အပိုင်း (၂၅၃)
Viewers 31k

Chapter 253


စုန့်ထင်ရှန်းက ရုံးပိတ်ရက်များတွင် သူမတို့သားအမိနှင့်အတူတူ အချိန်ကုန်ဆုံးလေ့ရှိသည်။ သို့‌ရာတွင် ဤတစ်ပတ် တနင်္ဂနွေနေ့၌ သူငယ်ချင်းတစ်ယောက်နှင့်‌ တွေ့ဆုံရန်ရှိသောကြောင့် ညစာစားရန် သွားရောက်ရမည်ဖြစ်သည် ။ ယွမ်ရှက ရုပ်ရှင်လက်မှတ်ဝယ်ထားပြီး တနင်္ဂနွေနေ့တွင် မိသားစုသုံးယောက်လုံး ရုပ်ရှင်သွားကြည့်ရန် စီစဉ်ထားမိသည်။


စုန့်ထင်ရှန်းက အလုပ်ချိန်ပြင်ပတွင် မိသားစုနှင့်သာ အချိန်ကုန်ဆုံးနေသည်ကို ယွမ်ရှ အသားကျနေမိသည်။ သူက သူငယ်ချင်းတစ်ယောက်နှင့်အတူ တွေ့ဆုံရန်ရှိသည်ဆိုသောကြောင့် ညစာစားပွဲတွင် သူမရှိနေသဖြင့် မနေတတ်ဖြစ်နေမိသည်။


သူမက စုန့်ထင်ရှန်း မည်သူနှင့် ညစာစားမည်ကို မမေးလိုက်သော်လည်း မည်သည့်အချိန်မှ အိမ်ပြန်လာမည်ကို ဖုန်းဆက်မေးချင်နေမိသည်။


စုံတွဲများနှင့် အိမ်ထောင်သည်များက အချိန်တစ်ခုအထိ လက်တွဲပြီးချိန်တွင် သူတို့၏ ပါတနာကို အိမ်သို့ စောစောပြန်လာစေချင်သည့် အကြောင်းအရင်းများကို ယွမ်ရှ သဘောပေါက်သွားသည်။ ၎င်းက ပါတနာဖြစ်သူကို စစ်ဆေးလိုသောကြောင့် မဟုတ်ပဲ သူတို့မရှိနေခြင်းကို နေသားမကျသောကြောင့်သာဖြစ်သည်။


ယွမ်ရှဘေးနားတွင် ထိုင်နေသောဝမ်လေးက စားပြီးချိန်တွင် သက်ပြင်းရှည်ကြီးချလိုက်သည်။ သူ၏ မေးနှစ်ထပ်ကို လက်ဖောင်းဖောင်းလေးများနှင့် ထောက်ကာ ‌ပြောလိုက်သည်။


" မာမားက အရမ်းတုံးတာပဲ ..."


သူ့အမေဖြစ်သူ သတိမပြုမိသည့်ကိစ္စများကို သူအာရုံစိုက်ရမည်ဖြစ်သည်။ ဤကိစ္စက ဝန်ထုပ်တစ်ခုဖြစ်သော်လည်း သူ့အတွက် တခြားနည်းလမ်းမရှိပေ။ သူ့အမေ၏  အဖိုးတန်သားလေးဖြစ်သည့်အတွက် အမေအတွက် သူပို၍ စမတ်ကျကျနေမှ ဖြစ်လိမ့်မည်။


ယွမ်ရှက သူ့ခေါင်းကို ခပ်ဖွဖွ ခေါက်လိုက်သည်။

" ဘာတွေ ပြောနေတာလဲ ... မာမားက တုံးတယ်တဲ့လား ..."


" မာမားက ပါပါး‌မပျော်‌တာကို တကယ် သတိမထားမိတာလား ..."

ဝမ်လေးက ယွမ်ရှကိုကြည့်ကာ မေးလိုက်သည်။ 


ယွမ်ရှ အံ့အားသင့်သွားသည်။

" သားရဲ့ပါပါး မပျော်ဘူးလား ... သူ့ကိုကြည့်တော့ အဲ့လိုမထင်ရပါဘူး ..."


မနေ့ကရော ဒီနေ့ရော စုန့်ထင်ရှန်းက အဆင်ပြေပါတယ် ... ပုံမှန်အတိုင်းလိုပါပဲ ...


လူကြီးပေါက်စလေးကဲ့သို့ ဝမ်လေးက သူ့အမေကို ကူကယ်ရာမဲ့သည့်ပုံဖြင့် ကြည့်လိုက်သည်။

" ပါပါး တကယ် မပျော်ဘူး ... မာမားက သူ့မိန်းမဖြစ်ပြီး သူ့ကို အာရုံစိုက်သင့်တာပေါ့ ..."


" မာမားကို ပြောပြ ... သူဘာလို့ မပျော်ရတာလဲ ..."


" သားကို ရေချိုးပေးနေတုန်းက ပါပါး တိတ်ဆိတ်နေတာပဲ ..."


" အဲ့ဒါ သားက ဆူဆူညံညံ လုပ်နေလို့မလား ..."


ဝမ်လေး သူမကို စိုက်ကြည့်လိုက်သည်။

" မာမား သား စကားအကောင်း ပြောနေတာနော် ..."


ယွမ်ရှက သူမ မှားသွားကြောင်း ဝန်ခံလိုက်သည်။

" ကောင်းပါပြီ မာမား နားထောင်နေတယ် ဆက်ပြော ..."


" အရင်တုန်းကဆို ပါပါးက စကားအများကြီးပြောတယ်လေ ... ညကတော့ ဘာတစ်ခွန်းမှ မပြောဘူး ... သား စကားပြောရင်လည်း အာရုံမရဘူး ..."


ယွမ်ရှ သင်္ကာမကင်းစွာဖြင့် မေးလိုက်သည်။

" တကယ်လား ..."


ဝမ်လေး ခေါင်းငြိမ့်ပြလိုက်သည်။

" ပါပါး မပျော်တာကို သားခံစားမိနေတယ် ... သူဘာလို့ မပျော်တာလည်းတော့မသိဘူး ... ဒါပေမဲ့ မာမား သူ့ကို ဂရုစိုက်ပေးသင့်တယ် ..."


ယွမ်ရှက ဝမ်လေး လျှောက်တွေးနေသည်ဟု ထင်လိုက်သော်လည်း ဝမ်လေး အိပ်ရာဝင်ချိန်တွင် လီယွမ်ဟန့်ထံမှ ဖုန်းဝင်လာသည်။ စုန့်ထင်ရှန်းက အရက်အလွန်မူးနေ၍ သူ့ကို လာခေါ်နိုင်မည်လားဟု မေးနေသည်။


တကယ်ကြီးလား ...

ယွမ်ရှက ရုပ်ပုံစာအုပ်လှန်နေသည့် ကလေးဝတုတ်လေးကို ကြည့်လိုက်သည်။


သူမပဲ အရမ်းတုံးနေတာများလား ... လေးနှစ်သားအရွယ် ကလေးလေးတောင် စုန့်ထင်ရှန်းမပျော်တာ သတိထားမိတယ် သူမက မသိဘူးတဲ့ ...


စုန့်ထင်ရှန်းက အရက်မူးခဲသည်။ သူက ကိုယ့်ကိုကိုယ် ထိန်းချုပ်နိုင်စွမ်းရှိသူတစ်ယောက်ဖြစ်လေရာ သူ နောက်ဆုံးအကြိမ် အရက်မူးခဲ့သည်က လီယွမ်ဟန့်၏ မင်္ဂလာပွဲတွင်ဖြစ်သည်။


ဒီတစ်‌ခေါက်ရော ဘာလို့ အရမ်းသောက်နေတာပါလိမ့် ...


တစ်ခုခုကို စိတ်ဆိုးနေလို့များလား ... ဒါပေမဲ့ ဘာကြောင့်လဲ ...


xxxxx