အပိုင်း (၂၅၆)
Viewers 31k

Chapter 256


ကားဂိုဒေါင်ထဲ ကားထည့်ပြီးချိန်တွင် ယွမ်ရှ ကားပေါ်မှဆင်းလာပြီး အနောက်ခုံတံခါးကို ဖွင့်လိုက်သည်။ မျက်လုံးများပိတ်နေသော စုန့်ထင်ရှန်းကိုကြည့်ပြီး သူမ ပြဿနာတက်နေမိသည်။ 


သူ့ကို အကြိမ်ကြိမ်ခေါ်ပြီး ဆွဲထုတ်ရန် ကြိုးစားသော်လည်း မအောင်မြင်ပေ။ သူမ၏ ကြိုးပမ်းမှုများက ချွေးပြန်ခြင်းနှင့်သာ အဆုံးသတ်သွားသည်။ အဆုံးတွင် ယွမ်ရှ ကာတံခါးကိုပိတ်ပြီး အိမ်အကူအန်တီ၏ အခန်းသို့သွားကာ ‌တောင်းပန်သည့်အမူအယာဖြင့် သူမကို နှိုးလိုက်ရတော့သည်။


သူမ၏ သေးကွေးသော ခန္ဓာကိုယ်ဖြင့်ဆိုလျှင် အကူအညီမတောင်းပါက စုန့်ထင်ရှန်းကို နောက်နေ့မနက်အထိ အိမ်ပေါ်ရောက်အောင် ပို့နိုင်မည်မဟုတ်ပေ။ 


အိမ်အကူအန်တီက အလွန်သန်မာသည်။ သူမအကူအညီကြောင့်သာ ယွမ်ရှက စုန့်ထင်ရှန်းကို အိမ်အပေါ်ထပ်ထိရောက်အောင် ပို့နိုင်ခဲ့သည်။ သို့ရာတွင် သူမတစ်ကိုယ်လုံး၌ ချွေးများရွှဲနေပြီး ရေထပ်ချိုးရတော့မည်ဖြစ်သည်။


အိမ်အကူအန်တီ ထွက်သွားပြီးသည့်နောက်တွင် ယွမ်ရှက အိပ်ယာပေါ်လှဲနေသည့် စုန့်ထင်ရှန်းကို ကြည့်လိုက်သည်။ သူ နောက်ဆုံးအကြိမ်မူးလာစဉ်က သူ့ကို‌စောင်ခြုံပေးပြီး ထွက်သွားခဲ့လျှင်ပင် အဆင်ပြေသည်။ သို့ရာတွင် သူမတို့၏ ဆက်ဆံရေးက ကွဲပြားသွားပြီဖြစ်၍ သူ့ကိုလျစ်လျူမရှု့နိုင်တော့ပေ။ 


သို့ဖြစ်၍ ယွမ်ရှ ရေချိုးခန်းထဲဝင်သွားပြီး ဇလုံးတစ်လုံးတွင် ရေဖြည့်လာပြီး သူ့လက်နှင့်မျက်နှာကို သုတ်ပေးနေသည်။


သူအလွန်ပင် မပျော်မရွှင် ဖြစ်နေပုံရသည်။ ယခုချိန်ထိပင် မျက်ခုံးများတွန့်ထားသည်။


သူမ ကုတင်ပေါ်တွင်ထိုင်လိုက်ပြီး သူ၏အဝတ်အစားများကို ချွတ်ပေးလိုက်သည်။ သူအလွန်မူးလာ၍ နားရွက်ဖျားများပင် နီရဲနေသည်။  သူမ အဝတ်များချွတ်ပေးနေစဉ်မှာပင် သူကတစ်ဖက်သို့လှည့်လာပြီး သူမကိုလှမ်းဖက်လိုက်သည်။ သူ၏အသက်ရှုလိုက်ခြင်းက သူမလည်ပင်းကိုထိသွားသဖြင့် ယားကျိကျိဖြစ်သွားသည်။


" စုန့်ထင်ရှန်းရေ ..."


ယွမ်ရှ သူ့ကိုတွန်းပစ်ရန် ကြိုးစားလိုက်သည်။ သူက ငြိမ်သက်စွာနေနေသော်လည်း အရပ် ၁.၈မီတာရှည်သည့် ယောကျာ်းတစ်ယောက်၏ ကိုယ်အလေးချိန်က လေးလံနေဆဲဖြစ်သည်။ သူမကို သူ့ခန္ဓာကိုယ်ဖြင့် ဖိထားသဖြင့် အသက်ရှုကြပ်နေမိသည်။ အကယ်၍ သူ့ကို မတွန်းဖယ်ပစ်ပါက သူမ အသက်ရှုလမ်းကြောင်းတွင် ပြဿနာရှိလာနိုင်သည်။


သူမပြန်ရလိုက်သည့်  တစ်ခုတည်းသော တုံ့ပြန်မှုက သူ၏အသက်ရှုသံသာဖြစ်သည်။


အရက်အရမ်းမူးနေလို့ အသိစိတ်မကပ်တော့တာများလား ...


ယွမ်ရှ အားကုန်သုံးပြီး သူ့ကိုတွန်းပစ်ရန် ကြိုးစားလိုက်သည်။ နောက်ဆုံးတွင် သူမစိတ်တိုလာသဖြင့် သူ့ကို ဗိုက်ခေါက်လိမ်ဆွဲလိုက်သည်။ နာကျင်မှုကြောင့် သူ့ကိုလှုပ်ရှားသွားစေလိမ့်မည်။


အံ့အားသင့်စရာကောင်းသည်မှာ ယွမ်ရှ ထိုသို့လုပ်လိုက်စဉ် နေရခက်စရာကောင်းသည့် တစ်စုံတစ်ခုကို သတိပြုမိသွားသည်။


စုန့်ထင်ရှန်း သူ ... အဟမ်း ...


သူမတွင် လက်တွေ့ အတွေ့အကြုံ မရှိသော်လည်း ဝတ္ထုပေါင်းရာနှင့်ချီအောင် ဖတ်ထားခဲ့ဖူးသည်။


ယွမ်ရှ လည်ချောင်းရှင်းလိုက်သည်။ သူမ မျက်နှာတစ်ခုလုံး ပူထူသွားပြီး စုန့်ထင်ရှန်း၏နားထဲသို့ ကပ်ပြောလိုက်သည်။


" အရက်မူးချင်ယောင်ဆောင် မနေနဲ့ ... ရှင့်ရဲ့ ခန္ဓာကိုယ်က မလိမ်နိုင်ဘူး ... အရက်အရမ်းမူးပြီး အသိစိတ်မကပ်တဲ့ လူတစ်ယောက်က ဒီလိုရုပ်ပိုင်းဆိုင်ရာ တုံ့ပြန်မှုမျိုး မရှိနိုင်ဘူး ... ရှင် အခုမဖယ်ရင် ဘာဖြစ်မလဲ စောင့်ကြည့်နေလိုက် ..."


ဤကဲ့သို့သော် ဇာတ်ကွက်မျိုးဖြင့် ဝတ္ထုပေါင်းမြောက်များစွာရှိသည်။ အမျိုးသားဇာတ်လိုက်က အရက်မူးလာပြီး အမျိုးသမီးဇာတ်လိုက်က သူ့ကို ဂရုစိုက်ပေးနေချိန်တွင် သူတို့နှစ်ယောက်ကြား၌ R-ratedအရာများ ဖြစ်သွားလေ့ရှိသည်။ ယွမ်ရှ ငယ်ရွယ်စဉ်အချိန်က ဤကဲ့သို့သော ဇာတ်လမ်းမျိုးကို ဖြစ်နိုင်ချေရှိသည်ဟု ယုံကြည်ခဲ့ဖူးသည်။ နောက်ပိုင်းတွင် အင်တာနက်ပေါ်၌ သိပ္ပံနည်းကျ ရှင်းပြထားသောအရာများကို ဖတ်မိမှသာ မဖြစ်နိုင်ကြောင်း သိလိုက်ရသည်။ အရက်မူးနေသူများက သက်တောင့်သက်သာ ဖြစ်မနေပေ။ သက်တောင့်သက်သာ မရှိသည့်အတွက် ထိုကဲ့သို့သော အတွေးများ မရှိနိုင်ပေ။ တခြားတစ်မျိုး ပြောရမည်ဆိုလျှင် ယောက်ျားတစ်ယောက်က အလွန်အကျွံမူးရူးနေပါက ထိုကိစ္စကို မလုပ်နိုင်ပေ။ 


စုန့်ထင်ရှန်းက အရက်သောက်ထားသော်လည်း အသိစိတ်လွတ်သွားသည်အထိ မဟုတ်ပေ။ ယခုဆိုလျှင်ပင် အနည်းငယ် အမူးပြေသွားပြီဖြစ်သည်။


သူမ၏ နောက်ဆုံးစကားနှစ်ခွန်းတွင် အားပြင်းသောသတိပေးချက်များ ပါဝင်သဖြင့် စုန့်ထင်ရှန်းလန့်သွားပုံရသည်။


ပို၍ သေချာသွားသည်မှာ တစ်စက္ကန့်အကြာတွင် အလွန်အရက်မူးနေသည့် စုန့်ထင်ရှန်းက တစ်ဖက်သို့အမြန်လှည့်သွားသည်။ ထို့အပြင် တစ်စုံတစ်ခုကိုလည်း စောင်ဖြင့် ဖုံးအုပ်ရန်အတွက် မမေ့လိုက်ပေ။


xxxxx