အပိုင်း (၂၅၉)
Viewers 31k

Chapter 259


ယွမ်ရှ စုန့်ထင်ရှန်းကိုကြည့်ပြီး ပြောလိုက်သည်။ 


" ကြည့်ရတာ ရှင့်စိတ်ထဲ တစ်ခုခုဖြစ်နေပုံပဲ ကျွန်မတို့ စကားပြောကြမယ်လေ ... အနှောင့်အယှက်ဖြစ်နေတဲ့ကိစ္စကို ရှင့်စိတ်ထဲမှာပဲ ထားတာက ကောင်းတဲ့ဖြေရှင်းချက်မဟုတ်ဘူး ... အားလုံးကို ဖွင့်ထုတ်လိုက်မှ နေလို့ကောင်းသွားလိမ့်မယ် ...ရှင့်ကို ဘာအကြံမှ မပေးနိုင်ရင်တောင် ရှင်ခံစားနေရတာတွေ ကျွန်မဆီ ဖွင့်ထုတ်လိုက်ရင် အဲ့ဒါကို လျှို့ဝှက်ထားပေးပါ့မယ် ..."


စုန့်ထင်ရှန်း ပျားရည်ကုန်အောင် သောက်ပြီးသည့်နောက် ခဏတာ တိတ်ဆိတ်သွားသည်။ သူမကို သူ၏ ယုံမှားသံသယများအား ပြောသင့်မပြောသင့် စဉ်းစားနေမိသည်။ တခြားတစ်မျိုးပြောရလျှင် မည်ကဲ့သို့သော အမှန်တရားမျိုးကို သူ လက်ခံရမည်မသိ ဖြစ်နေသည်။


အကယ်၍ သူမနှင့် ချင်ယွီအကြားတွင် ဆက်နွယ်မှုရှိခဲ့ပါက ထိုကိစ္စကို စိတ်ထဲမထားပါဟု စုန့်ထင်ရှန်း အာမခံနိုင်မည်မဟုတ်ပေ။ ထိုကိစ္စကို သိရှိလိုက်လျှင် ဆူးစူးသွားသကဲ့သို့ အလွန်မနာကျင်သော်လည်း မေ့ပျောက်၍ ရနိုင်တော့မည် မဟုတ်ပေ။ သူ ထိုသို့ ဖြစ်မလာချင်ပေ။ 


သူက ထင်ထားသကဲ့သို့ စိတ်သဘောထားကြီးသုတစ်ယောက်မဟုတ်ကြောင်း ထိုအခါမှ သဘောပေါက်သွားသည်။ သူ အလွန် စိတ်ဆိုးမိမည်ထင်သည်။


တကယ်လို့ သူမနဲ့ချင်ယွီကြားမှာ ဘာကိစ္စမှ မရှိခဲ့ပဲနဲ့ သူမက သူ့ကိုမေးလိုက်မယ်ဆိုရင် သူမကို မယုံဘူးလို့များ ထင်သွားမလား ... ဒါမှမဟုတ် သူကပဲ အရေးမပါတဲ့လူတစ်ယောက်ရဲ့ စကားတွေကြောင့် စိတ်ထဲ အများကြီး သက်ရောက်သွားတာများလား ...


အချိန်ကြာမြင့်စွာ တိတ်ဆိတ်နေသော်လည်း ယွမ်ရှက စုန့်ထင်ရှန်း၏အဖြေကို စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေသည်။ အမှန်တွင် သူမစိတ်ထဲ၌လည်း စုန့်ထင်ရှန်းကို ထိုကိစ္စအား ဆက်လက်လျှို့ဝှက်ထားစေချင်သည်လား သူမကို ပြောပြစေချင်သည်လား မသဲကွဲပေ။ 


သို့ရာတွင် သူမ ဤကိစ္စကို မဖြေရှင်းလျှင် စုန့်ထင်ရှန်းက ကျော်လွှားသွားနိုင်မည်မဟုတ်ကြောင်း သူမသိသည်။ ချင်ယွီ ထိုသို့လုပ်လိုက်ခြင်းက အဆင့်နိမ့်သည့် လှည့်စားချက်တစ်ခုသာဖြစ်သော်လည်း အလွန် အကျိုးသက်ရောက်သွားသည်။


စုန့်ထင်ရှန်းက ဘာမှမပြောပေ။ ယွမ်ရှ အချိန်အတော်ကြာ စောင့်ဆိုင်းနေပြီးနောက် မတ်တပ်ရပ်လိုက်သည်။


သူမ မတ်တပ်ရပ်လိုက်ချိန်တွင် သူက သူမကို လှမ်းဆွဲသည်။


" ကိုယ်ပြောပါ့မယ် ..."


အကယ်၍ သူတို့နှစ်ယောက် အနာဂတ်တွင် အတူတူရှိလိုပါက ဤအခက်အခဲကို အတူတကွ ကျော်ဖြတ်ရမည်ဖြစ်သည်။

လာမည့်နှစ်တွေမှာလည်း ဒီထက်ကြီးတဲ့ကိစ္စ ဖြစ်မလာနိုင်ဘူးလို့ ပြောမရဘူးလေ ... သူတို့ ဒီအခက်အခဲကို မကျော်လွှားနိုင်ရင် အနာဂတ်မှာ ဘယ်ကိစ္စကိုပဲ ဆွေးနွေးဆွေးနွေး ဒါမှမဟုတ် အတူတူ အသက်ကြီးပြင်းသွားရင်လည်း အချည်းနှီးဖြစ်လိမ့်မယ် ...


ယွမ်ရှ ပြန်ထိုင်လိုက်သည်။

" ပြောလေ ကျွန်မ နားထောင်နေတယ် ..."


" သောကြာနေ့ညကို မှတ်မိတယ်မလား ... အဲ့ညက သန့်စင်ခန်းသွားတာ မဟုတ်ဘူး ...ကိုယ် လိမ်ပြောခဲ့တာပါ ... ကိုယ် အခန်းထဲကနေ ချင်ယွီနဲ့အတူတူ ထွက်သွားတာ ..."

စုန့်ထင်ရှန်းက ဖြည်းဖြည်းမှန်မှန်နှင့် လေးနက်စွာပြောနေသည်။


" မင်း အလုပ်ထွက်လိုက်တာနဲ့ ကိုယ့်ကို ကျွန်းပေါ်မှာတုန်းက ဟန်ဆောင်ခိုင်းခဲ့တာတွေက ချင်ယွီနဲ့ ပတ်သက်နေမယ်လို့ ကိုယ်ခန့်မှန်းမိခဲ့တယ် ... သူက အခန်းပြင်ထွက်ပြီး စကားပြောရအောင်လို့ခေါ်တော့ ကိုယ်ထင်တာတွေ မှန်နေတယ် ဆိုတာ သိသွားတယ် ... ပြီးတော့ ..." 


စုန့်ထင်ရှန်းက ပြောပြရန် ခက်ခဲနေပုံဖြင့် ခဏရပ်လိုက်သည်။ 


" ကိုယ်က မင်းအကြောင်း ဘာမှမသိဘူး ... သူကပဲ မင်းနဲ့ အရင်းနှီးဆုံးဆက်ဆံရေး ရှိတဲ့လူဆိုပြီး ပြောတယ် ..."


စုန့်ထင်ရှန်း မနှစ်မြို့မှုကြောင့် ခပ်ဟဟရယ်လိုက်သည်။


" မင်းဘယ်ဘက်ခါးမှာ မှဲ့တစ်လုံးရှိပြီး နားရွက်နောက်မှာလည်း အမာရွတ်တစ်ခုရှိတယ်လို့ပြောတယ် ... ကိုယ်အဲ့ဒါတွေလည်း တစ်ခုမှမသိဘူး ...  နည်းလမ်းကျကျ ပြောရမယ်ဆိုရင် သူပြောတာကို မယုံခင် အဲ့ကိစ္စတွေကို အတည်ပြုသင့်တာပါ ... ဒါပေမဲ့ သူက အမှန်တရားကို ပြောနေတယ်ဆိုတာ ကိုယ်သိနေတယ် ..."


သူနှင့်ယွမ်ရှက လင်မယားဖြစ်ကြ၍ အရင်းနှီးဆုံးဆက်ဆံရေး ရှိသင့်ကြသော်လည်း သူမခန္ဓာကိုယ်မှ အမှတ်အသားနှင့် အမာရွတ်များကို သူ မသိပေ။ သူမ မည်သည့်အရောင်ကို ကြိုက်နှစ်သက်ကြောင်းလည်း မသိပေ။ သို့ရာတွင် အခြားယောကျာ်းတစ်ယောက်က ထိုအကြောင်းများကို သိနေသည်။ ထိုကိစ္စများကို ကြားလိုက်ရခြင်းကြောင့် ယောက်ျားတစ်ယောက်အတွက် စိတ်ပိုင်းဆိုင်ရာ ရိုက်ခတ်မှုတစ်မျိုး ဖြစ်သွားနိုင်သည်။


ယွမ်ရှ၏ အမူအယာက ဘာပြောရမှန်းမသိ ဖြစ်နေပုံပင်။


ချင်ယွီက စုန့်ထင်ရှန်းကို တစ်ခုခုပြောခဲ့သည်ဟု ခန့်မှန်းချက်က မှန်ကန်ကြောင်း အတည်ပြုပြီးသွားချိန်၌ သူမ ချင်ယွီကို ဆဲဆိုချင်လာသည်။

ဒီလူက ဘယ်လိုယောက်ကျားမျိုးလဲ ...


ဒီလိုကိစ္စက မဖြစ်နိုင်ဘူးဆိုပေမယ့် သွမ့်ချီဆိုတဲ့ ငတုံးကောင်နဲ့တောင် သူမ ပတ်သက်ရင် ပတ်သက်မိဦးမယ် အကြံအစည်တွေများတဲ့ စက်ဆုပ်စရာကောင် ချင်ယွီကတော့ လုံးဝမဖြစ်နိုင်ဘူး ... 


ယွမ်ရှ နူးညံ့စွာပြောလိုက်သည်။

" စုန့်ထင်ရှန်း တကယ်လို့ ‌ကျွန်မ ဆဲလိုက်မယ်ဆိုရင် ရှင့်စိတ်ထဲက ကျွန်မရဲ့ ပြီးပြည့်စုံတဲ့ ပုံရိပ်ကို သက်ရောက်သွားမှာလား