အပိုင်း (၂၅၇)
Viewers 31k

Chapter 257


ယွမ်ရှ မတ်မတ်ထိုင်ပြီး သူမဆံပင်များကို သပ်သပ်ရပ်ရပ်ဖြစ်အောင် လုပ်လိုက်သည်။ သူမ ဘေးကိုလှည့်ကာ အရက်မူးချင်ယောင်ဆောင်နေသည့် စုန့်ထင်ရှန်းကို ကြည့်လိုက်သည်။ သူမ လှောင်ပြောင်သည့်ပုံဖြင့် ပြောလိုက်သည်။


" ရှင် အရက်မမူးဘူးဆိုတော့ အိမ်အကူအန်တီလုပ်ပေးထားတဲ့ ပျားရည်လေး ထသောက်လိုက်ဦး ... အခုမသောက်ရင် မနက်နိုးလာရင် နေလို့မကောင်းဖြစ်လိမ့်မယ် ..."


" အမ်း... ကိုယ်သိပြီ ..."


စုန့်ထင်ရှန်း ရူးချင်ယောင်ဆောင်နေ၍ မရတော့ကြောင်း သိလိုက်သည်။ သူ နေရခက်စွာဖြင့် အိပ်ယာမှထပြီး ကုတင်ဘေးရှိ စားပွဲပေါ်မှခွက်ကို ယူလိုက်သည်။


ယွမ်ရှက ငတုံးမဟုတ်ပေ။ ကိစ္စများက ဤအခြေအနေထိ ရောက်လာပြီဖြစ်၍ စုန့်ထင်ရှန်းက သူ၏ အကျင့်စရိုက်မှသွေဖယ်ပြီး မပျော်မရွှင်ဖြစ်နေကြောင်း ခန့်မှန်းနိုင်သွားသည်။


စုန့်ထင်ရှန်းက စိတ်ခံစားချက် ပြင်းထန်တတ်သူမဟုတ်ပေ။ သူ့ကိုသိရှိလာသည်မှာ အချိန်ကြာပြီဖြစ်၍ သူက  မည်သည့်အခြေအနေတွင်မဆို တည်ငြိမ်စွာနေတတ်သူတစ်ယောက်ဖြစ်ကြောင်း သူမသိသည်။ ထိုက်ရှန်တောင်ကြီး သူ့ရှေ့တွင် ပြိုကျလာလျှင်ပင် သူ၏ အမူအယာက ပြောင်းလဲမည်မဟုတ်ပေ။ 


သူက တည်ငြိမ်သူတစ်ယောက်ဖြစ်ပြီး သူ၏အလုပ်အကိုင်တွင်လည်း အောင်မြင်ပြီးသူတစ်ယောက်ဖြစ်သည်။ ထို့အပြင် အလုပ်နှင့် ကိုယ်ပိုင်ဘဝကိုလည်း ရှင်းလင်းစွာပိုင်းခြားထားသူတစ်ယောက်ဖြစ်သည်။ စီးပွားရေးနယ်ပယ်တွင် အောင်မြင်နျေသာ အသက်သုံးဆယ်ကျော် ယောက်ျားတစ်ယောက်အနေဖြင့် ကုမ္ပဏီဒေဝါလီခံရမည့် ကိစ္စမျိုးမဟုတ်ပါက ဒေါသဖြစ်စရာကိစ္စ မရှိပေ။ 


မဟုတ်သေးဘူး ... အဲ့ဒါမမှန်ဘူး ... သူက ဒေဝါလီခံရရင်တောင်မှ တည်တည်င်ြိမ်ငြိမ်ပဲ ဖြစ်နေမယ်ဆိုတာ သေချာတယ် ...


အိမ်တွင်လည်း သူမနှင့်ဝမ်လေးက အဆင်ပြေပြေနေထိုင်ကြပြီး နားမကျန်းဖြစ်ခြင်းလည်း မရှိပေ။ သူတို့ဘဝများက ဤထက်ပို၍ မကောင်းနိုင်တော့ပေ။ သူ့အတွက် စိုးရိမ်စရာကိစ္စများလည်း ရှိမနေပေ။ 


သူမက စုန့်ထင်ရှန်းအတွက် အရေးပါသောနေရာတွင် ရှိနေမှသာ သူမကြောင့် အထိန်းအကွပ်မဲ့သွားခြင်းသာ ဖြစ်နိုင်သည်။


သူမကလည်း ဤအတောအတွင်းတွင် ကောင်းမွန်စွာနေထိုင်ခဲ့သည်။ သူတို့နှစ်ယောက်ကလည်း အဆင်ပြေပြေနေထိုင်ခဲ့ကြပြီး သာမန်အိမ်ထောင်သည်များနှင့် အလွန်ခြားနားနေခြင်း မရှိပေ။ သို့ဖြစ်၍ လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်း ဖြစ်ပျက်ခဲ့သည့် ကိစ္စရပ်များနှင့် ချိတ်ဆက်တွေးတောကြည့်ပါက ပြဿနာအရင်းအမြစ်က မည်သည်ဖြစ်သည်ကို အထူးတလည်  ခေါင်းစားနေစရာမလိုတော့ပေ။ 


သောကြာနေ့ညက စုန့်ထင်ရှန်းနှင့် ချင်ယွီတို့ အတူတူထွက်သွားသည်ဟု ဧည့်ကြိုမိန်းကလေးပြောခဲ့ခြင်းမှာ အထင်မှားခြင်း မဟုတ်ပေ။ သူတို့စကားပြောပြီးသည့်နောက်တွင် ချင်ယွီ အဘယ့်ကြောင့် ပြန်မလာရသည်ကို သူမ မသိပေ။ 


စုန့်ထင်ရှန်းက ဒီကိစ္စကို ဘာလို့များ ဖုံးကွယ်ထားတာလဲ ...


ချင်ယွီက ပြန်လည်မွေးဖွားလာကြောင်းကို ယခုအခါ သူမသေချာသွားပြီဖြစ်သည်။ သူက မူလပိုင်ရှင်ကို အလွန်နှစ်သက်သဘောကျသည်။ သူ အတိတ်သို့ပြန်သွားနိုင်ခဲ့သည့် အခွင့်အရေးရခဲ့သောကြောင့် သူမနှင့် တတ်နိုင်သမျှအမြန်ဆုံး ဆက်နွယ်နိုင်ရန် ကြိုးစားမည်ဖြစ်သည်။ စုန့်ထင်ရှန်း မသေဆုံးသေးကြောင်းသိ၍ သူအံ့အားသင့်သွားနိုင်သည်။ သူမကလည်း အိမ်ထောင်ရှိ အမျိုးသမီးတစ်ယောက် ဖြစ်နေသေးရုံသာမက ခင်ပွန်းဖြစ်သူနှင့်လည်း ဆက်ဆံရေးအဆင်ပြေနေသည်။ ချင်ယွီ၏ စိတ်အခြေအနေဖြင့်ဆိုလျှင် သူက လက်ခံနိုင်မည် မဟုတ်ပေ။ သူက လက်လျှော့သွားခြင်း သို့မဟုတ် သူတို့၏ ဆက်ဆံရေးတွင် အဖုအထစ်ဖြစ်အောင် ပြဿနာရှာလိုက်ခြင်းသာ ပြုလုပ်လိမ့်မည်။


အကယ်၍ လက်လျှော့လိုက်မည်ဆိုပါက ဤမျှအထိ အကွက်ကျကျ ကြံစည်ထားမည်မဟုတ်ပေ။ သူမက ကုမ္ပဏီကို သူမနှင့်နီးသောနေရာတွင်ပါ ရွှေ့ပြောင်းထားသည်အထိ ပြုလုပ်ခဲ့သည်။


ချင်ယွီက မူလပိုင်ရှင်ကို အလွန်အမင်း စွဲလန်းနေရသည့် အကြောင်းအရင်းကို သူမ နားမလည်နိုင်ပေ။ မူရင်းဝတ္ထုထဲတွင် သူက အပြစ်ကင်းမဲ့သူတစ်ယောက် ဖြစ်သည်။ ချင်ယွီက မူလပိုင်ရှင်ကို လက်ထပ်လိုက်၍သာ ဝမ်လေးကြီးပြင်းလာသောအခါ၌ သူ့ကို ဒေဝါလီခံရအောင် ပြုလုပ်လိုက်ခြင်းဖြစ်သည်။ ချင်ယွီ၏ အဆုံးသတ်က ကောင်းမွန်လိမ့်မည်မဟုတ်ပေ။ 


သူ နောင်တ မရဘူးလား ... မူလပိုင်ရှင်နဲ့ နှစ်ပေါင်းများစွာနေခဲ့တာတောင် သူမက ဘယ်လိုလူလဲဆိုတာ မသိဘူးလား ... မူလပိုင်ရှင်က သူ့ကိုမချစ်တာရော မသိဘူးလား ...


အကယ်၍ သူမသာ ချင်ယွီဖြစ်ပြီး ဒုတိယအကြိမ် အခွင့်အရေး ရခဲ့ပါက မူလပိုင်ရှင်နှင့် ဝေးနိုင်သမျှ ဝေးဝေးနေပြီး ဘဝကို လွတ်လပ်ပျော်ရွှင်စွာ ဖြတ်သန်းမည်ဖြစ်သည်။


စုန့်ထင်ရှန်း၏ တုံ့ပြန်မှုကြောင့် ချင်ယွီက စုန့်ထင်ရှန်း စိတ်ခုသွားစေမည့် မကောင်းသော အရာတစ်ခုခု ပြောလိုက်မည်ကို သူမ သိလိုက်ပြီဖြစ်သည်။


xxxxx