အပိုင်း (၂၅၁)
Viewers 31k

Chapter 251


ချင်ယွီ၏ နောက်ဆုံးစကားလုံးများကို ကြားလိုက်ရချိန်တွင် စုန့်ထင်ရှန်း၏ရင်ထဲတွင် ဗုံးတစ်လုံး ပေါက်ကွဲသွားသကဲ့သို့ ခံစားလိုက်ရသည်။ သို့သော်လည်း ဤအသက်အရွယ်ရောက်နေသည့် လူတစ်ယောက်အနေဖြင့် ထိုစကားများကြားရုံဖြင့် ဒေါသကို ထုတ်ဖော်ပြရန် မဖြစ်နိုင်ပေ။ ဆန့်ကျင်ဘက်အနေဖြင့် ချင်ယွီကို ပို၍တည်ငြိမ်စွာကြည့်လိုက်သည်။ သူ၏လေသံက ပေါ့ပေါ့ပါပါးသာဖြစ်သော်လည်း လေသံထဲမှ သတိပေးချက်က ပြင်းထန်လွန်းသည်။


" စီအီးအိုချင် ကျေးဇူးပြုပြီး စကားပြောဆင်ခြင်ပေးပါ ..." 


သူတို့နှစ်ယောက်လုံးက ယောကျာ်းသားများဖြစ်၍ ချင်ယွီက စုန့်ထင်ရှန်းကို မည်ကဲ့သို့ ဒေါသထွက်အောင်လုပ်ရမည်ကိုသိသည်။ သူ သဘောထားမကြီးကြောင်းနှင့် သူ၏ နည်းဗျူဟာသည် ဂုဏ်သိက္ခာမဲ့ကြောင်း သူသိသည်။


ဒါပေမဲ့ သူကြိုက်တဲ့ မိန်းကလေးက တခြားယောက်ျားတစ်ယောက်ကို ကြိုက်နေတာကို သည်းခံနိုင်တဲ့ယောက်ျားရှိပါ့မလား ...


အနည်းဆုံး သူက အလုံးစုံသောအခြေအနေများကို ဂရုမစိုက်နိုင်တော့ပေ။ သူက စုန့်ထင်ရှန်းနှင့် ယွမ်ရှအကြား စိတ်ဝမ်းကွဲမှုဖြစ်စေရန် အထက်မြက်ဆုံး နည်းလမ်းတစ်ခုကိုသာ အသုံးချလိုက်သည်။


စုန့်ထင်ရှန်းက ယွမ်ရှကို အကျင့်သိက္ခာမရှိသော မိန်းကလေးဖြစ်ပြီး လူအများ လက်ညှိုးထိုးခံရအောင်နေသည်ဟု ထင်သွားရန် မျှော်လင့်နေမိလိုက်သည်။ ထိုနည်းလမ်းဖြင့်သာ သူက သူမနားသို့ချဉ်းကပ်ကာ ကာကွယ်ပေးနိုင်မည်ဖြစ်သည်။ ယခင်ဘဝက ကဲ့သို့ သူမဘဝ‌တစ်လျှောက်လုံးအတွက် နားခိုရာဖြစ်ပေးနေမည်သာဖြစ်သည်။


ကမ္ဘာပေါ်တွင် သူတစ်ယောက်တည်းကသာ ယွမ်ရှကို စစ်မှန်စွာချစ်မြတ်နိုးသည်ကို သိစေချင်နေမိသည်။ သူမ၏အကြောင်းများ အားလုံးကို သိရှိပြီးထားသော်လည်း သူမကို ဆက်ချစ်နေမည်မှာ သူတစ်ယောက်သာရှိသည်။ သူမနှင့် ကလေးတစ်ယောက်ရထားသည့် စုန့်ထင်ရှန်းဟူသောလူမျိုးက သူမ၏အပေါ်ယံစိတ်ဓာတ်ကိုသာ သဘောကျခြင်းဖြစ်သည်။ ထိုကဲ့သို့သော ဆက်ဆံရေးမျိုးက နက်ရှိုင်းမှုရှိမည်မဟုတ်ပေ။


ချင်ယွီ ရယ်လိုက်သည်။ သူ၏မျက်ဝန်းများထဲတွင် ခံစားချက်များ ပြင်းထန်နေသည်။


" စီအီးအိုစုန့် ခင်‌ဗျား သူမကိုမသိပါဘူး ... ခင်ဗျားက သူမရဲ့ အပေါ်ယံအကြောင်းတွေပဲ သိတာ ... ကျွန်တော်တစ်ယောက်တည်းပဲ သူမအတွင်းစိတ်ကိုသိတာ ... သူမရဲ့ ဘယ်ဘက်ခါးပေါ်က မှဲ့အကြောင်းလည်းသိတယ် ... သူမ နားရွက်နောက်ကအမာရွတ်သေးသေးလေးအကြောင်းလည်းသိတယ် ... အဲ့ဒါကြောင့် သူမက ဘယ်တော့မှ ဆံပင်အတိုမညှပ်တာ ... အဲ့အမာရွတ်က သူမ ကလေးဘဝတုန်းက တခြားတစ်ယောက်နဲ့ အရုပ်လုရင်းဖြစ်ခဲ့တာ..."


စုန့်ထင်ရှန်း၏ အမူအယာက အကျည်းတန်လာသည်ကိုကြည့်ပြီး သူ့မျက်နှာတွင် စိတ်ကျေနပ်သည့်ပုံ ဖြစ်ပေါ်လာသည်။


" ခင်ဗျားတို့နှစ်ယောက်က စာချုပ်စာတမ်းအရပဲ လက်ထပ်ထားပြီး တစ်ယောက်ရဲ့ဘဝကို တစ်ယောက်က ဝင်မစွက်ဖက်ကိုလည်း ကျွန်တော်သိတယ် ... ပြောရရင် ခင်ဗျားတို့နှစ်ယောက်လုံးက တစ်ယောက်အပေါ်တစ်ယောက် ခံစားချက်မရှိကြဘူးလေ ... လွန်ခဲ့တဲ့ လေးနှစ် ညတစ်ညက အတူတူရှိနေခဲ့တာကလွဲပြီး ဘာမှမဖြစ်ခဲ့ကြဘူးမလား ... အခန်းလည်း ခွဲအိပ်နေတာပဲ ... သူမနားရွက်နောက်က အမာရွတ်နဲ့ ဘယ်ဘက်ခါးပေါ်က မှဲ့အကြောင်းကိုတောင် မသိလောက်ဘူး ... ဟုတ်တယ်မလား ..."


ချင်ယွီပြုံးလိုက်သည်။


" သူမနဲ့ ကျွန်တော့််ကြားက ဆက်ဆံရေးက ဒီထက်ပိုပြီး နက်ရှိုင်းတယ်... ကျွန်တော်က သူမအကြောင်းကို တခြားလူတွေထက်ပိုသိတယ် ... သူမ ထက်တောင်မှ ပိုသိသေးတယ်.."


သူက ယွမ်ရှနှင့် အနီးစပ်ဆုံးလူဖြစ်ကြောင်း စုန့်ထင်ရှန်းကို ပြောပြချင်နေခြင်းဖြစ်သည်။ သူမအကြောင်း အသိဆုံးလူကလည်း သူပင်ဖြစ်သည်။


စုန့်ထင်ရှန်းက ချင်ယွီကိုကြည့်လိုက်သည်။ သူ့ပုံစံက တည်ငြိမ်နေဆဲပင်ဖြစ်သည်။


" ပြောလို့ပြီးပြီလား ... ဘယ်ရှု့ထောင့်ကကြည့်ကြည့် မင်းက အမှိုက်ကောင်ပဲ ..."


စုန့်ထင်ရှန်းက နက်ကတိုင်ကို ပြန်ပြင်လိုက်ပြီး ခေါင်းငုံ့ကာ အင်္ကျီလက်ဖျားမှ ကြယ်သီးကိုချွတ်လိုက်သည်။ သူက ချင်ယွီကို တစ်ချက်မှ ကြည့်မနေပေ။ 


" ငါ လူကဲခတ်မှားသွားတာပဲ ... ငါက မင်းကို ယောက်ျားကောင်းတစ်ယောက်လို့ ထင်ခဲ့တာ ... ငါ့ရဲ့ ဇနီးနောက်ကိုလိုက်ချင်တယ်ဆိုရင် ပွင့်ပွင့်လင်းလင်း ဂုဏ်သိက္ခာရှိရှိပဲ လုပ်သင့်တယ် ... ငါ့ဇနီးက လူကောင်းတစ်ယောက်ပါ ... သူမကိုကြိုက်တဲ့ တခြားယောက်ကျားတွေ အများကြီးရှိတယ်ဆိုတာ လက်မထပ်ခင်တည်းကသိတယ် ...မင်းကတော့ စက်ဆုပ်စရာအကောင်းဆုံးနည်းလမ်းကို ရွေးချယ်ခဲ့တဲ့လူပဲ ... ငါ့ကို ဒါတွေလာပြောပြနေတာ ဘာလုပ်ဖို့လဲ ... သူမကို အကျင့်သိက္ခာမရှိတဲ့လူလို့ ထင်သွားစေချင်တာလား ..."


" မင်းက ငါတို့ဆက်ဆံရေးအကြောင်း အရမ်းဂရုစိုက်တာဆိုတော့ သွမ့်ချီအကြောင်းကိုလည်း သိမှာပေါ့ ... ရိုးရိုးသားသားပြောရရင် သူက မင်းထက်သာတယ် ... ငါ့ဆီလာပြီး စကားပြောတုန်းက အဓိပ္ပါယ်မရှိတဲ့အကြောင်းတွေ အများကြီးပြောခဲ့ပေမယ့် သူ့စကားတွေက ငါ့မိန်းမသိက္ခာကို ကာကွယ်ဖို့ပဲ ... မင်းကတော့ ဆန့်ကျင်ဘက်ကို လုပ်နေတာပဲ ..."


xxxxxxxx