Chapter 252
ယွမ်ရှ ကာရာအိုကေခန်းထဲမှထွက်ပြီး စုန့်ထင်ရှန်းကို ရှာမည့်အချိန်တွင် သူပြန်ရောက်လာသည်။ သူ၏ အမူအယာက ပုံမှန်အတိုင်းသာဖြစ်၍ သူမက ဘာမှမဖြစ်ခဲ့ဟု ယူဆလိုက်သည်။
သူမကို မြင်သည့်အခါ သူပြောလိုက်သည်။
" နောက်ကျနေပြီ ကိုယ်တို့ပြန်သင့်ပြီထင်တယ် ..."
" အိုး ... ကောင်းပြီလေ ..."
ယွမ်ရှ သူ့နောက်ကိုလှမ်းကြည့်လိုက်သည့်အခါ ချင်ယွီက သူနှင့်အတူ ပါမလာပေ။ သူမစိတ်ထဲတွင် နိမိတ်မကောင်းသကဲ့သို့ ခံစားလိုက်ရသော်လည်း မည်သည့်မေးခွန်းမှ မမေးလိုက်ပေ။ သူမအိတ်ကိုလွယ်ပြီး လုပ်ဖော်ကိုင်ဖက်ဟောင်းများကို နှုတ်ဆက်လိုက်ပြီး စုန့်ထင်ရှန်းနှင့်အတူ ကာရာအိုကေဆိုင်မှ ထွက်လာလိုက်သည်။
ယခုက နိုဝင်ဘာလ အလယ်သို့ ရောက်နေပြီဖြစ်သည်။ နေ့ခင်းဘက်တွင် အပူချိန်က အဆင်ပြေသော်လည်း ညဘက်တွင်မူ ကုတ်အင်္ကျီဝတ်ရန် လိုအပ်သည်။
စုန့်ထင်ရှန်းက သူ၏ဂျက်ကတ်အင်္ကျီကို သူမထံပေးလိုက်သည်။
" အအေးမမိစေနဲ့ဦး ..."
သူ၏ရနံ့က သူမနှာသီးဖျားတွင် ရစ်ဝဲနေသည်။ သူက ရေမွှေးဆွတ်ရခြင်းကို သဘောမကျသော်လည်း သူ၏ခန္ဓာကိုယ်က ကိုယ်သင်းနံ့တစ်မျိုး ရှိနေသည်။
ကားပါကင်သို့ရောက်သည်အထိ သူမလက်ကိုကိုင်လာခဲ့သည်။ ထိုအချိန်၌ အနားတွင် မည်သူမျှ ရှိမနေ၍ နောက်ဆုံးတွင် ယွမ်ရှမေးလိုက်သည်။
" စောစောတုန်းက ဘယ်သွားတာလဲ ... ကျွန်မကိုလည်း ဘာမှမပြောသွားဘူး ... ကျွန်မ သီချင်းဆိုပြီးလှည့်ကြည့်လိုက်တော့ ရှင့်ကိုမတွေ့တော့ဘူး ..."
စုန့်ထင်ရှန်းက သူမအတွက် ကားတံခါးဖွင့်ပေးပြီး တည်တည်ငြိမ်ငြိမ်နှင့်သာ ဖြေလိုက်သည်။
" ကိုယ် သန့်စင်ခန်းသွားလို့လေ ..."
" ဒါဆိုရင် ဘာလို့ ဖုန်းမကိုင်တာလဲ ..."
" အဲ့တုန်းက ကိုယ်မအားဘူးလေ ..."
" အိုး ... ကောင်းပါပြီ ..."
ယွမရှ ဖြည့်တွေးလိုက်သည်။
သူက သန့်စင်ခန်းထဲဝင်နေတုန်းမို့ ဖုန်းကိုင်ဖို့မအားတာဖြစ်မယ် ...
သူမက စုန့်ထင်ရှန်း ယာဉ်မောင်းနေရာတွင် ထိုင်လိုက်သည်အထိ စောင့်ပြီးမှ စစ်ဆေးသကဲ့သို့ မေးလိုက်သည်။
" ကျွန်မရဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်ပြောတော့ ရှင်က စီအီးအိုချင်နဲ့ ထွက်သွားတာတဲ့ ... ဘာလို့ သူက ရှင်နဲ့တူတူ ပြန်မလာတာလဲ ..."
" အဲ့ဒါတော့ ကိုယ်လည်းမသိဘူးလေ ..."
စုန့်ထင်ရှန်း သူမကိုကြည့်လိုက်သည်။
" ပြီးတော့ ကိုယ်တို့နှစ်ယောက် အခန်းထဲက တူတူထွက်မသွားပါဘူး ... သူ အရင်ထွက်သွားတာဖြစ်မယ် ... ဘာဖြစ်လို့လဲ ..."
ယွမ်ရှ စိတ်သက်သာရာရသွားပြီး သက်ပြင်းချလိုက်သည်။ ချင်ယွီက စုန့်ထင်ရှန်းနှင့် သီးသန့်စကားသွားပြောသည်ဟု ထင်လိုက်မိခြင်းဖြစ်သည်။ ဧည့်ကြိုမိန်းကလေးက သူတို့နှစ်ယောက်အတူတူ ထွက်သွားသည်ဟု အထင်လွဲသွားခြင်းဖြစ်လိမ့်မည်။
" ဘာမှ မဟုတ်ပါဘူး ..."
ယွမ်ရှ အကြောဆန့်လိုက်သည်။
" အား ... နောက်တစ်ပတ် တနင်္လာနေ့ကစပြီး အလုပ်သွားစရာ မလိုတော့ဘူး ... ဆန်ပိုးကောင်လေးဖြစ်ရတာ သက်တောင့်သက်သာရှိလိုက်တာ ... ကုမ္ပဏီက ကျွန်မရဲ့လစာကို အချိန်မီပေးရင်တော့ ပိုကောင်းမယ် ..."
ကုမ္ပဏီက သူမ၏လစာကို အချိန်မီပေးမည်ဟု ပြောခဲ့သဖြင့် မယူလိုက်လျှင် သူမ၏ ဆုံးရှုံးမှုသာဖြစ်သည်။ ထို့အပြင် သူမက ဤတစ်လလုံးလုံးလည်း အလုပ်လုပ်ပေးခဲ့သည်။
သူမ စုန့်ထင်ရှန်းကို ကြည့်လိုက်သည့်အခါ သူက သူမ၏ ခါးနေရာကိုကြည့်နေသည်ကို တွေ့လိုက်ရသည်။ သူမလက်ကို ထိုနေရာသို့ အလိုလိုအုပ်လိုက်မိသည်။
" ရှင် ဘာတွေ ကြည့်နေတာလဲ ..."
စုန့်ထင်ရှန်း အကြည့်လွှဲလိုက်သည်။ မမျှော်လင့်စွာဖြင့် တည်ငြိမ်သောအသံဖြင့် ပြန်ဖြေလိုက်သည်။
" မင်း ဗိုက်ပူနေပြီ ... မနက်ဖြန် ကိုယ်နဲ့ လေ့ကျင့်ခန်းတူတူလုပ်ရမယ် ..."
ယွမ်ရှ အသက်အောင့်ထားပြီး သူမဗိုက်ကို ငုံ့ကြည့်လိုက်သည်။ သူမ ယခုအခါတွင် နောင်တရနေပြီဖြစ်သည်။ ကုမ္ပဏီက ကျွေးမွေးခြင်းဖြစ်သော်လည်း။အလွန်မစားလိုက်သင့်ပေ။ သို့ရာတွင် သူမက ခွန်းတုံ့ပြန်လိုက်သည်။
" ရှင် ကျွန်မကို အထင်သေးတယ်ပေါ့ ... ကျွန်မကို ဝတယ်ထင်နေတာလား ..."
စုန့်ထင်ရှန်းက ကားစက်နှိုးနေလျက် ပြောလိုက်သည်။
" မထင်ပါဘူး ... ဗိုက်နည်းနည်းပူတာလည်း ချစ်ဖို့ကောင်းပါတယ် ..."
ယွမ်ရှ သူ၏ အဓိပ္ပါယ်မရှိသော စကားများကို မယုံကြည်ပေ။ အပူချိန်ကျဆင်းနေသောအချိန် ဖြစ်သည်နှင့် သတိမပြုမိပဲ လူများ၏ စားချင်သောက်ချင်စိတ်ကို ဖြစ်ပေါ်စေသည်။
ယွမ်ရှ သူမပါးကို ခပ်တင်းတင်းဆွဲလိုက်သည်။
အိုင်းယား ပထမတန်းစားအလှလေးဖြစ်ရတာ ပင်ပန်းလိုက်တာ ... နောက်ဆိုရင် ဝိတ်မတက်အောင် သတိထားပြီး စားရတော့မယ် ...
xxxxxxx