အပိုင်း (၂၄၈)
Viewers 31k

Chapter 248 


ယွမ်ရှ စုန့်ထင်ရှန်းကို ဖုန်းခေါ်လိုက်သည့်အခါ သူက လာကြိုသည့်လမ်းတွင် ရောက်နေပြီဟုပြောသည်။ 


သူမဘေးမှ လုပ်ဖော်ကိုင်ဖက်တစ်ယောက်က ဖုန်းပြောသည်ကိုကြားလိုက်ပြီးနောက် မနာလိုစွာဖြင့် ပြောလိုက်သည်။


" အမျိုးသားက လာခေါ်မယ်တဲ့လား ... ရှင်တို့ကတော်တော်လေး ချစ်ကြတာပဲ ..."


ယွမ်ရှ သူမဖုန်းကို အိတ်ထဲသို့ ပြန်ထည့်ကာ ဆံပင်သပ်လိုက်သည်။ သူမ နူးညံ့စွာသာပြုံးပြလိုက်ပြီး တစ်ခွန်းမှ ပြန်မပြောပေ။ 


သူမ ယခုအခါတွင် သဘောပေါက်သွားသည့်အရာ ရှိသည်။ ကုမ္ပဏီမှ လူအတော်များများက ချင်ယွီ သူမကို စိတ်ဝင်စားနေကြောင်း မသိကြပေ။ သူမဌာန၏ မန်နေဂျာ ၊ သူမကို အင်တာဗျူးခဲ့သည့် HRမန်နေဂျာနှင့် အရိပ်အကဲနားလည်သော ဧည့်ကြိုမိန်းကလေးမှလွဲ၍ မည်သူမှ မသိကြပေ။ သူမ သေချာပြန်တွေးကြည့်သည့်အခါ အကယ်၍ အားလုံးက ထိုအကြောင်းကိုသိပြီး အလုပ်တူတူလုပ်နေပါက Truman Showပွဲ၏ ပိုမိုကျယ်ပြန့်သောဗားရှင်းတစ်ခု ဖြစ်သွားနိုင်သည်။


ယွမ်ရှက သီချင်းဆိုရသည်ကို မနှစ်သက်ခြင်းမဟုတ်ပဲ ဆိုချင်စိတ် မရှိခြင်းသာဖြစ်သည်။ သို့ဖြစ်၍ ဘေးတစ်နေရာတွင် တိတ်ဆိတ်စွာထိုင်နေသည်။ သူမက အချိုရည်ယမကာတစ်ခုမှကိုလည်း မသောက်သုံးသည့်အပြင် သစ်သီးများကိုလည်း မစားပေ။ တစ်ခါတစ်ရံ အရာရာကို စိတ်ပူပန်နေတတ်သော ရောဂါတစ်ခုဖြစ်နေသည်လားဟု သူမကိုယ်သူမ မေးခွန်းထုတ်မိသည်။ ဥပမာအားဖြင့် ယခုလည်း ချင်ယွီက  သူမကို ဆေးခတ်ထားမည်ကို စိတ်ပူနေသည်။


ထို့အပြင် သူမ သန့်စင်ခန်းသွားချင်နေသော်လည်း ဤလူအုပ်ထဲမှ ခွဲထွက်သွားပါက တစ်စုံတစ်ယောက်က သူမကို အိတ်ထဲထည့်ခေါ်သွားမည်ကို လန့်နေသည်။ အကယ်၍ သူမကို ခေါ်သွားပါက ချင်ယွီထံတွင် အဖမ်းခံထားရတော့မည့်မြင်ကွင်းကို တွေးမိပြီး ခြောက်ခြားနေသည်။


ယွမ်ရှ စိတ်ထဲတွင် သက်ပြင်းချနေမိသည်။ ၎င်းက ဝတ္ထုများ မြောက်များစွာဖတ်မိခြင်း၏ အကျိုးရလဒ်ဖြစ်လိမ့်မည်။ ချင်ယွီက တစ်စုံတစ်ခု မှားယွင်းနေခြင်းမရှိပဲ သူမကိုဘာမှမလုပ်လျှင်ပင် အန္တရာယ်ရှိသည်ဟု ခံစားနေမိသည်။


ယွမ်ရှ၏ အတွေးများက ချဲ့ကားထားသည်ဟု ပြော၍လည်းမရပေ။ ချင်ယွီ သူမကို ပြန်ပေးဆွဲသွားပါက သူမကိုယ်သူမ မည်သို့ကယ်တင်ရမည်ကိုပင် တွေးနေပြီဖြစ်သည်။


နတ်ဘုရားများက သူမကို ခက်ခဲနက်နဲသည့် ပြဿနာများ ဖြေရှင်းခိုင်းရသည်ကို နှစ်သက်ပုံရသည်။ သူမဘဝတွင် အောင်နိုင်သူ၏နေရာကို ရောက်ရှိလာခဲ့သော်လည်း မူလပိုင်ရှင်၏ ဒုတိယမြောက်ယောက်ျားက ပြန်လည်မွေးဖွားလာခဲ့သည်။ နတ်ဘုရားများက စင်းလုံချောနေသည့် ဇာတ်လမ်းများကို နှစ်သက်ပုံမရပေ။ 


ချင်ယွီက တစ်ဖက်တွင်ထိုင်ပြီး သူ့ဖုန်းကိုကြည့်နေသည်။ မည်သည့်ဝန်ထမ်းမှ သူ၏ ဖုန်းမျက်နှာပြင်ကို ခိုးမကြည့်ရဲကြပေ။ သို့ဖြစ်၍ သူက ဗီဒီယိုတစ်ခုတည်းကို ထပ်ခါထပ်ခါကြည့်နေကြောင်း မည်သူမှ မသိကြပေ။ 


၎င်းက ဤမနက်ခင်းမှ ဗီဒီယိုတစ်ခုဖြစ်သည်။ ဗီဒီယို၏ အရည်အသွေးကိုကြည့်လျှင် CCTVမှာရိုက်ကူးထားသည့် ဗီဒီယိုနှင့်တူနေသည်။ ပုံရိပ်တစ်ခုက ဝိုးတဝါးပြသနေသည်မှာ ကားမောင်းသူနေရာတွင် ထိုင်နေသောအမျိုးသားက ဘေးခုံမှ အမျိုးသမီး၏ဆံပင်ကို ညင်သာစွာသပ်ပေးလိုက်ပြီးနောက် ရှေ့သို့ကိုင်းညွတ်ပြီး ထိုအမျိုးသမီး၏မျက်နှာကို နမ်းလိုက်သည်။ သူတို့၏ အမူအယာများကို ဗီဒီယိုမှတစ်ဆင့် ကွဲပြားစွာ မမြင်ရသော်လည်း ၎င်းတို့နှစ်ယောက်ကြားမှ ချစ်ခင်ရင်းနှီးမှုက အလွန်သိသာနေသည်။


ချင်ယွီက ထိုဗီဒီယိုကို ထပ်ခါထပ်ခါကြည့်နေပြီး နောက်ဆုံးတွင် မျက်လုံးများမှိတ်လိုက်သည်။


သူထင်ထားသလောက် တည်ငြိမ်မနေသည်ကို သူ့ကိုယ်သူ သိလိုက်ရသည်။


ယွမ်ရှနှင့် စုန့်ထင်ရှန်းတို့ အိမ်ထောင်ရေး၏ အဖြစ်မှန်ကိုသိသော အပြင်လူတစ်ယောက်ဖြစ်သည့်အတွက် အောင်မြင်မှုက သူ့လက်ထဲတွင်ရှိသည်ဟု မူလက သေချာနေခဲ့သည်။ ထိုနှစ်ယောက်က လက်ထပ်ပြီးသည်မှာ နှစ်ပေါင်းများစွာကြာသော်လည်း သူစိမ်းများကဲ့သို့ဖြစ်နေသည့်အကြောင်းလည်း သူသိသည်။ လွန်ခဲ့သောနှစ်ပေါင်းများစွာက ညတစ်ညနောက်ပိုင်းတွင် ယွမ်ရှနှင့် စုန့်ထင်ရှန်းက ပတ်သက်မှုမရှိတော့သည်ကို သူသိသည်။ သို့ဖြစ်၍ သူ့ဇနီး၏ ယခင်ယောက်ျားကို သူတစ်ကြိမ်မှ သဝန်မတိုခဲ့ခြင်းဖြစ်သည်။


ယွမ်ရှနှင့်သူက တစ်‌ဦးနှင့်တစ်ဦး အလွန်သင့်‌လျော်သောစုံတွဲများဖြစ်သည်ဟု ယုံကြည်ခဲ့သည်။ သူ့မျက်လုံးများပွင့်လာပြီး လွန်ခဲ့သောနှစ်အနည်းငယ်ကို ပြန်ရောက်နေကြောင်း သိလိုက်ရချိန်က သူ စိတ်လှုပ်ရှားသွားခဲ့သည်။ သူမ၏ အတိတ်ဘဝအကြောင်းများကိုလည်း ပြောင်းလဲပစ်နိုင်မည်ဟု ထင်ခဲ့သည်။ ချင်ယွီ သေချာစွာတွေးတောပြီးသည့်နောက် ဤတစ်ကြိမ်တွင် ယွမ်ရှ၏သားလေးကို သူများထံပေးပစ်ခြင်းမှ တားမြစ်မည်ဟု ဆုံးဖြတ်ခဲ့သည်။


xxxxxxx