Chapter 246
စုန့်ထင်ရှန်းက ကတိတည်ခဲ့သည်။ လာမည့်ရက်များတွင်လည်း သူက ယွမ်ရှကို ရုံးအကြိုအပို့လုပ်ပေးခဲ့သည်။
မန်နေဂျာက သိသိသာသာမပြောသော်လည်း ယွမ်ရှ ကုမ္ပဏီမှ ထွက်သွားချင်ပါက သူမကိုချွင်းချက်ထားပေးမည့်အကြောင်း အရိပ်အမြွက်ပြနေသည်။ သို့ရာတွင် သူမကို ဤတစ်ပတ်အထိ အလုပ်လုပ်စေချင်နေသည်။ သောကြာနေ့ညတွင် ယွမ်ရှအတွက် ညစာစားပွဲတစ်ခုလုပ်ပေးမည်ဟုလည်း ပြောနေသည်။
ယွမ်ရှ နောက်ဆုံးတွင် သောကြာနေ့သို့ ရောက်လာခဲ့သည်။ နောက်တစ်ပတ်တွင် အလုပ်ဆင်းရန် မလိုအပ်တော့သဖြင့် သူမအလွန်ပျော်ရွှင်နေမိသည်။ သူမသူဌေးက ချင်ယွီဖြစ်နေကြောင်း သိပြီးချိန်မှစ၍ အလုပ်သို့လာတိုင်း အမျိုးအမည်မဖော်ပြနိုင်သော ခံစားချက်တစ်မျိုး ဖြစ်နေခဲ့မိသည်။ စိတ်ရှုပ်ထွေးပြီး မသက်မသာလည်း ဖြစ်နေခဲ့မိသည်။
ယခင်ရက်များကဲ့သို့ပင် စုန့်ထင်ရှန်းက သူမကို အလုပ်သို့ လိုက်ပို့ပေးခဲ့သည်။ ယွမ်ရှ ကားပေါ်မှမဆင်းမီ တစ်ခုခုကို တွေးမိသွားသဖြင့် မေးလိုက်သည်။
" ကျွန်မ နောက်တစ်ပတ်ကစပြီး ရုံးမတက်ရတော့ဘူးဆိုတော့ အလုပ်ထွက်ဖို့ကိစ္စတွေ ပြင်ဆင်တာ ဒီနေ့ပြီးမယ်ထင်တယ် ကုမ္ပဏီက ရုံးဆင်းရင် ညစာစားပွဲ လုပ်ပေးမယ်ပြောတော့ မသွားလို့လည်းမရဘူး ... ရှင်ရော လာချင်လား ..."
ချင်ယွီ လာမလာကို သူမ သေချာမသိပေ။ အကယ်၍ သူရှိနေပါကလည်း ကုမ္ပဏီတွင် လူများစွာရှိသည့်အတွက် ရေကြီးခွင်ကျယ်ကိစ္စမဟုတ်ပေ။ ထို့အပြင် သူမက ချင်ယွီ၏ အကျင့်စရိုက်ကို ရှင်းလင်းစွာသိသည်။ ထို့အပြင် လွန်ခဲ့သည့်ရက်များက ချင်ယွီ၏ပုံစံကို ပြန်စဉ်းစားမိပြီးနောက် သူမ ပြန်လည်မွေးဖွားလာခြင်း ဟုတ်မဟုတ်ကို သူသိမည် မထင်ပေ။ အကယ်၍ သူသိနေခဲ့ပါက သူမကိုသေချာပေါက် ထိပ်တိုက်ရင်ဆိုင်မည်ဖြစ်သည်။ သို့ဖြစ်၍ ယခုလက်ရှိအချိန်ထိ ချင်ယွီက အန္တရာယ်များသော လူစာရင်းတွင် မပါဝင်ပေ။
သို့သော်လည်း စုန့်ထင်ရှန်း လာရောက်ပေးလျှင် အကောင်းဆုံးဖြစ်လိမ့်မည်။ သူက သူမရင်ထဲတွင် စွန်းဝူခုန်း၏ မှော်ပစ္စည်းကဲ့သို့ဖြစ်နေသဖြင့် သူရောက်လာခဲ့ပါက သူမစိတ်အေးလက်အေး နေနိုင်လိမ့်မည်ဖြစ်သည်။
စုန့်ထင်ရှန်းက သူမကိုကြည့်ပြီးဖြေလိုက်သည်။
" ဒါက ကုမ္ပဏီ ညစာစားပွဲဆိုတော့ ကိုယ်သွားဖို့ မသင့်တော်ဘူးထင်တယ် ... ကာရာအိုကေမှာ သီချင်းဆိုဖို့သွားရင်တောင် လိုက်ခဲ့လို့ရသေးတယ် ... ဘာပဲဖြစ်ဖြစ် ကိုယ် မင်းကိုလာကြို မှာပဲလေ ..."
စုန့်ထင်ရှန်း ပြောနေရာမှ ခဏရပ်လိုက်သည်။
" ကိုယ်မရှိတဲ့အချိန် အရက်မသောက်ပါဘူးလို့ ကတိပေး ... သစ်သီးဝိုင်ဆိုရင်တောင် မရဘူး .. တစ်ယောက်ယောက်က မေးရင် အရက်နဲ့ အလက်ဂျစ်ရှိတယ်လို့ဖြေလိုက် ..."
" ကောင်းပါပြီ ကျွန်မ မသောက်ပါဘူး ..."
စုန့်ထင်ရှန်းက သူမခေါင်းကို ခပ်ဖွဖွတ်လိုက်သည်။ ၎င်းက သူ ဝမ်လေးကို ပြုလုပ်နေကျ အမူအကျင့်တစ်ခုပင်ဖြစ်သည်။
" အရမ်း လိမ္မာတယ် ..."
ယွမ်ရှ သူ့လက်ကို ခါလိုက်သည်။
" ရှင် မလာဘူးဆိုရင် ကျွန်မ စောစောပြန်ထွက်လာမယ် ... ဘာပဲဖြစ်ဖြစ် ကျွန်မက အလုပ်ထွက်တော့မှာပဲဆိုတော့ သူတို့တစ်မျိုးထင်မှာလည်း စိတ်ပူနေစရာမလိုဘူးလေ ..."
" ကောင်းပါပြီ ..."
သူမ ထိုင်ခုံခါးပတ်ကိုချွတ်လိုက်သည်။ သူမ ကားပေါ်မှ ဆင်းခါနီးတွင် စုန့်ထင်ရှန်းက ကားအောက်မှ တစ်စုံတစ်ခုကို ထုတ်ပေးလိုက်သည်။
" ဒါကိုယူသွား ..."
ယွမ်ရှ ထိုပစ္စည်းကိုကြည့်လိုက်သည်။ သူမ သေချာမကြည့်ခင်မှာပင် စုန့်ထင်ရှန်းပြောသည်ကို ကြားလိုက်ရသည်။
" အပြင်သွားတဲ့အချိန်တိုင်း ယူသွား ..."
" ငရုတ်သီး စပရေးလား ... ဘာလို့ ဒါကြီးကိုပေးတာလဲ ..."
ယွမ်ရှက စုန့်ထင်ရှန်း၏ ပူပန်မှုကြောင့် အံ့အားသင့်သွားမိသည်။
စုန့်ထင်ရှန်း သူမကို စနောက်လိုက်သည်။
" မင်းကိုယ်မင်း ပထမတန်းစား အလှတရားလေးလို့ ပြောတယ်မလား ... မကောင်းကြံတဲ့လူ တစ်ယောက်ယောက်နဲ့ ထိပ်တိုက်တွေ့ရင် ဒီပစ္စည်းက သက်ရောက်မှုရှိတယ် ... ကိုယ်က မင်းရဲ့ဘေးမှာ တစ်ချိန်လုံး မနေနိုင်ဘူးလေ ..."
သူမကို ဤပစ္စည်းဝယ်ပေးချိန်၌ သူ့ကိုယ်သူ မည်သည့်အရာများ စဉ်းစားနေမိကြောင်းပင် သေချာမသိပေ။
သူ တစ်ရက်က အလုပ်မှပြန်လာစဉ် အမျိုးသမီးဝန်ထမ်းတစ်ယောက်က ငရုတ်သီးစပရေးဘူးအကြောင်း ပြောနေသည်ကို ကြားလိုက်၍ဖြစ်သည်။ သူက သတင်းများကို ဂရုတစိုက်မကြည့်မိသော်လည်း ယခုခေတ်ကာလ ပတ်ဝန်းကျင်အခြေအနေက အမျိုးသမီးများအတွက် မလုံခြုံကြောင်းသူသိသည်။ အချိန်မရွေး တစ်ခုမဟုတ်တစ်ခုနှင့် ကြုံရနိုင်သည်။ အကယ်၍ လူမှုပတ်ဝန်းကျင်ကို ချက်ချင်းမပြောင်းလဲနိုင်ပါက အမျိုးသမီးများက မိမိကိုယ်မိမိ ကာကွယ်ရန် သင်ယူထားရမည်ဖြစ်သည်။
xxxxxx