အပိုင်း (၂၄၅)
Viewers 31k

Chapter 245 


ကလေးများ၏ ကမ္ဘာတွင် အဓိကဇာတ်လိုက်က ၎င်းတို့ကိုယ်တိုင်နှင့် ၎င်းတို့၏မိခင်များပင်ဖြစ်သည်။ ဖခင်ဖြစ်သူက ဇာတ်ရံတစ်ယောက်သာဖြစ်သည်။ တစ်ခါတစ်ရံတွင် ထိုသို့သောအစီအစဉ်က ကျိန်းသေပေါက် မှန်ကန်နေတတ်သည်။ ဥပမာအနေဖြင့် ပြောရလျှင် ယခုကိစ္စတွင်လည်း ဝမ်လေးက သူ့အမေနှင့် အိပ်ရမည်ကိုသာ ဂရုစိုက်နေသည်။ သူ့အမေဘေးတွင် အိပ်ရမည့်နေရာကို သူ့အဖေအား မပေးချင်ပေ။ 


ဝမ်လေးက လျှို့ဝှက်ချက်မထားတတ်ပေ။ စုန့်ထင်ရှန်းက ဤကိစ္စကို ယွမ်ရှအားမပြောရန်မှာထားသော်လည်း  ရေချိုးပြီးသည်နှင့် ကုတင်ပေါ်ပြေးတက်ကာ ပြောပစ်လိုက်တော့သည်။

" မာမား သားနဲ့အိပ်ရတာကြိုက်လား ပါပါးနဲ့အိပ်ရတာကြိုက်လား ..."


ယွမ်ရှက သူ၏မေးခွန်းကြောင့် အံ့ဩသွားရသည်။ 


သူမကိုယ်သူမ တည်ငြိမ်အောင်ကြိုးစားပြီး ပြန်မေးလိုက်သည်။

" ဘာလို့ မေးတာတုန်း ..."


ဝမ်လေးက ချက်ချင်းပင် စုန့်ထင်ရှန်းကို ရောင်းစားလိုက်သည်။ ဝမ်နည်းနေသောအမူအယာဖြင့် သူပြောလိုက်သည်။


" ပါပါး က သားကို တစ်ယောက်တည်းအိပ်တဲ့ ယောက်ျားလေးတွေက လွတ်လွတ်လပ်လပ်နေတတ်ရမယ်တဲ့ ... ဒါမဲ့ သူ သားနေရာကိုလုချင်နေတာသိတယ် ... ပါပါးက သားမသိဘူးလို့ ထင်နေတာ ..."


သူက ကလေးငယ်လေးသာဖြစ်သော်လည်း သု့အဖေ၏ လှုပ်ရှားမှုများကို ကြိုမြင်နေသည်။


ယွမ်ရှ "...."


သူတို့နှစ်ယောက်လုံးက လူကြီးများဖြစ်သည်။ စုန့်ထင်ရှန်းက ထိုစကားများကို ဝမ်လေးအား အဘယ့်ကြောင့်ပြောသည်ကို သူမ သဘောပေါက်သည်။


သူတို့နှစ်ယောက်ကြားမှ ဆက်ဆံရေးက ပို၍ပို၍ ကောင်းမွန်လာပြီဖြစ်သည်။ မမျှော်လင့်ထားသော တစ်စုံတစ်ရာ မဖြစ်ပျက်လာသရွေ့ သူတို့က စုံတွဲအစစ်ဖြစ်ရန် လမ်းကြောင်းပေါ် ရောက်နေပြီဖြစ်သည်။ ထို့အပြင် သူတို့က လူသိရှင်ကြားလက်ထပ်ထားသောလင်မယားဖြစ်ပြီး တစ်မိုးအောက်တည်းတွင် အတူတူနေနေကြခြင်းဖြစ်သည်။ စုန့်ထင်ရှန်း၏ ဆုံးဖြတ်ချက်က အကြောင်းအရင်းမရှိသည် မဟုတ်ပေ။ 


ယွမ်ရှသည်လည်း အတွေ့အကြုံရှိသူတစ်ယောက်မဟုတ်ပေ။ စုန့်ထင်ရှန်း၏ ရည်ရွယ်ချက်ကို သိလိုက်ရသဖြင့် သူမ အနည်းငယ် ရှက်သွားမိသည်။ သို့ရာတွင် သူမက ဝမ်လေးရှေ့တွင် တည်ငြိမ်စွာနေရန် အကောင်းဆုံးကြိုးစားလိုက်သည်။ 


" ပါပါးပြောတာမှန်တယ် ... ယောက်ျားလေးတွေက ပိုပြီး လွတ်လွတ်လပ်လပ်နေသင့်တယ်လေ ... သားက ကလေးအကြီးကြီးဖြစ်လာရင် မာမားနဲ့ ဆက်အိပ်လို့မရတော့ဘူး ..." 


ဝမ်လေးစိတ်ထဲရှုပ်ထွေးသွားသည်။

" မာမားရော သားနဲ့မအိပ်ချင်ဘူးလား ..."


" အဲ့လိုပြောတာ မဟုတ်ဘူးလေ ... သားရဲ့ပါပါးပြောတာမှန်တယ် ... သား အသက်ကြီးလာရင် မာမားနဲ့အိပ်လို့ မရတော့ဘူးလေ ... တစ်ယောက်တည်းပဲ အိပ်ရတော့မှာ ..."

ယွမ်ရှ ထပ်ပြောလိုက်ပြန်သည်။


" သားက အသက်ကြီးတာတောင် မာမားနဲ့ဆက်အိပ်နေသေးရင် သားကိုလူတွေ ရယ်ကြမှာပေါ့ ..."


ဝမ်လေးက သူမအတွေးကို ဖောက်ထွင်းမြင်လိုက်သည်။


" မားမားရော ပါပါးနဲ့ အိပ်ချင်တာလား ..."


ယွမ်ရှ "...."


အဲ့လို တဲ့တိုးကြီးမေးရလား ... ဒီကလေးကတော့ ...


ဝမ်လေးက အိပ်ယာပေါ်တွင် လှဲချလိုက်ပြီးနောက် လှိမ့်နေကာ သူ့တင်ပါးကို လေပေါ်မြှောက်ထားလိုက်ပြီး ဟမ့်ခနဲ အသံပြုလိုက်သည်။


" မာမားရော ပါပါးရော သားနဲ့မအိပ်ချင်ကြဘူး ... သားကို မီးသီးလို့ထင်ပြီး ရှင်းထုတ်ပစ်ချင်နေကြတယ် ..."


(T/N: မီးသီးက တရုတ်စကားမှာ third wheelဆိုတဲ့ အဓိပ္ပါယ်ပါတဲ့ )


ဝမ်လေးက အမှန်တရားကိုပြောနေခြင်းဖြစ်သည်။ 


ယွမ်ရှက သူ့တင်ပါးလေးကို ရိုက်လိုက်သည်။

" ကလေးလေးက မီးသီးဖြစ်ရုံမကဘူး အပူပေးစက်လေးပါဖြစ်နေပြီ ..."


ဝမ်လေးက သူ့တင်ပါးကို တွန့်လိမ်နေသည်။

" ဒါဆို သားတစ်ယောက်တည်း အိပ်ရတော့မှာပေါ့ ..."


" အခုတော့ မဟုတ်ပါဘူး ... အနာဂတ်မှာတော့ သေချာပေါက်ပေါ့ ..."


ဝမ်လေးက ချက်ချင်းပင် ငေးငိုင်သွားမိသည်။


ယွမ်ရှက ဤအခွင့်အရေးကို အသုံးချပြီး သူ့ကိုသင်ကြားပေးရန် ပြင်လိုက်သည်။


" သားက ငယ်သေးတယ်လေ ... အခုချိန် မာမားနဲ့အိပ်နေတာကိုတော့ ဘယ်သူမှ ဘာမှပြောမှာ မဟုတ်ဘူး ... ဒါပေမဲ့ အသက်ကြီးလာရင် တခြားလူတွေက ရယ်မှာပေါ့ ... မာမားက သားအမေဆိုပေမယ့် လိင်အမျိုးအစားကွဲပြားတယ်လေ မဟုတ်ဘူးလား ..."


" ဟုတ် ..."


စုန့်ထင်ရှန်းဖြစ်စေ၊ ယွမ်ရှဖြစ်စေ၊ သူငယ်တန်းမှ ဆရာမပင်ဖြစ်စေ သူတို့အားလုံးက အခွင့်အရေးရတိုင်း လိင်အမျိုးအစားကွဲပြားမှုကို သင်ပေးတတ်ကြသည်။


သူ့အမေက မိန်းကလေးဖြစ်ပြီး ဝမ်လေးက ယောက်ျားလေးဖြစ်သည်ကို ဝမ်လေးသဘောပေါက်ထားသဖြင့် အနာဂတ်တွင် တူတူအိပ်၍ မရတော့ပေ။


xxxxxx