အပိုင်း (၂၅၄)
Viewers 31k

Chapter 254


ဖုန်းချပြီးသည့်နောက် လီယွမ်ဟန့်က ဝိုင်ကို ခွက်ထဲထည့်နေဆဲဖြစ်သည့် စုန့်ထင်ရှန်းကို ကြည့်လိုက်သည်။ သူ သက်ပြင်းချလိုက်သည်။


" မင်း တစ်ညနေလုံး ဘာမှလည်းမပြောဘူး ... ယွမ်ရှနဲ့ ရန်ဖြစ်လာတာလား ..."


စုန့်ထင်ရှန်းက လီယွမ်ဟန့်နှင့် တွေ့ခဲလှသည်။ သူက အလုပ်ချိန်ပြင်ပတွင်လည်း ယွမ်ရှနှင့် ဝမ်လေးနှင့်သာ အချိန်ဖြုန်းလေ့ရှိသည်။ သူ၏သူငယ်ချင်းများကလည်း လက်ထပ်ပြီး ကိုယ်ပိုင်မိသားစု ရှိကြသူများ ဖြစ်သည်။ သူ ယနေ့ လီယွမ်ဟန့်ထံသို့ ရောက်လာခြင်းက မည်သူထံသို့ သွားရမည်မသိသောကြောင့်ဖြစ်သည်။ သို့ရာတွင်လည်း သူနှင့် ယွမ်ရှကြားတွင် လတ်တ‌လောဖြစ်ပေါ်နေသောကိစ္စကို လီယွမ်ဟန့်အား မပြောပြဖြစ်ပေ။ မည်သည့်နေရာမှ စ‌ပြောရမည်ကိုပင် မသိတော့ပေ။ 


‌ယောက်ျားတစ်ယောက်က သူ့မိန်းမနောက်ကို လိုက်နေပြီး အဲ့ယောက်ျားရဲ့ စကားအရဆိုရင် သူနဲ့ယွမ်ရှကြားမှာ တစ်ခုခုရှိနေတယ်ဆိုတာ သူ့သူငယ်ချင်းကို ဘယ်လိုပြောပြရမှာလဲ ... သူက သဝန်တိုပြီး ဒေါသစိတ်တွေနဲ့ပြည့်နေလို့ ဘာလုပ်ရမယ်ဆိုတာ မသိဘူးလို့ ပြောပြလို့လည်း မရဘူးလေ ...


သဝန်တိုစိတ်နှင့် ဒေါသဟူသည်မှာ စိတ်အခြေအနေ ရင့်ကျက်မှုမရှိသော ယောက်ျားများတွင်သာ ရှိတတ်သော ခံစားချက်မျိုးဖြစ်သည်။ သို့ဖြစ်၍ သူ့ထံတွင်လည်း ထိုသို့သော ခံစားချက်များမရှိသင့်သောကြောင့် ပြောမထွက်နိုင်ခြင်းဖြစ်သည်။


စုန့်ထင်ရှန်း တိတ်ဆိတ်နေဆဲဖြစ်သော်လည်း သူ၏ ထင်မြင်ချက်က မှန်ကန်သည်ဟု လီယွမ်ဟန့်က ထင်လိုက်သည်။


" ဒါဆို ယွမ်ရှနဲ့ဆိုင်တဲ့ကိစ္စပေါ့ ... လောင်စုန့် လက်ထပ်ပြီးသား အိမ်ထောင်ဖက်တွေကြားမှာ ကိစ္စအသေးလေးကနေလည်း ကိစ္စအကြီးကြီး ဖြစ်လာနိုင်တာမျိုးရှိတယ် ... မင်းနဲ့ မင်းမိန်းမက တစ်ယောက်နှင့်တစ်ယောက် အရင်းနှီးဆုံးလူတွေလေ ... သူမကို မပြောပြနိုင်တဲ့ အကြောင်းဆိုတာ မရှိသင့်ဘူး ... သူမနဲ့ ပွင့်ပွင့်လင်းလင်းပြောဖို့ ထိန်းချုပ်မထားပါနဲ့ ... မဟုတ်ရင် ကိစ္စလေးကနေ ကိစ္စကြီးဖြစ်လာလိမ့်မယ် ... ပြီးရင် အနာဂတ်မှာလည်း မင်းတို့နှစ်ယောက်ကို ရိုက်ခတ်လာနိုင်တယ် ... မင်း ငါ့ကို မပြောပြနိုင်ဘူးဆိုတာ နားလည်ပေးနိုင်ပါတယ် ... ဒါပေမဲ့ မင်းကို စိတ်မချမ်းမသာဖြစ်အောင်လုပ်နေတဲ့ ကိစ္စရှိရင် စိတ်ထဲမှာပဲ မထားပါနဲ့ ယွမ်ရှနဲ့ စကားပြောလိုက်ပါ ... ရင်ထဲမှာဖြစ်နေတာတွေကို လင်မယားနှစ်ယောက် ပွင့်ပွင့်လင်းလင်း ပြောလိုက်မယ်ဆိုရင် မင်းကိုစိတ်အနှောင့်အယှက်ပေးနေတဲ့ ကိစ္စက ပြဿနာကြီး မဟုတ်တော့တာလည်း ဖြစ်နိုင်တာပဲ ..."


" ငါ ဘယ်လိုပြောရမှန်း မသိဘူး ..."

စုန့်ထင်ရှန်းတွင်လည်း သူ့အနေအထားနှင့်သူ ရှိနေသည်။


ယွမ်ရှက ချင်ယွီကိုရှောင်ရန် အကောင်းဆုံးကြိုးစားခဲ့သည်ကို သူသိသည်။ သူမ အလုပ်မှပင် ထွက်ခဲ့ခြင်းကို ကြည့်ခြင်းဖြင့် လွန်ခဲ့သည့် လအနည်းငယ်အတွင်း သူမနှင့် ချင်ယွီအကြား မည်သည့်ကိစ္စမှ မရှိခဲ့သည်ကို ရှင်းလင်းစွာပြသနေသည်။

ဒါပေမဲ့ အတိတ်တုန်းကရော ... 


စုန့်ထင်ရှန်းက စုံစမ်းမှုများပြုလုပ်ခဲ့သည်။ သူနှင့်ယွမ်ရှ လက်မထပ်မီက ချင်ယွီ၏ စီးပွားရေးလုပ်ငန်းများက နိုင်ငံခြားတွင်ဖြစ်ပြီး ချင်ယွီ၏ဇနီးကလည်း အသက်ရှင်နေသေးသည်။ ထိုအချိန်ကာလက သူတို့နှစ်ယောက်ကြားတွင် ပတ်သက်မှု မရှိသေးကြောင်း စုံစမ်းမှုများက ပြသနေသည်။ တစ်ခုတည်းသော ဖြစ်နိုင်ချေမှာ ယွမ်ရှ လက်ထပ်ပြီးသည့်နောက်ပိုင်းမှ သူတို့တွေ့ခြင်း ဖြစ်သည်။


သူတို့နှစ်ယောက် လက်ထပ်ပြီးချိန်မှစ၍ တစ်ဦးနှင့်တစ်ဦးအကြားတွင် ဝင်ရောက်မစွက်ဖက်ရန် သဘောတူထားခဲ့ကြသော်လည်း ချင်ယွီ၏ စကားများကို ကြားသည့်အချိန်၌ ‌စိတ်မထိန်းနိုင်ခဲ့ပေ။ ထိုစဉ်အချိန်က တည်ငြိမ်စွာနေခဲ့ပြီး လွန်ခဲ့သည့်နှစ်ရက်အတွင်း ဘာမှ မမှားယွင်းသကဲ့သို့ နေခဲ့သော်လည်း ထိုကိစ္စကို စိတ်ထဲမှ ထုတ်မရပေ။ 


သူတို့နှစ်ယောက်ကြားတွင် သဘောတူညီချက်တစ်ခု ထားခဲ့၍ ယွမ်ရှကို သူ စိတ်ဆိုးခွင့်မရှိပေ။ အကယ်၍ သူမနှင့် ချင်ယွီအကြားတွင် တစ်စုံတစ်ရာ ရှိခဲ့ပါကလည်း အတိတ်မှအကြောင်းများသာဖြစ်သည်။ သူတို့နှစ်ယောက်လုံး နှလုံးသားများဖွင့်ဟကာ စကားပြောခဲ့သဖြင့် ချင်ယွီနှင့် သူမက ဘာမှဖြစ်ခဲ့မည် မဟုတ်ပေ။ 


လီယွမ်ဟန့် ကစုန့်ထင်ရှန်း၏ ပခုံးကိုပုတ်လိုက်သည်။ 


" ပြောစရာရှိတာ ပြောလိုက်ပါ ... သူမက မင်းရဲ့မိန်းမလေ အပြင်လူမှ မဟုတ်တာ ... မင်းတို့နှစ်ယောက်က ဘဝရဲ့ ကျန်တဲ့အချိန်တွေကို အတူတူဖြတ်သန်းရမှာ ... ပြောစရာရှိတာကို မပြောပဲ အမြဲနှုတ်ဆိတ်နေရင် နှစ်ယောက်ကြားမှာ အဖုအထစ်တွေ ရှိလာလိမ့်မယ် ... စကားပြောလိုက်ရင် ပြီးသွားမယ့်ကိစ္စကို ဒီထင်ပိုပြီးမကြီးထွားလာစေနဲ့ ... မဟုတ်ရင် အချိန်ကြာလေ တစ်ယောက်နဲ့တစ်ယောက် ဝေးကွာလေ ဖြစ်သွားလိမ့်မယ် ..."


" ငါသိပါပြီ ... ငါ သေချာတွေးလိုက်ပါ့မယ် ..."


စုန့်ထင်ရှန်းက ဤစကားများကို စိတ်ထဲရောက်မရောက် လီယွမ်ဟန့် မသိပေ။ သူ ပြုံးပြီး ပြောလိုက်သည်။

" လောင်စုန့် မင်းကို ဒီလိုပုံမျိုးနဲ့ မြင်ရတာ တကယ်တော့ ငါနည်းနည်းဝမ်းသာတယ် ..."


စုန့်ထင်ရှန်းက သူ့ကိုစိုက်ကြည့်လိုက်သည်။

" မင်း ငါ့ကို ရွဲ့တာလား ..."


" အဲ့လိုပြောတာမဟုတ်ဘူး ..."

လီယွမ်ဟန့် အလျင်အမြန် ခေါင်းခါလိုက်သည်။


" မင်းက အခုမှ လူနဲ့တူလာတာ ..."


စုန့်ထင်ရှန်း "...."


သူ အရင်တုန်းက လူမဟုတ်ခဲ့လို့လား ...


xxxxxx