အပိုင်း (၂၅၀)
Viewers 31k

Chapter 250 


ယွမ်ရှစိတ်ထဲတွင် ပြဿနာဖြစ်နေသော ကိစ္စများကို စုန့်ထင်ရှန်းက သူ့အားပြောပြစေချင်ခဲ့ပြီး သူမကို အကြိမ်ပေါင်းများစွာ မေးကြည့်ချင်ခဲ့သည်။ သို့ရာတွင် ဤကိစ္စများက သူ သိရလောက်သည်အထိ အရေးမကြီးသည်ဟု သူမသတ်မှတ်ထားကြောင်း သဘောပေါက်လိုက်သည်။


ထိုလူနှစ်ယောက်က တစ်ဦးနှင့်တစ်ဦး တင်းတင်းကြပ်ကြပ် ဖက်ထားကြ၍ ထောင့်‌တစ်နေရာတွင် သူတို့ကို မျက်နှာသေဖြင့် ကြည့်နေသော ချင်ယွီကို သတိမပြုမိကြပေ။ 


ယွမ်ရှက စုန့်ထင်ရှန်းသေသည်ကို မမြင်လို၍ သူ့ကိုကယ်တင်ပေးလိုက်သည်ကို ချင်ယွီ သည်းခံပေးနိုင်သည်။ သူမက လက်ရှိအချိန်တွင် တစ်စုံတစ်ယောက်၏ ဇနီးသည်ဖြစ်ပြီး သူမသားလေးကို အလွန်ချစ်သည်ကိုလည်း သည်းခံပေးနိုင်သည်။ သူ လက်မခံနိုင်သည့် တစ်ခုတည်းသောအရာမှာ သူမက စုန့်ထင်ရှန်းကို သဘောကျနေခြင်းကိုပင်ဖြစ်သည်။ထိုမျှသာမက သူမ အခြားတစ်ယောက်ယောက်ကို သဘောကျနေသည်ကိုလည်း သူလက်မခံနိုင်ပေ။ 


ယခင်ဘဝက ယွမ်ရှနှင့်အတူ နှစ်ပေါင်းများစွာနေထိုင်ခဲ့၍ သူမက မည်မျှခက်ထန်ပြီး ရက်စက်သည်ကို သူသိသည်။ သူမက သူ့ကို မည်သည့်အခါကမှ မချစ်ခဲ့ကြောင်းကိုလည်း သူသိသည်။ သူမက သူ့ကို လိုအပ်ခဲ့ရုံသာဖြစ်ပြီး မချစ်ခဲ့ပေ။ သူမက ခိုးနားရာနေရာတစ်ခုနှင့် သူမအလိုရှိရာ ဘဝအတိုင်းထားပေးနိုင်မည့် ယောက်ျားတစ်ယောက်ကိုသာ အလိုရှိခဲ့ခြင်းဖြစ်ပြီး ထိုယောကျားက မည်သူဖြစ်သည်ကို ဂရုမစိုက်ခဲ့ပေ။ 


ထိုနှစ်များတွင် သူက အမှန်တရားကို သိခဲ့သော်လည်း တစ်ဖက်သတ်အချစ်ဖြင့်သာ ပျော်ရွှင်နေခဲ့မိသည်။


သူမက သူ့ကိုသာမက မည်သည့်လူတစ်ယောက်ကိုမှ မချစ်ပေ။ ၎င်းကို ချင်ယွီ လက်ခံပေးနိုင်သည်။ 


ဒါပေမဲ့ အခုဘာတွေဖြစ်ကုန်တာလဲ ... သူမက စုန့်ထင်ရှန်းကို သဘောကျနေတယ် ... သူက သူမအတွက် ကိစ္စတွေအများကြီး လုပ်ပေးခဲ့ပြီး နှစ်ပေါင်းများစွာ ကာကွယ်ပေးခဲ့တာတောင် သူမအတွက် ဘာမှမဟုတ်ဘူးလား ...



စုန့်ထင်ရှန်း ဤနေရာတွင်ရှိနေပြီဖြစ်၍ ယွမ်ရှက အိမ်ပြန်ရန် အလောတကြီးဖြစ်မနေတော့ပေ။ သူမ ကာရာအိုကေ မဆိုရသည်မှာ အလွန်ကြာခဲ့ပြီဖြစ်သည်။ စုန့်ထင်ရှန်း ဤနေရာတွင် ရှိနေပြီဖြစ်၍ သူမ အတော်လေး စိတ်အေးသွားပြီး မိုက်ခရိုဖုန်းကို မောင်ပိုင်စီးထားမိသည်။


သီချင်းဆိုပြီးချိန်တွင် ‌နောက်သို့ကြည့်လိုက်သောအခါ စုန့်ထင်ရှန်းက အခန်းထဲတွင် ရှိမနေတော့ပေ။ သူမ ဘေးပတ်ပတ်လည်သို့ ကြည့်လိုက်သည့်အခါ ချင်ယွီလည်း ရှိမနေသည်ကို တွေ့လိုက်ရသည်။


သူမ မိုက်ခရိုဖုန်းကို လုပ်ဖော်ကိုင်ဖက်တစ်ယောက်ထံသို့ ပေးလိုက်သည်။ ‌ထို့နောက် ဧည့်ကြိုမိန်းကလေးကို မေးလိုက်သည်။

" ကျွန်မ အမျိုးသားရော ... သူ ဘယ်သွားတာလဲ ..."


ဧည့်ကြိုမိန်းကလေးက ခဏတာစဉ်းစားလိုက်ပြီးနောက် ပြန်ဖြေလိုက်သည်။ 

" ကျွန်မထင်တာ သူ စီအီးအိုချင်နဲ့ ထွက်သွားတာဖြစ်မယ် ... သူတို့ ပြောစရာရှိလို့ နေမှာပေါ့ ..."


ယွမ်ရှ မျက်လုံးများ ပြူးကျယ်သွားမိသည်။ 

စုန့်ထင်ရှန်းနဲ့ ချင်ယွီက ဘာအကြောင်းတွေများ ပြောစရာရှိနေရတာလဲ ...


သူမ သီချင်းဆိုချင်စိတ် မရှိတော့ပေ။ သူမအိတ်ထဲမှ ဖုန်းကို အမြန်ထုတ်လိုက်ပြီး စုန့်ထင်ရှန်းကို ခေါ်လိုက်သော်လည်း ပြန်မဖြေပေ။ 


သူမ အခုမှ သီချင်းတစ်ပုဒ်ပဲ ဆိုမိတာလေ ... သူမကိုဘာမှမပြောပဲ ချင်ယွီနောက်ကို လိုက်သွားရလား ... ချင်ယွီက သူ့ကို ပြန်ပေးမဆွဲဘူးဆိုပေမယ့် သူမစိတ်ထဲ ရတတ်မအေး‌ဖြစ်နေတုန်းပဲ ...



ချင်ယွီထံမှ အရက်နံ့များမွှန်ထူနေပြီဖြစ်သည်။ သူ အရက်မည်မျှအထိ သောက်လိုက်မိသည်ကို မသိတော့ပေ။ 


စုန့်ထင်ရှန်းကို ကြည့်လိုက်ပြီး ချင်ယွီစိတ်ထဲတွင် အရာအားလုံးကို စွန့်စားပစ်ချင်စိတ် ပေါ်လာသည်။


သူ၏ ယခင်နည်းလမ်းများက နူးညံ့လွန်းနေသည်။ သွမ့်ချီဖြစ်စေ လီကျင်းဖြစ်စေ သူတို့က စိတ်အနှောင့်အယှက် ဖြစ်ရုံမျှသာဖြစ်သည်။ အကယ်၍ဖြစ်နိုင်ပါက သူက ဆိုးဝါးသည့်အရာများကို မလုပ်ချင်ပေ။ သူချစ်သည့်လူကိုသာ ပြန်ရချင်ရုံဖြစ်သည်။


ချင်ယွီက သူ့ကိုအခန်းပြင်သို့ထွက်ရန် ခေါ်လိုက်ချိန်တွင် စုန့်ထင်ရှန်းက သူ၏ခန့်မှန်းချက်များ မှန်ကန်သွားကြောင်း အတည်ပြုလိုက်နိုင်သည်။ ဤလူက သူ့ဇနီးနောက်သို့ လိုက်နေသည်မှာ သေချာသွားပြီး သူ၏အကြံအစည်များကို အစောပိုင်းတည်းက စတင်နေခဲ့ပြီးဖြစ်သည်။


စုန့်ထင်ရှန်းက ဘောင်းဘီအိတ်ကပ်ထဲ လက်နှိုက်ထားပြီး တည်ငြိမ်စွာမေးလိုက်သည်။

" စီအီးအိုချင် ကျွန်တော့်ကို ဘာများပြောချင်လို့လဲ ..."


ချင်ယွီက သူ့ကိုကြည့်ပြီး ရုတ်တရက်ပြုံးလိုက်သည်။

" စီအီးအိုစုန့် ခင်ဗျားရဲ့မိန်းမအကြောင်း တကယ်သိတာလား ..."


စုန့်ထင်ရှန်း၏ အမူအယာနှင့် လေသံက အေးစက်သွားသည်။

" ဘာကိုပြောချင်တာလဲ ..."


" ခင်ဗျား သူမအကြောင်း ဘာမှမသိပါဘူး ..."

ချင်ယွီ နူးညံ့စွာပြုံးပြလိုက်သည်။


" ခင်ဗျား သူဘာအရောင်ကြိုက်တယ်ဆိုတာသိလား ဒါမှမဟုတ် သူမရဲ့ အကြိုက်ဆုံးစားစရာကိုရောသိလား ... သူမခါးမှာ မှဲ့တစ်လုံးရှိတာရောသိလား ...


xxxxxxx