အပိုင်း (၂၅၈)
Viewers 31k

Chapter 258


သူမ၏ ဝတ္ထု မြောက်များစွာဖတ်ထားသော အတွေ့အကြုံအရ  ချင်ယွီကို အမျိုးသမီးဇာတ်ပို့နေရာမှ ထည့်သွင်းစဉ်းစားလိုက်ပါက သူလုပ်ခဲ့မည့်ကိစ္စများကို ခန့်မှန်းရန် မခက်ခဲပေ။ 


ဖြစ်လေ့ ဖြစ်ထရှိသော စံနှုန်းများအရဆိုလျှင် သူက စုန့်ထင်ရှန်းကို သီးသန့်စကားပြောရန် ခေါ်မည်ဖြစ်သည်။ စုန့်ထင်ရှန်းကလည်း သူနှင့် မသင့်မြတ်သောလူမဟုတ်၍ မငြင်းဆန်မည်မှာ သဘာဝဖြစ်သည်။


ချင်ယွီက စုန့်ထင်ရှန်းကို ဘာပြောလိုက်တာများ ဖြစ်မလဲ ...


ထိုအကြောင်းတွေးနေစဉ် ယွမ်ရှ၏ အမူအယာက ဗလာကျင်းနေသည်။ သူမနှင့်ချင်ယွီက ချစ်ကြို‌က်နေသည်ဟု အထင်မှားဖွယ်ဖြစ်နိုင်မည့် စကားများကို စုန့်ထင်ရှန်းအား ပြောခဲ့လိမ့်မည်ဖြစ်သည်။


ချင်ယွီက မူလပိုင်ရှင်နှင့် နှစ်ပေါင်းများစွာ အတူနေခဲ့သူတစ်ယောက်ဖြစ်သည်။ အချို့သောစကားလုံးများကပင် စုန့်ထင်ရှန်းကို အထင်လွဲသွားစေလိမ့်မည်။ 


စုန့်ထင်ရှန်းက ယွမ်ရှထံမှ စကားသံမကြားရသေ။ကြောင့် သူမခါးကို ထိလိုက်သည်။


" ကိုယ် တမင်လုပ်တာ မဟုတ်ပါဘူး ..."


အမှန်တွင် သူအလွန် ရှက်နေမိပြီဖြစ်သည်။ ယွမ်ရှက ယခုတင် ဖြစ်ပျက်ခဲ့သောအရာများကို မေ့ပစ်ရန်သာ မျှော်လင့်နေမိသည်။


ယွမ်ရှ သူ့ကို မျက်ဆံလှန်ကြည့်ကာ ရန်စလိုက်သည်။


" ရှင်က တမင်မလုပ်ဘူးလို့ ပြောရဲသေးတယ်ပေါ့ ... ရှင့်ကိုကြည့်ရတာ မူးနေတဲ့ပုံလည်း မဟုတ်ပါဘူး ... စီအီးအိုစုန့် ရှင်က လွယ်လွယ်မူးတတ်တဲ့လူ မဟုတ်ဘူးလေ ... ဘယ်သူသိနိုင်မှာလဲ အရင်တစ်ခေါက်ကလည်း တကယ်မူးလာတာ ဟုတ်ချင်မှ ဟုတ်မှာ ..."


သူ ယခင်တစ်ကြိမ်ကလည်း မူးချင်ယောင်တောင်ပြီး လီကျင်းနှင့် သူမ စကား‌ပြောနေသည်များကို ကြားသွားခဲ့နိုင်သည်။


စုန့်ထင်ရှန်းက သူ့နှာခေါင်းဖျားကိုပွတ်ကာ ကူကယ်ရာမဲ့ဟန်ဖြင့် ရှင်းပြလိုက်သည်။

" အဲ့အချိန်တုန်းက ကိုယ်တကယ်မူးနေတာပါ ... ကိုယ့်မှာ မင်းကို လိမ်စရာအကြောင်းမှ မရှိတာ ..."


ဘာလို့ မိန်းကလေးတွေရဲ့ အတွေးတွေက အဲ့လိုပဲ ဦးတည်နေရတာလဲ ... သူ တစ်ခါလောက် မူးချင်ယောင်ဆောင်လိုက်တာနဲ့ အတိတ်တုန်းကလည်း မူးချင်ယောင်ဆောင်ခဲ့တာ မဖြစ်နိုင်ဘူးလေ ...


ဤတစ်ကြိမ်တွင် သူစိတ်ဆိုးနေမိသော်လည်း သူ့ကိုယ်သူ ထိန်းချုပ်ထားခဲ့သည်။ ထို့အပြင် လီယွမ်ဟန့်ကလည်း သူ့ကိုဖြေသိမ့်ပေးခဲ့သည်။ သူ အလွန်အမင်းမသောက်ထားသော်လည်း ယွမ်ရှရောက်လာချိန်၌ ရီဝေဝေဖြစ်နေ၍ ကားပေါ်တွင် တစ်ရေးအိပ်ခဲ့ခြင်းဖြစ်သည်။ တစ်ရေးအိပ်လိုက်ပြီးခါမှ သူ့စိတ်ထဲ ကြည်လင်လာခဲ့သည်။


သူ မူးချင်ယောင်ဆောင်လိုက်ရခြင်းမှာ သူမကိုမည်သို့ မျက်နှာချင်းဆိုင်ရမည်ကို မသိသောကြောင့်ဖြစ်သည်။ ထိုသို့သော ရှက်စရာကိစ္စမျိုး ဖြစ်လာခဲ့မည်ဟုလည်း မထင်ခဲ့မိပေ။ 


ယွမ်ရှက ချင်ယွီ၏ လှည့်စားချက်များကို မအောင်မြင်စေချင်ပေ။ ထိုလူကြောင့် သူမနှင့် စုန့်ထင်ရှန်းအကြားတွင် အထင်လွဲမှုများ မရှိချင်ပေ။ စုန့်ထင်ရှန်းကလည်း စိတ်သဘောထားကောင်းလွန်းသည်။ သဘောကောင်းလွန်းသည်ဖြစ်၍ သူမ သိက္ခာကျမည့်ကိစ္စများကို မပြုလုပ်ချင်သည့်ပုံပင်။ သူမကလည်း သူ့ကိုသဘောကျနေသည်ဖြစ်၍ သူ့ကိုမဆုံးရှုံးချင်ပေ။ 


" လီယွမ်ဟန့်က ကျွန်မကိုပြောတယ် ... ရှင့်ကိုကြည့်ရတာ တစ်ခုခု စိတ်ညစ်နေပုံပဲ မေးကြည့်သင့်တယ်တဲ့ ... ရှင့်သူငယ်ချင်းက ရှင့်ဖြစ်နေတာကို သိနေတယ် ... ကျွန်မဆီကလည်း ဖုံးကွယ်ဖို့ မကြိုးစားနဲ့တော့ ..."


ယွမ်ရှက ဘာမှမသိ နားမလည်သည့် ကြာပန်းဖြူလေးကဲ့သို့ ဟန်ဆောင်လိုက်သည်။ အကယ်၍ သူနှင့် ပွင့်လင်းစွာစကားပြောရတော့မည်ဆိုပါက သူမနှင့် ချင်ယွီက မည်သို့မှ မသက်ဆိုင်ကြောင်း ပြသရမည်ဖြစ်သည်။


ဟုတ်သားပဲ ... သူမနဲ့ ချင်ယွီအကြားမှာ အစတည်းက ဘာမှမရှိခဲ့ဘူးလေ ... တကယ်လို့ စုန့်ထင်ရှန်းက သူမနဲ့ ချင်ယွီ တစ်ခုခု ဆက်နွယ်နေတာကို စုံစမ်းလို့ရခဲ့မယ်ဆိုရင်တော့ သူမ ကံဆိုးတာပဲပေါ့ ...


ချင်ယွီပြောခဲ့သည့်အကြောင်းများက ယခင်ဘဝက အကြောင်းများသာ ဖြစ်လိမ့်မည်။ ၎င်းက သူနှင့် မူလပိုင်ရှင်၏ ယခင်ဘဝမှ အကြောင်းများသာဖြစ်လိမ့်မည်။ ဤဘဝတွင် သူမနှင့် ချင်ယွီက အကြိမ်နည်းငယ်သာ မျက်နှာချင်းဆိုင် ဆုံဖူးသည်။


ဒွိဟဖြစ်နေမယ့် ကိစ္စတွေ ပြောလိုက်တော့ရော ဘာဖြစ်လဲ ... မသိဘူးလို့ပဲ ငြင်းရမှာပေါ့ ...


ယွမ်ရှက အရာအားလုံးကို ကြိုတင်တွေးထားလိုက်သည်။ သူက စုန့်ထင်ရှန်းနှင့် နှစ်ဦးနှစ်ဖက်ပွင့်လင်းသော ဆက်ဆံရေးရှိချင်သည်။ သူမက လျှို့ဝှက်ချက်များမရှိသည့် ဆက်ဆံရေးကို တည်ဆောက်လိုသော်လည်း မဖြစ်နိုင်တော့ပေ။ 


လျှို့ဝှက်ချက်မရှိတဲ့ စုံတွဲဆိုတာ ရှိလို့လား ... ပြီးတော့ သူမက သူမကိုယ်သူမ ‌သေသေချာချာ ကာကွယ်ထားရမယ်လေ ... သူမနဲ့ စုန့်ထင်ရှန်းရဲ့ ဆက်ဆံရေးက မခိုင်မြဲသေးဘူး ... သူမရဲ့ အကြီးမားဆုံး လျှို့ဝှက်ချက်ကို သူ့ကို‌လွယ်လွယ်မပြောပြချင်သေးသလို ပြောလည်း မပြောရဲဘူး ...


xxxxx