အပိုင်း (၂၄၉)
Viewers 31k

Chapter 249 


ယွမ်ရှက သူမအလှပျက်မည်ထက် နာကျင်မှုကို ပိုကြောက်ရွံ့သည်။ သူတို့နှစ်ယောက်နှစ်ပေါင်းများစွာ အတူနေထိုင်လာခဲ့၍ သူမနှင့်ကလေးတစ်ယောက်လိုချင်ခဲ့သော်လည်း သူမက သဘောမတူခဲ့ပေ။ 


ထိုစဉ်အချိန်က ပထမဆုံးအကြိမ်အဖြစ် ချင်ယွီက ယွမ်ရှ၏ ယခင်ယောက်ျားကို သဝန်တိုခဲ့မိသည်။

သူမက အဲ့ယောက်ျားနဲ့ကျတော့ ကလေးတစ်ယောက်ရခဲ့ပြီး သူနဲ့တော့ ကလေးမယူဘူးပေါ့ ...


သူ ပြန်လည်မွေးဖွားလာပြီးသည့်နောက်တွင် ယွမ်ရှ၏ ရှေ့တွင် ပြန်ပေါ်လာရန် မစောင့်နိုင်ဖြစ်နေခဲ့သော်လည်း  သူမ၏ ယခင်ယောက်ျားက မသေသေးကြောင်း ရုတ်တရက် သိလိုက်ရသည်။


သူမက သားဖြစ်သူကိုခေါ်၍ စုန့်ထင်ရှန်းကို မြို့တော်Aတွင် လာတွေ့ခဲ့ကြောင်း သိလိုက်သည့်အခါ သူ့ရင်ထဲ နာကျင်သွားခဲ့သည်။ ထိုစဉ်အချိန်က သူမသည်လည်း ပြန်လည်မွေးဖွားလာခြင်းဖြစ်သည်ဟု သူထင်ခဲ့မိသည်။

ဒါပေမဲ့ သူမက ပြန်လည်မွေးဖွားလာတယ်ဆိုရင် သူ့ကိုအရင်လာတွေ့ရမှာပေါ့ ... မြို့တော်Aကိုသွားပြီး စုန့်ထင်ရှန်းကို ဘာလို့သွားကယ်တာလဲ ...


သူ့ထံတွင် ခန့်မှန်းချက်များစွာရှိနေသည်။ သူတို့နှစ်ယောက် လေယာဉ်ပေါ်တွင် "မတော်တဆ" တွေ့ခဲ့စဉ်အချိန်ကစ၍ သူသံသယဝင်လာခဲ့သည်။


သူမက ပြန်လည်မွေးဖွားလာတာ မဟုတ်ဘူးလား ... အဲ့ဒါဆိုရင် ဘာလို့သူ့ကို သူစိမ်းတစ်ယောက်လိုမျိုး ဆက်ဆံနေရတာလဲ ...သူ့ကို မရင်းမနှီးဖြစ်နေတဲ့ပုံစံက ဟန်ဆောင်တာ မဟုတ်မှန်း သိသာနေတယ် ...


ထိုအခါမှသာ သူမအကြောင်းကို ခရေစေ့တွင်းကျ မသိခဲ့ကြောင်းသိလိုက်ရသည်။ သူမက ကလေးများကို သဘောမကျဟု ထင်ခဲ့မိသည်။ ကလေးများက အလွန်ဆူညံပြီး တဗျစ်တောက်တောက် လုပ်တတ်ကြ၍ ၎င်းတို့ကို သဘောမကျကြောင်း သူ့ကို သူမပြောခဲ့ဖူးသည်။ ထိုသို့မဟုတ်ပါက သူမ၏ သားအရင်းကို သူများထံပေးပစ်ပြီး သူနှင့် ကလေးယူရန်လည်း ငြင်းဆန်နေမည်မဟုတ်ပေ။ သို့ရာတွင် ယခုတစ်ကြိမ်တွင် သူမက ကလေးများကို အလွန်ချစ်တတ်ကြောင်း သိလိုက်ရသည်။ သူ၏ သားလေးကလည်း အလွန်ချစ်စရာကောင်းလှသည်။


အရေးကြီးဆုံးအရာမှာ စုန့်ထင်ရှန်းနှင့်သူမ အခန်းခွဲအိပ်ကြောင်းကို သူမကလေးထံမှ သူသိခဲ့ရသည်။


ဒါဆိုရင် စုန့်ထင်ရှန်းနဲ့ မျက်နှာချင်းဆိုင်လိုက်တိုင်း ဘာလို့ရှက်နေတဲ့ပုံမျိုး ဖြစ်နေရတာလဲ ... သူမစိတ်ရဲ့ အဲ့လိုဘက်ခြမ်းမျိုးကို သူ မမြင်ဖူးခဲ့ဘူး ...



စုန့်ထင်ရှန်း ထိုနေရာသို့ရောက်လာရန် မကြာလိုက်ပေ။ 


သူ့ကို မြင်သည့်အခါမှ ယွမ်ရှ၏ အမူအယာက ချက်ချင်းပင် စိတ်အေးလက်အေးဖြစ်သည့်ပုံပေါက်သွားသည်။ သူမက‌ ရှေ့ကိုပြေးထွက်သွား၍ သူ့ကိုနှုတ်ဆက်ပြီး လက်မောင်းကိုဖက်ထားလိုက်သည်။ ဤတစ်ကြိမ်တွင် သူမ သရုပ်ဆောင်နေခြင်း မဟုတ်တော့ပေ။ သူမ တီးတိုးပြောလိုက်သည်။

" ဘာလို့ အရမ်းနောက်ကျတာလဲ ..."


သူမ၏ ဆီးအိမ်က ပေါက်ကွဲမတတ်ဖြစ်နေပြီဖြစ်သည်။


သူမက သီးသန့်ခန်းထဲမှ ထွက်ပြီး သန့်စင်ခန်းရှိရာသို့ မသွားရဲခဲ့ပေ။  အရေးကြီးဆုံးအရာမှာ သူမ၏ အမျိုးသမီးလုပ်ဖော်ကိုင်ဖက်များ တစ်ယောက်မှလည်း သန့်စင်ခန်းမသွားကြပေ။ သူမ၏ လုံခြုံမှာအတွက် သူမ အတော်ပင် သည်းခံထားလိုက်ရသည်။


ယခုအခါ စုန့်ထင်ရှန်း‌ ရောက်လာပြီဖြစ်၍ သန့်စင်ခန်းသို့ အကြောက်အလန့်မရှိ သွားရဲပြီဖြစ်သည်။ သူမ၏ လုံခြုံမှုအတွက် စုန့်ထင်ရှန်းကို အမျိုးသမီး သန့်စင်ခန်းရှေ့တွင် စောင့်ခိုင်းထားပြီး တစ်စုံတစ်ယောက်က သူမကို သတိမေ့အောင်လုပ်ပြီး အိတ်ထဲထည့်သွားမည့်အရေးမှ ကာကွယ်လိုက်မည်ဖြစ်သည်။


စုန့်ထင်ရှန်းက ယွမ်ရှနှင့်အတူ သီးသန့်ခန်းထဲမှ ထွက်လာခဲ့သည်။ သူမ သန့်စင်ခန်းသွားချင်နေသည်ကို သိလိုက်ရသည့်အခါ သူ့နှုတ်ခမ်များ တွန့်ကွေးသွားပြီး တအံ့တဩဖြင့် မေးလိုက်သည်။

" ခုချိန်ထိ အောင့်ထားတာလား ..."


ယွမ်ရှ ခေါင်းငြိမ့်ပြလိုက်သည်။

" ရှင်မလာရင် အဲ့အခန်းထဲကနေ ကျွန်မဘာသာ ထွက်လာဖြစ်မှာ မဟုတ်ဘူး ..."


စုန့်ထင်ရှန်း "...."


ယွမ်ရှ သန့်စင်ခန်းထဲသို့ ကတိုက်ကရိုက်ဝင်သွားသည်။ သန့်စင်ခန်းသုံးပြီးသည့်အခါ သူမ မိတ်ကပ်ကို ပြန်ပြင်လိုက်သည်။ သူမထွက်လာသည်နှင့် စုန့်ထင်ရှန်းက နံရံကိုမှီပြီး သူမကို စောင့်နေသည်ကို တွေ့လိုက်ရသည်။


သူတို့နှစ်ယောက် ခပ်ခွာခွာရပ်နေမိသည်။ စုန့်ထင်ရှန်းကို ကြည့်နေလျက် ထိုလူက သူမကို လုံခြုံမှုပေးစွမ်းနိုင်သည်ကို သဘောပေါက်သွားမိသည်။ 


သူမ သူ့ဆီသို့လျှောက်သွားကာ သူ့ကိုမဖက်ပဲမနေနိုင်တော့ပေ။ သူမ တစ်စုံတစ်ခုပြောချင်သော်လည်း။ဘာပြောရမည်ကို မသိပေ။


သူ့ကို သိခဲ့သည်မှာ အလွန်မကြာမြင့်သေးသလို သူမတို့၏ ရင်တွင်းခံစားချက်များကို ပွင့်လင်းစွာပြောခဲ့သည်မှာ အချိန်မကြာသေးပေ။ သူက မည်သည့်ကိစ္စကိုမှ မသိသော်လည်း သူရှိနေခြင်းကပင် အလွန်ကောင်းသောအရာတစ်ခုဖြစ်သည်ဟု သူမခံစားလိုက်ရသည်။


စုန့်ထင်ရှန်းက သူမ၏ နီးကပ်မှုကြောင့် ခဏတာ ထိတ်လန့်သွားသော်လည်း သူမကို ပြန်ဖက်ထားပြီး ဆံနွယ်များကို နူးညံ့စွာပွတ်‌သပ်ပေးနေသည်။


သူတို့နှစ်ယောက် စကားတစ်ခွန်းမှ မပြောကြသော်လည်း ယခုချိန်တွင် သူတို့ယခင်ကထက်ပို၍ ရင်းနှီးနေခဲ့ကြသည်။


xxxxxxxx