုင်း (၂၄၄)
Viewers 31k

Chapter 244 


ယွမ်ရှ အလုပ်ထွက်မည့်ဆုံးဖြတ်ချက်ကို ဝမ်လေးထံမှ မဖုံးကွယ်ထားနိုင်သည်မှာလည်း သဘာဝပင်ဖြစ်သည်။ သို့မဟုတ်ပါက သူသိရှိသွားလျှင် ကန့်ကွက်မှုများ ဖြစ်ပေါ်လာနိုင်သည်။


ညစာစားချိန်တွင် ယွမ်ရှက ဤသတင်းအား ဝမ်လေးကိုပြောပြလိုက်သည်။

" သားလေး မာမားပြောစရာရှိတယ် ... မာမား ဒီတစ်ပတ်ပြီးရင် အလုပ်မသွားတော့ဘူး ..."


ဝမ်လေးက အံ့ဩသွားပုံမပြပဲ မေးရုံသာမေးလိုက်သည်။

" မာမား အလုပ်မှာ မပျော်ဘူးလား ..."


" ဟုတ်တယ် ..."


ယွမ်ရှ ခေါင်းငြိမ့်ပြလိုက်သည်။ ချင်ယွီက ကုမ္ပဏီရုံးခွဲကို နေ့တိုင်းမလာသော်လည်း သူ့ကုမ္ပဏီအတွက် အလုပ်လုပ်နေရသည်ဖြစ်၍ ယွမ်ရှစိတ်ထဲ နေရခက်နေမိသည်။ သူမက လစာရလျှင် စုန့်ထင်ရှန်းနှင့် ဝမ်လေးအတွက် ဆောင်းတွင်းအဝတ်အစားများဝယ်ပေးမည်ဟု ပြတ်သားစွာ‌ပြောခဲ့သော်လည်း ယခုအခါတွင် လစာမရတော့သည်လည်း ဖြစ်နိုင်နေသည်။


ဝမ်လေးက သူမကို နှစ်သိမ့်ပေးသည်။


" မာမား မပျော်ရင် မသွားပါနဲ့ ... မာမားပျော်ဖို့က အရေးကြီးဆုံးပဲ ..."


ထိုစကားများကြောင့် ယွမ်ရှ ရင်ထဲထိသွားသည်။ သူမ ဝမ်လေးကိုတင်းကြပ်စွာဖက်ပြီး နမ်းလိုက်သည်။


စုန့်ထင်ရှန်းက သူတို့နှစ်ယောက်ကို ဘေးမှ အကဲခတ်နေသည်။ သူ ထိုစကားများကို သူမအား ကြိမ်ဖန်များစွာပြောခဲ့သော်လည်း သူမက ထိုမျှမဖြစ်ပဲ အလွန်ပျော်ရွှင်ခြင်းလည်း မရှိခဲ့ပေ။ 

ဆက်ဆံပုံက အတော်လေးကွာခြားနေတာပဲ ...


ဝမ်လေးက ယွမ်ရှ သူ့ဘေးမှ ထသွားသည်အထိစောင့်ကာ ပြောလိုက်သည်။


" မာမား သားလည်း သူငယ်တန်းကို နေ့တိုင်းသွားရတာ မပျော်ဘူး ..."


ဝမ်လေး၏ရှု့ထောင့်မှ ကြည့်ပါက သူ သူငယ်တန်းတက်ရခြင်းက သူ့အမေရုံးသွားသည်နှင့် မကွာခြားပေ။

သူ့မာမားတောင်မှ မပျော်လို့ဆိုပြီး အလုပ်မသွားတော့ဘူးလေ ... သူလည်း အဲ့လိုလုပ်လို့မရဘူးလား ...


အံ့အားသင့်စရာကောင်းသည်မှာ ယွမ်ရှနှင့် စုန့်ထင်ရှန်းက ပြိုင်တူပြောလိုက်သည်။

" အဲ့လိုလုပ်ဖို့ စိတ်မကူးနဲ့ ..."


ဤ ဝဝကစ်ကစ်ကလေးလေးက ထိုစကားများ ဘာကြောင့်ပြောသည်ကို သဘောပေါက်ကြသည်။


သူက သူငယ်တန်းမတက်ချင်ဘူးပေါ့ ... အိမ်မက်မက်နေလိုက်လေ ...


ဝမ်လေး စိတ်ခုသွားသည်။


" မာမားကျတော့ မပျော်တာနဲ့ အလုပ်မသွားလို့ရတယ်လေ ... သားလည်း နေ့တိုင်းမပျော်ဘူး ..."


စုန့်ထင်ရှန်း ပြန်ဖြေလိုက်သည်။

" ဘာလို့လဲဆိုတော့ ဝမ်လေးနဲ့ မာမားက မတူဘူးလေ ..."


ယွမ်ရှ ရယ်လိုက်သည်။



ယောက်ျားလေးနှင့် မိန်းကလေးများကြားတွင် ကြီးမားသော ကွာဟချက်ကြီးရှိကြောင်း ဝမ်လေးနောက်ဆုံးတွင် သဘောပေါက်လာမိသည်။


စုန့်ထင်ရှန်းနှင့် ယွမ်ရှက ဆွေးနွေးနေကြသည်။ သူက အိမ်မှာရှိချိန် အားလပ်နေလျှင် ဝမ်လေးကို ရေချိုးပေးမည်ဟု ပြောနေသည်။ ယနေ့ညတွင် စုန့်ထင်ရှန်း၌ အရေးကြီးတာဝန်တစ်ခု ရှိနေသည်။


အနာဂတ်တွင်ဖြစ်လာမည့် အိပ်ယာပြဿနာကို စုန့်ထင်ရှန်း စဉ်းစားနေမိသည်။ ယွမ်ရှနှင့်သူ၏ လက်ရှိ အခြေအနေအရ သူတို့က နာမည်အရသာ  လက်ထပ်ထားသည့်စုံတွဲမဟုတ်တော့ပဲ မကြာမီ စုံတွဲအစစ် ဖြစ်လာနိုင်သည်။


ထိုသို့တွေးရန် အလွန်စောနေသေးသော်လည်း ဤကိစ္စများကို ကြိုတင်စီစဉ်ထားရန် လိုအပ်နေသေးသည်။


" ဝမ်လေးက အသက်ဘယ်နှနှစ်ရှိပြီလဲ ..."

စုန့်ထင်ရှန်း မေးလိုက်သည်။


" သားက လေးနှစ်လေ ..."

ဝမ်လေးက လက်ဖောင်းဖောင်းလေး ငါးချောင်းကို ထောင်ပြလိုက်သည်။


စုန့်ထင်ရှန်းက သူ့ကို အမှန်ပြင်ပေးလိုက်သည်။

" သား ထောင်ထားတာ လက်ငါးချောင်းဖြစ်နေတယ် လေးချောင်းဖြစ်‌ရမှာလေ ..."


" အိုး ... ဒါ သားရဲ့ လက်ချောင်းတွေလေ ... သားက လေးချောင်းဆို လေးချောင်းပေါ့ ..."

ဝမ်လေး ပြန်ဖြေလိုက်သည်။ သူက ယခုအခါ အလွန်အထာကျနေပြီဖြစ်သည်။ တစ်ခါတစ်ရံတွင် အခြားလူများ၏ ထင်မြင်ချက်ကို နားမထောင်တော့ပဲ သူ့အမှားကိုလည်း အသိအမှတ်ပြုရန် ငြင်းဆန်နေသည်။


" ယောက်ျားလေးတွေက လွတ်လွတ်လပ်လပ်နေဖို့ သင်ယူရမယ် ... သားက လေးနှစ်ရှိပြီလေ တစ်ယောက်တည်းအိပ်တတ်အောင် သင်ရတော့မယ် ... နောက်ရက်တွေမှာ သားရဲ့အခန်းကို သွားရှင်းကြရင် ဘယ်လိုလဲ ..."

စုန့်ထင်ရှန်း ပြောလိုက်သည်။


ဝမ်လေးက ထိုအစီအစဉ်ကို လက်ခံစရာအကြောင်းမရှိပေ။ သူ ခေါင်းခါလိုက်သည်။

" သားတစ်ယောက်တည်း မအိပ်ချင်ဘူး ... မာမားနဲ့ပဲအိပ်မှာ ..."


သူ့အဖေ သဝန်တိုသွားမည်စိုး၍ လေသံတိုးတိုးလေးဖြင့် ထပ်ပြောလိုက်သည်။

" ပါပါးနဲ့လည်း အိပ်မှာပါ ..."


" သားက ယောက်ျားလေးလေ ... အသက်လေးနှစ်တောင်ရောက်နေပြီ မိဘတွေနဲ့ အိပ်ဦးမှာလား ..."


ဝမ်လေး ထပ်တွေးပြီးသည့်နောက် ပြောလိုက်သည်။

" သား ဘာသာအိပ်မယ်ဆို မာမားက ဘယ်သူနဲ့အိပ်မှာလဲ ... ပါပါးနဲ့လား ..."


စုန့်ထင်ရှန်း၏ တိတ်ဆိတ်နေခြင်းက ဝန်ခံလိုက်သကဲ့သို့ ဖြစ်သွားသည်။


ဝမ်လေးက စုန့်ထင်ရှန်းကို အထင်သေးစွာဖြင့် ကြည့်လိုက်သည်။


" ပါပါးက သားထက် အသက်ကြီးတယ်လေ ... မာမားနဲ့အိပ်မယ်ဆိုတော့ ပိုပြီးရှက်စရာမကောင်းဘူးလား ..."


စုန့်ထင်ရှန်း "...."


အိပ်ယာပြောင်းရန် ကိစ္စကို သူ့သားလေးအား နားချရန် အချိန်အတော်ယူရဦးမည်ဟု တွေးလိုက်မိသည်။


xxxxxxx