အပိုင်း (၂၄၇)
Viewers 34k

Chapter 247 


ယွမ်ရှက စုန့်ထင်ရှန်း၏ စေတနာကိုလက်ခံပြီး စပရေးဘူးကို အိတ်ထဲထည့်လိုက်သည်။


" အမှန်ပဲ ... တစ်ခါတစ်လေ ကျွန်မကို ကြည့်နေတဲ့သူတွေရှိတတ်တယ် ... ဂရုတစိုက်နေမှဖြစ်မယ် ..."


စုန့်ထင်ရှန်းက ခဏတွေးလိုက်ပြီး ထပ်ပြောလိုက်သည်။

" ကိုယ့်အပေါ်မှာ မသုံးဖို့တော့ မျှော်လင့်ပါတယ် ..."


" ရှင် ဘာမှမလုပ်သရွေ့တော့ ကျွန်မ မသုံးပါဘူး ..."


စုန့်ထင်ရှန်းက ရှေ့တိုးလာသော်လည်း သူမ မျက်နှာကို မထိလိုက်ပေ။ သူမကို အမှန်တကယ် နမ်းလိုက်သကဲ့သို့ အသံပြုလုပ်လိုက်သည်။


ယွမ်ရှက ဝမ်လေးရှေ့တွင် သူတို့နှစ်ယောက် နမ်းဟန်ဆောင်ခဲ့သည်ကို သတိရသွားသည်။


" ဝမ်လေး ဒီမှာမရှိဘူးလေ ..."

သူမက အနည်းငယ်နေရခက်စွာဖြင့် ပြောလိုက်သည်။


စုန့်ထင်ရှန်းက ဤအတောအတွင်းတွင် သူမကို မျိုးစုံစနောက်လေ့ရှိသည်။ သူ၏ စကားလုံးများနှင့် အပြုအမူများက ပိုမိုရဲတင်းလာသည်။


သူက သူမကိုပိုးပန်းနေတာ မဟုတ်ဘူးလား ... ရုံးကို အကြိုအပို့ လုပ်ပေးနေတာတစ်ခုကလွဲရင် အဲ့လိုလုပ်နေတယ်လို့ကို မခံစားရတာ ...


စုန့်ထင်ရှန်း မေးလိုက်သည်။

" မင်း ဆိုလိုတာက ဒီမှာ ဝမ်လေး မရှိဘူးဆိုတော့ ကိုယ်တို့ တကယ်နမ်းလို့ရတယ်ပေါ့ အဲ့ဒီလိုလား ..."


ယွမ်ရှက ကားတံခါးကိုဖွင့်ကာ အပြင်ထွက်လိုက်သည်။ သူမ ကားတံခါးကိုမှီရပ်လိုက်ပြီး ခြိမ်းခြောက်သော လေသံဖြင့် ပြောလိုက်သည်။

" သေချာပေါက် မရဘူးပေါ့ ... ဒီဟာကို စမ်းသပ်ကြည့်ချင်ရင်တော့ လုပ်လိုက်လေ ..."

ယွမ်ရှ သူမအိတ်ကို ဖိပြလိုက်သည်။


စုန့်ထင်ရှန်း နောင်တရမိသွားသည်။



ဧည့်ကြိုမိန်းကလေးက စားသောက်ဆိုင်တစ်ခုတွင် ဘိုကင်ကြိုလုပ်ထား၍ ဝန်ထမ်းအားလုံးက အလုပ်ဆင်းသည်နှင့် ထိုနေရာသို့ သွားကြမည်ဖြစ်သည်။ ထိုသို့သော စားသောက်ဆိုင်ကောင်းတွင်စားရမည်ဖြစ်သောကြောင့် အားလုံးက ယွမ်ရှကို ကျေးဇူးတင်သင့်သည်ကို ပြောနေကြသည်။ ထိုစကားလုံးများက အနည်းငယ် ချဲ့ကားပြောသည်ဟု ထင်ရသော်လည်း ဤစားသောက်ဆိုင်မှ ဈေးနှုန်းများက လခစားဝန်ထမ်းများကို ခြောက်လှန့်နေသည်။


ယွမ်ရှက ဧည့်ကြိုမိန်းကလေးကို ဘေးနားသို့ တိတ်တဆိတ်ခေါ်လာပြီး ထပ်ခါထပ်ခါ အတည်ပြုလိုက်သည်။ 

" ကုမ္ပဏီက ညစာစားပွဲအတွက် ပေးမှာမလား ..."


စားပြီးမှ သူမကို ဘေလ် မရှင်းခိုင်းနဲ့နော် ... အဲ့လိုဖြစ်နိုင်ချေက နည်းပြီး သူမကလည်း ချမ်းသာတယ်ဆိုပေမယ့် သူမက ဂုတ်သွေးစုပ်လို့ရတဲ့လူမျိုး မဟုတ်ဘူး ..."


ဧည့်ကြိုမိန်းကလေးက ခေါင်းငြိမ့်ပြလိုက်သည်။

" ဟုတ်ပါတယ် ကုမ္ပဏီကပဲ ပေးမှာပါ ... ဘာမှ စိတ်မပူပဲ အေးဆေးစားလို့ရတယ် ..."


ယွမ်ရှ စိတ်အေးသွားသော်လည်း ထပ်မေးလိုက်သည်။

" ရှင်က ဒီစားသောက်ဆိုင်မှာ ဘိုကင်တင်ထားပတဲ့သူ မလား ... ဘဏ္ဍာရေးဌာနက ကုန်ကျစရိတ်တွေ မထုတ်ပေးမှာ မစိုးရိမ်ဘူးလား ... ဒီစားသောက်ဆိုင်က ထမင်းတစ်နပ်က တော်တော်ဈေးကြီးတယ်..."


" ကုန်ကျစရိတ်ကိုပေးတာ ကျွန်မတို့သူဌေးလေ ..."

ဧည့်ကြိုမိန်းကလေးက ယွမ်ရှကိုကြည့်လိုက်သည်။

" စီအီးအို ကိုယ်တိုင်က အဆင်ပြေတယ်လို့ ပြောတာပါ ... သူက အရမ်းရက်ရောတဲ့သူဆိုတော့ ဒီငွေလောက်ကို ဂရုစိုက်မှာ မဟုတ်ပါဘူး ..."


ကံကောင်းသည်မှာ ချင်ယွီ ယနေ့တွင်မလာပေ။ သို့မဟုတ်ပါက ထိုအစားအသောက်များကို ယွမ်ရှ မျိုကျတော့မည်မဟုတ်ပေ။


ညစာစားပြီးသည့်အခါ လူအုပ်ကြီးက အနီးနားမှ ကာရာအိုကေသို့ သွားကြသည်။ ယွမ်ရှက လူအုပ်ကြီးနှင့်အတူ သီးသန့်ခန်းထဲသို့ ဝင်သွားချိန်တွင် ချင်ယွီက ဆိုဖာပေါ်တွင် ထိုင်နေသည်ကို တွေ့လိုက်ရသည်။ သူက အဖြူရောင်ရှပ်အင်္ကျီ တစ်ထည်ဝတ်ထားပြီး ဝိုင်တစ်ခွက်ကိုသောက်နေသည်။ သူ၏ ပုံစံက ပုံမှန်အချိန်နှင့် ကွာခြားနေသည်။


ယွမ်ရှ ရင်တုန်နေမိသည်။ သူမစိတ်ထဲတွင် ကိစ္စကြီးကြီးမားမားတစ်ခုခု ဖြစ်တော့မည်ဟု ခံစားနေရသည်။


အကယ်၍ ဤနေရာတွင် ချင်ယွီရှိနေမည်ကို သိခဲ့ပါက ညစာစားပြီးချိန်တည်းက သူမပြန်လိုက်မည်ဖြစ်သည်။ သူမ ဂရုမစိုက်ပဲ မနေခဲ့သင့်ပေ။ ကံကောင်းသည်မှာ စုန့်ထင်ရှန်းက မကြာမီ ရောက်လာတော့မည်ဖြစ်သည်။


ချင်ယွီ ပြဿနာရှာရန် ကြံရွယ်ထားသည် ဟုတ်မဟုတ်ကို သူမ မသိပေ။ သူမ စိတ်ထဲတွင် သူက သူ့ပုံစံအမှန်ကို ဖုံးကွယ်ရန် ရည်ရွယ်ချက်မရှိတော့ဟု ခံစားနေမိသည်။ သူမကို ချင်ယွီ အကြိမ်ပေါင်းများစွာကြည့်နေသည်ကိုလည် အာရုံခံမိနေသည်။


သူ ပြဿနာရှာခဲ့ပါကလည်း အဆင်ပြေသည်ဟု ယွမ်ရှ ဆုံးဖြတ်လိုက်သည်။ သွမ့်ချီသည်ပင် ထွက်သွားရန် ဆန္ဒမရှိပဲ သူမနှင့်စုန့်ထင်ရှန်းရှေ့တွင် အကြိမ်အနည်းငယ်ခန့် ပေါ်လာခဲ့သည်ဖြစ်သည်။ သူမကို အစောပိုင်းတည်းမှ အကွက်ချကြံစည်၍ ထောင်ခြောက်ထဲကျအောင် စောင့်နေသည့် ချင်ယွီဆိုလျှင် ပြောစရာပင် မလိုပေ။ သူက အလွန်အားထုတ်ခဲ့ရသည်ဖြစ်သည်။ သူက ဇာတ်ကွက်ထဲမှ ပြဿနာမရှာပဲ ထွက်သွားပါက အလွန်ထူးဆန်းနေမည်ဖြစ်သည်။


xxxxxx