အပိုင်း (၂၅၅)
Viewers 31k

Chapter 255


" ငါမင်းကို အရင်တုန်းက ဒီလိုပုံစံနဲ့ မမြင်ခဲ့ဖူးဘူး ... မင်းရဲ့ ကုမ္ပဏီက ဒေဝါလီခံရလုနီးပါး ဖြစ်တာတောင် မင်းက တည်ငြိမ်နေတယ်လေ ... ကောလိပ်တုန်းကလည်း မင်းက ငါတို့အဆောင်က လူတွေထဲမှာ အချစ်ရေးခံစားချက်တွေကြောင့် ပြဿနာမဖြစ်ခဲ့တဲ့ တစ်ဦးတည်းသောလူပဲ ... လောင်စစ်ကို သူ့ကောင်မလေး ဖြတ်သွားလို့ အရက်တွေ အများကြီးသောက်ခဲ့တဲ့အချိန်ကို သတိရလား ... အရက်အဆိပ်သင့်ပြီး ဆေးရုံတောင် တက်ခဲ့ရတယ်လေ ... သူ့မှာ မျက်ရည်တွေရော နှာရည်တွေရောရွှဲလို့ ... မင်းက ကောလိပ်တုန်းကလည်း ဒါမျိုး မခံစားခဲ့ရဘူး ... အတော်များများက အဲ့လိုအချိန်တွေကို ကောလိပ်မှာ ခံစားခဲ့ရတာ ... နောက်ဆုံးတော့ မင်းရဲ့အချိန်ရောက်လာပြီပေါ့ ... မင်းရဲ့သားလေးက သူငယ်တန်းရောက်ပြီး မင်းအသက်သုံးဆယ်ကျော်မှ အချစ်ရေးပြဿနာတွေ ရှိလာတယ် ... ငယ်ရွယ်တဲ့အချိန်ကို ပြန်ရောက်သွားတယ်လို့ မခံစားရဘူးလား ... မင်း ဒီလို ဇနီးငယ်ငယ်လေးရထားတာ မထူးဆန်းတော့ပါဘူး ... ကိုယ်တိုင်လည်း ငယ်ရွယ်သွားသလို ခံစားရတယ်မလား ..."


စုန့်ထင်ရှန်း သူ့နှာခေါင်းထိပ်ကို ပွတ်လိုက်သည်။

" မင်းပြောတာမှန်တယ် ... ငါ့ရဲ့အချိန်ရောက်လာပြီ ..."


အချစ်ရေးပြဿနာများထဲတွင် မနစ်မြုပ်သည့် လူများရှိသော်လည်း သူက ထိုအုပ်စုထဲတွင် ပါသည့်ပုံမဟုတ်ပေ။ 


ဒီကိစ္စက ကောင်းတာလား မကောင်းတာလား မသိတော့ဘူး ... ယွမ်ရှအပေါ် ခံစားချက်မရှိတုန်းကတော့ ဒီလိုမျိုးတွေကြောင့် သူပြဿနာမဖြစ်ခဲ့ဘူး ... အခုတော့ ...


ယွမ်ရှက လီယွမ်ဟန့်ပြောသည့်နေရာသို့ ရောက်လာချိန်တွင် စုန့်ထင်ရှန်းက အလွန်အရက်မူးပြီး အရက်စော်များ နံနေပြီပင်ဖြစ်သည်။ သူ စားပွဲပေါ်တွင် လှဲနေသည်။ သူမ သူ့ကိုစကားပြောသော်လည်း ပြန်မဖြေပေ။ 


ယွမ်ရှက တောင်းပန်သည့် အမူအယာဖြင့် ပြောလိုက်သည်။

" ဒုက္ခပေးမိတာ အားနာပါတယ် ..."


လီယွမ်ဟန့် လက်ကာပြလိုက်သည်။

" ကျွန်တော်ကသူ့ကို လိုက်ပို့သင့်တာပါ ... ဒါပေမဲ့ ကျွန်တော်လည်း မူးနေလို့ ... ဒီလိုအချိန် တခြားလူတစ်ယောက်ယောက်ကို သူ့ကို အိမ်လိုက်ပို့ဖို့ ခေါ်ဖို့ကလည်း အဆင်မပြေတာနဲ့လေ ... ကျွန်တော် ဖုန်းဆက်လိုက်တာ အိပ်ရာကနိုးသွားလား မသိဘူး ..."


" မဟုတ်ပါဘူး မဟုတ်ပါဘူး ရပါတယ် ..."


လီယွမ်ဟန့်၏ အကူအညီဖြင့် ယွမ်ရှက စုန့်ထင်ရှန်းကို ကားပေါ်အထိ တင်လိုက်ရသည်။


" ကျွန်မ အိမ်ကို ပြန်လိုက်ပို့ပေးရမလား ..."

ယွမ်ရှက လီယွမ်ဟန့်ကို ပြောလိုက်သည်။


လီယွမ်ဟန့် ခေါင်းခါလိုက်သည်။

" ရပါတယ် ကျွန်တော်ကားခေါ်ထားပြီးပြီ ... လောင်စုန့်ကိုပဲ အိမ်မြန်မြန်ခေါ်သွားလိုက်ပါ ... သူ မနက်ဖြန်မနက် ရုံးတက်ရဦးမှာ ..."


" ယွမ်ရှရေ လောင်စုန့်စိတ်ထဲ တစ်ခုခုဖြစ်နေတဲ့ပုံပဲ ... သူ ကျွန်တော့်ကိုတော့ မပြောပြဘူး ..."


လီယွမ်ဟန့် သူမကိုကြည့်လိုက်သည်။


" သူ့ကို ဘာက စိတ်အနှောင့်အယှက်ပေးနေလဲတော့ ကျွန်တော်မသိဘူး ... သူ နိုးလာရင် မေးကြည့်ပါဦး ... စိတ်အနှောင့်အယှက်ဖြစ်နေတဲ့ကိစ္စတစ်ခုကို ကြာကြာစိတ်ထဲထားရင် ကျန်းမာရေးအတွက်လည်း မကောင်းဘူးလေ ဟုတ်တယ်မလား ..."


ယွမ်ရှ သက်ပြင်းချလိုက်သည်။ စုန့်ထင်ရှန်းက အမှန်ပင် စိတ်ဆိုးနေသည့်ပုံပင်။ လေးနှစ်သားလေးက ထိုကိစ္စကို သတိပြုမိသော်လည်း သူမက မသိပေ။ သူမက အမှန်ပင် အရိပ်အကဲမသိလှပေ။


ယွမ်ရှ သူ၏စကားများကို အသိအမှတ်ပြုလိုက်သည်။

" ကျွန်မ မနက်ဖြန် မေးကြည့်လိုက်ပါ့မယ် ... ဒီနေ့ ဒုက္ခပေးမိသွားပါပြီ ..."


လီယွမ်ဟန့်က ပြုံးပြီး ဘာမှမပြောတော့ပေ။ 



စုန့်ထင်ရှန်းက တော်တော်လေး မူးနေတာပဲ ဖြစ်ရမယ် ဟုတ်တယ်မလား ...


အရက်နံ့က ကားထဲတွင်လှိုင်နေ၍ ယွမ်ရှ သူမကိုယ်သူမ ရေရွတ်လိုက်သည်။

" ရှင် ကျွန်မကားထဲ အန်ချရင် မနက်ဖြန်မနက် ရှင်နဲ့ အသေ‌အကြေ ရန်ဖြစ်ပစ်မယ် ..."


ဒီကားကို ဝယ်ပေးထားတာတော့ သူဆိုပေမယ့်လည်းပေါ့ ...


ယခုချိန်တွင်မူ သူ၏ပုံစံက အဆင်ပြေနေပုံရသည်။ သူက နောက်ခုံတွင်ထိုင်နေပြီး လှုပ်ရှားနေခြင်းလည်း မရှိပေ။ သူမ သူ့ကို နောက်ကြည့်မှန်မှ တစ်ဆင့်ကြည့်လိုက်ချိန်တွင် သူက အရပ်ရှည်လွန်းသဖြင့် ကားအနောက်ပိုင်းတွင် ပြည့်နေသည်။ အိမ်ပြန်ရောက်ပါက သူ့ကိုအပေါ်ထပ်သို့ ခေါ်သွားရမည့်အရေးကိုတွေးပြီး ယွမ်ရှ စိတ်ပူနေမိသည်။

သူက သူမထက် လူကောင်ကြီးတယ်လေ ...


အိမ်အကူအန်တီကလည်း အိပ်ပျော်သွားသည်မှာ ကြာလှပြီဖြစ်ပြီး ဝမ်လေးကလည်း ကူညီပေးရန် အကောင်သေး လွန်းလှသည်။


သူ စိတ်ဆိုးနေတယ်ဆိုလည်း အိမ်မှာပဲ အရက်သောက်ပါလား ... လီယွမ်ဟန့်ကို ခေါ်ပြီးသောက်ရင်လည်း ရတာပဲ ...


xxxxxx